ရှားရှင်းယွန်၏အမိန့်
Vol. 011 Ch. 1065
နတ္ထိဘုံမှ လူများစွာတို့သည် တိုက်ပွဲအား စောင့်ကြည့် နေကြပေသည်။ ထို့အခိုက်တွင် ကျူးရှောင် မျှော်စင်၌ လူအများအပြားက တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေး ပြောဆိုနေကြသည်။
“အင်ပါယာလီဘုံက အလံတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း အခု တန်ပြန် ထိုးစစ်ဆင် လာခဲ့ပြီ။ သူတို့ရဲ့ စစ်တပ်ကြီးက အင်ပါယာရှားမြို့ကို အသေကြေ ထိုးစစ်ဆင်ခဲ့ပြီးတော့ အင်ပါယာ ရှားမြို့ကလည်း အပြင်းအထန် ခုခံခဲ့ရတယ်။ ဒါပေမဲ့ အင်ပါလီဘုံက သူတို့ရဲ့ အင်အား အပြည့်အစုံကို မထုတ်ဖော် ရသေးဘူး။ တစ်ဖက်ကလည်း သူတို့က အသာစီးရဟန် မရှိသေးဘူး” တစ်စုံ တစ်ယောက်က ပြောသည်။
“ဟုတ်တယ် … အခု အင်ပါယာရှားဘုံရဲ့ တန်ခိုးရှင်တွေက အလံ စိုက်ထူရာ နေရာကို တင်းတင်းကျပ်ကျပ် ကာကွယ် စောင့်ရှောက် ထားတယ်။ အင်ပါယာလီဘုံက သူတို့တွေကို ဖိအား ကြီးကြီးမားမား ပေးထားခဲ့တယ်။ အင်ပါလီဘုံက နတ္ထိဘုံကို ဆယ်နှစ်တိတိ ထိန်းချုပ် ထားတော့ နတ္ထိဘုံရဲ့ တန်ခိုးရှင် အများအပြားက သူတို့နဲ့ ပူးပေါင်း ကြတယ်။ သူတို့က အရေအတွက်အားဖြင့် အသာစီး ရထားပြီးတော့ အင်ပါလီဘုံရဲ့ နန်းတွင်း အကြံပေးကလည်း လူသား လက်နက်တွေကို ဖန်တီး ထားပြီးတော့ သူတို့တွေရဲ့ စွမ်းအားက အင်ပါယာရှား စစ်တပ်ကို ကြီးကြီးမားမား ဒုက္ခပေးခဲ့တယ်”
“လက်ရှိ အင်ပါလီဘုံရဲ့ အင်အားအရ သူတို့ကပဲ နတ္ထိဘုံတိုက်ပွဲကို အနိုင်ရဖို့ များတယ်” လူအများအပြားက ငြင်းခုံကြသည်။
“မဖြစ်နိုင်လောက်ဘူး။ အင်ပါယာလီဘုံက အင်ပါယာရှားမြို့ကို အရမ်းကာရော ဝင်ရောက် တိုက်ခိုက်တယ်။ သူတို့နှစ်ဖွဲ့က အင်အား ဖြုန်းတီးနေတဲ့ အချိန်မှာ ဥဒေါင်း အင်ပါယာမြို့က တိုက်ပွဲနဲ့ လွတ်ကင်း နေခဲ့ပြီးတော့ သူတို့မှာ အထိအခိုက် အဆုံးအရှုံး မရှိဘူး။ အခြေအနေက ဒီအတိုင်း ဆက်သွားနေခဲ့ရင် အနိုင်ရလဒ်က ဥဒေါင်း အင်ပါယာမြို့ လက်ထဲမှာပဲ”
“ဥဒေါင်း အင်ပါယာမြို့နဲ့ ပတ်သက်ပြီး ပြောရရင် ကျုပ်တို့က ရီဖူရှင်းက မပါမဖြစ်ပဲ။ သူ့ရဲ့ လှုပ်ရှားမှုက ထူးဆန်းပြီးတော့ အင်ပါယာလီဘုံရဲ့ တိုက်ခိုက်မှုကို သွားရောက် ခုခံမဲ့အစား ဥဒေါင်း အင်ပါယာမြို့ကို သွားပြီးတော့ ရန်စ ပြောဆိုနေခဲ့တယ်။ သူ့ရဲ့စီးတော် သားရဲကလည်း တော်တော် အားကောင်းပြီးတော့ ဥဒေါင်းအင်ပါယာမြို့က ထိပ်သီး သားရဲတွေကို ယှဉ်နိုင်တယ်။”
နောက်တစ်ယောက်က ပြောသည် … “ဒါပေမဲ့ အဲဒီဆရာ တပည့်နှစ်ယောက်က တော်တော်ကို ဉာဏ်နီဉာဏ်နက် များတယ်။ သူတို့က ကောင်းကင်ထက်က နေပြီးတော့ ဥဒေါင်း အင်ပါယာ မြို့ထဲမှာ ရှိတဲ့ ခွန်ရွှမ်နဲ့ သားရဲတွေကို နေ့တိုင်း ရန်စ ပြောဆိုတယ်။ အထူးသဖြင့် သိမ်းငှက်နက်က အဆင့်အတန်းမြင့် သားရဲ မိသားစုတွေထက် သူဟာ ကြီးမြတ်တဲ့ဟန် ဖမ်းပြီးတော့ ခွန်ရွှမ်က သူ့ဆရာကို ပြုစုသင့်ကြောင်း အဆက်မပြတ် ပြောနေခဲ့တယ်။ ဒါက တော်တော် …”
လူအများအပြားက ထိုကိစ္စကို ကြားဖူး ကြပေသည်။ ထိုဆရာ တပည့်နှစ်ယောက်မှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ကြပေသည်။
ရီဖူရှင်းက မင်းသမီး ခွန်ရွှမ်ကို အမှန်တကယ် လိုချင်နေပြီလား။
ထိုအတွေးအကြံက အတင်း ရဲလွန်းပေသည်။
ထိုလူနှင့် သားရဲတို့သည် အလွန်တရာ မောက်မာ ကြသော်လည်း ဥဒေါင်း အင်ပါယာမြို့မှ သားရဲများက သူတို့ကို မယှဉ်နိုင်သည်မှာ အမှန်တရား ဖြစ်ပေသည်။ သူတို့က ကြိမ်ဖန်များစွာ လိုက်လံ တိုက်ခိုက်သော်လည်း ရီဖူရှင်းတို့အား တားဆီးနိုင်ခြင်း မရှိခဲ့ကြချေ။
ပြည်နယ်ကိုးခုမှ ရှန့်ထိုအချို့တို့ သည်လည်း ကျူးရှောင် မျှော်စင်၌ ရှိနေကြသည်။ အင်ပါယာဘုံ သုံးခုမှ ရှန့်ထိုများသည် တိုက်ပွဲ၌ ပါဝင်နိုင်ခွင့်မရှိရာ သူတို့အားလုံးသည် ခွန်စွန်းမြို့၌ ရှိနေကြသည်။ ပုံမှန်အားဖြင့် သူတို့ကလည်း ရီဖူရှင်း၏ သတင်းများကို ကြားသိရကာ ရီဖူရှင်း ဘာတွေးနေသည်ကို နားမလည်ကြပေ။
“ရီဖူရှင်း ဘာကြံစည် နေတာလဲ … သူ့မှာ ဝှက်ဖဲတွေများ ရှိနေမလား” ရှန့်ထိုရှားက ပြောသည်။ ပြည်နယ်ကိုးခုမှ ရှန့်ထိုအုပ်စု သည်လည်း ထိုကိစ္စကို ပြောဆို ဆွေးနွေး နေကြသည်။ သူတို့က ရီဖူရှင်း၏ ရည်ရွယ်ချက်ကို နားမလည်ကြပေ။
“သူက တဏှာရူး တစ်ယောက်ပဲ။ သူ့မှာ ဘာဝှက်ဖဲ ရှိမှာလဲ” အေးစက်သော အသံတစ်သံကို ကြားကြရသည်။ ရှန့်ထိုရှားနှင့် တခြားလူများက စကားပြောလိုက်သူအား လှမ်းကြည့်လျှင် ထိုနေရာတွင် လှပသော မိန်းမတစ်ယောက် တည်ငြိမ်စွာ ထိုင်နေသည်ကို တွေ့ကြရ၏။ သူမသည် မှန်နန်းတော်သခင်မ ဖြစ်ကာ သူမ၏ဘေးတွင် ရာရာနှင့် ကျေးရွာ ခေါင်းဆောင်တို့ ရှိနေကြသည်။
သူမက ကြည့်ကာ ရှန့်ထိုရှား၏ မျက်နှာ၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ သူကြားသိရသည်မှာ သူမ၏ ကျင့်ကြံခြင်းသည် ထူးဆန်းသော အခြေအနေ တစ်ခုသို့ ရောက်ရှိနေသည်။ သို့သော် အဘယ်ကြောင့် သူမက ထိုသို့ ပြောရသနည်း။
သူက တဏှာရူး တစ်ယောက်ပဲ …
ရီဖူရှင်းက အရှေ့ဘက် ပြည်နယ်၏ နံပါတ်တစ် မိန်းမလှအား တစ်စုံတစ်ခု ပြုလုပ်ခဲ့သည် များလား။
မှန်နန်းတော် သခင်မက ထိုနေရာတွင် အေးစက်စွာ ထိုင်နေ၏။ သူမက ထိုသို့ ပြောပြီးသည်နှင့် ပြင်ပလောကမှ ကိစ္စရပ်များကို စိတ်မဝင်စားသည့်အလား မျက်လုံးကို မှိတ်လိုက်သည်။
“မှန်နန်းတော် သခင်မ ပြောတာ မှန်တယ် …” ရှန့်ထိုရှားက လေးနက်စွာ ခေါင်းညိတ်လျက် ပြောသည်။ ထို့နောက် သူက ပြုံးလိုက်၏။ ထိုဖြစ်နိုင်ဖွယ် အချက်မှလွဲ၍ တခြား မရှိနိုင်။
ခွန်ရွှမ်သည်လည်း အလွန်တရာ ရှားပါးသော မိန်းမလှ ဖြစ်ကြောင်း သူ ကြားသိရသည်။ ရီဖူရှင်းက မရဏဓား နတ်မယ်နှင့် မှန်နန်းတော် သခင်မတို့အား တော်ဝင်ကျဲနန်းတော်၌ အတူယှဉ်တွဲလျက် ထားရဲသည်။ ထို့ကြောင့် ရီဖူရှင်း၏ သဘာဝအရ သူသည် ခွန်ရွှမ်အပေါ် တစ်စုံတစ်ခု ကြံစည်မည်မှာ သေချာ၏။
***
သိမ်းငှက်နက်က အင်ပါယာရှား မြို့ပေါ်သို့ လေထဲမှ ဆင်းသက် လာခဲ့သည်။ သူ၏ကျောပေါ်တွင် ရီဖူရှင်းက လက်နှစ်ဖက်အား နောက်တွင် ချိတ်လျက် ရပ်နေသည်။ သူတို့က အင်ပါယာရှား အလံရှိနေရာသို့ ဆင်းသက် လာခဲ့ကြ၏။
လက်ရှိတွင် အင်ပါယာရှားမြို့သည် အပျက်အစီးပုံ ဖြစ်နေပြီ ဖြစ်သည်။ နေရာတိုင်းတွင် ပြိုပျက်နေသော အဆောက်အဦများသာ ကျန်ရစ်သည်။ အလံစိုက်ထူထားရာ အနီးတစ်ဝိုက်တွင် တိုက်ပွဲများစွာ ဖြစ်ပျက်ခဲ့ကာ မရေမတွက်နိုင်သော အဆောက်အဦများ ပျက်စီးခဲ့ရ၏။ အချိန် ကာလ တစ်ခုအထိ ထိုအရာများအား ပြင်ဆင်နိုင်မည် မဟုတ်သေးပေ။ သူတို့က နတ္ထိဘုံတိုက်ပွဲ ပြီးဆုံးရန် စောင့်ဆိုင်း ရပေဦးမည်။
ထိုအခိုက်တွင် မြို့ထဲမှ လူများ အားလုံးက ရီဖူရှင်းအား စိတ်ရှုပ်ထွေးစွာ ကြည့်ကြသည်။
အလံတိုက်ပွဲတွင် ရီဖူရှင်းက သူတို့အား နိုင်ပွဲသုံးပွဲလုံး ယူဆောင် ပေးခဲ့ကြ၏။ မင်းသမီးက သူ့အား မျှော်လင့်ချက် များစွာ ထားခဲ့သလို အားလုံးကလည်း သူ့အား အသိအမှတ် ပြုခဲ့ကြ၏။
အားလုံးက ရီဖူရှင်းအား မျှော်လင့်ချက် မြင့်မားစွာ ထားခဲ့ကြသည်။ သူက မင်းသမီး၏ လက်ထောက် အဖြစ် မျှော်လင့်ခဲ့ကြကာ နတ္ထိဘုံ တိုက်ပွဲကို အနိုင်ယူရန် စိတ်အား ထက်သန်ခဲ့ကြ၏။
သို့သော် ထိုစိတ်အား ထက်သန်မှုမှာ တကယ့်တိုက်ပွဲ၌ ပျောက်ပျက် သွားခဲ့ရသည်။ အင်ပါယာလီဘုံက အင်ပါယာရှားမြို့သို့ လာရောက် တိုက်ခိုက်သော အချိန်တွင် ရီဖူရှင်း ပေါ်မလာခဲ့။ သူက မင်းသမီး ခွန်ရွှမ်ကိုသာ စိတ်ဝင်တစားဖြင့် သွားရောက် ကြံစည်နေသည် ဟုသာ ကြားသိခဲ့ကြရ၏။
ထို့ကြောင့်ပင် သူသည် စစ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုများတွင် လွဲချော်ခဲ့ရသည်။
သူသည် ယခင်ကကဲ့သို့ လူမသိသူမသိ ဆိုပါက သိပ်ပြဿနာ မရှိပေ။ သို့သော်လည်း လူတိုင်းက သူ့အပေါ် မျှော်လင့်ချက် ကြီးမားနေသော အချိန် သူ၏ အပြုအမူသည်လည်း ပုံမှန်အားဖြင့် လူတိုင်းအား ကြီးစွာ စိတ်ပျက် စေခဲ့ပေသည်။ အားလုံး၏ အမြင်တွင် သူသည် စစ်သည်များ၏ သေရေးရှင်ရေး၊ စစ်ပွဲ၏ အနိုင်အရှုံးတို့အား ဂရုမစိုက်ဘဲ မိမိကိုယ်ကျိုးကိုသာ ရှေးရှုသူ ဖြစ်နေသည်။
ထို့ကြောင့် လူအများစုက ရီဖူရှင်းအား သဘောမကျစွာ ကြည့်ရှုကြ၏။
မကြာမီ ရီဖူရှင်းက ဗဟိုနေရာရှိ စစ်တပ်ကြီး စတည်းချရာ ကြီးမားသော ဘုံကျောင်း တစ်ခုသို့ ရောက်လာသည်။
သိမ်းငှက်နက်က ဘုံကျောင်းရှေ့သို့ ဆင်းသက် လာခဲ့လျှင် အားလုံး၏ အကြည့်က ရီဖူရှင်းထံသို့ ရောက်လာသည်။
လူတိုင်း၏ ထူးဆန်းသော အကြည့်က အဘယ်ကြောင့် ဖြစ်သည်ကို ရီဖူရှင်းက ခန့်မှန်းမိသည်။ သို့သော်လည်း သူက သိပ်အလေးမထားဘဲ ရှေ့သို့ လှမ်းသွား လိုက်၏။
သူ့ထံသို့ လူတစ်စု လှမ်းလာခဲ့ကာ ထိုသူတို့သည် အထက်ဘုံမှ တန်ခိုးရှင်များ ဖြစ်ကြသည်။
“ခင်ဗျား ပြန်လာပြီပဲ အစ်ကိုရီ” အသံတစ်သံအား ကြားကြရသည်။ ပြောလိုက်သူသည် ရှောင်ရှမ်းဖြစ်၏။ သူနှင့်အတူ ကုန်းစွန်းကျောင်းတို့လည်း ပါလာသည်။ သည်ရက်ပိုင်း အတွင်း သူနှင့် ကုန်းစွန်းကျောင်း တို့သည် တိုက်ပွဲတွင် ရဲဝံ့စွာ တိုက်ခိုက်ခဲ့ကြကာ လူတိုင်းက သူတို့အား လေးစားခဲ့ကြသည်။
“ခင်ဗျား ဥဒေါင်း အင်ပါယာမြို့က ဘေးကင်းကင်းနဲ့ ရောက်လာနိုင်တာ ချီးကျူးစရာပါပဲ။ ခင်ဗျား တစ်ခုခု လုပ်နိုင်ခဲ့လား” ရှောင်ရှမ်းက ရီဖူရှင်းအား မေးသည်။
သူ့နောက်မှ တန်ခိုးရှင် အများအပြား လိုက်ပါ လာကြသည်။
အားလုံးက သူတို့နှစ်ယောက်အား ကြည့်နေကြသည်။ ပုံစံမှာ စစ်သူကြီး တစ်ယောက်က သူ့ငယ်သား တစ်ယောက်ကို စစ်ဆေး မေးမြန်းသည့်ဟန် ဖြစ်သည်။
“ကျုပ်က မင်းသမီးကို သတင်း သွားပို့လိုက်ဦးမယ်” ရီဖူရှင်းက ရှောင်ရှမ်းအား တစ်ချက်ကြည့်ကာ သူ့ဘေးမှ ဖြတ်ကျော်လျက် ဆက်သွားသည်။
သူက ရှောင်ရှမ်းအား သိပ်သဘောမကျပေ။ ရှောင်ရှမ်းကလည်း သူ့အား သဘောမကျပေ။ သို့သော်လည်း ရှောင်ရှမ်းသည် မိမိအား အလွန် ရင်းနှီးသော ပုံစံဖြင့် ဟန်ဆောင် ဆက်ဆံလေ့ရှိသည်။
“တိုက်ပွဲ ဖြစ်နေတာကို မင်းက သိရဲ့သားနဲ့ ဘာလို့ ဘာမကူညီတာလဲ။ ဒီအစား မင်းက ဥဒေါင်း အင်ပါယာဘုံကို သွားပြီးတော့ ရန်စနေတယ်။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ … ရီဖူရှင်း” ကုန်းစွန်းကျောင်းကား ရှောင်ရှမ်းလို ယဉ်ကျေးနေခြင်း မရှိပေ။ သူက တိုက်ရိုက် မေးမြန်းသည်။
“အဲဒါ မင်းကိစ္စ မဟုတ်ဘူး” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူက ရှေ့သို့ ဆက်လှမ်း သွားလိုက်၏။
“နတ္ထိဘုံတိုက်ပွဲက အရမ်း အရေးကြီးတယ်။ ဒါပေမဲ့ မင်းက ခွန်ကျန်းနဲ့ ခွန်ရွှမ်တို့ကို ရန်စစော်ကား နေခဲ့တယ်။ ဒီနည်းနဲ့ သူတို့က အင်ပါယာလီဘုံနဲ့ မဟာမိတ်ဖွဲ့ သွားပြီးတော့ ငါတို့ကို တိုက်ခိုက်ခဲ့ရင် ငါတို့အားလုံး အဆုံးသတ်ပြီပဲ။ ဒါက ဘာလို့ ငါတို့နဲ့ မသက်ဆိုင်ရမှာလဲ” ကုန်းစွန်းကျောင်းက အေးစက်စွာ ပြောသည် … “မင်းက ဒီကို လိုက်လာ ကတည်းက စစ်တပ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်။ ဒါပေမဲ့ မင်းက စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာဘဲ ရန်သူတွေကိုပဲ ဖန်တီးနေခဲ့တယ်”
“မင်းသမီးကပဲ ကျုပ်သခင်ကို အမိန့်ပေး ညွှန်ကြား နိုင်တယ်။ ဒီကိစ္စက ခင်ဗျားနဲ့ သက်ဆိုင်တယ်လို့ ကျုပ်မထင်ဘူး” သိမ်းငှက်နက်က ကုန်းစွန်းကျောင်းအား နက်ရွှေရောင် မျက်လုံးများဖြင့် အေးစက်စွာ ပြောသည်။ ဒီကောင်စုတ်က အမြဲတမ်း ပြဿနာ ရှာသည်ကို ရီဖူရှင်းက သိနားလည်သော်လည်း တားဆီးခြင်း မပြုပေ။
ထိုအခိုက်တွင် ခြေသံ တချို့နှင့်အတူ လူတစ်စု ရောက်လာသည်။ ဦးဆောင်လာသူမှာ ရှားရှင်းယွန် ဖြစ်သည်။
ရှောင်ရှမ်းနှင့် ကုန်းစွန်းကျောင်းတို့က သူမ၏ဘေးနားသို့ လျှောက်သွားကာ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေကြ၏။ ရှားရှင်းယွန်က ရီဖူရှင်းအား ကြည့်လျှင် အားလုံး၏ အကြည့်က သူ့ထံသို့ ရောက်လာသည်။ ရှားရှင်းယွန်က ရီဖူရှင်းအား မည်သို့ အပြစ်ပေးမည်ကို အားလုံးက သိလိုကြ၏။
“မင်းသမီး …” ရီဖူရှင်းက ခေါ်သည်။
“နင့်မှာ ငါ့ကို ပြောစရာ တစ်ခုခုရှိလား” မင်းသမီးက ရီဖူရှင်းအား အေးစက်စွာ ကြည့်ကာ မေးသည်။
“မင်းသမီး … ကျုပ်က သီးသန့် အစီအရင်ခံစရာ ရှိပါတယ် …” ရီဖူရှင်းက သူမအား ပြောသည်။
ရှားရှင်းယွန်က သူ့အားကြည့်ကာ အတန်ကြာ တိတ်ဆိတ်နေပြီးမှ တစ်ဖက်သို့ လှည့်သွားကာ ပြောသည် … “ငါနဲ့လိုက်ခဲ့”
ရှောင်ရှမ်၊ ကုန်းစွန်းကျောင်းနှင့် တခြားလူများက သူမ၏နောက်မှ လိုက်ရန် ဟန်ပြင်ကြသည်။
ရှားရှင်းယွန်က ခြေလှမ်းအား ရပ်လိုက်ကာ သူတို့အားပြောသည် … “မင်းတို့ ငါ့နောက်က လိုက်စရာ မလိုဘူး” ရုတ်တရက် ရှောင်ရှမ်းနှင့် ကုန်းစွန်းကျောင်းတို့၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူမနှင့် ရီဖူရှင်းတို့ ဘုရားကျောင်း အတွင်းသို့ ဝင်သွားသည်ကို သူတို့က သုန်မှုန်စွာ ကြည့်ကြ၏။
သိမ်းငှက်နက်က သူ၏နေရာတွင် ဝင့်ကြွားစွာ ရပ်လျက် အားလုံးကို ကြည့်သည်။ သူ၏ ဆရာက တိုက်ပွဲတွင် ဝင်မပါခြင်းမှာ သူ၏အဆင့်အတန်းက ဤနေရာမှ လူများ အားလုံးထက် မြင့်မား၍ ဖြစ်သည်။
“မင်းတို့က ကွဲပြားမှုကို မြင်ပြီလား …” သူက ပျင်းရိစွာ မေးသည်။
ရှောင်ရှမ်းနှင့် ကုန်းစွန်းကျောင်းတို့မှာ မှင်တက် သွားကြသည်။ သူတို့က သိမ်းငှက်နက်အား အေးစက်စွာ ကြည့်ကြ၏။
သို့သော်လည်း သိမ်းငှက်နက်က သူတို့အား အထင်သေးစွာ ကြည့်သည်။ သူ ဂရုမစိုက်ပေ။ သူတို့က မိမိအား တိုက်ခိုက်ရဲသည် မဟုတ်ပေ။
မကြာခင် ရှားရှင်းယွန်နှင့် ရီဖူရှင်းတို့က ဘုရားကျောင်းထဲမှ ထွက်လာခဲ့ကြသည်။ ရှားရှင်းယွန်က ပြောသည် … “ငါက ရီဖူရှင်းကို နတ္ထိဘုံ တိုက်ပွဲအတွက် ငါ့ရဲ့လက်ထောက် အနေနဲ့ သတ်မှတ် လိုက်တယ်။ ငါမရှိရင် မင်းတို့အားလုံးက သူ့အမိန့်ကို နာခံရမယ်”
သူမ၏ စကားကိုကြားလျှင် အားလုံးမှာ ထိတ်လန့် သွားကြပြီး ရှောင်ရှမ်းနှင့် ကုန်းစွန်းကျောင်းတို့က သူမအား ထိတ်လန့်စွာ ကြည့်ကြသည်။
***