တုကုထျန်းပိုင်
Vol. 95 Ch. 1322
ဝမ်ဝေ့က မျက်မှောင်ကြုတ်ပြီးသည့်နောက် ခေါင်းယမ်းလိုက်သည်။
“ရှင် သဘောမတူဘူးလား” ဝူဟုန်က မေးလိုက်၏။
“တကယ်လို့ အရင်ကသာ ဖြစ်မယ်ဆိုရင်တော့ အသင်္ချေမျိုးနွယ်အဖွဲ့အစည်းအတွက် ရည်ရွယ်ချက်မရှိဘူးဆိုတာကို သဘောတူမိလောက်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ ပထမဘိုးဘေး ဝမ်ကောက ကိုယ့်ရဲ့ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက် အကြံကို ခိုးယူခဲ့တယ်။ တကယ်လို့ သူ့ကတ်တွေကို မှန်မှန်ကစားနိုင်မယ်ဆိုရင် သူက မကောင်းဆိုးဝါးမျိုးနွယ်ဆီက ကံကြမ္မာကို ခိုးယူနိုင်ပြီးတော့ သူ့အတွက် နေရာတစ်ခု ရလာဖို့ လုံလောက်တယ်”
“အဲဒါက ဖြစ်နိုင်တယ်” ဝူဟုန်ကလည်း ခေါင်းညိတ်လိုက်သည်။
“အဲ့လိုဆိုရင် အသင်္ချေဂိုဏ်းမဟာမိတ်ပဲ ကျန်တော့တယ်။ သူတို့က အားကောင်းတယ်ဆိုပေမဲ့ ကောင်းကင်တာအိုက သူတို့ကို စွန့်ပယ်ထားပြီးတော့ ကောင်းကင်အတွက် ခြေနင်းတုံးအနေနဲ့ အသုံးပြုထားတာ။ ဘာလို့လဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“အဲဒါက သူတို့တွေက ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းလို့လေ” ဝူဟုန်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။ ဝမ်ဝေ့က သူမ၏ ဒေါသကို ခံစားမိခဲ့၏။
“ကြည့်ရတာ မင်းနဲ့ သူတို့ကြားမှာ ဇာတ်ကြောင်း တစ်ခုရှိပုံပဲ”
“အထွတ်အထိပ် စွမ်းပကားစံပြလို့ သိတဲ့ တုကုထျန်းပိုင်က မဟာမိတ်ရဲ့ အဓိပတိလေ။ သူက အဲဒီအကြံကို ပထမဦးဆုံး အကြံပြုခဲ့ပြီးတော့ အင်အားစုနဲ့ ဂိုဏ်းတွေအားလုံး ပူးပေါင်းပေးဖို့ ဖျောင်းဖျခဲ့တဲ့သူလေ” ဝူဟုန်က သူမ၏ မျက်ဝန်းထဲ မကျေနပ်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။
“သူက ဆွဲဆောင်မှုရှိတယ်၊ သူရဲကောင်းဆန်တယ်။ ခေတ်ကာလထဲက အားအကောင်းဆုံး ရှေးဦးစံပြထဲက တစ်ယောက်ပဲ။” သူမက ထိုသူ့အပေါ် အဆိုးမြင်ခံစားချက်များ ရှိသော်လည်း သူ့ကောင်းသည့်အချက်များကို ပြောဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။
“ဒါပေမဲ့ သူက အတော်လေးကို ရည်မှန်းချက်ကြီးတယ်”
“အိုး ဘယ်လောက်တောင် ရည်မှန်းချက်ကြီးတာလဲ” ဝမ်ဝေ့က ဝူဟုန်အနေဖြင့် လူတစ်ယောက်၏ စွမ်းအားကို ထိုသို့အကဲဖြတ်ခြင်းက ရှားပါးမှန်း သိထားသည့်အတွက် မေးလိုက်သည်။ သူက အဖန်ရည်ခွက်ကို မ ကာ သောက်လိုက်၏။
“သူက ကမ္ဘာကြီးကို အုပ်စိုးချင်တာလေ”
ဝမ်ဝေ့က အဖန်ရည်ပင် သီးမိသွားလေ၏။
“ခဏ မင်းပြောနေတာက…”
“ဟုတ်တယ်။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို အုပ်စိုးချင်တာ။ တခြားအာဏာရှင်တွေက သူ့ဆီ ဦးညွှတ်ချင် ဦးညွှတ် မဟုတ်ရင် ဖျက်ဆီးခံရမှာ”
“တကယ်ကို ကြီးမားတဲ့ ရည်မှန်းချက်ပဲ” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ထိုသို့သော ရည်မှန်းချက်မျိုးက ရယူဖို့ မဖြစ်နိုင်ပေ။ သို့သော်လည်း ရွှေရောင်ခေတ်ကာလက ထိုသို့ခေါ်ရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နေလေသည်။ ပါရမီရှင်များက တည်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်သည့်အတွက် တုကုထျန်းပိုင်က ထိုနေရာကို အုပ်စိုးဖို့က အိပ်မက်တစ်ခု ဖြစ်နေသည်။ သို့သော်လည်း မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ သူသာ ပထမဦးဆုံး စစ်မှန်သည့် ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်လာသရွေ့ သူသည် တခြားနှစ်ယောက်ကို ဖိနှိပ်ကာ ကမ္ဘာကို အုပ်စိုးထားနိုင်လိမ့်မည်။
သူ့ရည်မှန်းချက်ကို ရယူမည့် ထိုသို့သော နည်းလမ်းမျိုးက ပြစ်ချက်ကြီး ရှိနေလေ၏။ သူတို့ထဲက တစ်ယောက်လွတ်မြောက်သွားသရွေ့ သူတို့က တူညီသည့် အနေအထားကို ရောက်ပြီးသည့်နောက်တွင် ပြန်လည်ရောက်ရှိလာနိုင်သည့်အတွက် မတည်ငြိမ်မှုတစ်ခု ဖြစ်လာလိမ့်မည်။
“သူ့အနေနဲ့ ရည်မှန်းချက်ကြီးတာက ကိစ္စမရှိဘူး။ ဒါပေမဲ့ သူက တုံးအအ အရာတွေ လုပ်တာလေ” ဝူဟုန်က ပြောလိုက်သည်။
“သူက နောက်တစ်ဆင့်ကို ရောက်ဖို့ ပထမဦးဆုံးလူ ဖြစ်ဖို့ အာရုံစိုက်ထားရမဲ့အစား သူက အာဏာကို အသုံးပြုလာတာ”
“အဲဒါဆို သူက ဂိုဏ်းတွေကို စုစည်းပြီးတော့ မဟာမိတ်ရဲ့ ခွန်အားကို တိုးမြှင့်ခဲ့တာလား” ဝမ်ဝေ့က မေးလိုက်သည်။
“ဟုတ်တယ်။ ပထမဦးဆုံးကတော့ သူက ကောင်းကောင်းလုပ်ခဲ့တာပေါ့။ သူက အဲဒီဂိုဏ်းတွေကို တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ်နေဖို့ ဖျောင်းဖျနိုင်ခဲ့တာ။ သူတို့ရဲ့ တပည့်တွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် ပတ်သက်ခိုင်းပြီးတော့ မိသားစုကြီးသဖွယ်လိုမျိုးပေါ့။”
“သူက သူတို့ကို ဖြည်းဖြည်းချင်း စုစည်းပြီးတော့ ဂိုဏ်းကြီးတစ်ခုအဖြစ် ပေါင်းစည်းချင်တာလား”
“အတိအကျပဲ” ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“သူ့အစီအစဉ်က ကျရှုံးသွားတယ်လေ။ ဒါပေမဲ့ အင်အားစုတွေကြားက ရန်လိုမှုတွေ၊ ပဋိပက္ခတွေကိုတော့ လျှော့ချလိုက်နိုင်တယ်။ အဲဒါကြောင့် မဟာမိတ်တစ်ခုတော့ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ သိပ်မကြာခင် သူ့ဘက်က ရူးသွပ်သွားတယ်။ သူက မဟာမိတ်ကို အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီးတော့ ခွဲလိုက်တယ်။ ပြီးတော့ အပြင်ပိုင်းအဖွဲ့ဝင်တွေက ဘာမှအဟန့်အတား မရှိဘဲနဲ့ အင်အားစုတွေကို ချဲ့ထွင်ကြတယ်။ သူက တခြားအင်အားစုတွေကိုလည်း ပြင်ပအဖွဲ့ဝင်တွေ ဖြစ်လာဖို့ ခြိမ်းခြောက်တယ်၊ အကြပ်ကိုင်တယ်၊ ဖိအားပေးတယ်။ သူတို့တွေက တကယ် သစ္စာရှိ၊ မရှိလည်း ဂရုမစိုက်တော့ဘူး”
“ကြည့်ရတာက သူက အဲဒီလူတွေနဲ့ မဟာမိတ်ရဲ့ ကံကောင်းမှုကို ချဲ့ထွင်ဖို့ သုံးချင်နေတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“သူ့အနေနဲ့ နောက်အဆင့်ကို ဝင်ရောက်ဖို့ ကံကောင်းမှု သုံးချင်နေတာလား”
“တုကုထျန်းပိုင်က မတုံးဘူး။ သူက ဒီလိုနည်းလမ်းမျိုးက အသုံးမဝင်မှန်း သိထားလောက်တယ်။ ပြီးတော့ သူက ကံကောင်းမှုလမ်းစဉ်နဲ့ ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို လျှောက်လှမ်းချင်တယ်ဆိုရင်တောင် သူ့အနေနဲ့ တစ်ကမ္ဘာလုံးရဲ့ ကံကောင်းမှုကို လိုအပ်မယ်”
“အဲဒါကြောင့် တစ်ကမ္ဘာလုံးကို အုပ်စိုးဖို့က သူ့ယခင်ရည်မှန်းချက် ဖြစ်လာတာပေါ့” ဝမ်ဝေ့က ရေရွတ်လိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ သူ ဒီလိုတုံးအအ လုပ်ရတဲ့ အကြောင်းအရင်းကိုတော့ နားမလည်နိုင်သေးဘူး။ ကျွန်မ တစ်ယောက်ထဲတင် မကောင်းဘူး။ အစပိုင်းကတော့ လူအများစုက သူက စစ်ပွဲတစ်ခုကို စချင်တယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ အဲဒီအပြင်ပိုင်းအဖွဲ့သားတွေက သူ့ကို အပြည့်အဝ ထောက်ခံမပေးဘူးလေ။ အများစုက ပြဿနာနည်းနည်း တက်လာတာနဲ့ သူ့ကို သစ္စာဖောက်သွားကြလိမ့်မယ်”
“အဲဒါဆိုရင် သူ့အပြုအမူကို ရှင်းပြဖို့ နည်းလမ်းနှစ်ခုရှိတယ်။ သူက မာနကြီးပြီးတော့ တုံးအအ အမှားမျိုးကို လုပ်မိတာမျိုး။ ပြီးတော့ သူ့အနေနဲ့ ကံကောင်းမှုပမာဏတစ်ခုလိုအပ်နေတဲ့ လျှို့ဝှက်အကြောင်းအရင်းရှိတာမျိုးပေါ့”
ဝူဟုန်က ခေါင်းညိတ်လိုက်သည်။ လူများစွာကလည်း တူညီစွာ ကောက်ချက်ချခဲ့ကြ၏။ တခြားသောအာဏာရှင်များကလည်း တုကုထျန်းပိုင်၏ အပြောင်းအလဲ ဇစ်မြစ်ကို ရှာဖွေဖို့နည်းလမ်းများစွာ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မည်သူကမှ ယနေ့အထိ အဖြေမတွေ့သေးပေ။
“ကောင်းကင်တာအိုက မဟာမိတ်ကို မကြိုက်တာတော့ နားလည်သွားပြီ။ အဲဒီလူကသာ သူ့ရည်မှန်းချက် အောင်မြင်သွားမယ်ဆိုရင် သူက တစ်ကမ္ဘာလုံးရဲ့ အရင်းအမြစ်တွေကို သူ့နောက်အဆင့်ရောက်ဖို့ အသုံးပြုဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ ပြီးတော့ တစ်ကမ္ဘာလုံးရဲ့ ချီကံကောင်းမှုကိုလည်း ထိန်းချုပ်ဦးမှာ။ သူက ကောင်းကင်တာအိုရဲ့ နတ်ဘုရားအပြစ်ဒဏ်ကိုတောင် လျှော့ချနိုင်လောက်တယ်”
အရင်းအမြစ်ဟွင်သွမ်းကမ္ဘာ ၃၈၀၀ ထဲမှ တစ်ခုကို တိုက်ရိုက်အသုံးပြုပြီး ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့်ကို ရယူခြင်း ဖြစ်၏။ ကောင်းကင်တာအိုမှ ဖြစ်စေ သို့မဟုတ် ကမ္ဘာ့အရင်းအမြစ်၏ စွမ်းအား အားလုံးကို သိမ်းပိုက်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းခြင်းဖြစ်စေ သူတို့က အကောင်းဆုံးနည်းလမ်းများ ဖြစ်ပေသည်။ ထိုနည်းလမ်းများက ဆိုးကျိုးတချို့ရှိပြီး အကျိုးဆက်များနေသော်လည်း ထိုအရာများကို အသုံးပြုနိုင်စွမ်းရှိသည့် လူများစွာက ဂရုမစိုက်ကြပေ။
စံပြများစွာက ထိုအရာကို သိထားကြသော်လည်း သူတို့အတွက် ကံဆိုးသည်က ထိုကမ္ဘာများ၏ ကောင်းကင်တာအိုသည်လည်း ထူးကဲသာလွန်မှုအဆင့် ဖြစ်နေလေသည်။ ထိုသူများက ကြိုးစားကြည့်သရွေ့ နတ်ဘုရားအပြစ်ဒဏ်ကြောင့် ရှင်းထုတ်ခံရလိမ့်မည်။
နောက်ဆုံးအနေနဲ့ အကြွင်းမဲ့တားမြစ်ချက်က…
နတ်ဘုရားအပြစ်ဒဏ်ရဲ့ သက်ရောက်မှုကို လျှော့ချနိုင်သည့် နည်းလမ်း သို့မဟုတ် ကျော်ဖြတ်နိုင်သည့် နည်းလမ်းများက ဟွင်သွမ်းစကြဝဠာတစ်လျှောက် ပျံ့နှံ့နေပြီး အရင်းအမြစ်ဟွင်သွမ်းကမ္ဘာများအား အန္တရာယ်ရှိကာ ပိုပြီး အဖိုးတန်လာစေသည်။
“တုကုထျန်းပိုင်လို လူမျိုးက ထူးကဲသာလွန်မှုတစ်ပိုင်းအဆင့် ဖြစ်သွားမယ်ဆိုရင် ကမ္ဘာကြီးအတွက် ကပ်ဘေးတစ်ခုပဲ” ဝူဟုန်က ပြောလိုက်သည်။
“မင်း ကြည့်ရတာ သူ့ကို သိပ်ကြိုက်တဲ့ပုံ မပေါ်ဘူးပဲ” ဝမ်ဝေ့က မေးလိုက်၏။
ဝူဟုန်က တိတ်ဆိတ်သွားလေသည်။
“ကျွန်မ ဝန်ခံရတာ မကြိုက်ပေမဲ့ ကျွန်မက အာဏာရှင် ၁၃ယောက်ထဲမှာ အားအနည်းဆုံးပဲ။ အုတ်မြစ်အနေနဲ့ အားအနည်းဆုံးလေ။ အဲဒီခွေးကောင်က ကျွန်မကို တည်သီးပျော့မှတ်ပြီးတော့ ဖိနှိပ်ဖို့ ကြိုးစားခဲ့တာ”
“မင်းတို့တွေ တိုက်ခိုက်ခဲ့တာလား”
ဝူဟုန်က ခေါင်းညိတ်လိုက်သည်။
“မင်း ရှုံးခဲ့တာလား”
“ကျွန်မက ဘာလို့ရှုံးရမှာလဲ” သူမက သူ့ကို စိုက်ကြည့်လိုက်သည်။
“မင်းက သူ့လက်ထဲမှာ ခံစားရလို့ အငြိုးအတေးတွေ ရှိနေတယ်လို့ ထင်နေတာ”
ဝူဟုန်က ခေါင်းယမ်းလိုက်သည်။
“ကျွန်မတို့တွေ နှစ်များစွာ တိုက်ခိုက်ခဲ့တာ ကျွန်မက အားသာချက် ရှိတယ်လေ။ ဒါပေမဲ့ အဲဒီခွေးကောင်က သူဆုံးရှုံးပြီးတော့ သူ့သိက္ခာကို ထိပါးလာမယ်ဆိုတာ သိတော့ အရှက်မဲ့လာတယ်။ သူက တခြားရှေးဦးစံပြတွေကိုပါ ခေါ်ပြီးတော့ ဒါက အင်အားစုနှစ်ခုကြားက ပဋိပက္ခဆိုပြီးတော့ အားလုံးက ဝင်ရောက်ဆင်နွှဲလာတာ” သူမက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“သူ့ရည်ရွယ်ချက်က မင်းကို ဝိုင်းတိုက်ခိုက်ဖို့တော့ မဟုတ်ဘူးမလား”
“ဘယ်ဟုတ်ပါ့မလဲ။ တခြားသူတွေက သူ့ကို သတ်ခွင့်မပေးဘူးလေ။ အဲဒါကြောင့် အခြေအနေကို ဝင်ရောက်စွက်ဖက်ခဲ့တာ။ အဲဒီနည်းနဲ့ဆိုရင် သူက တရားဝင်မရှုံးနိမ့်ဘဲနဲ့ အေးအေးဆေးဆေး ထွက်သွားနိုင်လိမ့်မယ်။ အဲဒါကြောင့် သူ့ကို ရွှံရှာနေတာ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ရပ်တန့်သွားကာ တစ်စုံတစ်ခုကို တွေးမိသွားလေ၏။
“သူက မင်းကို ပိုးပမ်းဖို့ ကြိုးစားခဲ့တာလား”
“အဲဒါက သိသာတယ်မဟုတ်ဘူးလား။ အဲဒီခွေးကောင်က ကျွန်မရဲ့ ခွန်အား၊ အင်အားစုနဲ့ ခန္ဓာကိုယ်ကို လိုချင်နေတာ”
ဝူဟုန်က တုကုထျန်းပိုင်ကို တွေးမိရင်း ရွံရှာလာမိသည်။ သူမ၏ အရွံရှာဆုံးအရာက သူမနှင့် ပူးပေါင်းသည့် ဆက်ဆံရေးမျိုး လိုချင်ခြင်း မဟုတ်ဘဲ သူမအား အရသာရှိသည့် အသားသဖွယ် အုပ်စိုးလွှမ်းမိုးလိုခြင်း ဖြစ်သည်။ ထိုသူများက သူမထက် အားနည်းနေသည့်အတွက် အကူအညီ မဖြစ်ပေ။ သူတို့သာ ထိုအရာကို သဘောပေါက်သွားပြီး သူတို့မာန ထိခိုက်သွားသည်နှင့် သူတို့က ထိုအရာကို စွန့်ပစ်ခြင်း သို့မဟုတ် သူမကို သုတ်သင်ဖို့ နည်းလမ်းများစွာဖြင့် ကြိုးစားလာလိမ့်မည်။
“ဇနီးလေး မစိုးရိမ်ပါနဲ့။ ကိုယ် စွမ်းအားရလာပြီး တုကုထျန်းပိုင်က မပြီးမပြတ်အခြေအနေကနေ ပြန်ရောက်လာတာနဲ့ မင်းရဲ့ အငြိုးအတေးကို လက်စားချေပေးမယ်”
“သူ့ကို လက်စားချေဖို့ ရှင့်ကို ဘယ်သူများ လိုလို့လဲ။ ကျွန်မ သူ့ကို မျက်နှာဖြတ်ရိုက်ဖို့ စီစဉ်ထားပြီးသား။ ကျွန်မ ကုစားပြီးတော့ ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ရတာနဲ့ ကျွန်မရဲ့ စွမ်းအားက လုံလောက်နေပြီ။ ရှင့်အကူအညီ မလိုဘူး”
“ဇနီးလေး ကိုယ့်ကို မားမားမတ်မတ် ရပ်တည်နိုင်မဲ့ အခွင့်အရေးလေး ပေးပါဦးလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ဤသည်က အားကောင်းသည့် ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ထားခြင်း၏ ဆိုးကျိုး ဖြစ်ပေသည်။ သူ့ယောက်ျားဆန်မှုနှင့် ကာကွယ်သူအနေအထားကို ပြသဖို့ အခွင့်အရေး မရှိတော့ပေ။
“ဘယ်သူက ရှင့်ဇနီးလေးလဲ။” ဝူဟုန်က မေးလိုက်သည်။
“စကားမှားသွားလို့ပါ”
ဝမ်ဝေ့က ချက်ချင်းဆိုသလို ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။
“တကယ်လို့ တိုင်းပြည်အတွက် တစ်ခုကို ဖယ်ရှားထားမယ်ဆိုရင် သုံးခု ကျန်သေးတယ်။ မင်းရဲ့ သုံးသပ်ချက်အရဆိုရင် ဓားလမ်းစဉ်အဖွဲ့အစည်း၊ အသင်္ချေမျိုးနွယ်အဖွဲ့အစည်းနဲ့ နတ်ဆိုးမျိုးနွယ်ဆီ သွားဖို့ ရှိတယ်။ ဒါပေမဲ့ အဲဒီနေရာတွေက အာဏာရှင်အင်အားစု မဟုတ်တဲ့သူတွေကို ပေးနိုင်ချေ မြင့်မားတယ်”
“ရှင်က တစ်စုံတစ်ယောက်ကိုများ တွေးမိလို့လား” ဝူဟုန်က မေးလိုက်သည်။
“လူရိုင်းမျိုးနွယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။