ဝူထာရေကန်က မင်းလောက်မှ မလှဘဲ
Vol. 90 Ch. 1341
“ ငါသာ ချဉ်စူးတတ်နေမယ်ဆိုရင် ဘာမှ လုပ်စရာ လိုတော့မှာတောင် မဟုတ်ဘူး… အစောကြီးကတည်းကရင် အချဉ်လွန်ပြီး သေနေလောက်ပြီ…”
“ ဒါမှ ရာစုသစ်ရဲ့ အမှီခိုကင်းတဲ့ အမျိုးသမီး ပီသတာ… ဘာမွေးခွန်းမှလည်း မရှိ… ဘာ မနာလို ဖြစ်စရာမှလည်း မရှိ… မင်းက အမျိုးသမီးတိုင်းရဲ့ စံပြဖြစ်သင့်တယ်… ဒီည ထမင်းစားတဲ့အချိန်ကျ ငါ မင်းနဲ့ တစ်ခွက်သောက်ပေးမယ်…”
“ လစ်လစ်လစ်… ငါနဲ့ဆို ပေါက်တတ်ကရ ပြောဖို့လောက်ပဲ သိတယ်…” လျန်ရူရွှယ် လင်းရီကို ထပ်မံ ဆွဲဆိတ်လိုက်တော့သည်။
“ ဘာပဲဖြစ်ဖြစ်ပါ… ခု ငါလည်း ဒီရောက်လာပြီဆိုတော့ မွန်းလွဲပိုင်း လျှောက်သွားမည့် အစီအစဉ်ကတော့ နင့်သဘောပဲ…”
“ အသေးမွှားလေးပါ… ငါ့ကိုသာ စိတ်ချထားလိုက်..”
“ ငါ အဝတ်စားလဲဖို့ လိုတယ်… ချောင်းမကြည့်နဲ့…”
“ ဘာလို့ အဝတ်အစားလဲမှာ…”
“ စောနက အလုပ်သဘောအရဆိုပြီး အလုပ်လုပ်တဲ့ အဝတ်အစားတွေ ဝတ်လာခဲ့တာလေ.. ခုကျ အပြင်ထွက်လည်မှာဆိုတော့ အပြင်ဝတ်တဲ့ အဝတ်အစား လဲရမှာပေါ့…”
သို့နှင့် လျန်ရူရွှယ်က နောက်ထပ် အဝတ်အစား တစ်စုံကို ထုတ်ပြလာခဲ့သည်။
အနက်နှင့် အနီကြား AJ6 စနိကာ တစ်ရံ၊ အပြာရောင် အမျိုးသမီး ကောင်းဘွိုင် ဂျင်းဘောင်းဘီအတိုနှင့် ပါးလွှသည့် သရီးကွာတား စလိဘလောက်စ် အင်္ကျီဖြစ်သည်။
မဝတ်ဆင်ခင်ကပင် အဝတ်အစားများမှ ထုတ်လွှတ်နေသည့် ငယ်ရွယ်သည့် အငွေ့အသက်ကို ခံစားကြည့်နိုင်သည်။
“ ဘောင်းဘီက မတိုလွန်းဘူးလား…”
“ streetwear လေ…”
ထိုသို့ ပြောပြီးနောက် လျန်ရူရွှယ်မှ ကားအပြင်ဘက်ရှိ အမျိုးသမီးလေးများအား လက်ညိုးညွှန်ပြလိုက်သည်။ အမှန်ပင်။ အများစုက ပေါင်အထိ လှစ်ဟာပြထားကြ၏။
“ သူများတွေကတော့ သူတို့ ဝတ်ချင်တာ ဝတ်လို့ရတယ်.. ဒါပေမယ့် မင်းလေးကတော့ နိုးပဲ… မင်းမှာ ဒီလောက်ထိ လှတဲ့ ခြေထောက်လေးတွေ ရှိတာ သူများတွေ ငေးရင် ငါပဲ ခံစားရမှာပေါ့…”
“ နင်က တစ်ခုခုတော့ တစ်ခုခုပဲ သိလား…” လျန်ရူရွှယ်သည် ပါးစပ်ကို လက်ဝါးဖြင့် ကွယ်၍ အားပါးတရ ရယ်မောနေမိသည်။ “ ဒါက သာမန်ဘောင်းဘီလေးပါပဲဟယ်… အဲ့လောက်ထိ အတွေးလွန်နေစရာ လိုလို့လား..”
“ Top ကရော.. ငါ့ကို ဝတ်ပြကြည့်ကြည့်…”
“ Top က ပိုလို့တောင် ပြဿနာ မရှိသေး… သရီးကွာတား စလိဘလောက်စ်လေ… ငါ့ ပခုံးတွေကိုတောင် မြင်ရမှာ မဟုတ်ဘူး…”
“ တကယ်လို့ တစ်ယောက်ယောက်က ဘရာကို မြင်သွားမယ်ဆို ဘယ်လိုလုပ်မှာလဲ…”
လျန်ရူရွှယ် စစချင်းတုန်းကတော့ ခေတ္တမျှ ကြောင်အမ်းသွားခဲ့သေး၏။ ထို့နောက် တသိမ့်သိမ့်တုန်အောင် ရယ်မောမိသွားခဲ့တော့သည်။
သူက သာမန်ဆို အမြင်ကျယ်သော်ငြားလည်း ယခု အခိုက်အတန့်တွင်တော့ အရာရာကို သဝန်တိုနေတတ်သည့် ဆယ်ကျော်သက် ကျောင်းသားလေး တစ်ယောက်ကဲ့သို့ ဖြစ်နေကာ လင်းရီသည် လုံးလုံးလျားလျား ကူကယ်ရာမဲ့နေမိတော့သည်။
“ မပူပါနဲ့.. ငါက မိန်းကလေးလေ… အတွေ့အကြုံ ပြည့်ဝပြီးသားပါ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒီ ဝတ်စုံက ပါးတယ်ဆိုပေမယ့် လုံးဝကြီး ဖောက်ထွင်း မြင်နေရတာမျိုး မဟုတ်ဘူး… ပြီးတော့ ငါ့ဘရာကလည်း အဖြူရောင်.. မှန်ဘီလူးနဲ့ ကြည့်တောင် မြင်ရမှာ မဟုတ်ဘူး စိတ်ချ…”
“ အဲ့လိုဆို စိတ်ချပါပြီ…”
လျန်ရူရွှယ် ခေါင်းသာ ခါရမ်းရင်း ငိုရအခက် ရယ်ရအခက် ဖြစ်နေတော့သည်။ “ နင့်ကိုတော့ တကယ် မနိုင်ဘူး…”
ပြောပြီးနောက် လျန်ရူရွှယ်သည် အဝတ်များကို စတင်လဲပြုတော့သည်။ သူမ၏ အပြုအမူတို့က အလွန်တရာကို သဘာဝကျနေပြီး ထိုကဲ့သို့သော အရာများအပေါ် ဇာချဲ့နေခြင်း မရှိသည့် စုံတွဲများသဖွယ် ဖြစ်နေလေသည်။
လင်းရီမှာမူ ကားကို ဝူထာရေကန်သို့ မောင်းနှင်လာခဲ့သည်။
နေရာကောင်းတစ်ခုကို တွေ့တော့ ကားထိုးရပ်၍ အပြင်သို့ ထွက်လာခဲ့ကြသည်။
သူတို့ ကားထဲမှ ထွက်သည်နှင့် အကြည့်တော်တော်များများကို ဆွဲဆောင်သလို ဖြစ်သွားခဲ့၏။ သို့သော် နှစ်ယောက်လုံးက ဂရုထားနေခြင်း မရှိပေ။ သူတို့ နေသားကျနေချေပြီ။
နှစ်ယောက်သား ဝူထာ ရေကန်ဘက်သို့ ဖြည်းညင်းစွာ လမ်းလျှောက်လာခဲ့ကြသည်။ လျန်ရူရွှယ်ကတော့ လင်းရီ၏ လက်မောင်းကို တွယ်ဖက်လို့ ထားလေသည်။
သူမအဖို့ ဤသို့သော အခိုက်အတန့်များက သိပ်ကို ရှားပါးလွန်းလှသည်။ ရှားပါးလွန်း၍ ဤဘဝ တစ်သက်တာတွင် သုံးလေးကြိမ်မျှသာ ရှိမည်ဟု ထင်သည်။
ထို့ကြောင့် ယခုလို အချိန်လေးအား အမိအရ ဖမ်းဆုပ်ထားချင်ခဲ့၏။
နှစ်ယောက်အတူ ဝူထာ ရေကန်တစ်လျှောက် ဖြည်းညင်းစွာ လမ်းလျှောက်ရင်း ပတ်ပတ်လည်ရှိ ရှုခင်းများအား ခံစားကြည့်နေကြသည်။ လတ်ဆတ်သည့်လေညှင်း၊ အေးချမ်းသည့် တောတောင်ရိပ်များနှင့် ဘေးနားတွင်လည်း အဖော်တစ်ယောက် ရှိနေသေး၏။ အခိုက်အတန့်တိုင်းက အဖိုးတန်လှသည်။
လျန်ရူရွှယ်၏ ကြွယ်ဝမှုနှင့် စရိုက်သဘာဝ အရဆိုပါက ယခုလို ဆွဲဆောင်မှု ရှိသည့် နေရာတော်တော်များများကို သွားဖူးလိမ့်မည် ဖြစ်ကြောင်းကို လင်းရီသိသည်။
သို့သော် သူသည် ယခင်က မိန်းကလေး တစ်ယောက်အား မည်မည်ရရ ပိုးပန်းခဲ့ဖူးခြင်း မရှိသလို နည်းဗျူဟာများလည်း မလေ့လာဖူးသဖြင့် မျက်ကန်း စူးစမ်းရုံသာ တတ်နိုင်လေသည်။
လျန်ရူရွှယ်ကလည်း လက်တွေ့ကျစွာဖြင့် လင်းရီအပေါ် မည်သို့သော စောဒကတက်မှုမျိုးမျှ မပြုလုပ်ခဲ့ချေ။
နှစ်တိုင်း၏ ဂျူလိုင်နှင့် ဩဂုတ်လများက တိုးရစ်များ အလည်အပတ်များသည့် ရာသီဖြစ်ကာ ဝူထာရေကန်သည် အရွယ်သုံးပါးမရွေး လာရောက်လာပတ်သူတို့ဖြင့် ပြည့်နှက်နေသည်။ လူတိုင်းကလည်း စမတ်ဖုန်းများဖြင့် ဓာတ်ပုံရိုက် မှတ်တမ်းများ တင်နေကြကာ အမှတ်တရ ကိုယ်စီ ဖန်တီးနေလျက် ရှိကြသည်။
ထိုအချိန်၌ လင်းရီနှင့် လျန်ရူရွှယ်တို့သည်လည်း မရေမတွက်နိုင်သည့် လူအုပ်ကြီးထဲမှ သာမန်စုံတွဲတစ်စုံတွဲမျှသာ ဖြစ်လာခဲ့လေသည်။
“ မင်းအရင်က ဒီရောက်ဖူးတယ် မလား… ခု မပျင်းဘူးလား…” လင်းရီ မေးကြည့်လိုက်သည်။
“ ဘာလို့ အဲ့လို ပြောနိုင်ရတာ…”
“ မင်းကြည့်ရတာ ဘာခံစားချက်မှ ရှိတဲ့ပုံလည်း မပေါ်လို့လေ…”
“ ငါ ဒီကို ပထမတစ်ခေါက် စလာတုန်းကလည်း ဒီလိုပါပဲ..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါကတော့ နင်က ငါ့ထက်တောင်ပိုပြီး စိတ်ဝင်စားနေတယ်လို့ ထင်တယ်…”
“ အင်း… ခုက ငါ ဒီကို ပထမဆုံး အကြိမ် ရောက်ဖူးတာမို့လေ…” လင်းရီ ပြုံးလျက် ပြောလိုက်၏။
“ ဟင်… လျန်ရူရွှယ် အံ့အားတကြီး ဖြစ်သွားခဲ့၏။ “ နင် ဘယ်သူ့ကို လာပြီး အရူးလုပ်နေတာလဲ… ဘယ်လိုလုပ်ပြီး နင့်ရဲ့ ပထမဆုံးရဲ့ အကြိမ် ဖြစ်နိုင်မှာလဲ…”
“ ဘာလို့ဆို အရင် ငါက ဆင်းရဲတော့ ဒီလိုနေရာမျိုးတွေဆိုတာ စိတ်ကူးနဲ့ပဲ လည်ပတ်နိုင်တဲ့ နေရာတွေလေ…” လင်းရီ ခံစားချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် လင်းယွင်အုပ်စုကို တည်ထောင်ပြီးတော့ ငါ့မှာ အားလပ်ချိန်ဆိုတာ သိပ်မရှိတော့ဘူး… ဒါကြောင့်မို့ ခရီးတွေ သိပ်မသွားဖြစ်တာလည်း ပါမယ်…”
လျန်ရူရွှယ် သူမဘေးရှိ အမျိုးသားလေးအား ကြည့်လိုက်ရသည်။ “ နင် အရင်က ဆင်းရဲခဲ့တာကြောင့်မို့ ဒီလို နေရာမျိုးတွေကို မြင့်မြင့်မှန်းခဲ့တယ် ဟုတ်တယ်မလား…”
“ သေချာပေါက်ပဲပေါ့…” လင်းရီ ပြန်ပြောလိုက်သည်။ “ မင်းတို့လို သူဌေးသမီးတွေကတော့ ဒီလို ခံစားချက်မျိုးကို နားလည်နိုင်မှာ မဟုတ်ဘူး.. အဲ့တုန်းကတော့ ငါ ကြီးလာလို့ ပိုက်ဆံ အများကြီး ရှာနိုင်လာတဲ့ အချိန်ကျရင် အဖေနဲ့ အမေကို ဒီလို လှတဲ့ နေရာမျိုးတွေ ခေါ်လာပေးမယ်ပေါ့… ဒါပေမယ့် ဘယ်တော့မှလည်း ဖြစ်မလာခဲ့ဘူး… ဆိုပေမယ့်လည်း အခု ငါကိုယ်တိုင် ဒီရောက်လာပြန်တော့လည်း ဘာကိုမှ မခံစားရတော့ပြန်သလိုပဲ… ငါ့စိတ်တွေက ပိုပြီး တည်ငြိမ်နေတယ်…”
“ ဘာလို့ဆို နင်က အခု ချမ်းသာနေပြီလေ… အမြင့်မတူတော့ အမြင်တွေလည်း မတူတော့ဘူး.... ဝူထာရေကန်က နင့်ကို ဘယ်လိုလုပ်ပြီး စိတ်လှုပ်ရှားအောင် လုပ်နိုင်တော့မှာလဲ..”
“ မဟုတ်ဘူး… ငါ့အမြင်တွေ မတူတော့လို့ မဟုတ်ဘူး… ဘာလို့ဆို ငါ့ဘေးမှာ ဝူထာရေကန်ထက် လှပနေတဲ့ အလှတရားတစ်ယောက် ရှိနေလို့လေ… သူနဲ့ ယှဉ်ရင် ရေကန်ကြီးလည်း မလှနိုင်တော့ဘူး…”
လင်းရီ၏ စကားကြောင့် လျန်ရူရွှယ်မှာ ရှက်သွေးဖြန်းသွားရသည်။
“ နင့်ရဲ့ လူကို အချိုသပ်တဲ့ စကေးတွေကတော့ တော်ရုံလူတွေ လိုက်မမီတဲ့ အဆင့်ကို ရောက်နေပြီပဲ…”
ထိုသို့ ပြောလိုက်သော်လည်း လျန်ရူရွှယ်မှာ အင်မတန် ပျော်ရွှင်နေဆဲပင်။
“ အာ… ရှေ့မှာ လူတွေ အုံနေတယ်နော်.. ဘာလုပ်နေလဲ သွားကြည့်ကြစို့…”
“ သွားစို့… ငါတို့လည်း ဒီကို ပျော်ဖို့ ရောက်လာတာပဲလေ…”
နှစ်ယောက်သား လက်တွဲပြီး ရှေ့သို့ လျှောက်လာခဲ့သည်တွင် ပစ္စည်းကောက်သည့် စက်ဖြစ်နေကြောင်းကို မြင်တွေ့လိုက်ရသည်။
လူငယ် စုံတွဲ အများစုမှာ ၎င်းစက်ရှေ့တွင် ဝိုင်းအုံနေကြလေသည်။
“ ပစ္စည်းကောက်တဲ့ စက်ပဲ… အထဲ ကြည့်ရတာတော့ အားလုံးက အလှကုန်ပစ္စည်းတွေ ဖြစ်နေသလိုပဲ…”
လင်းရီလည်း ပစ္စည်းကောက်သည့် စက်ကို တစ်ချက်ကြည့်ကြည့်လိုက်သည်။ လျန်ရူရွှယ် ပြောသွားခဲ့သည့်အတိုင်း ပစ္စည်းအများစုက အလှကုန်ပစ္စည်းများဖြင့်သာ ပြည့်နှက်နေသည်။ ထို့ပြင် အများစုကလည်း နာမည်ကြီး ဘရန်းများသာ ဖြစ်၏။
ဈေးနှုန်းကလည်း မဆိုးလှချေ။ တစ်ခါကောက်ကို ယွမ်တစ်ရာ သတ်မှတ်ထားသည်။ အကယ်၍ ဈေးကြီးသည့် ပစ္စည်းကိုသာ ကောက်နိုင်ခဲ့မည် ဆိုပါက အမြတ်ပင်။ သို့သော် ဈေးပေါသည့် ပစ္စည်း ကောက်နိုင်ခဲ့မည်ဆိုလျှင်လည်း အရှုံးကို လက်ခံရုံသာ ရှိ၏။
ဆိုင်သူဌေးမှာ အင်မတန် စီးပွားရေး အမြင်ရှိပြီး စိတ်ပညာကိုလည်း ကောင်းစွာ နားလည်နေသည်ဟု လင်းရီ ခံစားနေရသည်။
ယခုက လာရောက်လည်ပတ်သူ များသည့် ရာသီဖြစ်ပြီး ၎င်း ပစ်မှတ်ထားနေသည်ကလည်း အမျိုးသမီးများကိုပင်။ ဤနည်းလမ်းဖြင့် ငွေရှာလို့ ကျိန်းသေပေါက် ခက်ခဲမည် မဟုတ်ချေ။
“ ငါ တစ်ခု လိုချင်တယ်..” လျန်ရူရွှယ် လင်းရီကို ငေးကြည့်ပြီး ပြောလိုက်သည်။
“ ဒါက လူတွေကို လှည့်စားဖို့ လုပ်ထားတာတွေ… ယွမ် တစ်ရာနဲ့ဆို ရေခဲမုန့် သုံးလေးခု ဝယ်စားလို့ မရဘူးလား…”
“ အွန်းနော်… အဲ့တာလည်း ဟုတ်တာပဲ…”
လျန်ရူရွယ်၏ ရင့်ကျက်မှုဖြင့် ဆိုပါက ယခုလို အရာများအပေါ် စိတ်ဝင်စားမှု သိပ်ရှိလှသည် မဟုတ်ပေ။
အကယ်၍ လင်းရီကသာ သူမကို ဆော့ကစားခွင့် ပြုမည်ဆိုပါက ခေတ္တမျှ ဆော့ကစားရန် စိတ်မရှိပေ။ သို့သော် အကယ်၍ လင်းရီက ဆော့ခွင့် မပြုဘူး ဆိုပါကလည်း အဆင်ပြေသည်။
“ နင့်စကား နားထောင်လိုက်မယ်… "
တစ်ချိန်တည်းတွင် အခြားစုံတွဲ တစ်တွဲကလည်း ယခုကိစ္စအပေါ် အငြင်းအခုန် ဖြစ်နေကြသည်။
“ အချစ်… ငါလည်း ဒါဆော့ချင်လို့…”
“ သူများတွေတောင် ပြောကြတယ်.. ဒါက အလိမ်အညာတွေတဲ့… အလကား ပိုက်ဆံကုန်တာပဲ ရှိမယ်… အဲ့ဒီအစား ရေခဲမုန့်ဝယ်စားလိုက်တာ ပိုမကောင်းဘူးလား….”
ကောင်မလေး ကြည့်ရသာ မရွှင်မပြ ဖြစ်သွားသည့်ဟန်ပင်။ သူမ ခြေကို ဒေါသတကြီး ဆောင့်အောင့်လိုက်ပြီး “ နင် ဘာလို့ သူများကိုပဲ လိုက်ကြည့်နေရတာလဲ.. နင်သာ အဲ့အစ်ကိုလေးလောက် ချောတယ်ဆို နင့်စကား နားထောင်ပြီး မဆော့ဘူးဟာ…”
ကောင်လေးကလည်း ဒေါသ ထောင်းခနဲ ဖြစ်လာသည်။
“ ဒါဆို ငါလည်း သူ့ကောင်မလေး အကြောင်း ပြောမယ်… သူများဆို ကြည့်… လှလည်းလှ.. နာနာခံခံလည်း ရှိ.. ကောင်လေးက မဆော့ရဘူး ပြောတာနဲ့ သူများက သဘောတူတယ်…” ကောင်လေးက ပြောလိုက်ပြီး “ မင်းလည်း သူ့ကောင်မလေးလောက် လှတယ်ဆိုရင် ငါ ကုန်းကောက်စရာ မရှိတော့တဲ့အထိ ပေးဆော့ပစ်လိုက်မယ်…”
“ နင် ငါ့ကို ဘယ်လိုတောင် လာပြောနေတာလဲ… ကျားစစ်ရီ… နင်နဲ့ငါ ပြတ်ပြီ…”
လင်းရီ “ …… “
လျန်ရူရွှယ် “ ??? “
ဒါ ငါတို့ တမင်သပ်သပ် လုပ်တာမဟုတ်ဘူးနော်…