သရဲအိမ် ဝန်ထမ်း
Vol. 90 Ch. 1342
“ သွားစို့ သွားစို့…”
လျန်ရူရွှယ် လင်းရီကို အဝေးသို့ အလျင်အမြန် ဆွဲခေါ်သွားလေတော့သည်။
သူမ ဘက်က မရည်ရွယ်သော်လည်းပဲ စုံတွဲတစ်တွဲကို ကွဲပြတ်သွားစေမိသည့်အတွက် တစ်ခုခု မှားယွင်းနေသလို ခံစားနေရလေသည်။
လင်းရီလည်း နည်းနည်းလေးတော့ ကူကယ်ရာမဲ့နေမိသည်။ သို့သော် သူ သွားပြီး ပြောဆိုဖြောင်းဖြမည်တော့ မဟုတ်ပေ။
လူအုပ်အနားမှ ခွဲထွက်လာပြီးသည့်နောက် နှစ်ယောက်သည် ဝူထာရေကန် တစ်လျှောက်သို့ ဆက်လက်လည်ပတ်ကြ၏။
လင်းရီက လှေတစ်စင်းပင်ငှား၍ လျန်ရူရွှယ်ကို ကန်အနှံ့လိုက်ပြပေးရန် စီစဉ်လိုက်သည်။ သို့သော် လှေလှော်ရမယ့် တာဝန်ကတော့ အလိုအလျောက် လင်းရီထံ ကျရောက်လာလေသည်။ လျန်ရူရွှယ်ကတော့ သာယာလှပသည့် ကန်ရေပြင် ပတ်ဝန်းကျင် အလှတရားများကိုသာ ချစ်စဖွယ် ခံစားကြည့်ရှုဖို့အတွက်သာ တာဝန်ရှိသည်။
နေအလင်းသည် မိုးကုတ်စက်ဝိုင်းထက် အလျှံတညီးညီး ထွန်းတောက်နေပြီး ရှုမြင်ကွင်းမှာမူ ပြီးပြည့်စုံသည်။ ရေပြင်သည်လည်း သေးငယ်သော လှိုင်းတွန့်လေးများနှင့် တလက်လက် တောက်ပနေလျက်ရှိကာ အေးမြသည့် လေညှင်းလေးများကလည်း တဖြူးဖြူး တိုက်ခတ်နေလျက် ရှိ၏။ ရုတ်တရက်ဆိုသလို ဟိုင်ဇီ၏ ကဗျာတစ်ပုဒ်က လျန်ရူရွှယ်၏ အတွေးထဲတွင် ပေါ်ပေါက်လာခဲ့သည်။
မိုးတိုးမတ်တပ် မြက်ကလေးတွေ…..၊
လေညှင်းလေးကို နှုတ်ဆက်လာတဲ့ သစ်ရွက်လေးတွေ….၊
ငါတို့သည် မတ်တပ်ရပ်လျက် ၊ စကားမဆို…၊
အဘယ်မျှ ငြိမ်းအေးလှတဲ့ အခိုက်အတန့်ပင်နည်း။
သူမရှေ့ရှိ အရာအားလုံးက ဤကဗျာ စာပုဒ်နှင့် အပ်စပ်ကိုက်ညီနေလျက်ရှိသည်ဟု လျန်ရူရွှယ် ခံစားနေရသည်။ အရေးပါသည့် တစ်စုံတစ်ယောက်နှင့် အတူရှိနေရမည်ဆိုပါက တစ်စုံတစ်ရာ မပြုရစေကာမူ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသည်ဟု သူမ မခံစားရချေ။
လှေလှော်ပြီးသည့်နောက် နှစ်ယောက်သား ကုန်းပေါ်သို့ တက်လာခဲ့ကြသည်။ လျန်ရူရွှယ်သည် မနီးမဝေးရှိ ဆိုင်တစ်ဆိုင်အား ညွှန်ပြလျက် ပြော၏။
“ ငါ ဗိုက်ဆာတယ်… ငါ့ဖို့ ကြွပ်ရွရွ နှမ်းကိတ် သွားဝယ်ပေးပါလား…”
“ အလယ်က တစ်ခုလား…”
“ အွန်း... အဲ့တစ်ခု… အမဲသားနဲ့နော်… မှားမဝယ်လာခဲ့နဲ့…”
“ အဲ့တာဘာကောင်းလို့… ခဏကျရင် ကောင်းကောင်းစားရအောင် ခေါ်သွားပေးမယ်လေ…”
“ ဟင့်အင်း… ဒီလိုမျိုး street food ပဲ ကြိုက်တာ…” လျန်ရူရွှယ် ပြောလိုက်သည်။
“ ပြီးတော့ ငါ ပျော်လို့လည်း မဝသေးဘူး… ထပ်နေချင်သေးတယ်…”
“ အေးပါ အေးပါ ငါ အခုပဲ သွားဝယ်ပေးပါ့မယ်…”
လင်းရီလည်း ဆိုင်ရှေ့သို့ သွား၍ ကြွပ်ရွရွ နှမ်းကိတ် လေးခုနှင့် ရေသန့်နှစ်ဘူး ဝယ်ယူလိုက်သည်။ လျန်ရူရွှယ်သာလျှင် မဟုတ်ဘဲ သူသည်လည်း အနည်းငယ် ဆာလောင်နေသောကြောင့် ဖြစ်၏။
နှစ်ယောက်သား နှမ်းကိတ်စားရင်းဖြင့် ဝူထာရေကန်တစ်လျှောက် လည်ပတ်နေလျက် ရှိကြသည်။ စိတ်ထဲတွင်လည်း ရင်ထဲ အသည်းထိပါ ကျေနပ်နှစ်သက်မှုတို့ဖြင့် ပြည့်နှက်နေကြလေသည်။
“ ရှေ့တဲက ဘာလုပ်ဖို့လဲ မသိဘူးနော်… ဆပ်ကပ်များလား…”
လျန်ရူရွှယ်သည် မမှီမကမ်း ခြေဖျားထောက်လျက် ခေါင်းမော့ကာ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည်။
“ တဲပေါ်မှာ အရိုးခေါင်းပုံ ဆွဲထားတဲ့ ဆက်ကပ်မျိုး မင်းမြင်ဖူးလို့လား…”
“ ငါ့ မျက်လုံးက နင့်လောက်မှ မကောင်းတာကို ဘယ်လိုလုပ်ပြီး အဲ့တာတွေပါ မြင်နိုင်မှာလဲ…” လျန်ရူရွှယ် စီးစီးတင်တင် ပြောလိုက်ပြီး လင်းရီကို ဆွဲခေါ်သွားခဲ့ကာ “ လာ … သွားကြည့်ကြစို့…”
နှစ်ယောက်သား ခြေလှမ်းများကို အရှိန်တင်လိုက်ကြပြီး ကြီးမာသည့် တဲကြီး၏ ဦးတည်ရာဘက်သို့ လျှောက်လှမ်းလာခဲ့ကြသည်။
ထိုအခါမှသာ ၎င်းက သရဲအိမ် ဖြစ်နေကြောင်း သတိပြုမိလိုက်လေသည်။
ထို့ပြင် အဆင့်တစ်ခုကိုပါ ပြသကြေညာထားပြီး ဆိုထားသည်မှာတော့ ဂျပန်ရှိ နံပါတ်တစ် ခြောက်ခြားဖွယ်ရာ စိတ္တဇ ဆေးရုံကြီးဟု ပြောဆိုထားလေသည်။
“ လူတွေ အများကြီး တန်းစီနေကြတာပဲ… ဒီလိုအရာမျိုးတွေက ပျော်စရာကောင်းလို့လားတဲ့…”
“ ဆိုတော့ မင်း တစ်ခါမှ ဒါမျိုး မဆော့ကြည့်ဖူးဘူးပေါ့…”
“ ဟင့်အင်း… ငါ ငယ်ငယ်တုန်းက သေနတ်တွေနဲ့ပဲ ဆော့တာလေ…” လျန်ရူရွှယ် ဆံပင်ကို ဖြီးသပ်လျက် ပြောလိုက်ပြီး “ ဒီနှစ်ထဲ နောက်ဆုံးထွက် မော်ဒယ်လ်တွေတော့ မထိရတာ ကြာပြီ.. ဒါပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ထွက်ခဲ့တဲ့ မော်ဒယ်လ်တွေတော့ ငါ အကုန် စမ်းကြည့်ပြီးသွားပြီ…”
“ ငါ့ ဒီမှာလည်း သေနတ်တစ်လက်ရှိတယ် ဆိုတော့ ညကျ ယူပြီး စမ်းကြည့်ကြည့်ပါလား… ဘယ်လောက် စွမ်းအားပြင်းမပြင်း သိရတာပေါ့…”
“ နင့်မှာ အဲ့လိုအရာတွေ ရှိနေတယ်ပေါ့… ပြည်တွင်း……”
လျန်ရူရွှယ်သည် စကားပြောနေရင်း တန်းလန်း ရပ်တန့်သွားခဲ့၏။ ရုတ်ချည်းဆိုသလို လင်းရီ ပြောနေသည့် အကြောင်းကို သူမ သဘောပေါက်သွားခဲ့သည်။
“ ပစ်အား မသန်ဘူးဆို ငါ နင့်ကို ဆေးဝယ်တိုက်မယ်…”
ဟင်….
ဆိုတော့ ဒီနေ့ အခွင့်အရေး ရှိတယ်ပေါ့..
“ အိုကေ.. ငါ မင်းဖို့ ဆေးဝယ်ထားပေးမယ်…”
“ ဆိုတော့ သွေးတိတ်ဆေး နည်းနည်းလောက် ဝယ်ထားရင် ဘယ်လိုလဲ… အဆင်ပြေလောက်လား…”
“ သေလိုက်ပါလား … ငါတော့ နင် အသက် မရှင်ချင်တော့ဘူးလို့ထင်တယ်…” လျန်ရူရွှယ်သည် လင်းရီကို အားဖြင့် အဝေးသို့ တွန်းထုတ်လိုက်ပြီး “ သွား လက်မှတ်သွားဝယ်လာခဲ့…”
“ ဒါပေါ့ ဒါပေါ့ ဟဲဟဲ….”
လျန်ရူရွှယ် ညွှန်ကြားသည့်အတိုင်း လင်းရီ လက်မှတ်သွားဝယ်လာခဲ့သည်။
လက်မှတ်တစ်ခုကို ၂၄၀ ယွမ် ပေးရပြီး သာမန်လူ တစ်ယောက်၏ အမြင်မှ ကြည့်မည် ဆိုလျှင်တော့ ဈေးလုံးဝ မပေါချေ။
သို့သော် တန်းစီနေကြသည့် လူက တော်တော်လေးကို များသည်။ အများစုက လူငယ်လူရွယ် စုံတွဲများဖြစ်ကြပြီး ဆယ့်ရှစ် ၊ ဆယ့်ကိုး ကောင်လေး ကောင်မလေး တစ်ချို့လည်း ပါသည်။ သူတို့နှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက လင်းရီနှင့် လျန်ရူရွှယ်တို့မှာ လူကြီး စုံတွဲဟူ၍ မှတ်ယူနိုင်လေသည်။
“ ဘော့စ်မာရေ … အဲ့ဒီ ခါးပိုက်နှိုက်တဲ့ အလုပ်က တော်တော်လေးကို နှုတ်စိုတာပဲဗျာ… ကျုပ်ဆို အလုပ်လုပ်တာ မကြာသေးဘူး… ဟွာဝေး ဖုန်းအသစ်လည်း လဲနိုင်လိုက်ပြီ… လက်ထဲမှာလည်း ငွေသား ယွမ် ၄၀၀ ကျော်နဲ့… ဒီကောင်ကြီးသာ ပြန်ရောင်းလိုက်လို့ကတော့ ယွမ် ၅,၀၀၀ လောက်တော့ အသာလေးပဲ…”
ပြောလိုက်သူကတော့ အရပ်ပုပြတ်ပြတ် ကတုံးပေါက်ကေနှင့် အမျိုးသားဖြစ်သည်။ ထိုသူက သူ့ဘေးရှိ အမျိုးသားတစ်ဦးအား ဖုန်းအသစ်ကို ကိုင်ရင်း အာပေါင်အာရင်း သန်သန်ဖြင့် ကြွားဝါပြနေသည်။
“ ငါသင်ပေးလို့ ဒီအလုပ် လုပ်တတ်တဲ့ ကောင်ကများ ငါ့လာပြီး ပြန်တောင် ကြွားနေလိုက်သေး… ငါအခု ပစ်မှတ်အသစ်တွေ တွေ့ထားတယ်.. မကြာခင် လိုက်ဖို့ စဉ်းစားနေတာ… ဒီတစ်ခါတော့ အချီကြီးပွမယ်လို့ ငါ့မနောအာရုံက ပြောနေတယ်…”
သူတို့တတွေ ဘော့စ်မာဟု ဆရာတင်နေရသူကတော့ ယွီဟန်မြို့၌ နာမည်ကြီး ခါးပိုက်နှိုက်သမား မာချန်းပင် ဖြစ်သည်။ ထိုသူက တောင်ကိုးလုံး ခါးပိုက်နှိုက်ဂိုဏ်းဝင်လည်း ဖြစ်ပြီး အဖွဲ့ဝင်များကတော့ ခေါင်းဆောင်မာ (သို့မဟုတ်) ဘော့စ်မာဟုသာ ခေါ်ဝေါ်ကြ၏။ ခါးပိုက်နှိုက်ရင်း အသက်မွေးဝမ်းကျောင်း ပြုလာသည်မှာတော့ ဆယ်စုနှစ်တစ်ခုပင် ရှိလာပြီး လက်သပ် တပည့်များနှင့် ပညာ အမွေဖြန့်ဝေပေးလျက်ရှိကာ လက်ပူးလက်ကြပ် တစ်ခါမျှလည်း မဖမ်းမိသေးဖူးသောကြောင့် သူ့အတောင်အောက်သို့ ခိုလှုံ၍ ဆက်ခံချင်သူများကလည်း မနည်းမနောပင်။
“ ဟုတ်လားဗျ… ဒီတစ်ခေါက် ဘော့စ်မာ မျက်စိကျသွားတဲ့ သူကရော ဘယ်သူများတုန်း…” အရပ်ပုပုနှင့် လူက မေးသည်။
“ ဘော့စ်မာရဲ့ အဆင့်နဲ့ဆို ကျိန်းသေပေါက် ချမ်းသာတဲ့လူပဲ ဖြစ်ရမယ်.. သာမန်လူဆို စိတ်ဝင်စားမှာတောင် မဟုတ်လောက်တော့ဘူး…”
“ အဲ့အကောင် ချမ်းသာမှာ သေချာသလောက် ရှိတယ်..” မာချန်းသည် လင်းရီနှင့်လျန်ရူရွှယ်တို့ နှစ်ယောက်ကို ညွှန်ပြလိုက်ပြီး “ အဲ့တစ်ယောက် ပတ်ထားတဲ့ နာရီကို တစ်ချက်ရှိုးလိုက်… ရစ်ချက်မီလီ… ဈေးအပေါဆုံးကတောင် ယွမ်တစ်သန်းလောက် ရှိတယ်… သူ့ဘေးက အမျိုးသမီး ပန်ထားတဲ့ နားတောင်းဆိုလည်း ဈေးမသေးလောက်ဘူး… ငါ ခန့်မှန်းရသလောက်တော့ အနည်းဆုံး ယွမ်တစ်သန်းပဲ.. သာမန်လူဆို ဒီလို လက်ဝတ်လက်စားတွေ တတ်နိုင်မှာ မဟုတ်ဘူး…”
အရပ်ပုပုနှင့် လူလည်း လင်းရီနှင့် လျန်ရူရွှယ်တို့ကို သေသေချာချာ ကြည့်လိုက်သည်။
“ အတုရော မဖြစ်နိုင်လောက်ဘူးလား… ရစ်ချက်မီလီ ဘရန်းဆိုတာ ကျုပ်သိသလောက်တော့ လမ်းဘေးမှာကို ပေါပေါသောသော မြင်နေရတာနော်.. ဟိုမိန်းကလေးရဲ့ နားတောင်းလည်း တန်ကြေးမရှိတဲ့ မြကျောက် ဖြစ်နေရင် ဘယ်လိုလုပ်မှာ…”
“ မင်းရဲ့ အဲ့ဒီ သောက်လုံးနဲ့ ဒီအဆင့်ကနေ မတက်တာ မဆန်းပါဘူး… မင်း အမြင်တွေက အရမ်း မွဲလွန်းတယ်…”
ဤလောက၌ နှစ်ပေါင်းများစွာ ကျင်လည်ပြီးသည့်နောက် မာချန်၏ စံချိန်စံနှုန်းတို့မှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီး အမြင်ကလည်း လျင်လွန်း ၊ စူးရှထက်မြက်လွန်းလှသည်။
လင်းရီနှင့် လျန်ရူရွှယ်တို့၏ ပစ္စည်းများက စစ်မှန်သည်ကို တစ်ချက်ကြည့်လိုက်သည်နှင့် သူ တပ်အပ် ပြောနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အတုများနှင့် လက်ပွန်းတသီး ရှိခဲ့သောကြောင့်ပင်။
အရပ်ပုပုနှင့် လူသည် မျက်လုံးနှစ်ဖက်တွင် ပိုက်ဆံ ပုံစံများ မြင်ယောင်လာသည်။
“ အစစ်သာဆိုလို့ကတော့ ပွတာပဲဗျို့… အဲ့ အမျိုးသမီး အိတ်ထဲမှာဆို ပစ္စည်းကောင်းတွေ တော်တော်များလောက်မယ်….”
“ တစ်နေ့လုံး ထိုင်စောင့်လို့မှ ဒီ ငါးကြီးကြီးနှစ်ကောင်ပဲ တွေ့တယ်… နေ့တွက်ကိုက်အောင်တော့ လုပ်ရမှာပဲ…”
“ ဒါဆိုလည်း မြန်မြန် ပြင်တော့ ဆင်တော့လေ… သူတို့ ကြည့်ရတာ မကြာခင် အထဲ ဝင်တော့မယ်နဲ့ တူတယ်…”
မာချန်း ခေါင်းညိမ့်လိုက်သည်။ “ ဒီမှာစောင့်နေ… ငါ ခဏထွက်သွားလိုက်ဦးမယ်..”
ပြောပြီးနောက် မာချန်းသည် လင်းရီတို့နှစ်ယောက်နှင့်အတူ သရဲအိမ်ထဲ လိုက်ပါလာခဲ့တော့၏။
အုပ်စု တစ်ခုစီတွင် လူဆယ်ယောက်ရှိပြီး ဤဆယ်ယောက်တွင် စုံတွဲများနှင့် သူငယ်ချင်းများလည်း ပါဝင်နေသည်။
ဝင်ရောက်ပြီးနောက် သူတို့အားလုံး အုပ်စုငယ်လေးများ ဖွဲ့လိုက်ကြပြီး မာချန်းသာလျှင် ဘေးထွက်ရပ်နေလေသည်။ သို့သော် ထိုအချိန်၌ မည်သူကမျှ သတိမမူမိကြဘဲ အထဲသို့သာ တန်းတန်းမတ်မတ် ဦးတည်နေကြ၏။
သူတို့ အထဲသို့ ဝင်သည်နှင့် ပြင်းထန်သည့် ဖော်မလင် အနံ့စူးစူးကို ရှူရှိုက်မိကြသည်။
အထဲရှိ အပြင်အဆင်က စွန့်ပစ်ထားသည့် ဆေးရုံတစ်ခု ပုံစံကို အသွင်ယူထားသည်။ အမှိုက်များကလည်း နေရာအနှံ့ ဖြစ်၏။ သို့သော် ဇာတ်လမ်းသုံး ပစ္စည်းများပင်။ သွေးသံတရဲရဲနှင့် မွေးကင်းစ ကလေး အရုပ်များကိုလည်း ထိတ်လန့် ခြောက်ခြားဖွယ် မြင်တွေ့နေရလေသည်။
အား…
အား….
အား….
သူတို့ ဘာမှ ထွေထူး မလုပ်ရသေးခင်တွင်ပဲ အော်ဟစ်သံ အတွဲလိုက်ကြီးက ဆီးကြို နှုတ်ခွန်းဆက်သည်။
အော်သံက ဘာမှမဟုတ်သော်လည်းပဲ ယခုလို ခြောက်ခြားဖွယ် အပြင်အဆင်နှင့် ပေါင်းစပ်လိုက်တော့ ကြောက်စိတ်ထဲ လောင်စာ လောင်းထည့်လိုက်သည့်သဖွယ် ဖြစ်နေတော့သည်။
လျန်ရူရွှယ် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။ အဘယ်ကြောင့် ယခုလို အသံဗလံများ ထွက်လာရသလဲဆိုတာကို သိချင်နေမိသည်။
ထိုစဉ် ထိတ်လန့်သံများကို အခွင့်ကောင်းယူ၍ မာချန်းသည် ကြောက်ဟန်လန့်ဟန်ဖြင့် လင်းရီနှင့် လျန်ရူရွှယ်တို့အရှေ့ ရောက်လာလေသည်။ ကျန်သူများကလည်း သံသယ မဝင်မိကြပေ။ ၎င်းကလည်း တစ်ခါတစ်ရံ စူးစမ်းဟန်ဖြင့် အနောက်သို့ လှည့်ကြည့်၍ နေရာကောင်းအား ဖွေရှာနေလျက် ရှိသည်။
လင်းရီကတော့ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းသာခါရမ်းမိသည်။
ဘာလို့ သူ စိတ်ကူးထားတာနဲ့ တလွဲစီ ဖြစ်နေရတာတုန်းဟ…
ပတ်ဝန်းကျင်ကလည်း ထိန်လန့်ဖို့ ကောင်းတယ်.. သည်းထိတ်ရင်ဖို အသံတွေနဲ့ကို လျန်ရူရွှယ်က ဘာလို့ သစ်သားတုံးကြီးလို လုပ်နေရတာ…
အစ်ကိုကြီး သရဲအိမ်ကတောင် ကူညီနေတာကို ငါက အခွင့်ကောင်း မယူနိုင်ဘူးတဲ့လားကွာ…
ပုံ/ ကာကွယ်ပေးချင်နေသူကြီး လင်းရီ