အဖြူအမည်း ပြောင်းပြန်
Vol. 90 Ch. 1349
လင်းရီ ကားအပြင်ဘက်တွင် ရပ်နေသည်ကို မြင်တော့ ကျိန်းရှင်းဂန်းကတော့ မည်သို့မျှ မနေ။
သို့သော် မာချန်းကတော့ ရှော့ခ်ရသွားခဲ့၏။ ဆေးလိပ်က ပါးစပ်ထဲမှ ပြုတ်ကျသွားခဲ့ပြီး ဘောင်းဘီတွင် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
အရေးကြီးဆုံးကတော့ ညိုမည်းနေအောင် ရိုက်နှက်ခံထားရသည့် မောင်လေ့ကို မြင်တွေ့လိုက်ရခြင်းပင်။ ရိုက်နှက်ခံထားရသည်မှာ လူရုပ်ပင် မပေါ်တော့ချေ။
မာချန်း သူ၏ ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးလိုက်ပြီး ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။
သူ့ဘက်က တိုက်ခိုက်တာတော်တဲ့ လူဆယ်ယောက်ကျော် ခေါ်သွားတာတောင် အကုန်လုံးက ရှုံးလာခဲ့တာလားကွ…
လင်းရီ ခရီးသည်ထိုင်ခုံ တံခါးပေါက်ကို သာမန်လျှံကာ ဖွင့်၍ မာချန်းအား ကြည့်လိုက်၏။
“ မင်းတို့နှစ်ယောက်ကတော့ တကယ့်လူတွေပဲ… ခိုးကြောင်ခိုးဝှက် ခိုးမရတော့ ပေါ်တင်ခိုးတယ်ပေါ့… မင်းတို့လူတွေရဲ့ သတ္တိကို ငါ တကယ် အထင်သေးခဲ့မိတာပဲ…”
ဤ နေရာသို့ လာရာလမ်းတွင် လင်းရီသည် မောင်လေ့ထံမှတဆင့် ယခုကိစ္စကို စီစဉ်သူက မာချန်းတစ်ဦးသာလျှင် မဟုတ်ဘဲ သူတို့၏ သူဌေး ကျိန်းရှင်းဂန်းလည်း ပါဝင်နေကြောင်းကို သိရှိလိုက်ရသည်။
သူ ကားတံခါး ဖွင့်လိုက်တော့ ဒရိုင်ဘာခုံတွင် ထိုင်နေသူက သူတို့၏ သူဌေး ဖြစ်မည်ဟု လင်းရီ ခန့်မှန်းလိုက်၏။
ကျိန်းရှင်းဂန်းသည် ဆေးလိပ်ကို တစိုက်မတ်မတ် ရှိုက်နေပြီး သူ၏ အကြည့်တို့ကလည်း လင်းရီထံမှ မရွေ့လျားသွားခဲ့ချေ။
သူ့ရှေ့ ရောက်လာသည့် လူက သူတို့ ဓားပြတိုက်ချင်နေသည့် လူဖြစ်ကြောင်းကိုလည်း မှန်းဆထားပြီး ဖြစ်သည်။
“ မင်း… မင်း ဘာတွေ လာပြောနေတာလဲ… ငါ ဘာမှ နားမလည်ဘူး…” မာချန်း ပြောလိုက်သည်။
“ နားမလည်လည်း အဆင်ပြေတယ်… မင်း နားလည်အောင် လုပ်ဖို့ ငါ့မှာ နည်းလမ်းတွေမှ အများကြီးပဲ…”
လင်းရီ လက်ဆန့်တန်း၍ မာချန်၏ ကော်လာကို ဆွဲလိုက်ပြီး အောက်သို့ ဆွဲချလိုက်သည်။
ဘုတ်…
မာချန်းသည် မြေပြင်သို့ လှိမ့်ကျလာခဲ့ပြီး လင်းရီကို ကြောက်လန့်သည့် အကြည့်တို့ဖြင့် ကြည့်နေလိုက်၏။
လင်းရီအနားရှိ ရုန့်ရင်းဆန်ခတ် ဖြစ်မှုက ဖြတ်သွားဖြတ်လာ လုပ်သူများအား ဆွဲဆောင်သလို ဖြစ်သွားခဲ့ပြီး လူအုပ်ကြီး တစ်ခု ဖြစ်ပေါ်လာစေသည်။ အကုန်လုံးကလည်း ဘာဖြစ်တာလဲ ဆိုပြီး စူးစမ်းချင်စိတ် ပြင်းပြနေကြတော့၏။
လျန်ရူရွှယ်မှာ မာ့စ်နှင့် နေကာမျက်မှန်ကို တပ်ထားပြီး လင်းရီနှင့် ခပ်လှမ်းလှမ်းက နေသည်။
လင်းရီကို ဤကိစ္စ ကိုင်တွယ်ခိုင်းဖို့ သူမ စိတ်ဆုံးဖြတ်ထား၏။ သူမ၏ အထောက်အထားက ထူးခြားပြီး ယခုလို ကိစ္စမျိုးတွင် ဝင်ပါရန်လည်း စိတ်မကူးထားချေ။
တစ်ချိန်တည်းတွင် ကျိန်းရှင်းဂန်းသည်လည်း ကားထဲမှ ထွက်လာသည်။
“ မောင်လေ့… ဒါ ဘာတွေဖြစ်နေတာတုန်း…”
မောင်လေ့ ကျောချမ်းသွားခဲ့သည်။
“ အစ်ကိုဂန်း… ကျွန်တော်တို့ အတွက်မှားသွားခဲ့တယ်… ဒီကောင်လေးက တိုက်ခိုက်တာ တအားတော်တယ်… ကျွန်တော်တို့ လူဆယ်ယောက်ကျော်လုံးက သူ့ပြိုင်ဘက်တွေ မဟုတ်ဘူး… “ မောင်လေ့ ဝမ်းနည်းနေသည့် မျက်နှာထားဖြင့် ပြောလိုက်၏။
“ လက်ရှိ ကျွန်တော့်အခြေအနေက အဆင်ပြေတယ်လို့ပြောရမယ်… တခြား ညီကိုတွေဆို ဒဏ်ရာရထားကြတာ ဆိုးဆိုးရွားရွားပဲ.. အထဲမှာ အကုန် သတိလစ်နေကြတယ်…”
“ လူ ဒါဇင်ကျော်ကို မင်းတို့က တစ်ယောက်လေးကို မနိုင်ကြဘူးပေါ့ ဟုတ်လား..”
“ သူက အရမ်း စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်… ဘာကိုမှလည်း ဂရုမစိုက်ဘူး…”
နှစ်ယောက်လုံး မျက်နှာ အကျည်းတန်သွားခဲ့ကြသည်။ ဤသို့ဖြစ်လာလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။
ငါးအထင်နှင့် ဖမ်းလိုက်သော်လည်း အစွယ်အဖွေးသားနှင့် လူသားစား ငါးမန်း ဖြစ်လို့နေသည်။
လင်းရီ သူတို့နှစ်ယောက်ကို ကြည့်လိုက်၏။
“ ငါ သရဲအိမ် ဝန်ထမ်းတွေကို ဒီသူခိုးကို ရဲလက်အပ်ဖို့ သေချာပြောလိုက်ပါတယ်.. ဒါကို ဒီမှာ ပေါ်လာသေးတယ်ဆိုတော့ မင်းတို့နှစ်ယောက်က သရဲအိမ်နဲ့ ကြံရာပါတွေ ဖြစ်ရမယ် ဟုတ်တယ်မလား…”
“ အဲ့ဒါ မင်းနဲ့ ဆိုင်သလား…”
တောင်ကိုးလုံး အဖွဲ့အစည်းကြီး၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်နှင့်အညီ ကျိန်းရှင်းဂန်းသည် အတော်လေးကို လူရည်လည်သည်။ အလျင်အမြန်ပဲ အေးဆေးတည်ငြိမ်သွားခဲ့ပြီး မာချန်းကို ဖေးမပေးလိုက်၏။
“ ငါက တောင်ကိုးလုံး အဖွဲ့အစည်းကပဲ.. မင်း ဒီ အဖွဲ့အစည်းကို ကြားဖူးမှာပါ ဟုတ်တယ်မလား… ငါတို့နဲ့ ရန်သူ မဖြစ်ချင်စမ်းနဲ့… မဟုတ်ရင်……”
ဖြောင်း….
လင်းရီ လက်မြောက်ပြီး ကျိန်းရှင်းဂန်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
“ တော်တော် ပေါက်ကရတွေ ပြောတဲ့ ပါးစပ်…”
ကျိန်းရှင်းဂန်းက လင်းရီ၏ ခွန်အားကို မည်သို့ တောင့်ခံနိုင်လိမ့်မည်နည်း။ တစ်ဖက်သို့ လှည့်သွားကာ သွားများ အချောင်းလိုက် လွင့်ထွက်သွားခဲ့၏။
“ မင်း မြေနိုး…”
“ မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ… ဘေးဖယ်ကြစမ်း….”
ကျိန်းရှင်းဂန်း လှုပ်ရှားတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို လူအုပ် အပြင်ဘက်မှ အသံဗလံများအား ကြားလိုက်ရ၏။
ယင်းက ရဲအရာရှိ နှစ်ဦးဖြစ်နေသည်ကို မြင်တော့ သူ အလျင်စလို အပြေးလေးသွားခဲ့သည်။
ရဲများ ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး လင်းရီ မည်သည့် ထူးဆန်းမှုကိုမျှ မခံစားရချေ။
ဤသည်က ဝူထာရေကန် ဖြစ်ပြီး ပတ္တရောင် လှည့်နေကြသည့် ရဲအရာရှိ တစ်ယောက်စ နှစ်ယောက်စတော့ ရှိစမြဲပင်။ သူတို့က လင်းရီထင်မှတ်ထားသည်ထက် အနည်းငယ်ပင် နောက်ကျနေသေးသည်။
“ ဘာတွေ ဖြစ်နေတာလဲ… မင်း သူ့ကို ဘာလို့ ရိုက်နှက်ရတာလဲ…” ရဲအရာရှိသည် လင်းရီကို ကြည့်ပြီး မေးလိုက်၏။
“ အရင်ဆုံး သူတို့ ကျွန်တော့်ဆီကနေ ပစ္စည်းခိုးဖို့ ကြိုးစားတယ်… မအောင်မြင်တော့ ဓားပြတိုက်တယ်… ကျွန်တော်အခု မှန်ကန်တဲ့ အရာတွေ လုပ်နေတာပဲ…”
ရဲအရာရှိကြီးမှ အပြုံးလေးဖြင့် မာချန်း၊ ကျိန်းရှင်းဂန်းနှင့် ကျန်သူများဘက် လှည့်ကြည့်လိုက်ကာ “ မင်းတို့ကောင်တွေ တော်တော်ရဲတင်းကြတဲ့ကောင်တွေ… ဒါက ဝူထာရေကန်ကွ… မင်းတို့ ဘယ်လိုတောင် ဖြစ်ချင်တိုင်းတွေ ဖြစ်နေကြတာလဲ… အကျိုးဆက်တွေကို တကယ်ကြီး ဂရုမစိုက်တာလား ဟုတ်လား…”
မည်သူကမျှ ခွန်းတုံ့ပြန်မလာကြသလို မည်သူကမျှလည်း ကြောက်ရွံ့မနေကြချေ။
အကယ်၍ ဤကိစ္စတာ ရှေ့ဆက် အချိန်ဆွဲနေမည် ဆိုပါက သူတို့ အတွက် ခက်ခဲလာနိုင်သည်။ သို့ပေမယ့် ရဲစခန်းသို့ အခေါ်သွားခံရမည် ဆိုလျှင်တော့ ကိုင်တွယ်ရ လွယ်ကူသွားလိမ့်မည်။
မည်သူမျှ စကားပြန်မပြောသည်ကို မြင်တော့ ရဲအရာရှိကြီးမှ “ မင်းတို့က ဘာပြောစရာမှ မရှိဘူးဆိုတော့ ဆိုလိုချင်တာ သဘောတူတယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား… ငါတို့က ဝူထာရေကန် စခန်းခွဲက… ငါတို့နဲ့ လိုက်ခဲ့…”
ဤသည်က နယ်ပယ်သုံး ဗန်းစကားအရဆိုရင် တကယ်လို့ မင်းမှာ အဆက်အသွယ် ရှိတယ်ဆိုရင် မင်းတို့ သုံးလို့ရမယ်၊ မရှိဘူးဆိုရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ သွားမယ်။
လင်းရီ လျန်ရူရွှယ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူမအား လက်ဝှေ့ရမ်းပြလိုက်၏။ လျန်ရူရွှယ်လည်း ချက်ချင်းဆိုသလို နားလည်သွားခဲ့ကာ နောက်မှ လိုက်ခဲ့မည့် ရည်ရွယ်ချက် မရှိတော့ပေ။
လေးယောက်သားလုံး ကားထဲသို့ ခေါ်ဆောင်သွားခံလိုက်ရ၏။ ရဲကားထဲ ရောက်တော့ ကျိန်းရှင်းဂန်းနှင့် မာချန်းတို့သည် အများကြီး သက်တောင့်သက်သာ ဖြစ်သွားခဲ့လေသည်။
“ မင်းတို့ သုံးယောက်က ပြစ်မှုကျူးလွန်ဖူးတဲ့လူတွေ ဆိုတာ ငါပြောနိုင်တယ်… မင်းတို့ကောင်တွေက ငါတို့ကို မကြောက်ကြဘူးပဲ…” ရဲအရာရှိကြီးမှ ပြောလိုက်သည်။
“ ရဲဘော်… ငါက တောင်ကိုးလုံး အဖွဲ့အစည်းက ကျိန်းရှင်းဂန်းပါ… ဒါကြောင့်မို့ မင်းတို့ရဲ့ စခန်းနဲ့ ရင်းနှီးနေတာလေ…”
“ မင်းက တောင်ကိုးလုံး အဖွဲ့အစည်းကလား…”
တောင်ကိုးလုံး အဖွဲ့အစည်းသည် မြေအောက်ဂိုဏ်း တစ်ခု ဆိုသော်လည်းပဲ အပေါ်ယံတွင်တော့ ၎င်းက လက်ဖက်ရည်အိမ်တော် တစ်ခုဖြစ်သည်။
ဆက်နွယ်မှု ရှိသည့် လူတစ်ချို့သာလျှင် သူတို့ အဖွဲ့အစည်း နောက်ကွယ်ရှိ အမှန်တရားကို သိရှိကြ၏။
“ အင်း ဟုတ်တယ်.. မြင်းပြိုင်ကွင်းက ငါ့အပိုင်လေ…”
ရဲအရာရှိမှ ခေါင်းညိမ့်လိုက်ပြီး တည်ကြည်လေးနက်ဟန် ဆောင်လိုက်ကာ “ မင်းလူတွေကို ခေါ်လိုက်…”
“ အိုကေ အိုကေ ငါ အခုပဲ ဖုန်းဆက်လိုက်မယ်…”
လင်းရီ နှုတ်ခမ်း တွန့်ကွေးသွားခဲ့ပြီး ဘာမျှတော့ သူမပြောသေး။ အေးဆေး စောင့်ကြည့်နေလိုက်သည်။
နာရီဝက်ကြာပြီးနောက် လေးယောက်သားလုံး ရဲစခန်းထဲ ခေါ်လာခံရပြီး စစ်ကြောရေး အခန်းထဲသို့ ရောက်လာခဲ့၏။
“ မင်းတို့ သုံးယောက်လုံးက ခိုးမှုနဲ့ ဓားပြမှုအတွက် အပြစ်ရှိတယ်… မှန်သလား…”
“ ဟုတ်ကဲ့.. မှန်ပါတယ်…” ကျိန်းရှင်းဂန်းသည် ဖုံးကွယ်ခြင်း မပြုဘဲ အမှန်အတိုင်း ဝန်ခံလိုက်၏။
ဤနေရာတွင် ရွေးချယ်စရာမရှိဘဲ ပူးပေါင်းဆောင်ရွက်ပေးရမည် ဖြစ်သည်။
နောက်ပိုင်း၌ သူ့ဘက်က စီစဉ်မှု တစ်ချို့ ပြုလိုက်မည်ဆိုပါက ဤကိစ္စကို ပြီးပြည့်စုံစွာ ဖြေရှင်းနိုင်သွားလိမ့်မည်။
ကျိန်းရှင်းဂန်းက အင်မတန် အသိလိမ္မာ ရှိနေသည်ကို မြင်တော့ ရဲအရာရှိလည်း ဘာမျှ ပြောမနေတော့ဘဲ လင်းရီကို ဦးစွာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။
ဘာပဲဆိုဆို သူက အပြင်လူလေ….
သူ့ကို ဖြေရှင်းပြီးပါက ကျန်သည်များအား သူတို့လူသီးသန့် ဖြေရှင်းလိုက်၍ရ၏။
“ ငါတို့ စုံစမ်း စစ်ဆေးပြီးသွားပြီ… မင်းက သူ့ကိုတင် ရိုက်နှက်ခဲ့တာ မဟုတ်ဘူး… တခြား လူဆယ်ယောက်ကျော်ကိုပါ ပြင်းပြင်းထန်ထန် ဒဏ်ရာ အနာတရ ဖြစ်စေခဲ့တယ်… ဒါက အရမ်းနဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပြီးတော့မှ ခုဆို ပြင်းထန်တဲ့ ပြစ်မှုကျူးလွန်တာနဲ့ ကိုက်ညီသွားပြီ…”
“ ဟင်… ခင်များ ကျွန်တော့်ကို လာနောက်နေတာတော့ မဟုတ်ဘူးမလား…” လင်းရီ မေးမြန်းလိုက်၏။
“ ဒါက အလွန်ဆုံးမှ ကိုယ့်ကိုယ် ခုခံကာကွယ်တာလို့ သတ်မှတ်သင့်တာလေ… ဘယ်လိုလုပ်ပြီး ပြင်းထန်တဲ့ ပြစ်မှုတွေ ကျူးလွန်ကုန်ရတာ…”
“ အရေးမပါတာ…” မောင်လေ့ ပြောလိုက်ပြီး “ ကျွန်တော်တို့ အမှားကျူးလွန်ခဲ့မိတာ မှန်ပါတယ်.. ဒါပေမယ့် ကျွန်တော်တို့က သူ့ပြိုင်ဘက် မဖြစ်နိုင်မှန်း သိတာနဲ့ ချက်ချင်း လက်နက်ချပြီး အသနားခံပါတယ်… အဲ့တာကို သူက သံတုတ်ကြီးနဲ့ မညှာမတာ အခွင့်ကောင်းယူပြီး လူတိုင်းကို ရိုက်နှက်ပါတယ်… ဒါက ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာ လုံးဝ မဟုတ်ပါဘူး… ရည်ရွယ်ချက်ရှိရှိ လက်စားချေနေတာပါ…”
ရဲအရာရှိသည် လင်းရီကို ပြန်ကြည့်လိုက်၏။
“ ခု မျက်မြင် သက်သေကတောင် ဒီလိုပြောနေပြီ… မင်းက အဲ့တာကို ကိုယ့်ကိုယ်ကို ကာကွယ်တယ်ဆိုပြီး ပြောနေတုန်းပဲလား…”
“ ဘာလို့ မဟုတ်ရမှာ… မဟုတ်ရင် ကျွန်တော်က ဒီတိုင်း ရပ်နေပြီး သူတို့ ပြုသမျှ နုနေရမှာလား ဟုတ်လား…”
“ သူတို့က မှားယွင်းတယ်ဆိုရင်တောင် ဒါက တခြား ကိစ္စ… ငါတို့ ဒီကိစ္စ ပြင်းပြင်းထန်ထန် အရေးယူမယ်… မင်း ဘာဆက်ပြောချင်သေးလဲ…”
“ ကျွန်တော်ကတော့ ခင်များ ဘက်လိုက်နေတာလို့ပဲ ပြောချင်တယ်…” လင်းရီ တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး “ သူတို့ကို အရေးမယူဘူးဆိုတာ သူတို့က တောင်ကိုးလုံး အဖွဲ့အစည်းက လူတွေ ဖြစ်နေလို့မလား… ခင်များ ကြောက်တယ်လေ…”
ဘန်း….
ရဲအရာရှိသည် စားပွဲကို ဒေါသတကြီး ထုနှက်၍ မတ်တပ်ရပ်လိုက်ကာ “ မင်း ဘာ သောက်အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ…”
“ ရဲဘော် ရဲဘော်… မင်း အဆင့်ကို သူ့လောက် နိမ့်ချစရာ မလိုပါဘူး…. စိတ်အေးအေးထား စိတ်အေးအေးထား…” ကျိန်းရှင်းဂန်း ရှေ့သို့ တက်၍ ဖြောင်းဖြလိုက်၏။ ထို့နောက် လင်းရီကို ကြည့်ကာ “ ညီကို… ငါ မင်းကို အမှန်အတိုင်း ပြောလိုက်မယ်… မင်း ပူးပေါင်းပြီးမှ အမှားဝန်ခံလိုက်တာ အကောင်းဆုံးပဲ… မဟုတ်ရင် မင်းရဲ့ အခြေအနေက အပြင်ထွက်တာနဲ့ ပိုဆိုးဖို့ပဲ ရှိမှာ… မင်းကိုယ်မင်း ပြဿနာပုံထဲ တိုးတာထက် ဒီမှာ အေးဆေး နေရတာက ပိုမကောင်းဘူးလား…”