← Chapters

မင်းတို့ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက် စေလွှတ်လိုက်မယ်

Vol. 90 Ch. 1350

မင်းတို့ကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက် စေလွှတ်လိုက်မယ်

Vol. 90 Ch. 1350

“ မင်းတို့ ဆက်ပြီး တိုက်ခိုက်ချင်နေတုန်းလို့တော့ ငါ့ကို လာမပြောနဲ့… ငါ ဒီလောက်ထိ ရိုက်ပေးထားတာတောင် မင်းတို့ မမှတ်ကြသေးဘူးပေါ့…”

ကျိန်းရှင်းဂန်းသည် ထူးမခြားနားအမူအရာဖြင့် ပခုံးတွန့်လျက် “ ငါတို့က မင်းပြိုင်ဘက် မဟုတ်ဘူးဆိုတာ ဝန်ခံတယ်… ဒါပေမယ့် ငါတို့ရဲ့ တောင်ကိုးလုံး အဖွဲ့အစည်းကိုတော့ အသုံးမကျတဲ့ဟာတွေ ဆိုပြီး မမှတ်လိုက်နဲ့လေ..”

“ မဟုတ်လို့ ဘာရှိရဦးမှာ…”

“ ငါတို့ရဲ့ အစ်ကိုကျွင်းက ခဏဆို ဒီရောက်လာတော့မှာ… ငါတို့ ဒီခုလို လုပ်နေတယ်ဆိုတာ for show သပ်သပ်ပဲ… မင်း ငါတို့ကို လုပ်ချင်တိုင်း လုပ်လို့ ရတယ်များ ထင်နေလား…” ကျိန်းရှင်းဂန်း မောက်မာစွာဖြင့် ပြောလိုက်၏။

“ ငါ ပြောမယ်.. မင်း အပြစ်ကို ဝန်ခံပြီး ထောင် ထမင်းဟင်း အေးဆေးလေး စားလိုက်… အပြင်ထွက်ရင် မင်းကိုယ်မင်း ဘာဖြစ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူးနော်…”

“ ငါလည်း အစကတော့ ညစာ သွားစားဖို့ ဟန်ပြင်နေတာပဲ… ဒါပေမယ့် ဒီလိုတွေ ဖြစ်လာပြီ ဆိုမှတော့ နောက်မှပဲ စားတော့မယ်…” လင်းရီ ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။

“ ငါ ဒီနေ့ ဒီမှာ ရှိနေမယ်… မင်းတို့ကို ဘယ်ကောင် လာထုတ်ဝံ့လဲ ကြည့်စမ်းဦးမယ်..”

“ မင်းကိုယ်မင်း အိမ်ရောက်နေတယ်များ ထင်နေတာလား…” ရဲအရာရှိမှ အေးစက်စက်လေသံဖြင့် စကားဆိုလာသည်။

“ ခင်များလည်း တိတ်တိတ်နေ.. မဟုတ်ရင် ခင်များအတွက် ကောင်းမှာ မဟုတ်ဘူး..”

“ လူတစ်ယောက်ကို သေလုမြောပါး ရိုက်နှက်ပြီးမှ မင်းကိုယ်မင်း မှန်တယ်ထင်……..”

ချလပ်…

ရဲအရာရှိမှ ပွင့်ထွက်တော့မည့် အချိန်တွင်ပဲ စစ်ကြောရေး အခန်းတံခါး တွန်းပွင့်လာပြီး လူနှစ်ယောက် အထဲသို့ ဝင်လာခဲ့သည်။

တစ်ယောက်က ရဲ ယူနီဖောင်းနှင့် ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ သာမန် အရပ်ဝတ် အင်္ကျီနှင့် ဖြစ်၏။

အနှီပုဂ္ဂိုလ်သည်ကား လင်းရီ ယနေ့ မနက်ခင်းတွင်မှ သင်ခန်းစာ ပေးခဲ့သည့် ပေါင်ဝန်ကျွင်းပင် ဖြစ်ပါသည်။

“ အစ်ကိုကျွင်း… မင်း ရောက်လာပြီလား….”

ကျိန်းရှင်းဂန်းသည် တောင်ကိုးလုံး အဖွဲ့အစည်း၏ အကြီးအကဲ တစ်ဦးဖြစ်သော်လည်း ပေါင်ဝန်ကျွင်းသည်ကား အစ်ကိုဝက်ဝံ၏ ကိုယ်ပိုင် သက်တော်စောင့် တစ်ယောက်ဖြစ်၏။ သူ၏ အဆင့်အတန်းက သူ့ထက် အများကြီး ပိုမြင့်လေသည်။ ထို့ကြောင့် စကားပြောရာတွင် ရိုသေသမှု ပြုရသည်။

သို့သော် ပေါင်ဝန်ကျွင်းသည် ကျိန်းရှင်းဂန်းကို လျစ်လျူရှုထား၍ လင်းရီကို ကြည့်လိုက်၏။

သူ လင်းရီကို ဤနေရာတွင် တွေ့ရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

“ ဒါက…. ဒါ ဘာတွေ ဖြစ်နေတာလဲ…”

“ ဒီကောင်လေးက ငါတို့လူတွေကို ရိုက်သွားလို့လေ…. သူ့ကို အခု သင်ခန်းစာ ပေးဖို့ ပြင်နေတာ…”

ပေါင်ဝန်းကျွင်း တံတွေးမျိုချမိသွားခဲ့၏။ သူ့ ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေး၍ စဉ်းစားစေကာမူ ဤပြဿနာကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိဘဲ ဖြစ်နေသည်။

“ အစ်ကိုကျွင်း… ငါတို့မှာ အခု ရွေးချယ်စရာ နှစ်ခု ရှိတယ်… ပထမ တစ်ခုက ဒီကောင့်ကို အထဲမှာ ချုပ်ထားမယ်.. နောက် ဒုတိယ တစ်ခုက သူ့ကို လွတ်ပေးလိုက်ဖို့ပဲ… သူအပြင်ရောက်တာနဲ့ သူ့ကို သင်ခန်းစာပေးဖို့ လူလွှတ်လိုက်မယ်လေ..” မာချန်း ပြောလိုက်သည်။

“ သူ့ကို ဘယ်တစ်ခု ရွေးချင်လဲ မေးလိုက်…”

“ မျောက်မသား … မင်းကိုယ်မင်း ဘယ်သူနဲ့ စကားပြောနေတယ် ထင်လို့လဲ…” မောင်လေ့ ဟောက်လား ငေါက်လား ပြုလိုက်ပြီး “ ငါတို့ အစ်ကိုကျွင်းက……”

ဖြောင်း….

စကားတစ်ခွန်းမျှ ပြောမနေတော့ဘဲ ပေါင်ဝန်ကျွင်းသည် မောင်လေ့၏ ပါးစပ်ကို ဖြတ်ရိုက်လိုက်၏။

“ မင်းပါးစပ်ကို ပိတ်ထား….!! “

ကျိန်းရှင်းဂန်း ၊ မာချန်းနှင့် စစ်ကြောရေး အခန်းထဲတွင် ရှိနေကြသည့် လူတိုင်း ကြက်သေသေသွားခဲ့ကြ၏။

မင်း ဘာလို့ ကိုယ့်လူကို ပြန်ရိုက်နေတာတုန်း….

“ မစ္စတာလင်း… ဒါ ငါတို့ အမှားပါ… ငါ မင်းကို တောင်းပန်ပါတယ်…”

ပေါင်ဝန်ကျွင်း ဦးညွှတ်ပြီး ပြောလိုက်၏။

ဟစ်…….

ကျိန်းရှင်းဂန်းနှင့် ကျန်သူများအားလုံး ပင့်သက်ရှိုက်လိုက်ကြ၏။

“ အစ်ကိုကျွင်း… မင်း ဘာလို့…. “

သုံးယောက်သားလုံး မျက်လုံးပြူး၊ မျက်ဆံပြူးကြီးများ ဖြစ်လို့နေသည်။ အစ်ကိုကျွင်းဆိုသည်က ဂိုဏ်းတွင် ဒုတိယ တာဝန်ခံ၊ တစ်နည်းဆိုရသော် ဒုတိယ အာဏာအရှိဆုံး လူတစ်ယောက်ဖြစ်ပြီး သူ၏ အဆင့်အတန်းက အလွန်အင်မတန်မှ မြင့်မားလှသည်။ သို့သော် သူသည် ဤကောင်ကို အမှန်ပင် ဦးညွှတ်တောင်းပန်နေသည်လော။

ကောင်းကင်ဘုံ…..

“ ပါးစပ်ပိတ်…” ပေါင်းဝန်ကျွင်း ပိတ်ငေါက်လိုက်ပြီး “ မြန်မြန် မစ္စတာလင်းကို ဦးညွှတ်ပြီး တောင်းပန်လိုက်…”

ပေါင်ဝန်ကျွင်း ချွေးအေးများ စီးကျလို့နေပြီး အခြေအနေက မွစာကြဲနေသည်ဟု သူ ခံစားနေရသည်။

လင်းရီ ဆိုသူမှာ ယွီဟန်၏ ဝေ့မိသားစုပင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသူဖြစ်ကာ သူ၏ နယ်ခံလူမိုက်ဂိုဏ်းလေးက ဤသို့သော ပုဂ္ဂိုလ်မျိုးကိုမှ တကူးတက ပြဿနာ သွားရှာနေလေသည်။

ပေါင်ဝန်ကျွင်း၏ အမိန့်ပေးမှု အောက်တွင် ကျိန်းရှင်းဂန်းနှင့် ကျန်နှစ်ယောက်လည်း ရှေ့သို့ ကြောက်ကြောက်လန့်လန့်နှင့် လှမ်းလာ၍ လင်းရီကို ဦးညွှတ်တောင်းပန်လိုက်သည်။

ဘာဖြစ်နေမှန်းကို သူတို့ မသိသော်လည်းပဲ အစ်ကိုကျွင်း၏ အမိန့်ကိုတော့ သူတို့ မလိုက်နာလို့ မရပေ။

“ မင်းကတောင် ဘယ်လို ပြုမူရမလဲ ဆိုတာ သိသေးသားပဲ.. ငါ တစ်ခါရိုက်ပေးလိုက်တာနဲ့ မင်းကမှတ်တယ်(အမှတ်သည်းခြေရှိ)… ဒါပေမယ့် မင်းရဲ့ လက်အောက်ငယ်သားတွေကတော့ သိပ်မှတ်တဲ့ပုံ မပေါ်ဘူး…”

သူက အစ်ကိုကျွင်းကို ရိုက်နှက်ခဲ့တယ်ပေါ့…

သုံးယောက်သားလုံး ကြက်သေသေသွားရပြန်သည်။

အစ်ကိုကျွင်းဆိုတာ တောင်ကိုးလုံး အဖွဲ့အစည်းရဲ့ သွေးဆာ ကြမ်းကြုတ်တဲ့ ကျားကြီးမဟုတ်ဘူးလား.. သူ့လို လူမျိုးက ဘာလို့ သူများ ရိုက်တာ ခံရမှာလဲ…

“ ဟုတ်ပါတယ် ဟုတ်ပါတယ်.. ဒါ ငါတို့ အမှားပါ… ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးပါ မစ္စတာလင်း… ငါတို့ အဆင့်ရောက်အောင် ကိုယ့်ကိုယ်ကို မနိမ့်ချလိုက်ပါနဲ့ဗျာ…” ပေါင်ဝန်းကျွင်း ဦးညွှတ်ပြီး ပြောလိုက်သည်။

လင်းရီ မတုံ့ပြန်လာချေ။ ထိုအစား ကျိန်းရှင်းဂန်းနှင့် ကျန်နှစ်ယောက်ကို ကြည့်နေလိုက်သည်။

“ အခု … မင်းတို့ကိုယ် မင်းတို့ ဒီနေရာကနေ ထွက်သွားနိုင်ဦးမယ်လို့ ထင်သေးလား…”

“ အဲ့ဒါက….”

သုံးယောက်သားလုံး မျက်နှာရှုံ့မဲ့သွားခဲ့ကြပြီး စကားပင် မပြောဝံ့ကြတော့ချေ။

ဒီလူက တအား ဆန်းကြယ်လွန်းတယ်.. သူတို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး… ဘာလုပ်သင့်လဲ..

လင်းရီ မတ်တပ်ရပ်ပြီး သက်ပြင်းချလိုက်၏။

“ ငါ နည်းနည်းတော့ ဇဝေဇဝါ ဖြစ်မိတယ်သိလား… မင်းတို့ သောက်ပိန်း တောင်ကိုးလုံးဂိုဏ်းက ဘယ်လိုလုပ်ပြီးတော့များ ဒီလိုအနေအထားထိ ရောက်လာခဲ့တာပါလိမ့်ဆိုတာ ငါ တကယ် စဉ်းစားလို့ မထွက်ဘူး… ယွမ် ၁၀ သန်းကျော် ပေးရတဲ့ နာရီတစ်လုံးကို ဝတ်ထားတဲ့လူက သာမန်လူဖြစ်နိုင်ပါ့မလား… မင်းတို့ စဉ်းစားလေ….”

ရဲအရာရှိမှာ ကြက်သေသေသွားခဲ့ရသည်။

သူက တကယ်ကြီး ယွမ် ၁၀ သန်းကျော် ပေးရတဲ့ နာရီဝတ်ထားတယ်ပေါ့…

လင်းရီ သူ၏ အိုင်ဒီကတ်ကို အိတ်ကပ်ထဲမှ ထုတ်၍ လူတိုင်းကို ပြလိုက်သည်။

“ ဒါ ငါ့ရဲ့ အိုင်ဒီ… ဒီနေ့ ကိစ္စကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်… မင်းတို့ကိုယ် မင်းတို့ ဂရုစိုက်သာနေတော့…”

လင်းရီလက်ထဲရှိ အိုင်ဒီကို မြင်တော့ လူတိုင်း၏ မေးရိုးကြီးများသည် ကြမ်းပြင်နှင့် ထိစပ်လုနီးပါး ဖြစ်သွားခဲ့၏။

နဖူးထက်မှလည်း ချွေးအေးများက ရေတံခွန်သဖွယ် ယိုစီးကျလာလေတော့သည်။

“ မင်းက တကယ်ကြီး…..”

လင်းရီ အိုင်ဒီကို ပြန်သိမ်းလိုက်ပြီး “ ငါနဲ့ အတူပါလာတဲ့ မိန်းကလေး ဒီမလိုက်တာကိုပဲ မင်းတို့ ကျေးဇူးတင်သင့်တယ်… မဟုတ်ရင် မင်းတို့ကောင်တွေ ဘယ်လို သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး… ဒါပေမယ့် ဝမ်းသာမနေနဲ့… အစောကြီးကတည်းက ဖုန်းခေါ်ပြီး မင်းတို့ကို ကိုင်တွယ်ဖို့ လုပ်ပြီးနေလောက်ပြီ… ရလဒ်က ဘယ်လိုမျိုး ထွက်လာမလဲတော့ ငါလဲ မသိဘူး… ဆိုတော့ ဂရုစိုက်….”

ပြောပြီးနောက် လင်းရီသည် စစ်ကြောရေး အခန်းထဲမှ ထွက်ခွာလာခဲ့လိုက်သည်။

ထိုအချိန်၌ လျန်ရူရွှယ်သည် ဝူထာရေကန်၏ ရဲစခန်း ရုံးခွဲရှေ့၌ မတ်တပ်ရပ်နေသည်။ လက်ထဲတွင်လည်း မစ်တီးတစ်ခွက် ကိုင်ထားပြီး ရှုခင်းများအား ဓာတ်ပုံရိုက်နေလျက် ရှိသည်။

အများစုကတော့ ဆယ်လ်ဖီပုံများသာ ဖြစ်၏။ အင်တာနက် ဆယ်လီ အများစု ပို့စ်ပေးသည့် အတိုင်း ပေးထားလေသည်။

ထို့နောက် မတူကွဲပြားသည့် တည်းဖြတ် ဆော့ဝဲများကို သုံး၍ ပြုပြင်တော့၏။ သူမ၏ အာရုံစူးစိုက်မှုလယ်ဗယ်က ယွမ်ဘီလီယမ် ရာချီ ပရောဂျက်ကို ကိုင်တွယ်နေသည်ထက်ပင် လေးနက်နေလျက် ရှိတော့သည်။

“ မင်း ဒါတော့ များသွားပြီ… ငါ့ဖို့ မစ်တီးလေးတစ်ခွက်တောင် ပိုမဝယ်ခဲ့ပေးဘူးပေါ့..” လျန်ရူရွှယ် အနောက်တွင် ရပ်ရင်း လင်းရီ ပြောလိုက်၏။

“ နင် ဘယ်အချိန် ထွက်လာမယ်မှန်း ငါမှ မသိဘဲကို…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ အများကြီး မသောက်ရသေးဘူး.. ရော့ နင် သောက်လိုက်တော့…”

“ ဘာလို့ မသောက်တော့တာ…”

“ ငါဝယ်လာတာလည်း ပုံရိုက်ဖို့ပဲလေ… တကယ်တမ်းကျတော့ မစ်တီး သိပ်ကြိုက်တာမဟုတ်ဘူး…”

“ ဒါဆိုလည်း ငါမင်းကို ဝိုင်တိုက်မယ်… မဟုတ်လည်း လက်ဖက်ရည်ပေါ့…”

“ ရပါပြီ… ငါ့ အန်တီလာနေတော့ အယ်ကိုဟော သောက်လို့ အလကားပဲ.. နင့်ပိုက်ဆံတွေ မဖြုန်းတော့ပါဘူး…”

လင်းရီ လက်မထောင်ပြလိုက်၏။ “ ဘယ်လိုတောင် ရိုးသားလိုက်လဲ…”

“ ကျစ်… သောက်စရာတော့ ထားလိုက်… ဒါပေမယ့် ငါ့အိတ်က ပျက်စီးသွားပြီဆိုတော့ နင် ငါ့ကို မနက်ဖြန် အသစ် လိုက်ဝယ်ပေးရမယ်…”

“ ပြဿနာ မရှိဘူး.. ငါမင်းကို ကျိန်းသေပေါက် တစ်လုံး လိုက်ဝယ်ပေးမယ်…” လင်းရီ ပြောလိုက်ပြီး “ သွားစားကြဖို့… ငါဗိုက်ဆာပြီ…”

နှစ်ယောက်သား ကားထဲသို့ ဝင်၍ ယွီဟန်မြို့၏ ထူးကဲသည့် ဟင်းလျာများကို သုံးဆောင်ရန် ထွက်လာခဲ့ကြသည်။ သို့‌သော် သူတို့ သိပ်အများကြီး မစားနိုင်ခဲ့ကြပေ။ လျန်ရူရွှယ်ဆို အနည်းငယ် ကျန်နေသေးပြီး လင်းရီကပဲ အပြတ်ဖြတ်ပေးလိုက်ရ၏။ ထို့နောက် သူမလေးကို မျက်နှာလို မျက်နှာရလုပ်ရန် လမ်းဘေးဆိုင်များသို့ အပြေးသွားပြီး မုန့်များဝယ်၍ ဆက်သရသေးသည်။

ထိုအခါမှပဲ လျန်ရူရွှယ်သည် အင်မတန် စားနိုင်ကြောင်းကို လင်းရီ သိရှိလိုက်ရတော့သည်။ အတိတ်တွင်တုန်းက သူမ နည်းနည်းပိစိလေးပဲ စားသည်က အကုန်လုံး အလိမ်အညာများသာ ဖြစ်၏။

ညစာစားပြီးနောက် နှစ်ယောက်သား ည၏ အလှကို ခဏတာမျှ ရှုစားပြီးနောက် အနားယူရန် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

လျန်ရူရွှယ်သည် လင်းရီ နှစ်ယောက်ခန်း တစ်ခု ယူလိုက်သည်ကို နှုတ်ဆိတ်နေပြီး အသံတိတ် သဘောတူလိုက်၏။

ရေမိုးချိုးပြီးနောက် ရေချိုးတဘက် အရှည်ကို ပတ်ထားရင်း လျန်ရူရွှယ် အပြင်သို့ ထွက်လာသည်။

“ ငါ မနက်ဖြန် လုရန်မင်ကို နေ့လည်စာ စားဖို့ ဖိတ်ထားတယ်.. အဆင်ပြေတယ်မလား…”

“ ငါ တစ်နေ့လုံး အားတယ်.. ဒီတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် အဆင်ပြေပြီးသား…”

လျန်ရူရွှယ် ကုတင်ပေါ်တွင် ထိုင်၍ သူမ၏ ရေစိုနေသည့် ခြေထောက်များအား ခြောက်သွေ့အောင် သုတ်နေရင်း “ ဒါပေမယ့် နင် များများစားစား မျှော်လင့်မထားတာတော့ ကောင်းမယ်နော်… တချို့ ကိစ္စတွေကိုကျ ခွင့်ပြုချင်တိုင်း ခွင့်ပြုလို့ မရတာတွေ ရှိတယ်…”

“ ငါနားလည်ပါတယ်.. မင်း တတ်နိုင်သလောက်ပဲ လုပ်ပေးပါ…”

“ ပမာဏ ဘယ်လောက်ပဲ ရရ အဆင်ပြေတယ်.. ဘာပဲဆိုဆို သုညကနေ စခဲ့တာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ မဟုတ်ရင် ကုမ္ပဏီတွေက လာဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး…”

“ ဟင်… ကုမ္ပဏီတွေ ဟုတ်လား… နင် ဘာတွေ လုပ်မို့လဲ…”

စာစဉ်(၉၀) ပြီး၏။

All Chapters