← Chapters

လျော်ကြေး

Vol. 95 Ch. 1317

လျော်ကြေး

Vol. 95 Ch. 1317

ဧကရာဇ်ခုံက ထိုစကားကို ကြားသည့်အခါ စိတ်ထဲ လှုပ်ခတ်သွားမိ၏။ သူ့တပည့်က သတိပေးနေရသည့်အတွက် သူ့ကိုယ်သူ မျက်နှာပူမိသွားသည်။ သို့သော်လည်း သူမက ထိုသို့သတိပေးခဲ့သည်ကို ဝမ်းသာနေမိ၏။ သူက အသက်ပြင်းပြင်းရှူကာ သဘောတူကာ ခေါင်းညိတ်ပြပြီးသည့်နောက် မျက်လုံးအသာမှိတ်လိုက်သည်။

ရှုရှစ်က ထိုအရာကို မြင်ပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ သူမက သူမဆရာသည် မည်မျှ လုပ်ရည်ကိုင်ရည်ရှိကြောင်း သိထားလေ၏။ သူ့ဉာဏ်ရည်ဖြင့် ဝမ်ဝေ့နှင့်ပင် ယှဉ်နိုင်သည်ထက် ပိုလိမ့်မည်။ တချို့သော ပြိုင်ပွဲများတွင် အနိုင်ရနိုင်ချေရှိ၏။ ဒိုင်မေးရှင်းအနိမ့်ကတည်းက သူမသည် တာအိုနယ်ရှင်များကို လေ့လာခဲ့ပြီး သူတို့က ဘယ်လိုလူစားမျိုးလဲနှင့် ဘာကြောင့် ကြောက်ဖို့ကောင်းတာလဲဟု နားလည်ဖို့ကြိုးစားခဲ့သည်။

သူမ ကောက်ချက်ချထားသလောက် တားမြစ်ခံစစ်ဆေးမှု ဖြစ်၏။ အပေါ်ယံ၌ ထိုစမ်းသပ်ချက်က ထိုလူများသည် ထိုစည်းမျဉ်းများကို ဆုပ်ကိုင်ဖို့ အရည်အချင်းပြည့်မှီသည်လားဟု စစ်ဆေးဖို့ ဖြစ်ပေသည်။ သို့သော်လည်း အမှန်တရားနှင့် အလှမ်းဝေးနေလေ၏။ သို့သော်လည်း သူမက ထိုစကားများကို မယုံပေ။ စည်းမျဉ်းကို ကိုင်ဆွဲသည့် အတွေးအခေါ်က မဟာတာအိုသည် တာအိုနယ်ရှင်များကို ဆွဲဆောင်ဖို့ အသုံးပြုသည့် ငါးစာမျှသာ ဖြစ်၏။ သူတို့အများစုက မောက်မာကာ မာနကြီးသည့်အတွက် ထိုထိပ်တန်းတာအိုများကို ရွေးချယ်ကြလေ့ရှိသည်။

တားမြစ်ခံစစ်ဆေးမှု၏ ဗဟိုချက်က ထိုသူများအား သူတို့ဖြစ်လာမည့် မကောင်းဆိုးဝါးများအသွင် ပုံသွင်းပေးဖို့ ဖြစ်သည်။ သေခြင်းတရား၏ ဖိအားအောက်တွင် အသက်ရှင်ဖို့ သူတို့၏ ဉာဏ်ရည်ကို မှီခိုရုံမှလွဲ၍ ရွေးချယ်စရာ မရှိသည့် အချိန်အခါမျိုးတွင် တာအိုနယ်ရှင်နှင့် တာအိုအရှင်များက ဖြည်းဖြည်းချင်းဖြင့် အကြွင်းမဲ့လှည့်စားသူ၊ ဗျူဟာရှင်နှင့် ကြိုးကိုင်သူများအဖြစ် ပြောင်းလဲသွားကြသည်။ သူတို့က ကောင်းကင်တာအိုနှင့် ရင်ဆိုင်သည့် ကစားပွဲအတွင်း သူတို့၏ အသက်နှင့် ရှင်သန်မှုအတွက် တိုက်ခိုက်ကြရသည်။

အသက်ရှင်သန်ဖို့ အနည်းငယ် အခွင့်အရေးရဖို့ရာ သူတို့က ဟာကွက် ကင်းမဲ့နေရပေမည်။ သူတို့က ခြေလှမ်းများစွာကို ကြိုတင်တွေးတောပြီး သူတို့စိတ်မှ အတားအဆီး အနှောင်အဖွဲ့များကို ဖြတ်ကျော်ကာ စည်းအပြင်ဘက်မှ စဉ်းစားတွေးခေါ်နိုင်ကြပြီး သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း၊ သူတို့၏ အားနည်းချက်ကို သိခြင်းနှင့် သူတို့၏ အားနည်းချက်နှင့် ပြစ်ချက်များကို တခြားသူများ အခွင့်ကောင်းယူခြင်းမှ မည်သို့တားဆီးရမလဲ ကောင်းကောင်းသိသွားကြသည်။

ရှုရှစ် သုံးသပ်ထားချက်အရ တာအိုနယ်ရှင် သို့မဟုတ် တာအိုအရှင် မျိုးစေ့များက ကမ္ဘာပေါ်တွင် များစွာရှိလေ၏။ ထိုသူများက စစ်ဆေးမှုကို ကျော်ဖြတ်ဖို့ အလားအလာရှိပြီး မဟာတာအိုက မျှားခေါ်ကာ လေ့ကျင့်ပေးဖို့ စာရင်းထဲတွင် ထိပ်ဆုံးတွင် ရှိနိုင်၏။ သို့သော်လည်း ထိုသူများက ကွဲပြားသည့် ရွေးချယ်မှုများကို ပြုလုပ်ခဲ့ပြီး တားမြစ်ခံ မဟုတ်သည့် တာအိုများကို ရွေးချယ်ခဲ့ကြသည်။ သူမ၏ ဆရာကလည်း ထိုသူများထဲမှ တစ်ယောက် ဖြစ်၏။

ထိုသူများက စစ်ဆေးမှုမရှိသော်ငြား တာအိုနယ်ရှင်များလောက် ကြောက်ဖို့ကောင်းလှသည်။ သို့သော်လည်း ထိုအရာက ရှည်ကြာလှသည့် လေ့ကျင့်ရေးမျိုး လိုအပ်၏။ စစ်ဆေးမှု မရှိသည့်အတွက် သူတို့က ထိုမကောင်းဆိုးဝါးအသွင် သူတို့ကိုယ်သူတို့သာ ပုံသွင်းရမည်။ ထိုဖြစ်စဉ်က မလွယ်ကူလှပေ။ အထူးသဖြင့် စိတ်ထဲမှ အတားအဆီးများကို ဖယ်ရှားရမည့်အခါတွင် ဖြစ်၏။

 ထိုမျိုးစေ့အများစုက သူတို့၏ တစ်ဘဝလုံးကို မအောင်မြင်ခြင်း မရှိဘဲ သို့မဟုတ် အောင်မြင်ရုံမျှသာ အခြေအနေနှင့် ကုန်ဆုံးကြလေ့ရှိသည်။ စစ်ဆေးမှုကို တိုက်ရိုက်ကျော်ဖြတ်ခြင်းနှင့် ယှဉ်နိုင်လျှင် ထိုအရှိန်နှုန်းက သက်ရောက်မှု နည်းပါးလှ၏။

လင်းဖန်က သူ့ဇနီးဖြစ်သူကို ကြည့်လိုက်၏။ သူမက ဝမ်ဝေ့၏ အပြုအမူများကို လေ့လာနေမှန်း သိထားသော်လည်း ဤသို့ ရင်းရင်းနှီးနှီး သိထားလိမ့်မည်ဟု မထင်ထားပေ။ သူက တခြားအမျိုးသားအကြောင်း အဘယ်ကြောင့် သိနေတာလဲဟူသော အမူအရာဖြင့် ကြည့်လိုက်၏။

ရှုရှစ်က မျက်လုံးဝှေ့ကာ ကြည့်လိုက်စဉ် လင်းဖန်က မျက်နှာအမူအရာကို ပြောင်းကာ သူသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားပြီး သူ့ကွဲအက်သွားသော နှလုံးသားလေးကို ကုစားပေးသင့်ကြောင်း အရိပ်အမြွက် ဖော်ပြလိုက်သည်။ ကံဆိုးစွာဖြင့် သူ လက်ခံရရှိသည်က ဆွဲဆိတ်မှုတစ်ခုသာ ဖြစ်၏။

 သို့သော်လည်း လင်းဖန်က အလွယ်တကူ အညံ့မခံပေ။ သူက မနာလိုဖြစ်နေသည်လား။ ထိုသို့မဟုတ်ပေ။ သူက သူ့ဇနီးသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း ကောင်းကောင်းသိထားသည့်အတွက် သူမအပေါ် ယုံကြည်လေသည်။ သို့သော်လည်း ဤသည်က သူ့အတွက် တုံ့ပြန်မှုတချို့ရဖို့ အင်မတန်ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည့်တွက် ထိုအရာကို အလကားဖြုန်းတီးနေမည် မဟုတ်ပေ။ သို့သော်လည်း ဤသည်က အချိန်ကောင်း၊ နေရာကောင်း မဟုတ်သေးကြောင်း နားလည်ထားသည့်အတွက် သူ့ဇနီးအား စုံတွဲများသာ နားလည်နိုင်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သူက သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်း မရှိပေ။

ရှုရှစ်က သူတို့သည် နောက်ပိုင်းမှ ပြောမည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်၏။

လင်းဖန်က စိတ်ထဲမှ ရယ်မောလိုက်မိသည်။ သူမက သူ့ကို တိုက်ရိုက်မငြင်းဆန်သည့်အတွက် သူက တိုက်ပွဲတစ်ဝက်ကို အနိုင်ရရှိပြီးသား ဖြစ်၏။ သူ့အနာဂတ်က တောက်ပနေလေသည်။

ဧကရာဇ်ခုံက သုံးရက်တာ ကြာမြင့်ပြီးသည့်နောက်တွင် မျက်လုံးပြန်ဖွင့်လာသည်။ ထို့နောက် နေရောင်ထက်ပင် ပိုမိုတောက်ပသည့်အလင်းတန်းကို ထုတ်လွှင့်လာ၏။

သူက သူ လွဲချော်သွားသည့်အရာများကို သတိထားမိသွားပြီး ဝမ်ဝေ့ စစ်ဆေးနေသည့် အရာများကိုလည်း သဘောပေါက်သွားခဲ့သည်။

ဒါတွေအားလုံးက သူ့လောဘကြီးတဲ့ သဘာဝကနေ ရောက်လာတာပဲ…

ဧကရာဇ်ခုံက တွေးလိုက်သည်။ သူ့စကားအရ ကောင်းကင်တာအိုသည် ထိုကပ်ပါးများကို သုတ်သင်ဖို့ ခေတ်ကာလသားတော်အဖြစ် ရွေးချယ်သင့်ပေသည်။ ထိုအရာက ကျောင်းတော်၏ နောက်ခံနှင့် အုတ်မြစ်ကို မြှင့်တင်နိုင်မည့်  နည်းလမ်းတစ်ခုလည်း ဖြစ်၏။ သို့သော်လည်း ဝမ်ဝေ့က ယခုအခါ ကံကြမ္မာဖန်သည့်သူဖြစ်လာသည့်အတွက် ဧကရာဇ်ခုံ၏ လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရသည်။

ကပ်ပါးများဆီမှ အရင်းအမြစ်မရှိဘဲ သူ့အနေဖြင့် အသင်္ချေဂိုဏ်းမဟာမိတ်ဖြင့် တိုက်ခိုက်ဖို့ရာ ကိုယ့်ကိုယ်ကို သတ်သေနေသလိုသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် ကောင်းကင်တာအိုက သူ့ကို စွန့်ပစ်ပြီး ထူးကဲသာလွန်မှုအင်အားစုတစ်ပိုင်းအဖြစ် ရွေးချယ်ဖို့ စီစဉ်ထားခြင်းမရှိသရွေ့ ထိုသို့ဖြစ်ပျက်မလာနိုင်ပေ။

ကောင်းကင်တာအိုက သူ့ကို စွန့်ပစ်လိုက်ပြီလား။

အဖြေက မဟုတ်ပေ။

ဧကရာဇ်ခုံက တွေးလိုက်၏။

ဝမ်ဝေ့ ပြောထားသလောက်သာ အမှန်ဖြစ်မယ်ဆိုရင် ငါက ရွေးချယ်ခံရတာက ကောင်းကင်တာအိုက ကျောင်းတော်ကို ထူးကဲသာလွန်မှုအုတ်မြစ်ရှိတဲ့ အင်အားစုတစ်ခု ဖြစ်စေချင်လို့ပဲ။ ဒါပေမဲ့ တခြားသူထက် ငါ့ကို ဘာလို့ ရွေးရတာလဲ။ ငါက အကျင့်မပျက်လို့လား…

ကမ္ဘာတစ်ဝှမ်း ကျောင်းတော်များစွာ ရှိပြီး အားအကောင်းဆုံးများက အသင်္ချေဂိုဏ်းမဟာမိတ်ထဲ ဝင်ရောက်ပြီးသား ဖြစ်လိမ့်မည်။ ထိုစဉ် ကျန်သူများကမူ ကွဲပြားသည့် မဟာမိတ်မျိုးကို ဖွဲ့စည်းကာ သူတို့ကိုယ်သူတို့ ထောက်ပံ့ထားကြသည်။ သို့သော်လည်း ထိုသို့သော အပြုအမူမျိုးက ကောင်းကင်တာအိုသည်  ပြဿနာရှိနေရသည့် အကြောင်းအရင်း မဟုတ်သေးပေ။ ထိုလူများ၏ အဓိကပြဿနာသော့ချက်က သူတို့သည် သူတို့၏ အနှစ်သာရကို ဆုံးရှုံးသွားခြင်း ဖြစ်၏။ သူတို့၏ ကျောင်းတော်များက ဘယ်သူ့ကို သင်ကြားပေးရမလဲအပေါ် တင်းကြပ်မှုများစွာ ရှိနေလေသည်။ အထူးသဖြင့် မျိုးနွယ်ကန့်သတ်ချက်များ ဖြစ်၏။

ပုံမှန်နှင့် လေလွင့်ကျင့်ကြံသူများနှင့် ပတ်သက်လာသည့်အခါ ထိုကျောင်းတော်များက သူတို့ကို လက်ခံသော်လည်း စိတ်လိုလက်ရသင်ကြားပေးမည် မဟုတ်ပေ။ ထိုအစား သူတို့က သူတို့၏ အရင်းအမြစ်များကို နောက်ခံမြင့်မားသည့်သူ၊ ထူးကဲသည့် သွေးမျိုးဆက်ရှိသည့်သူ အစရှိသူများကိုသာ အာရုံစိုက်ထားကြလိမ့်မည်။ ကျောင်းတော်၏ ရည်ရွယ်ချက်က ကျင့်ကြံသူများအတွက် အဆင့်မြင့်လေ့ကျင့်ရေးနှင့် အရင်းအမြစ်များကို ရရှိဖို့ အခွင့်အရေးမြှင့်တင်ပေးဖို့ ဖြစ်ပြီး ဂိုဏ်းနှင့် မျိုးနွယ်များ၏ လွှမ်းမိုးမှုကို လျှော့ချဖို့ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်တာအိုက သူတို့၏ အနှစ်သာရ ဆုံးရှုံးပြီးသည့်နောက်တွင် ထိုသူများကို ရွေးချယ်စရာ အကြောင်းအရင်းမရှိပေ။

တကယ်လို့ ကောင်းကင်တာအိုက ဒီအစီအစဉ်အတိုင်း ဆက်ပြီး လုပ်ချင်တယ်ဆိုရင် ကပ်ပါးတွေကို သတ်လို့ အရင်းအမြစ်တွေကို ဆုံးရှုံးတာကနေ ငါ့ကို လျော်ကြေးတချို့တော့ ပေးရလိမ့်မယ်…

ဧကရာဇ်ခုံက သုံးသပ်လိုက်သည်။

အဲဒါက ဝမ်ဝေ့လိုက်နေတဲ့ အရာပဲ။ သူက အဲဒီလျော်ကြေးကနေ ဝေစုလိုချင်နေတာ…

ဧကရာဇ်ခုံက မျက်မှောင်ကြုတ်လိုက်သည်။

ဒါကကိစ္စဆိုးတစ်ခုတော့ မဟုတ်ဘူး။ ကောင်းကင်တာအိုက အလှူလုပ်နေတာ မဟုတ်ဘူးဆိုတော့ ဘာမှမဟုတ်ပဲနဲ့ ငါ့ကိုလျော်ကြေးပေးမယ်ဆိုရင်တောင် ငါက သူ့အပေါ်မှာ များပြားတဲ့ ကံကြွေးတင်သွားလိမ့်မယ်…

ဧကရာဇ်ခုံက ရွေးချယ်ခံ တစ်ယောက်ဖြစ်ပြီး ထိုကပ်ပါးများကို သုတ်သင်ခြင်းဖြင့် အရင်းအမြစ်များအတွက် ကြိုးစားရသည်ဆိုပါက ကွဲပြားသည့်ကိစ္စတစ်ခု ဖြစ်သွားလိမ့်မည်။

ဤသည်က ကောင်းကင်တာအိုအတွက် အလုပ်အကျွေးပြု ခစားခြင်းအဖြစ် မှတ်ယူနိုင်၏။

ဝမ်ဝေ့ကိုပါ ကံကြွေးမျှဝေဖို့ ဆွဲခေါ်လိုက်ရမလား…

ဧကရာဇ်ခုံက တွေးလိုက်သည်။ သို့သော် ထိုအစီအစဉ်ကို အလျင်အမြန် ပယ်ဖျက်လိုက်၏။

သူက ဝိဇ္ဇာနှစ်ပါးပါဝင်တဲ့ ကံကြွေးကိုတောင် အလွယ်တကူ လက်ခံနိုင်တာဆိုတော့ သူ့ဆီမှာ ကံကြွေးကို ပိတ်ဆို့လို့ရတဲ့ နည်းလမ်းကောင်း ရှိနေတာနေမှာ။ တကယ်လို့ ငါ သူ့အပေါ် အသုံးပြုဖို့ ကြိုးစားတယ်ဆိုရင် ငါက အရင်းအမြစ်တွေ ဆုံးရှုံးရပြီးတော့ သူ့အပေါ်မှာ ကျေးဇူးကြွေးတင်သွားရလိမ့်မယ်…

ဧကရာဇ်ခုံ၏ မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားလေ၏။

ဒီလိုဆိုရင် အကြွေးပဲ တင်ခံလိုက်ရအောင်…

ဘာပဲဖြစ်ဖြစ် ဒါက ငါရဲ့ အိမ်ပဲ။ အကြွေးဆပ်ရတာက ကမ္ဘာကြီးကို အားဖြည့်ပေးတဲ့ နည်းလမ်းတစ်ခုပဲ…

လူများစွာက ကောင်းကင်တာအိုအပေါ် ကံကြွေး မတင်လိုကြသည်မှာ ထိုသူက သူတို့ကို ကြိုးကိုင်ထား၍ ဖြစ်ပြီး ပြန်လည်ပေးဆပ်မှုကို ဘယ်သောအခါမှ မတောင်းဆိုပေ။ သို့သော်လည်း ဧကရာဇ်ခုံက ပြန်လည်ပေးဆပ်ရမည့် အကြောင်းကို မစိုးရိမ်ပေ။

ဝမ်ဝေ့၏ စကားများကို သုံးသပ်ပြီးသည့်နောက်တွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကောင်းကင်တာအိုသည် အတော်လေး ရည်မှန်းချက်ကြီးကြောင်း သဘောပေါက်ခဲ့သည်။ ထိုအရာက အားအကောင်းဆုံးသော ဟွင်သွမ်းကမ္ဘာဟူသော ဂုဏ်ပုဒ်ကိုပင် ရယူချင်နေသည်။ ထိုသို့သော ရည်ရွယ်ချက်မျိုးဖြင့် သူတို့သည် အကြွေးပြန်လည်ပေးဆပ်ဖို့ အခွင့်အရေးများစွာ ရှိလာလိမ့်မည်။ ထို့အပြင် တခြားသောကမ္ဘာများက ဤကမ္ဘာ ဖြည်းဖြည်းချင်း ပိုမိုအားကောင်းလာလိမ့်မည်ကို ငြိမ်ကြည့်နေမည် မဟုတ်ပေ။ အထူးသဖြင့် ဒုတိယမူလစစ်ပွဲအတွင်း မည်မျှလုပ်ရည်ကိုင်ရည်ရှိကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် ဖြစ်၏။

ဧကရာဇ်ခုံက အဝေးတစ်နေရာတွင် ကြည့်ကာ ရေရွတ်လိုက်သည်။

“ကြေးမုံကောင်းတစ်ချပ်က အရာအားလုံးကို ရောင်ပြန်ဟပ်စေတယ်။ ကံကြမ္မာရဲ့ လျှို့ဝှက်မှုလည်း အပါအဝင်ပဲ…”

ကျောင်းတော်အထက် သမာသမတ်ချီ စုဝေးလာကာ ကျောင်းတော်၏ မြို့၏ ထောင့်တိုင်း၌ အလင်းရောင်တောက်ပလာသည့် ကိုယ်ပျောက်ကြေးမုံတစ်ချပ် ဖွဲ့စည်းလာသည်။ ကြေးမုံ၏ အလင်းရောင်က တိုက်ရိုက်ပစ်မှတ်တစ်ခုရှိ၏။ လူများ၏ ကံကြမ္မာကြိုးမျှင်ဆီ ဖြစ်ပေသည်။ ထိုအရာက အားလုံးကို စောင့်ကြည့်နေ၏။

လူတချို့ကသာ ထိုအပြောင်းအလဲကို သတိထားမိကြပြီး အံ့အားသင့်သွားကြသည်။ ထို့နောက် သူတို့ကိုယ်သူတို့ ကာကွယ်လိုက်ကြ၏။ သို့သော်လည်း ကျောင်းအုပ်၏ အငွေ့အသက်ကို သတိထားမိပြီးသည့်နောက်တွင် သူတို့ကိုယ်သူတို့ တားဆီးလိုက်ကြသည်။

သွေးနဂါးရဲ့ ပိုင်နက်ကို သိမ်းပြီးတဲ့နောက်မှာ ဝမ်ဝေ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေက ချဲ့ထွင်လာမှာ။ ဒီနည်းလမ်းက သူတို့အတွက် ကျောင်းတော်ကို ကျူးကျော်ဖို့ ပိုပြီးခက်ခဲသွားစေလောက်တယ်…

ဧကရာဇ်ခုံက တွေးလိုက်သည်။ ထို့နောက် သူက သူ့တပည့်များကို အာရုံစိုက်လိုက်၏။

“ရှစ်အာ ကျေးဇူးပဲ” သူမ၏ စကားများက သူ့စိတ်အနေအထားကို ပြောင်းလဲပေးခဲ့ရုံသာမကဘဲ ဉာဏ်ရည်မြင့်မားသည့် တစ်ဖက်သူများနှင့် ရင်ဆိုင်ရမလဲ သိလာစေသည်။

“ဆရာ ကျွန်မက တပည့်တစ်ယောက်အနေနဲ့ လုပ်ခဲ့ရုံပါပဲ”

ဧကရာဇ်ခုံက ပြုံးလိုက်သည်။

“အဲဒါကြောင့် မင်းက ငါ့ရဲ့ သဘောအကျဆုံး တပည့် ဖြစ်နေရတာပေါ့”

“ဆရာ” လင်းဖန်က ညည်းတွားလိုက်သည်။ သူက သဘောအကျဆုံးတပည့် ဖြစ်ခဲ့ဖူးလေသည်။

“မင်း မသိတာလည်း မဟုတ်ပဲနဲ့” ဧကရာဇ်ခုံက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့သားကို လှမ်းကြည့်လိုက်သည်။

“မင်းက ဘာလို့ ထိတ်လန့်နေတာတုန်း”

စိတ်ထဲတွင် သူက သား ဖြစ်ပြီး သဘောအကျဆုံးဖြစ်သင့်သည်ဟု တွေးနေသည့် ပိုင်ဟန်က ထိုစကားများကို ကြားပြီးသည့်နောက်တွင် အသိပြန်ကပ်လာလေ၏။

“အမျိုးသမီးရွှင်းက လာရောက်တွေ့ဆုံပါတယ်။ ဒီတစ်ကြိမ် သူမက ကျောင်းအုပ် ဆုံးဖြတ်လို့မပြီးမချင်း ထွက်မသွားဘူးလို့ ပြောပါတယ်”

ဧကရာဇ်ခုံက ညည်းတွားလိုက်သည်။ သူက ခေါင်းကိုက်မှုတစ်ခုကို ဖြေရှင်းပြီးကာစဖြစ်သည့်အတွက် နောက်ထပ်တစ်ယောက်က သူ့တံခါးဝရှေ့ ရောက်လာလေပြီ။

All Chapters