← Chapters

အချိန်အဆက်များ

Vol. 011 Ch. 1064

အချိန်အဆက်များ

Vol. 011 Ch. 1064

ကျားလို့ဖန်းက အဝေးမှ ရီဖူရှင်းအား လှမ်းကြည့်သည်။ သူက အပေါ်သို့ တက်သွားခဲ့ကာ မူလပုံစံသို့ ပြောင်းလဲ လိုက်၏။

ရုတ်တရက် ကောင်းကင်တွင် ရောင်စဉ်ရောင်ဝါများ လင်းလက်လျက် ရွှေရောင် နတ်ငှက်တစ်ကောင် ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ်အား ရွှေရောင်သားမွေးများ ဖုံးအုပ်ထားကာ ရှန့်ထိုစွမ်းအား အငွေ့အသက်များအား ပြင်းထန်စွာ ခံစားကြရ၏။

ထိုအရာသည်ပင် ရွှေနတ်ငှက်ကလန်၏ အဆင့်မြင့် တော်ဝင်ရတနာ ဖြစ်သော ကွာရူတာ အတောင်ပံများ ဖြစ်ကြ၏။

အမြန်နှုန်းတွင် ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ပင် သူ့ကို မယှဉ်နိုင်ပေ။

ရွှေနတ်ငှက်များသည် ဒီမွန်းကမ္ဘာ၌ ပြိုင်ဘက်ကင်း အမြန်နှုန်းကို ပိုင်ဆိုင်ကြသည်။

“ကျုပ်နောက်က လိုက်ခဲ့ …” ကျားလို့ဖုန်းက မောက်မာစွာ ပြောသည်။ ကျားလို့ တော်ဝင်ကလန်၏ သားရဲတစ်ကောင် ဖြစ်သည့်အလျောက် သူသည် မင်းသမီးခွန်ရွှမ်ကို အချိန်ကြာမြင့်စွာ ကတည်းက စိတ်ဝင်စားခဲ့သည်။ နောက်တွင် သူသည် အရှင်မင်းကြီးထံသို့ အခစားဝင်ကာ မင်းသမီးအား လက်ထပ်ခွင့် တောင်းရန်အထိ ရည်မှန်းထား၏။

ကျားလို့ တော်ဝင်ကလန်သည် ဥဒေါင်း ဒီမွန်းမိစ္ဆာကလန်နှင့် လိုက်ဖက် ထိုက်တန်ပေသည်။

ရီဖူရှင်းနှင့် သားရဲတို့သည် ခွန်ရွှမ်အား နေ့ရက်ပေါင်းများစွာ အရှက်ခွဲခဲ့ကြ၏။ သူက ယခင်ကတည်းက တစ်စုံတစ်ခု လုပ်ခဲ့သင့်၏။ ယခု မင်းသမီးက သူ့နောက်သို့ လိုက်ရန် တာဝန် ပေးခဲ့ပြီဖြစ်ရာ နောက်မကျသေးပေ။

ဝှီး …

ကျားလို့ဖန်းက မြန်ဆန်စွာ ပျံသန်းသွားလျှင် လေထဲတွင် ရွှေရောင် အလင်းတန်း တစ်ခုကိုသာ မြင်ကြရ၏။ သူသည် မူလနေရာမှ ပျောက်ကွယ်သွားကာ လျှပ်တစ်ပြက် အတွင်း မိုင်ပေါင်းများစွာ အဝေးသို့ ရောက်သွားခဲ့ပြီ ဖြစ်၏။

သူ့နောက်မှလည်း ရွှေနတ်ငှက် ကလန်သားတို့သည် မူလသားရဲ ခန္ဓာကိုယ်သို့ ပြောင်းလဲကာ ကောင်းကင်ကို ဖြတ်သန်းလျက် ပျံသန်းနေကြသည်။

ခွန်ရွှမ်အားလည်း ကွဲပြား ခြားနားသော ရောင်စဉ်များ လင်းလက်လာခဲ့၏။ သူမက ရှေ့သို့ လှုပ်ရှား ပျံသန်းသွားလျှင် ဒီမွန်းကလန်မှ များစွာသော အဆင့်အတန်းမြင့် ကလန်များ လိုက်ပါ လာခဲ့ကြ၏။ သူတို့အားလုံးက ရီဖူရှင်းနောက်သို့ လိုက်ကြသည်။

အတိတ်တွင် ရီဖူရှင်းသည် သူတို့၏ လိုက်လံ တိုက်ခိုက်ခြင်းမှာ အမြဲတမ်း ထွက်ပြေး လွတ်မြောက်ခဲ့၏။ အင်ပါယာ ရှားစစ်တပ်က အလစ် တိုက်ခိုက်မည်ကို စိုးရိမ်ကာ သူတို့က ဝေးလံစွာ လိုက်လံ တိုက်ခိုက်ရဲခဲ့ခြင်းလည်း မရှိခဲ့ကြပေ။ သူတို့ လုပ်နိုင်သည်ကား သည်းညည်းခံခြင်း ဖြစ်၏။ ယခု အင်ပါယာရှားမြို့သည် အင်ပါယာ လီစစ်တပ်၏ ထိုးနှက် တိုက်ခိုက်ခြင်းအား ခံနေရရာ သူတို့အား အလစ် တိုက်ခိုက်ရန် ကြံစည်နိုင်မည် မဟုတ်တော့ပေ။

သိမ်းငှက်နက်၏ ခန္ဓာကိုယ်က ပိုမိုကြီးထွား လာခဲ့သလို အတောင်ပံသည်လည်း နက်ရွှေရောင် အဖြစ် ပြောင်းလဲလာခဲ့၏။ သူက ကောင်းကင်ကို ဖြတ်သန်း ပျံသန်းသွားလျှင် မျက်လုံး တစ်မှိတ်အတွင်း အဝေးသို့ ရောက်ရှိ သွားခဲ့သည်။ သို့တိုင်အောင် သူသည် နောက်မှ လိုက်ပါလာသော အရှိန်အဝါကြီး တစ်ခုအား ခံစားရ၏။

သူ့နောက်မှ လိုက်လာသူသည် ကျားလို့ တော်ဝင်ကလန်မှ ကျားလို့ဖုန်း ဖြစ်ကြောင်း ရီဖူရှင်း သိပေသည်။ သားရဲများကို ထိန်းချုပ်ပြီးနောက် သူသည် ဥဒေါင်း အင်ပါယာဘုံမှာ သတင်း အချက်အလက်များနှင့် ရင်းနှီးခဲ့ပြီ ဖြစ်သည်။ ထိုသတင်းများကပင် သူ၏အစီအစဉ်ကို ပြည့်စုံစွာ အကောင်အထည် ဖော်ရန် အထောက်အကူ ပြုခဲ့၏။

သူ၏အစီအစဉ်အရ သားရဲများကို ထိန်းချုပ်ရုံဖြင့် မလုံလောက်ပေ။ သူက ထိပ်သီးကလန်မှ စွမ်းအားမြင့် ပါရမီရှင်တစ်ဦးအားလည်း လိုအပ်ပေသည်။

ကျားလို့ဖုန်းသည် သံသယ ရှိစရာ မလိုအောင် ကောင်းမွန်သော ရွေးချယ်မှုဖြစ်၏။

နောက်မှ ပါလာသော ဖိအားများကို ခံစားမိလျှင် ရီဖူရှင်း၏ လက်ထဲတွင် အချိန်နှင့် လေဟာနယ်လှံ ပေါ်လာသည်။ သူ့နောက်မှ ကျားလို့ဖုန်းသည် လေဟာနယ်ကို ခွင်းလျက် ပျံသန်း လာနေသည်။ သူ၏သားမွေးများက ဓားသွားများအလား လေထုကို ခွင်းကာ ရီဖူရှင်းနှင့် သိမ်းငှက်နက်တို့ ထံသို့ တိုးဝင်လာကြ၏။

ရီဖူရှင်းက အချိန်နှင့် လေဟာနယ်လှံအား တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူ့ကြောင့် အနီးတစ်ဝိုက်မှ အချိန်နှင့် လေဟာနယ်မှာ လေးလံ ထိုင်းမှိုင်း သွားဟန် ရသည်။ မမြင်ရသော အလင်းအရံအတား တစ်ခု ဖြစ်ပေါ်လာခဲ့၏။ သားမွေးဓားသွားများသည် အလင်း အရံအတားကို ထွင်းဖောက်နိုင်ခြင်း မရှိခဲ့ကြပေ။

ဝှစ် … ဝှစ် … ဝှစ် …

ကျားလို့ဖုန်းက လှုပ်ရှား လိုက်လျှင် နောက်ထပ် သားမွေးတစ်ခု လေထုကို ခွင်းသွားပြန်သည်။ ရွှေရောင် အလင်းတန်း တစ်ခုသည် အလင်း အရံအတားကို ထွင်းဖောက်သွားကာ ရီဖူရှင်းထံသို့ ပျံသန်းလာခဲ့၏။ ထိုအလင်းတန်းသည် အရာအားလုံးကို ချိုးဖျက်နိုင်ဟန် ရ၏။

ရီဖူရှင်းက သူ့ထံသို့ လာနေသော သားမွေးများအား ကြည့်ကာ ရတနာလှံဖြင့် ထိုးနှက် လိုက်သည်။ လှံသည် သားမွေးဖြင့် ရိုက်ခတ်မိကာ အက်ကွဲသော အလင်းပေါက်ကွဲမှု တစ်ခု ဖြစ်ပွား၏။ ကျားလို့ဖုန်း ခန္ဓာကိုယ်မှ သားမွေးများ ခွဲဖြာ ထွက်လာခဲ့ကာ သားမွေး တစ်ခုစီသည် ဧရာမ နတ်ငှက်ပုံရိပ် တစ်ခုသို့ ပြောင်းလဲ၏။

ရွှေနတ်ငှက်ပုံရိပ်များ အားလုံးက ရီဖူရှင်းအား ပြင်းထန်စွာ တိုက်ခိုက်ကြ၏။ ကြီးမားသော ဖိအားသည် သိမ်းငှက်နက်ထံသို့ ဆင်းသက် လာခဲ့သည်။ ဤသို့သော တိုက်ခိုက်မှုသည် ရီဖူရှင်းအတွက်ပင် အန္တရာယ် ရှိ၏။

ရတနာလှံ၏ အလင်းများမှာ ပိုမို တောက်ပလာခဲ့လျှင် လေဟာနယ်သည် ပိုမိုနှေးကွေး လေးလံသွားဟန် ရသည်။ နတ်ငှက်ပုံရိပ်များ သည်လည်း နှေးကွေး သွားခဲ့သော်လည်း မရေမတွက်နိုင်သော လက်သည်း ကုတ်ချက်များသည် ရီဖူရှင်းထံသို့ ဆက်လက် တိုးဝင်လာခဲ့ကြ၏။

ရီဖူရှင်းက လက်ကို မြှောက်လိုက်ကာ ရတနာလှံအား မြန်ဆန်စွာ လှုပ်ရှား လိုက်သည်။ အနီးမှ လေဟာနယ်သည် ပြင်းထန်စွာ တုန်ယင်သွားပြီး တစ်ခဏချင်းတွင် နတ်ငှက်ပုံရိပ်များမှာ အစအနမကျန် ပျက်စီး သွားတော့သည်။

ရီဖူရှင်းက ရှေ့သို့ ဆက်လက် ပျံသန်း သွားသော်လည်း ရတနာလှံကမူ ကျားလို့ဖုန်းထံသို့ ဦးတည်သွားခဲ့သည်။ ကြောက်မက်ဖွယ် မုန်တိုင်းသည် ကျားလို့ဖုန်းရှေ့၌ ဖြစ်ပေါ်လာခဲ့ကာ ရွှေရောင်လှံ တစ်လက် အသွင်သို့ ပြောင်းသွား၏။ သူ၏အလင်းများက လေထုကိုပင် အက်ကွဲစေဟန် ရသည်။

ကျားလို့ဖုန်းက လှံကို တင်းတင်း ဆုပ်ကိုင်ကာ သူ့ထံသို့ တိုက်ခိုက်လာသော လှံအား ကာကွယ်၏။ ရွှေရောင်လှံနှင့် လေဟာနယ်လှံတို့ ရင်ဆိုင်မိလျှင် လေထဲ၌ ကြောက်မက်ဖွယ် ကောင်းသော လေဟာနယ် မုန်တိုင်းတစ်ခု ဖြစ်ပေါ် လာတော့သည်။ မုန်တိုင်းသည် သူတို့အား ဗဟိုပြုလျက် လေပွေအလား ဖြစ်တည်လာပြီး စူးရှသော အသံများ မြည်လာခဲ့သည်။

ဘုန်း …

လက်နက်နှစ်ခု ရင်ဆိုင်မိလျှင် ကျယ်လောင်သော အသံတစ်ခု မြည်လာခဲ့၏။ ကျားလို့ဖုန်းကား နောက်သို့ ဆုတ်သွားရကာ သူ့လှံကလည်း သားမွေးများအဖြစ် လေထဲ လွင့်ပါး ပျောက်ကွယ် သွားရတော့၏။ အလင်းတန်းများ အကြားတွင် သူက ရီဖူရှင်းအား စိုက်ကြည့်သည်။ သည်လူ၏ တိုက်ခိုက်ရေး စွမ်းအားကား အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။

ရီဖူရှင်းက သိမ်းငှက်နက် ကျောပေါ်သို့ ပြန်လည် သက်ဆင်းလာခဲ့ကာ ရှေ့သို့ ဆက်လက် ပျံသန်းစေပြီး ကျားလို့ဖုန်းအား ပြန်ကြည့်၏။

ကျားလို့ဖုန်းကလည်း သူ၏ အတောင်ပံများကို ခတ်ကာ လေထဲသို့ ပျံသန်းပြီး ရီဖူရှင်း နောက်သို့ လိုက်သည်။

သူတို့အုပ်စုသည် မိုင်ပေါင်းများစွာ ခရီးကို ကျော်ဖြတ်လျက် ဆက်လက် လိုက်ပါကြသည်။ လမ်းတစ်လျှောက်တွင် ကျားလို့ဖုန်းက ရီဖူရှင်းအား အလစ်အငိုက် ဖမ်းကာ ကြိမ်ဖန်များစွာ တိုက်ခိုက်သည်။ သို့တိုင်အောင် သူက ရီဖူရှင်းအား တားဆီးနိုင်ခြင်း မရှိပေ။

မကြာခင် သူတို့ ရှေ့မြင်ကွင်းသို့ ထူထပ်သော တောင်တန်းများ ပေါ်လာခဲ့သည်။ သိမ်းငှက်နက်က အေက်သို့ ထိုးဆင်း သွားကာ တောင်ကြား တစ်နေရာ အတွင်းသို့ သက်ဆင်း၏။

ကျားလို့ဖုန်းကလည်း လေထဲမှနေ၍ တောင်ကြားထဲသို့ လိုက်ပါ ဆင်းသက်၏။

ဘုန်း …

ကျယ်လောင်သော အသံနှင့်အတူ သိမ်းငှက်နက်က တောင်ကြီး တစ်လုံးအား တိုက်ခိုက် ထွင်းဖောက်ကာ အတွင်းသို့ ဝင်သွားသည်။

ကျားလို့ဖုန်း၏ သားမွေးအလင်းကလည်း တောင်အား အက်ကွဲ ထွင်းဖောက်ကာ ပြိုပျက်စေပြီး ရှေ့သို့ ဆက်လက် ပျံသန်း လာခဲ့သည်။

အတန်ကြာလျှင် သူတို့က တောင်၏ အခြား တစ်ဖက်သို့ ရောက်လာခဲ့ပြီး အဆုံးအစမဲ့သော တောင်တန်းများအား ကျော်ဖြတ် လာခဲ့၏။

သူတို့က ထူထပ်သော တောင်တန်းများသို့ ဆက်လက် ရောက်လာခဲ့ကြ၏။ ရီဖူရှင်းက သိမ်းငှက်နက် ပေါ်တွင် ကျားလို့ဖုန်းအား ကျောပေး၍ ထိုင်နေ၏။ သူ၏မျက်လုံးများ၌ ရုတ်တရက် ထူးဆန်းသော အလင်းများ ဖြစ်ပေါ်လာခဲ့၏။ သူ့မျက်လုံးများသည် အသူရာ ချောက်နက်အလား နက်ရှိုင်း နက်မှောင်လာခဲ့၏။

သူက အချိန်နှင့် လေဟာနယ်လှံအား ဆုပ်ကိုင်လျှင် မဟာလမ်းစဉ်၏ လောကနယ်ဓာတ်သည် သူ့အနီး တစ်ဝိုက်အား ရစ်ပတ်လာခဲ့သည်။

ကျားလို့ဖုန်းက ထူးဆန်းသော အရောင်အဝါအား ခံစားမိ၏။ သူက သိမ်းငှက်နက်၏ ကျောပေါ်တွင် ထိုင်နေသောသူအား ကြည့်သည်။ ထိုအခိုက်တွင် ရီဖူရှင်းက ဖြည်းညင်းစွာ နောက်လှည့်ပြီး သူ၏ ထူးဆန်းသော မျက်လုံးများက ကျားလို့ဖုန်းအား ထွင်းဖောက်မတတ် ကြည့်သည်။ ထူးဆန်းသော စိတ်ဝိညာဉ် စွမ်းအားသည် ကျားလို့ဖုန်း၏ စိတ်နယ်ထဲသို့ တိုးဝင်လာခဲ့ကာ သူသည် အသက်ရှင်ရက် ဖမ်းဆီးခြင်း ခံရသည့်အလား ခံစားရသည်။

ထိုအခိုက်တွင် သူသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရပြီဟု သိလိုက်သည်။

ရီဖူရှင်းသည် သူ၏ စိတ်နယ်ပယ်ထဲတွင် နတ်ဘုရား တစ်ပါးအလား ပေါ်လာခဲ့၏။ သူကိုယ်တိုင်ကလည်း ရီဖူရှင်း၏ မျက်လုံးများ အတွင်းသို့ ကျဆင်း သွားသည့်အလား ခံစားရ၏။

ထိုအခိုက်တွင် သူ၏ စိတ်စွမ်းအားကလည်း နတ်ငှက်အသွင်သို့ ပြောင်းလဲကာ သူ့အသိစိတ်အား ကာကွယ်၏။ ကြောက်မက်ဖွယ် မုန်တိုင်းသည် အရာအားလုံးကို ဝါးမျိုကာ နတ်ငှက်၏ အကာကွယ်ကို ယူသည်။ ရီဖူရှင်း၏ အမှတ်သားသည် ထိုအပေါ်တွင် လာရောက် ကပ်ငြိသော်လည်း မုန်တိုင်း၏ဝါးမျိုခြင်းကို ခံရ၏။

ဟူး …

ကျားလို့ဖုန်းက တစ်စုံတစ်ခု မှားယွင်း နေသည်ကို သိလိုက်ကာ နောက်သို့ လှည့်လျက် ထွက်ပြေးရန် ကြံစည်သည်။

ရီဖူရှင်းအတွက် သူ့အား သည်နေရာသို့ သွေးဆောင် ခေါ်ယူရန် လွယ်ကူသည် မဟုတ်ရာ သူက မည်သို့ လက်လွှတ် ခံမည်နည်း။ အချိန်နှင့် လေဟာနယ်လှံမှ အလင်းသည် ထိုနေရာ တစ်ခုလုံးအား ဖုံးလွှမ်းလာခဲ့ကာ တောင်တန်း တစ်ခုလုံးသည်ပင် လင်းလက် လာခဲ့ဟန်ရသည်။ ကျားလို့ဖုန်းက အလင်းများအား ဖြတ်တောက် နိုင်ခဲ့သော်လည်း သူ့အမြန်နှုန်းမှာမူ ထိန်းချုပ် ကန့်သတ်ခံရ၏။ သူကား မြန်ဆန်စွာ ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။ သူရှိနေရာ လေဟာနယ်သည် နွံထဲ၌ လှုပ်ရှားရသည့်အလား လေးလံ နွေးကွေးစေ၏။

ဝှီး …

ရွှေရောင် လျှပ်စီးတန်းသည် နောက်တွင် ပုံရိပ်ယောင်များ ထင်ကျန်စေလျက် ရီဖူရှင်းသည် ကျားလို့ဖုန်း၏ရှေ့သို့ ဆင်းသက် လာခဲ့၏။ သူက အဆုံးမဲ့အရိပ်မှ များစွာသော လှုပ်ရှားဟန်များကို သုံးလျက် လှံရှည်ဖြင့် ဝှေ့ယမ်း တိုက်ခိုက်လိုက်သည်။

ကျားလို့ဖန်းက ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်ကာ သူ၏ကွာရူဒါ အတောင်ပံများသည် လှံရှည်တစ်လက် အဖြစ်‌ ပြောင်းလဲသွားပြီး လှံရှည်နှစ်လက် ရင်ဆိုင်တွေ့သည်။ ကျယ်လောင်သော အသံနှင့်အတူ ကျားလို့ဖုန်း နောက်ဆုတ်၏။ ရီဖူရှင်းက အပေါ်သို့ ခုန်တက်ကာ သူ့အား လှည့်ပတ် ပျံသန်းသည်။ ပိုမို များပြားသော ပုံရိပ်ယောင်များ ဖြစ်ပေါ်လာခဲ့ကာ ရုတ်တရက် သူက လှံရှည်ဖြင့် ထိုးနှက် တိုက်ခိုက်ပြန်သည်။

သူတို့နှစ်ယော်က ကောင်းကင်ထက်တွင် အကြိမ်ကြိမ် ရင်ဆိုင် တိုက်ခိုက်ခဲ့ကြကာ ကျားလို့ဖုန်းသည် နောက်သို့ အဆက်မပြတ် ဆုတ်ရ၏။ ရီဖူရှင်းသည် ပိုမိုအလေးသာ လာခဲ့ဟန် ရှိသည်။

ဘုန်း … ဘုန်း … ဘုန်း …

ထောင်ပေါင်း များစွာသော လှံရှည် တိုက်ခိုက်ဟန်များဖြင့် ဒုတိယ လှံချက်ဖြစ်သော အဆုံးမဲ့ ဖျက်ဆီးခြင်းကြောင့် ကောင်းကင်သည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားတော့မည် ထင်မှတ်ရ၏။

ရတနာလှံက ကျဆင်းလာခဲ့လျှင် လေဟာနယ်သည် တမုဟုချင်း ပျက်စီး သွားတော့မည့်အလား ထင်မှတ်ရသည်။ သို့သော်လည်း ကွာရူဒါ အတောင်ပံများက ကျားလို့ဖုန်းအား ကာကွယ်ထားဆဲ ဖြစ်သည်။ သူက ခန္ဓာကိုယ်ကို လှည့်ပတ်ကာ မရေမတွက်နိုင်သော သားမွေးများအား ထုတ်လွှတ်လျက် ရီဖူရှင်းအား ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသည်။

ဘုန်း …

ကျယ်လောင်သော အသံကြီးတစ်ခု ဖြစ်ပေါ် လာသည်။ သည်တစ်ခေါက် လှံချက်က ယခင် တိုက်ခိုက်မှုများနှင့် မတူပေ။ ကျားလို့ဖုန်းသည် သူ့အတွင်း ကလီစာများ ကြေပျက် သွားသည့်အလား ခံစားရပြီး သူ့ပါးစပ်မှ ရွှေရောင် သွေးများ စီးကျ လာခဲ့သည်။

သို့သော် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ကား ရီဖူရှင်း၏ မုန်တိုင်း မျက်လုံးများက သူ၏ စိတ်စွမ်းအားကို လာရောက် တိုက်ခိုက်ကာ တစ်စတစ်စ ဝါးမျိုလာခြင်း ဖြစ်သည်။ သူကိုယ်တိုင်က ဝါးမျို ခံရသည့်အလား ခံစားရကာ ကြောက်စိတ်များ ဖြစ်ပေါ်လာ၏။ သူ၏ အသိစိတ်မှာ သူ့ကိုယ်ပိုင် မဟုတ်တော့သည့်အလား ခံစားရ၏။

ဒုန်း … ဒုန်း … ဒုန်း …

ကျားလို့ဖုန်း၏ ခန္ဓာကိုယ်က တောင်တန်းများနှင့် အဆက်ပြတ် ရိုက်နှက်ခံရသည့် အသံများ အဆက်မပြတ် ထွက်ပေါ် လာနေခဲ့သည်။ တောင်သည် ရိုက်ချက်များအောင် အက်ကွဲကြောင်းများ ဖြစ်ကျန်နေခဲ့၏။ ကွာရူဒါတောင်ပံများ၏ ကာကွယ်မှုများဖြင့်ပင် သူသည် အတွင်းကလီစာများ ကြေပျက်မှုကို ခံစားရသည်။

ကြောက်မက်ဖွယ် ကောင်းသော အလင်းများ သူ့ခန္ဓာကိုယ်ကို လာရောက် စီးဆင်းကာ သူ့အသိစိတ်အား တဖြည်းဖြည်း ဝါးမျိုလာခဲ့၏။

သူ့စိတ်အသိမှ နတ်ဘုရား အလင်းများ ဖြစ်ပေါ်လာခဲ့ပြီး သူက ကျူးကျော်လာသော စိတ်အသိအား တန်ပြန် တားဆီးနိုင်ဆဲ ဖြစ်သည်။ သူကား ကျားလို့ တော်ဝင်ကလန်မှ ဖြစ်၏။ မည်သို့ တခြားလူ တစ်ယောက်၏ထိန်းချုပ်မှုကို ခံရမည်နည်း။

ထိုအခိုက်တွင် ကောင်းကင်နှင့် မြေပြင် ပေါင်းစပ်လာခဲ့ကာ ထိုနေရာ တစ်ခုလုံး အက်ကွဲကြောင်း များသာ ကျန်ရစ်ခဲ့၏။ ရီဖူရှင်းက ရတနာလှံဖြင့် တစ်ဖန် တိုက်ခိုက်လိုက်လျှင် ကျားလို့ဖုန်းက သည်တစ်ခေါက် ခုခံနိုင်တော့ဟန် မတူ။ သူက ခန္ဓာကိုယ်အား ကွာရူလာ တောင်ပံများဖြင့်သာ ကာကွယ် ဖုံးအုပ်လိုက် ရတော့သည်။

ဘုန်း …

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ တောင်ကုန်းတစ်ခု အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။ ကျားလို့ဖုန်း၏ ပါးစပ်မှ သွေးများ ယိုစီးကျလာခဲ့၏။ သူ၏ စိတ်သိသည်လည်း တောင်ကုန်းကဲ့သို့ပင် ကြေပျက် သွားခဲ့ရသည်။ နောက်ဆုံးတွင် သူကား မသန်မာ နိုင်တော့ပေ။

မုန်တိုင်းသည် နောက်ဆုံးတွင် နတ်ငှက် အကာကွယ်အား ချိုးဖျက်ကာ ရီဖူရှင်း၏ စိတ်ဝိညာဉ် အမှတ်အသားက သူ့စိတ်အသိတွင် ရိုက်နှိပ်ခြင်း ခံလိုက်ရ၏။ ထိုအခိုက်တွင် သူ့ဘဝအား သူကိုယ်တိုင် မပိုင်ဆိုင်တော့ဟု ကျားလို့ဖုန်း ခံစားရသည်။ သူက ခုခံခြင်း မရှိတော့ဘဲ မောက်မာ ဝင့်ကြွားခဲ့သော ဟန်ပင်များ အားလုံး ပျောက်ကွယ် သွားတော့သည်။

အဝေးမှ လေပြင်းများ ရိုက်ခတ် လာသည်။ ရီဖူရှင်းကလည်း သိမ်းငှက်နက်၏ ကျောပေါ်သို့ တက်ကာ ကောင်းကင်သို့ ပျံသန်း ထွက်ခွာသွားခဲ့၏။

ခွန်ရွှမ်နှင့် တခြား သားရဲများသည် ထိုနေရာသို့ ရောက်လာခဲ့ကာ ကျားလို့ဖုန်းအား မြင်ကြရ၏။ သူ၏ပါးစပ်မှ သွေးများ ယိုစီးကျနေခဲ့၏။ သူမ၏မျက်နှာက သုန်မှုန်သွားကာ အေးစက်စွာ လှမ်းခေါ်သည် … “ကျားလို့ဖုန်း …”

ကျားလို့ဖုန်း၏ မျက်လုံးများသည် မိစ္ဆာအလင်း တစ်ချက် လက်သွားပြီးမှ မူလ ပုံမှန်အနေအထားသို့ ပြန်ပြောင်း သွားခဲ့သည်။ သူက ခွန်ရွှမ်အား ကြည့်ကာ ပြောသည် … “မင်းသမီး … သူ့တိုက်ခိုက်ရေး စွမ်းအားက တော်တော် ကောင်းတယ်။ ကျုပ်က တော်ဝင် ကလန်သားတွေရဲ့ အကူအညီနဲ့မှ သူ့ကို ဖမ်းမိလိမ့်မယ်”

သူက ခွန်ရွှမ်၏ဘေးမှ လူအား ကြည့်သည်။

“ကောင်းပြီ …” ခွန်ရွှမ်က ခေါင်းညိတ်သည်။ သူမက ကျားလို့ဖုန်း၏ဒဏ်ရာများကို မြင်သော်လည်း သိပ်မတွေးပေ။

ကျားလို့ဖုန်းက ကွာရူဒါ အတောင်ပံများအား ဖြန့်ကာ သူနှင့်အတူ များစွာသော တန်ခိုးရှင်များအား သယ်ဆောင်လျက် လေထဲသို့ တက်သည်။

***

All Chapters