အရှင်နတ်နဂါး
Vol. 129 Ch. 4.1448
ဒါပေမဲ့ အရင်တွေ့ဖူးတဲ့ နဂါးတချို့နဲ့ ယှဉ်လိုက်ရင် အလွန်အားကောင်းပြီး သန်မာနေပြီလေ။ သူတို့နှစ်ဦးသည် လုရွှမ်ကို သတ်ပစ်ရန် စိတ်ကူးထားခဲ့ ကြသော်လည်း လုရွှမ်ဆီက ပိုမိုအားကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြန်သည်။
နှစ်ယောက်သားဟာ အရင်က ဒါမျိုးကို တစ်ခါမှ မဆုံဖူးပေမယ့် နတ်နဂါးရောင်ဝါ ဆိုတာကို သံသယဖြစ်စရာ မရှိပါဘူး။ တန်ခိုးကြီးပြီး လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါသည် စိမ်းပြာနဂါးရဲ့ အငွေ့အသက်ထက် သာလွန်နေသေး၏။ ဒါဟာ လုရွှမ်ကိုယ်ခန္ဓာထဲရှိ သွေးလိုင်းသည် ထိုနတ်နဂါးဆီက ဆင်းသက်လာတယ်လို့ မဆိုလိုပေ။
အောက်အဆင့် နဂါးက ချန်ထားတဲ့ မျိုးစေ့သာဆိုရင် တချို့ စွန့်စားမှုတွေလုပ်ပြီး လုရွှမ်ကို သတ်ပစ်ရဲပေမယ့် အထက်နဂါးရဲ့ အသွေးဆိုရင်တော့ သတ္တိဆယ်ဆကို ပေးရင်တောင်မှ မသတ်ရဲတော့ပါ။
လုရွှမ်လည်း လူနှစ်ယောက်၏ တုံ့ပြန်မှုကို အလွန်ကျေနပ်သွားသည်။ သူတို့နှစ်ယောက်ကို မကြောက်စေဘဲ သူက ဘယ်လို လွတ်မြောက်နိုင်မှာလဲ။
သူက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး။
"အကြီးအကဲတို့ နှစ်ယောက် အဲဒါကို စိတ်မပူပါနဲ့... အဖေက ကျွန်တော့်ကို အရမ်းမိုက်လွန်းတဲ့ ဓလေ့ထုံးတမ်းတွေကို လိုက်လုပ်ကြည့်ဖို့ပဲ တောင်းဆိုထားတာ.. အဆင်မပြေတာရှိရင် အကြံဉာဏ်ပေးပါဦး မဟုတ်ရင် ပြန်သွားပြီး သတင်းပို့ရင် အဖေက အပြစ်ပေးလိမ့်မယ်...."
"ဒါပေါ့"
"ဒါပေါ့!"
နှစ်ယောက်သား ဆက်တိုက် ပြောလိုက်သည်။
သူတို့အားလုံး အရင်ကဆို အလျင်စလိုဖြင့် ပြခဲ့သော ကြောင်သူတော် ယောင်ယောင် အရိပ်အမွတ် အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုတော့ ထိုအရိပ်အယောင်တွေ မရှိတော့ချေ။
"ဟားဟား... မိတ်ဆွေလေး... ရိုးရိုးသားသား ပြောရရင် ဒီစွန့်ပစ်ထားတဲ့ မြို့လေးမှာ ကောင်းတဲ့အရာတစ်ခု တွေ့ထားတယ်... ပြောထားတဲ့ စကားအတိုင်းပဲ ဘယ်သူမဆို မျှဝေခံစားခွင့် ရှိတယ်... ဒါကြောင့် ငါတို့ ကျားဖြူဂိုဏ်းနဲ့ နတ်နွားဂိုဏ်းက ဒီမှာ သဘောတူညီချက်တစ်ခု ချုပ်ဆိုခဲ့တယ်... အငယ်တန်းတွေရဲ့ ခွန်အားကို အခြေခံပြီး အရင်းအမြစ်တွေကို ယှဉ်ပြိုင်ပြီး ခွဲဝေကြဖို့...”
ကျင်းနျိုက ပြုံး၍ ဆိုလိုက်သည်။ ဟူရှောက် အနည်းငယ် လန့်သွားပြီး ကျင်းနျိုဘက် လှည့်အော်လိုက်သည်။
"မင်းဘာလုပ်နေတာလဲ?"
"ငတုံး.. ဒီကလေးက တကယ် အတွေ့အကြုံ မရှိဘူးလို့များ ထင်လား... သူအရင်က ငါတို့ရဲ့ရန်လိုမုန်းတီးမှုကို ခံစားဖူးတာ ဖြစ်မယ် အဲဒါကြောင့် သူ့နောက်ကြောင်းကိုပါ ထုတ်ပြခဲ့တာ... ဟမ့် ဒီကလေးက အရမ်းလိမ္မာပါးနပ်ပြီး ဉာဏ်ကောင်းတယ် သူထွက်သွားရင် ပြန်သွားပြီး တိုင်ကြားမှာပဲ... မင်းရဲ့ ကျားဖြူဂိုဏ်းက ကြီးမြတ်တဲ့ နဂါးရဲ့ အမျက်ဒေါသကို ခံနိုင်ရည် ရှိပါ့မလား...ဟင်??"
"အခု ငါတို့ ဒီကလေးကို ကောင်းကောင်းချော့ပြီး သူ့ကို ကျေနပ်အောင် ပြန်လုပ်ပေးရမယ်... အဲဒီအကျိုးအမြတ်အတွက် ငါတို့ရဲ့အရင်က လုပ်ကြံချင်စိတ်ကို လုံး၀ မေ့သွားလိမ့်မယ်... အဲ့လိုဆို ငါတို့ကို ဒုက္ခမပေးတော့ဘူး...”
"ဟုတ်တယ်... ဒုတိယနည်းလမ်းလည်း ရှိသေးတယ်"
ဟူရှောက်ကလည်း မြန်မြန်ဆန်ဆန် အသံတစ်သံ ပြန်ပို့လိုက်သည်။
"ဒုတိယနည်းလမ်း... ဘာလဲ?"
သူတို့ ဒီမြို့ကို မတော်တဆ တွေ့ရှိခဲ့တာ။ မြို့က လုံးလုံး ပြိုကျပြီးပေမယ့် ဒီလိုမျိုး မတော်တဆ တစ်ခုခုကို ရှာတွေ့မယ်ဆိုတာ ဘယ်သူကမှ မသိခဲ့ပါဘူး။ အကယ်၍ သူတို့သည် ဤအရာများကို တခြားသူများကိုလည်း မျှဝေချင်ခဲ့လျှင် နတ်နွားဂိုဏ်းနဲ့ ရန်ဖြစ်နေမည် မဟုတ်ပေ။
ကျင်းနျိုက ရယ်မောလိုက်ပြီး "ဒီကောင့်ကို သတ်လိုက်လေ... ဒါဆို သူ့ကို ခွဲပေးဖို့ မလိုတော့ဘူး"
ဟူရှောက်မျက်နှာ မည်းမှောင်သွားသည်။ ဒီကျင်းနျို ပါးစပ်ကနေသာ ဒီစကားတွေ ပေါက်ကြားသွားရင် ဒုက္ခရောက်မှာ သေချာသည်။ ကမ္ဘာပေါ်တွင် လေလုံသော နံရံ မရှိချေ။ လျှို့ဝှက်ချက် ဆိုရင်တောင် အလျင်အမြန် ပေါက်ကြားသွားလိမ့်မည်။
"ဟမ့် အဲဒါဆို ဒီကလေးကို ခွဲပေးရုံအပြင် တခြားနည်းလမ်းတွေ ရှိသေးလို့လား"
ဟူရှောက်လည်း ရှိုက်ကြီးတငင် ခေါင်းညိတ်ပြလိုက်ရတော့သည်။ ယခု သူသည် ဤကလေး၏ ပါးစပ်ကို အကျိုးအမြတ်ဖြင့်သာ ပိတ်ထားနိုင်တော့သည်။
သူတို့နှစ်ယောက် အသံထုတ်လွှင့်မှုမှ တစ်ဆင့် ဆွေးနွေးနေကြပြီး လုရွှမ်လည်း သူ့စိတ်ထဲတွင် တွေးနေမိသည်။ ဒီရွှေနွားက မျိုးနွယ်စုနှစ်ခုကြားက ရတနာတွေ ခွဲဝေမှုအကြောင်း ပြောပြတာက ဘာကို ဆိုလိုတာလဲ။
သူ့ကို ခြိမ်းခြောက်ပြီးတော့ မုန့်ပြားတစ်ချပ်ကို ပေးပြီး ဖာချင်နေသေးတာလား?
ဒါ မဟုတ်ဘူးလား?
လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား။
လက်ခံရင် ဒီကောင်ကြီးနှစ်ကောင်က သူ့ကို တကယ် ဒေါသထွက်လာရင်ရော။
အဟမ်း!
ချောင်းဆိုးသူ နှစ်ဦးအနက် ဟူရှောက်သည် အနည်းငယ် တင်းမာသော်လည်း ပြောလာပါသေး၏။
"မိတ်ဆွေလေး... ငါတို့နှစ်ယောက် ဆွေးနွေးပြီးပြီ... တစ်ဝက်က မိသားစုအတွက်ပဲ.. ငါတို့ရဲ့သားစဉ်မြေးဆက်တွေ အတွက်လည်း ချန်ရမယ်ဆိုတာ မင်းသိမှာပါ... ငါတို့က လူသားသားရဲတွေ၊ မိစ္ဆာသားရဲတွေက ငါတို့ကို နှိမ့်ချပြီး လူသားမျိုးနွယ်က မထီမဲ့မြင်ပြုတယ်... ပြီးတော့ အဲ့လူသားမျိုးနွယ်က အားနည်းတဲ့ သူတွေကို နှိမ့်ချနေတယ်ဆိုတာ အသိသာကြီး ရှင်သန်ချင်တယ်ဆိုရင် ကိုယ်ပိုင်လမ်းကို ရှာရမယ်လေ..."
လုရွှမ်စိတ်ထဲက ညည်းညူလိုက်သည်။ ဤလူကြီးက ကြွားလုံးထုတ်ပုံ ထုတ်နည်းကို အမှန်တကယ် သိလေသည်။ ဟူရှောက်ရဲ့ အမူအရာကို သူ သတိထားမိပါ၏။ တစ်ယောက်တစ်ဝက်လို့ ပြောတာကို အသတ်ခံလိုက်ရသလို မျက်နှာကြီး ဖြစ်သွားသေးသည်။
"မိတ်ဆွေလေး ဒီနေ့ဒီကို ရောက်လာတာက ကံကြမ္မာပဲ ဖြစ်မယ်... မျိုးဆက်သစ်လူငယ်တွေကို ပြိုင်ဆိုင်စေချင်ပါတယ်... အနာဂတ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဒါက မျိုးဆက်သစ်လူငယ်တွေရဲ့ ခွန်အားကိုလည်း မြှင့်တင်ပေးမှာပဲ... အခု မိတ်ဆွေလေး ဒီကိုရောက်လာတာကလည်း ကောင်းပါတယ်... မိတ်ဆွေလေးရဲ့ နယ်ပယ်က မမြင့်ပေမယ့် အစွမ်းက ရွယ်တူတွေထက် အဆမတန်သာလွန်ပြီး ကြီးမားတဲ့နယ်ပယ်ကို လွယ်လွယ် စိန်ခေါ်နိုင်တယ်..."
"မိတ်ဆွေလေးသာ ဆန္ဒရှိမယ်ဆိုရင် ဒီတစ်ကြိမ်မှာ ရတနာတွေရဲ့ 10% ကို စွန့်လွှတ်ပေးပါမယ်... ကျုပ်တို့ရဲ့ အငယ်တန်းတွေကို ညွှန်ပြပေးပါ ဆိုတဲ့ မေတ္တာရပ်ခံချက်လေး တစ်ခုတော့ ရှိတယ်... သူတို့ အပြင်မှာရှိတဲ့ စွမ်းအားတွေကို မြင်နိုင်ပြီး မြေကမ္ဘာအကြောင်း အမှန်တကယ် သိနိုင်ပါစေ...လူတွေရဲ့အထက်မှာ လူရှိသလို ကောင်းကင်ရဲ့ အထက်မှာ ကောင်းကင်ဆိုတဲ့ အတိုင်းပေါ့!... ဘယ်လိုလဲ?"
လုရွှမ် သူ့စိတ်ထဲကပဲ ပြုံးလိုက်သည်။ ထိုလူကြီးနှစ်ယောက် သူ့ကို တကယ်ကြောက်သွားတာပဲ။
ဒီယဉ်ကျေးပျူငှာမှုရဲ့ အဓိပ္ပာယ်မှာ အလွန်ရိုးရှင်းသည်။ ၎င်းသည် ယခင်က မလေးစားမှုကို ဂရုမစိုက်ဘဲ သူ့ကို တစ်ခုခု ပေးချင်လာခြင်းပဲ ဖြစ်သည်။ ဤလူများကို ညွှန်ပြပေးရမယ် ဆိုတာကလည်း သဘာဝအတိုင်း ကျင့်ထုံးတစ်ခုသာ ဖြစ်သည်။
တခြားသူက ပေးသော ပစ္စည်းများကို အလကား ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ကိုယ့်အပေါ်တွင်သာ မူတည်ပါသည်။ ထို့အပြင် မယူပါဘူးလို့ တွန်းအားပေးပါက တစ်ဖက်လူတွေက ဘယ်လိုကြံဦးမလဲ မပြောတတ်။
လုရွှမ် အံ့အားသင့်သွားပုံဖြင့် ပြန်ပြောလိုက်သည်။
"အကြီးအကဲတို့ နှစ်ယောက်က အရမ်းယဉ်ကျေးလွန်းနေပါပြီ... အိမ်ကို ပြန်ရောက်တဲ့အခါ အကြီးအကဲ နှစ်ယောက်ရဲ့ ရက်ရောမှုကို အဖေ့ဆီ သေချာပြောပြပေးပါ့မယ်... ဟားဟား ရိုးရိုးသားသား ပြောရရင် ကျွန်တော်လည်း တကယ်ပဲ ကျားဖြူဂိုဏ်းနဲ့ နတ်နွားဂိုဏ်းက မိတ်ဆွေတွေနဲ့ တိုက်ပွဲဝင်ချင်တယ်... အဆက်မပြတ် တိုက်နေတာက ကျွန်တော့်ရဲ့ ခွန်အားကိုလည်း မြှင့်တင်ပေးနိုင်မှာပဲ..."
ဟူရှောက်နဲ့ ကျင်းနျိုတို့ရဲ့ မျက်နှာပေါ်တွင် အံ့အားသင့်သွားတဲ့ အရိပ်များ ပေါ်လာပြီး ယခင် နာကျင်ခြင်းနှင့် မကျေနပ်မှုများ ပျောက်ကွယ်သွားခဲ့သည်။ လုရွှမ် သူတို့ကို အပြစ်မတင်သေးသရွေ့ အဆင်ပြေပြီ။ အရှင်နတ်နဂါးရဲ့ ခင်မင်ရင်းနှီးမှုကို ရရှိဖို့တော့ အိပ်မက်မမက်ဝံ့ပေ။
အရှင်နတ်နဂါးကသာ ၎င်းတို့၏ အမည်များကို သိနိုင်ပြီး ကျားဖြူဂိုဏ်းနှင့် နတ်နွားဂိုဏ်းက သူ့သားကို ကူညီပေးခဲ့ကြောင်း သတိရပါက အလွန်ဝမ်းသာစရာ ဖြစ်လာလိမ့်မည်။
ကျင်းနျိုက ပြုံးပြီး ပြောလိုက်သည်။
"ကြိုဆိုပါတယ် မိတ်ဆွေလေး... မိတ်ဆွေလေးဆီက လမ်းညွှန်မှုကို ရအောင်ယူနိုင်ခဲ့လို့ ကျုပ်တို့ငယ်သားတွေ အတွက် ဂုဏ်ယူမိပါတယ်"
ဟူရှောက် သူ့လူတွေကို တိုက်ရိုက် အမိန့်ပေးလိုက်တဲ့အခါ မကြာခင်မှာဘဲ လူငယ်ခြောက်ယောက် ရောက်လာသည်။ အမျိုးသမီး နှစ်ဦးနှင့် အမျိုးသားလေးဦး။ ကျားဖြူဂိုဏ်းမှ သုံးဦးနှင့် နတ်နွားဂိုဏ်းမှ သုံးဦးတို့ ဖြစ်သည်။
လူခြောက်ယောက်ကလည်း သူတို့လာရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိကြပါ၏။ လုရွှမ်ရဲ့ မျက်လုံးတွေကို အထင်အမြင်သေးစွာ ကြည့်နေကြသေးသည်။