သူတို့နှစ်ယောက် ဘာဖြစ်ဖြစ်
Vol. 90 Ch. 1347
“ အာ… ဘာလို့ တစ်ယောက်မှ ဝင်မလာကြတာလဲ.. ပိတ်သွားလို့များလား…”
အပြင်ဘက်သို့ ထွက်လာသည့် တင်တင်ဝေမှ ရေရွတ်မိလိုက်သည်။
သူတို့ ဝင်လာတုန်းကပင် ကစားပြီးလို့ ထွက်လာကြသည့် ဧည့်သည်အများအပြားကို မြင်နေရသေးလေသည်။ ယခု သူတို့ ထွက်လာသည့် အချိန်ကျတော့ မည်သည့် ဧည့်သည်ကိုမျှ မမြင်ရတော့ချေ။
“ နောက်ကျနေပြီလေ… မကြာခင် ပိတ်တော့မှာကြောင့်လည်း ပါရင် ပါမှာပေါ့… မြန်မြန်သွားစမ်းပါကွာ… ဒီက ဆာလှပြီ…” ကျောက်ကျန်း ပြောလိုက်သည်။
ဖန့်ရုံ ၊ ကျောက်ကျန်းနှင့် ကျန်သူများကတော့ မြန်နိုင်သမျှ မြန်မြန် ထွက်ခွာချင်နေသည်။ လင်းရီနှင့် တစ်စက္ကန့်လေးပင် အတူမနေချင်တော့ပေ။
ပုံမှန်ဆို သရဲအိမ်က ညရှစ်နာရီမှသာလျှင် ဆိုင်ပိတ်လေ့ ရှိ၏။ ယခုအချိန်တွင် ဆိုင်ပိတ်လိုက်သည်ကလည်း ကျိန်းရှင်းဂန်း၏ အစီအစဉ်ပင်။
ဤလူများကို ဓားပြတိုက်ရန်အတွက် ကန့်သတ်ထိန်းချုပ်ထားသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးချင်ခဲ့သည်။ အကယ်၍ ဤလူများ ဓားပြတိုက်ခံရပြီး ရဲစခန်း ဖုန်းဆက်လျှင်တောင်မှ သူတို့ဘက်က ဆိုင်ပိတ်ထားပြီး ဖြစ်ရာ သူတို့နှင့် မသက်ဆိုင်ဟု ခေါင်းရှောင်လိုက်၍ ရသေးသည်။
စစချင်းတုန်းကတော့ ကျိန်းရှင်းဂန်းလည်း ယခုလို မပြုလုပ်ချင်ခဲ့ပေ။ သို့သော် အကယ်၍ သူတို့ကို ယခုလိုပုံစံဖြင့် ထွက်သွားခွင့် ပြုလိုက်မည်ဆိုပါက လင်းရီတို့ကိုပါ ဆုံးရှုံးရပေလိမ့်မည်။ ဤဧရာမ ဓားပြတိုက်မည့် ကိစ္စကြီးကို သူ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မည် မဟုတ်တော့ပေ။
“ အမ်… ဘာတွေ ဖြစ်နေတာလဲ… ဘာလို့ အပြင်ဘက်က လူတွေ ခုန်ဝင်လာကြတာလဲတဲ့..”
သူတို့ ကိုးယောက်သား တံခါးဝသို့ မရောက်သေးခင်မှာပဲ တဲထဲတွင် အပေါက်တစ်ပေါက်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအထဲမှ တဆင့် လူဆယ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက် ခုန်ဝင်လာခဲ့ကြ၏။
ထို့ပြင် အကုန်လုံးက ဟူဒီနှင့် မာ့စ်တပ်ထားပြီး သူတို့ ဘယ်လို ပုံစံ ရှိသလဲ ဆိုတာကိုတော့ မှန်းဆရန် ခက်ခဲလှ၏။
မသိစိတ်အလျောက် သူတို့ လှမ်းကြည့်မိကြသော်လည်း လေးလေးနက်နက်တော့ မထားခဲ့ကြချေ။ သရဲအိမ် ဝန်ထမ်းများဟုသာ အထင်ရောက်နေပြီး အဘယ်ကြောင့် ယခုလို ပုံစံဖြင့် ရောက်လာကြသလဲဆိုတာကိုသာ အနည်းငယ် စူးစမ်းကြည့်ချင်စိတ် ဖြစ်မိကြ၏။
သို့သော် ထိုအချိန်တွင်ပဲ ခုန်ဝင်ရောက်လာခဲ့သည့် လူဆယ်ယောက်ကျော်သည် သူတို့ထံ ပြေးလာကြပြီး သွားမည့်လမ်းအလယ်၌ ပိတ်ရပ်ထားကြသည်ကို မြင်တွေ့လိုက်ရ၏။
“ မင်းတို့ ဘာလုပ်နေကြတာလဲ…”
ဖန့်ရုံနှင့် ကျန်သူများက အန္တရာယ်ကို သတိမမူမိသေးပဲ နှုတ်အကျင့်အလျောက် မေးမြန်းမိသွားခဲ့လေသည်။
“ တန်ဖိုးကြီး ပစ္စည်းတွေ အကုန် ဒီပေးလာခဲ့… ငါ့ကို လေကုန်ခံရအောင် မလုပ်နဲ့…!!”
နိုက်ကီ ဟူဒီနှင့် အမျိုးသားက ဓားမြောင်တစ်လက်ထုတ်၍ ဖန့်ရုံနှင့် ကျန်သူများကို ချိန်ရွယ်ပြီး ပြောလိုက်သည်။
ယခုလို အချိန်တွင်တော့ အရူးတစ်ယောက်ပင် ဘာဖြစ်နေလဲ ဆိုတာကို သိလေသည်။
“ ဒါက ဝူထာရေကန်… ရဲစခန်းက ဒီနဲ့ နီးနီးလေးကို မင်းတို့ကများ ဓားပြလာတိုက်ရဲနေတယ်ပေါ့…”
ဖန့်ရုံ ကျယ်လောင်စွာ အော်၍ မေးခွန်းထုတ်လိုက်၏။
“ အပိုတွေ မပြောနဲ့…” နိုက်ကီ ဟူဒီနှင့် အမျိုးသားမှ ဓားကို ဖန့်ရုံထံ ချိန်ရွယ်လိုက်ပြီး “ မင်းတို့ကို အချိန်သုံးမိနစ်ပေးမယ်… တန်ဖိုးရှိတာတွေ အကုန်ထုတ်ခဲ့… မဟုတ်ရင် အကုန်သေသွားမယ်…”
ဖန့်ရုံနှင့် ကျန်သူများ၏ ပိုက်ဆံနှင့် ပစ္စည်းများကို သူတို့ အရေးသိပ်လုပ်သည် မဟုတ်ပေ။ အဓိက ကျသည်က လင်းရီနှင့် လျန်ရူရွှယ်တို့အား ဓားပြတိုက်ချင်နေခြင်းပင်။
“ စောက်ရမ်း စိတ်ဝင်စားဖို့ ကောင်းနေပြီ… ငါတို့ကို ဓားပြတိုက်ရဲတဲ့လူ ရှိနေတယ်…. မင်းတို့ကောင်တွေ ငါ့အစ်ကိုဖန့် ဘယ်သူဆိုတာ မသိကြဘူးလားကွ…” ကျောက်ကျန်း ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်၏။
“ အဲ့တော့ ဘာဖြစ်လဲ… မင်းတို့က မကျေနပ်ဘူးလား…”
“ မင်းတို့မှာ ဓားရှိတာနဲ့ပဲ ငါ့ကို ကြောက်သွားမယ်လို့ ထင်နေလား…”
ဖန့်ရုံ မတ်တပ်ရပ်ပြီး လင်းရီနှင့် လျန်ရူရွှယ်တို့အား တစ်ချက်ကြည့်လိုက်သည်။
“ မင်းတို့က သူတို့ နှစ်ယောက်ကို ဓားပြတိုက်မယ်ဆို ငါ ဘာမှ ငြင်းစရာ အကြောင်း မရှိဘူး… ဒါပေမယ့် ငါတို့ ပစ္စည်းတွေကိုပါ လိုချင်နေတယ် ဆိုလို့ကတော့ …. ငါက ဝိတ်ကစားသမား… ရုံချွမ်းလည်း လေ့ကျင့်ထားတဲ့လူ… မင်းတို့ကောင်တွေက ငါ့ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး… မြန်မြန် လမ်းဖယ်ပေးလိုက်….”
“ ဖန့်ရုံ… နင် ဘာစကားတွေ လျှောက်ပြီး ပြောနေတာလဲ…” တင်တင်ဝေ ထပြောလိုက်ပြီး “ ငါတို့ အပြင်ရောက်လာခဲ့တယ်ဆိုတာ သူတို့ ကူညီပေးလို့လေ… နင် ဘာလို့ အခုလိုတွေ လုပ်နေရတာလဲ…”
“ သူတို့နှစ်ယောက်က ငါတို့ အုပ်စုထဲကမှ မဟုတ်တာ… ဘာလို့ သူများ ကိစ္စ ဝင်စွက်ဖက်နေရမှာလဲ…” ဖန့်ရုံ ပြောလိုက်ပြီး “ ပြီးတော့.. သူ မကူညီပေးဘူးဆိုရင်တောင် ငါတို့လည်း တံခါးသော့ရှာဖို့ မကြာပါဘူး.. “
“ ဖန့်ရုံ… ငါ နင့်အပေါ် တကယ်ကြီး အမြင်တွေ မှားခဲ့မိတာပဲ..!!”
တင်တင်ဝေမှ ထိုသို့ ပြောလာသည့်တိုင် ဖန့်ရုံသည် ကူညီပေးမည့် ရည်ရွယ်ချက် လုံးဝ မရှိချေ။
ထိုငနဲသားက သူ့ကို သရဲအိမ်အတွင်း၌ အရှက်ခွဲခဲ့လေသည်။ ကူညီပေးဖို့ တောင်းပန်လာလျှင်ပင် ဖန့်ရုံ ယတိပြတ် ကူညီပေးဖို့ ငြင်းဆန်သည်။ဟုတ်သည်။ သူဆိုသည်ကား ထိုသို့သော လူစားမျိုးပင်။
ဖန့်ရုံ တင်တင်ဝေ၏ စကားကို ခွန်းတုံ့ပြန်မနေဘဲ ထိုအစား ခေါင်းဆောင်ဖြစ်သူကို ကြည့်လိုက်သည်။
“ ငါ့ဘက်က ရှင်းအောင် ပြောထားပြီးသား.. မင်းနေရာ မင်းသိပြီး ငါ့ကို ရန်လာမစနဲ့…”
“ ဟက်…” နိုက်ကီဟူဒီနှင့် အမျိုးသားမှ အေးစက်စက် နှာမှုတ်လိုက်သည်။ “ မင်းကိုယ်မင်း ဗလကြီးရှိတာနဲ့ ဟုတ်လှပြီ ထင်နေလား… ငါတို့ကကော သုံးစားမရတဲ့ကောင်လို့များ မင်း အထင်ရောက်နေတာလား ဟမ်…”
“ မင်းတို့က ဒီတိုင်း လူမိုက်တစ်အုပ်လေးကိုများ… ပြဿနာကို မီးမမွှေးဖို့ အကြံပေးလိုက်မယ်…” ဖန့်ရုံ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားတို့က သူ့ ယုံကြည်ချက်ပင်။
“ မင်းတို့ကောင်တွေ အကုန်ပေါင်းပြီး ငါ့ကို ဖြိုမယ်ဆိုရင်တော့ ငါ့အတွက် ခဲယဉ်းရင် ခဲယဉ်းမယ်… ဒါပေမယ့် မင်းတို့ တစ်ဝက်လောက်ကို အမှောက်သိပ်ပေးလိုက်ဖို့ကတော့ ပြဿနာ မရှိဘူး… ငါ့ညီကိုတွေကလည်း လေ့ကျင့်ထားတဲ့လူတွေ.. ကျန်တဲ့လူတွေကို ကိုင်တွယ်ဖို့ ပြဿနာ ရှိမှာမဟုတ်ဘူး… ပြဿနာ မရှာချင်စမ်းနဲ့….”
“ ငိုးပဲပေါ့…” ဟူဒီနှင့် အမျိုးသားမှ ကျိန်ဆဲပြီးနောက် အသံပေးလိုက်သည်။ “ သွားပြီး အဲ့ကောင်ကို ရိုက်လိုက်ကြ…”
ဒါဇင်ကျော်သော လူတို့သည် သူတို့ အင်္ကျီလက်အောက်မှ သံချောင်းများကို ခလုတ်တစ်ချက် နှိပ်၍ ဖွင့်လိုက်ပြီး ဖန့်ရုံနှင့် ကျန်သူများထံ စကားတစ်ခွန်း မဆိုဘဲ ဝှေ့ရမ်းပြလာကြ၏။
သူတို့ ဤနေရာသို့ မလာခင်ကတည်းကရင် အမိန့်များအား လက်ခံရရှိပြီး ဖြစ်သည်။
သူတို့ ဤနေရာသို့ ရောက်လာရခြင်း အဓိက ရည်ရွယ်ချက်က မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် စုံတွဲအတွက်ဖြစ်ပြီး ကျန်သည့် လူများကိုတော့ သင်ခန်းစာပေးရုံမျှနှင့် လုံလောက်လေသည်။
ထို့ကြောင့် သူတို့ထဲ မည်သူကမျှ အပိုစာသားများ ရွတ်ရင်းဖြင့် အချိန်ဖြုန်းမနေကြတော့ပဲ ယခုလို လူသွားလူလာ များသည့် နေရာမျိုးတွင် ကိစ္စကို မြန်မြန်လက်စဖြတ်ရန် လိုအပ်သည်။ မဟုတ်ပါက ထင်မှတ်မထားသည့် ကိစ္စများ ဖြစ်မလာနိုင်ဟု ပြော၍မရပေ။
ဤလူများ သံတုတ်ကိုယ်စီနှင့် ရှေ့တက်လာသည်ကို မြင်တော့ ဖန့်ရုံ ထင်သလောက် မရဲဝံ့တော့ချေ။ သူ စတင် တိုက်ခိုက်တော့မည့် အချိန်တွင်ပဲ သံတုတ်တစ်ချောင်းက မျက်နှာကို လာပြီး မိတ်ဆက်သည်။
ငိုးပဲကွာ…
ဖန့်ရုံ နာကျင်စွာ မြည်တမ်း၍ အနည်းငယ် မူးဝေသွားခဲ့သည်။ သို့သော် မကြာမီအချိန်မှာပဲ သံတုတ်အချက်ရေများစွာက သူ့အပေါ်သို့ မိုးသီးမိုးပေါက်နှယ် ဆင်းသက်လာလေသည်။ တံတောင်နှစ်ဖက်ဖြင့် သူ့ခေါင်းသူ ကာကွယ်ထားရန်သာ တတ်နိုင်တော့၏။ တစ်ဖက်အဖွဲ့ကလည်း ကျွဲရိုက်နွားရိုက် ရိုက်နေကြပြီး မည်သည့် နေရာကိုမျှလည်း မရှောင်ကြပေ။
တစ်ချိန်တည်းတွင် ကျောက်ကျန်းနှင့် ကျန်သူများကလည်း အခြေအနေ ဟန်လို့ မနေပေ။ ဆိုရိုးရှိသည့် အတိုင်း လက်သီးတစ်ချက်ဖြင့်ပင် အခက်မသင့်ပါက ဆရာတစ်ဆူကိုပါ ဇီဝိန်ခြွေပစ်နိုင်သည်။ အကယ်၍ တစ်ယောက်ချင်းတစ်ယောက် လက်ဗလာချင်း တိုက်ခိုက်မည်ဆိုပါက သူတို့သည် တစ်ဖက်အဖွဲ့ထက် သန်မာမည် ဖြစ်သော်လည်းပဲ လက်ရှိအခြေအနေအရတော့ တစ်ဖက်အဖွဲ့မှာ မည်သည့် ကျိုးကြောင်း ညီညွှတ်မှုမျှလည်း မရှိပါဘဲ မဆင်မခြင် တိုက်ခိုက်နေကြ၏။ ထို့ပြင် သူတို့၏ ရိုက်ချက်များထဲတွင် ညှာတာမှု လုံးဝမပါဝင်ဘဲ ဖန့်ရုံကဲ့သို့ သူတို့သည်လည်း ကိုယ့်ကိုယ်ကို အကောင်းဆုံး ကာကွယ်ရုံသာ တတ်နိုင်တော့သည်။
“ မရိုက်နဲ့တော့ မရိုက်နဲ့တော့… ငါ့မှာ ဖုန်းနဲ့ ယွမ်သုံးလေးရာ ကျန်သေးတယ်… မင်းတို့ကို အကုန်ပေးလိုက်မယ်…” ဖန့်ရုံ ခေါင်းအား အုပ်မိုးထားရင်းဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်၏။
သုံးလေးမိနစ် အတွင်းမှာပဲ ယောက်ျားလေး ငါးယောက်လုံးက မြေပြင်တွင် အမှောက်သိပ်ခံလိုက်ရလေသည်။ အသက်အန္တရာယ် မရှိဘူးဆိုသော်လည်းပဲ အကုန်လုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားကြ၏။
“ အဲ့တာဆိုလည်း ငါနိုးမို့လို့ အစောကတည်းက မပြောတာလား… မင်းသာ နာနာခံခံနဲ့ ပူးပေါင်းပေးမယ်ဆို ဒီလို ပြဿနာ ဖြစ်စရာ အကြောင်းလည်း မရှိဘူး…” နိုက်ကီနှင့် အမျိုးသားမှ ကြိမ်းမောင်းလိုက်ပြီး “ ဒါကို မင်းကများ ကိုယ့်ကိုယ်ကို သိုင်းကျွမ်းတဲ့ကောင်ဆိုပြီး လာပြောနေလိုက်သေးတယ်… မှတ်ထား… ငါတို့ အဖွဲ့နဲ့ဆိုရင် ဘရုစလီတောင်မှ လက်မြှောက်သွားရမယ်…”
“ ဟုတ်တယ် ဟုတ်တယ်… အကုန်လုံး မင်းတို့ကို ပေးပါတယ်… ငါ့ကို မရိုက်ပါနဲ့တော့ အစ်ကိုကြီးတို့ရေ….”
ဖန့်ရုံနှင့် ကျန်သူများ၏ သနားစဖွယ် အခြေအနေကို မြင်တွေ့ရတော့ တင်တင်ဝေနှင့် ကျန်သည့် မိန်းကလေးများမှာ ထိတ်လန့် တုန်လှုပ်နေကြလေသည်။
စစချင်းတုန်းကတော့ သူမလေးတို့မှာ မည်သည့် ကြောက်ရွံ့မှုမျှ မရှိကြချေ။ ဖန့်ရုံက ဤလူများအားလုံးကို အနိုင်ယူနိုင်သည်အထိ သန်မာလိမ့်မည်ဟု တွေးထားခဲ့ကြ၏။ သို့သော်လည်းပဲ ယခုလောက် ဆိုးဆိုးရွားရွားကြီး ရိုက်နှက်ခံလိုက်ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့သည်မှာတော့ အမှန်ပင်။
တစ်ယောက်ပြီး တစ်ယောက်၊ တင်တင်ဝေနှင့် မိန်းကလေး နှစ်ယောက်သည် သူမတို့၏ အဖိုးတန် ပစ္စည်းများအားလုံးကို ရှေ့ထုတ်ထားလိုက်ကြသည်။ ထို့နောက် တစ်သျှူးများထုတ်၍ ဖန့်ရုံနှင့် ကျန်သူများ၏ သွေးထွက် ဒဏ်ရာများအား သုတ်သပ်ပေးလေသည်။
ပစ္စည်းများအား လက်ခံရယူပြီးနောက် ဟူဒီနှင့် အမျိုးသားသည် လင်းရီနှင့် လျန်ရူရွှယ်တို့ဘက် ခြေဦးလှည့်လာခဲ့၏။
“ မင်းတို့နှစ်ယောက်ကကော ဘာစောင့်နေကြတာ.. အရိုက်ခံဖို့ စောင့်နေကြတာလား ဟုတ်လား… မြန်မြန် မင်းတို့ရဲ့ တန်ဖိုးရှိသမျှဟာ အကုန်ထုတ်.. ငါ လက်ပါရင် ဒီခုလောက် စကားပြောလို့ လွယ်မှာ မဟုတ်တော့ဘူးနော်…”
“ ငါ့မှာ တန်ဖိုးကြီး ပစ္စည်းက သိပ်မရှိတာခက်တယ်… ရှိတာဆိုလို့ ငါ့ဖုန်းကလွဲရင် ဒီနာရီလေးပဲ.. “ လင်းရီ ပြုံးလိုက်ပြီး “ အိုး ဟုတ်သား ငါ့မှာ ကားရှိသေးတာပဲ.. Lexus 570 လေ… ဈေးသိပ်ကြီးတာတော့ မဟုတ်ဘူးဆိုပေမယ့် ယွမ် တစ်သန်းတော့ အနည်းဆုံး တန်တယ်….”