မှော်သားရဲ၏မှော်စွမ်းရည်
Vol. 2 Ch. 19
ကျွန်တော်နဲ့ မာခယ် စာကြည့်တိုက်ကိုရောက်လာကြတယ်။ အရမ်းကြီးကျယ်ခမ်းနားတာပဲဗျာ။ စာကြည့်တိုက်က စုစုပေါင်းအထပ် (၆)ထပ်ပါတယ်၊ စတုရုန်းမီတာ (၃၀၀၀) လောက်ကျယ်တယ်။ စာာကြည့်တိုက်ကို ကဏ္ဍ(၃)ပိုင်းသတ်မှတ်ထားတယ်ဗျ။ အထပ်(၁)ကနေ(၂)ထိက အခြေခံမှော် အယူအဆတွေနဲ့ အခြေခံမှော်မန္တန်တွေ၊ အထပ်(၃) (၄) (၅)ကျတော့ အလယ်တန်းမှော်မန္တန်တွေ၊ အထပ်(၆)က မှာက အဆင့်မြင့် မှော်မန္တန်တွေ ဆိုပြီး သတ်မှတ်ထားတယ်။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အနေအထားအရ ကဏ္ဍ(၂)ကို ဝင်နိုင်တယ်ပေါ့။ အထပ်(၃)(၄)(၅) မှာ ကျောင်းသားလူဦးရေအများဆုံးပဲဗျ။
ကျွန်တော်နဲ့ မာခယ် အထပ်(၄)ကိုတက်သွားပြီးတော့ ကျွန်တော်တို့နဲ့ဆိုင်တဲ့ မှော်ပညာရပ်စာအုပ်တွေ လိုက်ရှာကြပါတယ်။ အလင်းမှော်ပညာစာအုပ်တွေ အရမ်းရှားတာပဲဗျာ၊ နည်းနည်းလေးပဲရှိတယ်။ ကျွန်တော် အပြည့်အစုံပါတဲ့(စာရွက်များစုတ်ပြဲနေခြင်း၊ လစ်ဟာနေခြင်းမရှိသော) အလယ်တန်းအဆင့် အလင်းမှော်စာအုပ်နဲ့ အလယ်တန်းအဆင့် လေဟာနယ်မှော်စာအုပ် နှစ်အုပ်တွေ့လိုက်ရတယ်။ မာခယ်ကတော့ မီးမှော်၊ လေမှော်နဲ့ပတ်သက်တဲ့ စာအုပ်တွေ တော်တော်များများတွေ့ထားတယ်ဗျ။ ကျွန်တော်တို့လဲ သတ်မှတ်ထားတဲ့ စာဖတ်နေရာကိုသွားပြီး စိတ်အားထက်ထက်သန်သန်နဲ့ ဖတ်ကြတော့တာပေါ့။
အလယ်တန်းအဆင့်အလင်းမှော်စာအုပ်မှာ ထူးထူးခြားခြားဘာမှမပါဘူးဗျ။ ဒါနဲ့ပဲ လေဟာနယ်မှော်ပညာတိုက်ခိုက်နည်း(၁၀၀) ဆိုတဲ့စာအုပ်ကို စလှန်လိုက်တော့တယ်။ ဒီစာအုပ်ကတော့ ကျွန်တော့အတွက် တကယ်ကိုစိတ်ဝင်စားစရာကောင်းတယ်။ အထဲမှာ လေဟာနယ်မှော်သခင်တွေရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေပါတယ်လေ။ ဘာမှသတိမထားမိလောက်အောင်ကို အချိန်တွေကုန်သွားပါလေရော။
" ကျန်းကုန်း.. မှောင်လာပြီကွ။ ငါတို့ပြန်သင့်ပြီ။ မနက်ဖြန် အတန်းတက်ဖို့လိုသေးတယ်လေ.. "
" ကောင်းပြီလေ .. "
ဟုတ်တာပေါ့။ ညနေပိုင်းမှာ ကျွန်တော့ မှော်သားရဲလေး ရှောင်ကျင်းကို စစ်ဆေးဖို့နေရာတစ်ခု လိုသေးတယ်လေ။
စားသောက်ခန်းမှာ ညစာစားပြီးတော့ ကျွန်တော်တို့ သက်ဆိုင်ရာအခန်းတွေကို ပြန်ခဲ့ကြပါတယ်။ ခေါင်းစိမ်း ကျွန်တော့ကိုမြင်တော့ ဘာမှမပြော့ဝံ့တော့ဘူး။ တခြားအခန်းဖော်(၂)ယောက်ကလဲ သူ့တို့ဖာသာ သူတို့ခြင်ဆင်သုံးသပ်ခြင်းလုပ်နေကြတယ်။ သူတို့နဲ့ မရင်းနှီးသေးတော့ သူတို့နာမည်တွေ ခုထိမသိသေးဘူး။
ကျွန်တော် ကျောင်းနောက်က ကွက်လပ်ကြီးထဲကို တိတ်တိတ်လေး ထွက်လာခဲ့တယ်။
" ငါ့ ရှောင်ကျန်း(မှော်သားရဲ)လေးရေ၊ ငါ့အသံကြားရင် ထွက်လာခဲ့လိုက် .. "
ရှောင်ကျန်းရဲ့ ပုံရိပ်လှလှလေး ကျွန်တော့ရှေ့မှာပေါ်လာတယ်။ သူကိုလက်ထဲထားပြီး ဂရုတစိုက်စစ်ဆေးကြည့်လိုက်တယ်။ သူစပေါက်တဲ့အချိန်ကထက် နည်းနည်းလေးပိုကြီးလာသလိုပဲ။ သူ့တိုးတက်မှုက တော်တော်လေးမြန်တာပဲ။ တစ်ရက်ထဲနဲ့ ဒီလောက်ထိဖြစ်လာတယ်။
" ရှောင်ကျင်း .. မှော်ပညာတခုတလေ သိတာရှိလား။ "
ကျွန်တော် မျှော်လင့်ချက်နဲ့မေးလိုက်ပေမယ့် ရှောင်ကျင်းနားလည်ပုံမရဘူး။ ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ကျွန်တော့ကို စိုက်ကြည့်နေတယ်။
" ရှောင်ကျင်းရေ. အလင်းမြှား.. "
သူခေါင်းခါနေတယ်။ ဘာမှလဲဖြစ်မလာဘူး။ သူကြီးထွားအစွမ်းထက်လာဖို့အတွက်က ဒီနည်းလမ်းနဲ့ အဆင်မပြေဘူးထင်တယ်။ ဘာဖြစ်ဖြစ်သူ ဖွံ့ဖြိုးမြဲမှော်သားရဲ အမျိုးအစားလေ။ သူတတ်သလောက် ထုတ်ပြသင့်တာပေါ့။ ဒါဘယ်လိုကြီးလဲ။
" ငတုံးလေး ... မင်းရဲ့ မှော်သားရဲနဲ့ ဆက်သွယ်ချင်ရင် မင်းစိတ်ဝိညာဉ်ကိုသုံးရတယ်ကွ၊ မင်းဒီအတိုင်းလျှောက်ပြောနေရင် သူနားလည်မှာမဟုတ်ဘူး.. "
" ဘယ်သူလဲ ... "
ကျွန်တော်ချက်ချင်း ချာကနဲလှည့်ကြည့်လိုက်တယ်။ အဖြူရောင်သာမန်မှော်သခင်ဝတ်စုံ ဝတ်ထားတဲ့ လူအိုကြီးတစ်ယောက်ကျွန်တော့နောက်မှာ ပေါ်လာတယ်။
" မင်းနာမည် ဘယ်သူလဲ၊ မင်း ကျောင်းသားတစ်ယောက်လား။ "
" ဟုတ်ပါတယ်။ ကျွန်တော်လဲ အဖိုးလိုပဲ အလင်းမှော်စွမ်းအင်ကို ပင်မလေ့ကျင့်သူပါ။ "
လူအိုကြီးက ပေါ့ပေါ့ပါးပါးနဲ့ အနားရောက်လာပြီးတော့ ကျွန်တော့ခေါင်းကို အသာပုတ်လိုက်တယ်။
" မင်းရဲ့ စိတ်ဝိညာဉ်ကိုသုံးပြီး သူနဲ့ဆက်သယ်ကြည့်၊ အလုပ်ဖြစ်မဖြစ် စောင့်ကြည့်လိုက်လေ။ "
" ဟုတ်ကဲ့ "
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်မတတ်နိုင်တဲ့ဟာဆိုတော့ အခုနေကြိုးစားကြည့်လိုက်တာပေါ့။ ကျွန်တော်သေချာအာရုံစိုက်ပြီ စိတ်ဝိညာဉ်ကနေတဆင့် ရှောင်ကျင်းကိုအလင်းရောင်လေးတစ်ခုခုလွှတ်ဖို့ ကျွန်တော်ပြောကြည့်လိုက်တယ်။ ကျွန်တော်ထပ်ပြီး အလင်းမြှားပစ်ခတ်မှုနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာပါ သေချာပြောပြလိုက်သေးတယ်။ ရှောင်ကျင်း ကျွန်တော့ကို ခဏကြည့်လိုက်ပြီးတော့ သူ့ ခန္ဓာကိုယ်မှာ အဖြူရောင်အလင်းဖြာထွက်လာတယ်။ ပြီးတော့ သူ့ပါးစပ်ထဲကနေ အလင်းတန်းတစ်ခုထွက်လာပြီး အနားမှာရှိတဲ့ သစ်ငုတ်တိုတစ်ခုကို ထိသွားပါလေရော။
" အောင်မြင်သွားပြီ .. "
ရှောင်ကျင်းရဲ့ မှော်မန္တန်ကိုဘယ်လိုသုံးလို့တယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော်အရမ်းပျော်သွားတယ်။ မန္တန်သုံးပြီးတာနဲ့ ရှောင်ကျင်းတစ်ကိုယ်လုံး ပျော့ခွေသွားရော။ သူမှော်စွမ်းအားကုန်သွားတာနေမှာ။ ချက်ချင်းကို ကျွန်တော့ကိုယ်ထဲ ပြန်ထည့်ထားလိုက်တော့တယ်။
" ကျေးဇူးတင်ပါတယ် အဖိုး.. "
" မင်းမှာ တကယ်ကို မှော်စွမ်းရည်ထူးထူးချွန်ချွန်ရှိနေတော့ မင်းနဲ့ မင်းမှော်သားရဲကြားက ဆွက်သယ်မှုကို မကြာခင်ထိန်းချုပ်နိုင်မှာပါ။ မဆိုးဘူးကွ။ မင်းငါ့ဆီမှာ အလင်းမှော်ပညာ မသင်ချင်ဘူးလား "
သူရယ်ရယ်မောမောနဲ့ ကျွန်တော့ကို မျက်နှာချင်းဆိုင်မေးလာတယ်ဗျ။
အာ.. ကျွန်တော်မလုပ်ချင်ပါဘူး။ ကျွန်တော့ကို တစ်ယောက်ယောက် စောင့်ကြည့်နေတာကြီး ထပ်မလိုချင်တော့ဘူး။
" မလိုသေးပါဘူး။ မလိုသေးပါဘူး။ ကျွန်တော် တစ်ယောက်တည်း ကြိုးစားကြည့်ချင်သေးလို့ပါ။ အဖိုးကို နှုတ်ဆက်ခဲ့ပါတယ်။ မနက်ဖြန်အတန်းတက်ဖို့ ကျွန်တော် ပြန်အိပ်မှဖြစ်တော့မယ် ခင်ဗျ။ "
ပြောပြီးတာနဲ့ ကျွန်တော်ချက်ချင်းကို ထွက်ပြေးတော့တာ။ နတ်ဆိုးအိုကြီးလိုနောက်တစ်ယောက် ထပ်မတွေ့ချင်တော့ဘူးလေ။
ထွက်ပြေးလာတဲ့ ကျွန်တော့နောက်ကျောကိုကြီးပြီး အဖိုးကြီး ပြောသံတိုးတိုးလေး ကျွန်တော်ကြားလိုက်သေးတယ်ဗျ။
" ဘယ်လောက်ထိအောင် ကိုယ်ရည်သွေးလိုက်တဲ့ကောင်လေးလဲ။ တခြားသူတွေ ငါ့ဆီမှာ ပညာလိုချင်လွန်းလို့ တောင်းပန်နေကြတဲ့ကြားက ငါတပည့်လက်မခံခဲ့ဘူး။ ငါတပည့်အဖြစ် လက်ခံချင်တဲ့ကောင်လေးက မမျှော်လင့်ဘဲ ငါ့တပည့်မဖြစ်ချင်ဘူးတဲ့လား။ ဟား .. ဟား "
သူ ကူကယ်ရာမဲ့ပြီး ခေါင်းခါကျန်ခဲ့လေရဲ့။
ကျွန်တော် အခန်းရောက်တော့ ခေါင်းစိမ်းက အိပ်မက်တောင်မက်နေပြီး အိပ်မက်နတ်ဘုရားနဲ့ စစ်တုရင်ကစားနေလောက်ပြီ။
ကျန်တဲ့ နှစ်ယောက်ကတော့ ကျင့်နေကြတုန်းပဲ။ ကျွန်တော် အိပ်ယာပေါ်လှဲချလိုက်ပြီး အလင်းစွမ်းအင် ဦးလေး၊ ဒေါ်လေးတို့ကို ဆက်သွယ်ကြည့်လိုက်တယ်။ ကျွန်တော့ မျက်ခုံးနှစ်ခုကြားကို အလင်းအစီအနစ်တွေ ဝင်လာတယ်။ အဲဒီအထဲက တစ်ချို့တစ်ဝက်ကို ထိန်းသိမ်းပြီး၊ တစ်ချို့တစ်ဝက်ကို ရှောင်ကျင်းဆီပို့လိုက်တယ်။ ကျေနပ်နေတဲ့ ပုံစံနဲ့ ရှောင်ကျင်း ပျော်နေတဲ့အသံတိုးတိုးလေးအော်ရင် သူပျော်နေတဲ့ ခံစားချက်ကို ဆန္ဒဖော်ထုတ်လာပါလေရော။
အရင်ကဆိုရင် ကျွန်တော် ဆင်ခြင်သုံးသပ်မှု လုပ်တဲ့အခါတိုင်း ကျွန်တော့ခွန်အားက တိုးလာပုံမရဘူး။ ကျွန်တော့ခန္ဓာကိုယ်က ပုလင်းတစ်လုံးလိုပဲ အထဲမှာပြည့်နေတာ။ ဘာကြောင့် တိုးတက်လာအောင် လုပ်လို့မရတာလဲ။ ဒီလိုဆိုမှတော့ အလင်းအစီအနစ်တွေကို ရှောင်ကျင်းကိုပေးလိုက်တာပေါ့။ ရှောင်ကျင်းရှိနေတဲ့ နေရာကို အလင်းစွမ်းအားတွေသူစုစည်းနိုင်အောင် ပို့လိုက်ပြီးတော့ အလင်းသဘာဝကို တဖြည်းဖြည့်လေ့လာနေလိုက်တယ်။ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးထွားလာနေတဲ့ပုံပဲ။ ဒါကောင်းကောင်းကြီး အောင်မြင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်မယ်။ အိုး..အို.. ကလေးလေးကို အစာကျွေးသလိမျိုးနဲ့တူပါတယ်။ လက်ရှိအခြေအနေကို ဆက်ထိန်းထားဖို့ ကျွန်တော်အိပ်ပစ်လိုက်တော့တာပေါ့ဗျာ။
……
မနက်စောစောကျ မာခယ်မနက်စာစားဖို့ လာခေါ်ပါတယ်။ ဒီနေ့ မနက်စာအတွက် ပေါင်မုန်တွေ၊ ကြက်ဥတွေ၊ ဆန်ပြုတ်တွေဗျ။ ပေါင်မုန့်ပေါက်စီက(၂)လုံး၊ ကြက်ဥ(၃)လုံး၊ ဆန်ပြုတ်တစ်အိုးနဲ့ နွားနို့တစ်ခွက်ကျွန်တော်တွယ်ပစ်လိုက်တယ်။ ကျွန်တော့ဘေးနားကကျောင်းသားတွေဆို ကျွန်တော့ကို အငတ်တစ်ယောက်ကို ကြည့်သလိုမျိုး ဝိုင်ကြည့်နေကြရော။ စားသောက်ခန်းထဲက ဆရာတွေတောင် ကျွန်တော့စားသောက်စရိတ် တိုးသတ်မှတ်ရင်ကောင်းမလားဆိုတဲ့ အကြည့်တွေနဲ့ဗျို့။ သူတို့ဟာသူတို့ ဘယ်လိုမြင်မြင် ဂရုမစိုက်ပါဘူး။ ကျွန်တော် ဝအောင်စားလိုက်တာပဲ။
" ငါဗိုက်ဝပြီ ... မာခယ် .. အတန်းသွားတက်ကြစို့။ "
ကျွန်တော်တို့ စာသင်ခန်းအဝကိုရောက်လာတယ်။ ဝါး.. ခေါင်းစိမ်းရော၊ အခန်းဖော်တွေရော၊ ကျွန်တော်တို့ကလွဲရင် အကုန်ရောက်နေကြပြီပဲ။ ကျွန်တော်များ အချိန်စာရင်းမှားမှတ်ထားမိတာလား။ မှားစရာလဲမရှိပါဘူး။ ခုမှ (၈)နာရီခွဲပဲရှိသေးတယ်လေ။
" ကျန်းကျန်း၊ မာခယ်၊ မင်းတို့ မြန်မြန်သွားထိုင်လိုက်ပါ။ နောက်ဆိုရင် အတန်းကို နာရီဝက်စောစောခဲ့ကြ။ ငါတို့အတန်းက တခြားအတန်းတွေနဲ့မတူဘူး။ "
ဆရာမက မရမ်းကို ဥပတိရုပ်ကောင်းကောင်းနဲ့ပြောပါတယ်။ မနေ့တုန်းကတော့ သူ့ကိုသူ ရှို့လန်လီ လို့မိတ်ဆက်ထားတာပဲ။
" ဟုတ်ကဲ့ပါ ဆရာမရှို့လန် .. "
မာခယ် တံတွေးတစ်ချက် မြိုချပြီးတော့ ကျွန်တော်တို့ ဝင်ထိုင်လိုက်တယ်။
" ကောင်းပြီလေ။ ငါတို့စာဆက်သင်ကြတာပေါ့။ ဒီနေ့ ကျောင်းသားတွေကို သင်ပေးမယ့် သင်ခန်းစာခေါင်းစဉ်က ခရီးရှည်ပို့ဆောင်ခြင်းမှော်ပညာပဲ .. "
ဆရာမ ရှို့လန်က ရွှေ့ပြောင်းခြင်းမှော်ပညာရဲ့မူလအစနဲ့ အသုံးချပုံတွေကို အသေးစိတ် အဆက်မပြတ်ရှင်းတမ်းထုတ်ပါတော့တယ်။ ဒါတွေက ကျွန်တော့နတ်ဆိုးအိုကြီးသင်ပေးထားပြီးသားတွေဆိုတော့ အိပ်ချင်လာရော။ နောက်ဆုံးတော့ ဒီလိုအနေအထားနဲ့ ခရီးရှည်ပို့ဆောင်ခြင်းမှော်ပညာဟာ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတဲ့စကားကို ကျွန်တော်တရေးနိုးတဲ့အချိန်ကြားလိုက်ရပြီး အတန်းချိန်လဲ ပြီးသွားပါလေရော။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား