ရှောင်ကျင်း၏ကြီးထွားမှု
Vol. 2 Ch. 21
" အကိုကြီး၊ အကိုကြီး ... "
ကျွန်တော်အတန်းတက်ဖို့ ပြင်ဆင်ပြီးတဲ့အချိန် မာခယ်ရောက်လာပြီး ခေါ်နေတာဗျ။
" ဘာလဲ ဟ.. "
မာခယ် အသက်ပြင်းပြင်းရှူရင်းနဲ့ ...
" မနေ့က ငါ့ကိုတွယ်ခဲ့တဲ့ကောင်ကို တွေ့ခဲ့တယ်။ "
" ဘယ်သူလဲ ... "
မာခယ့်စကားတွေကို ကျွန်တော်စိတ်ဝင်စားသွားတယ်၊
" အကိုကြီး တော်တော်မျှော်လင့်နေပုံပဲ ။ အဲဒီကောင်က ဟိုကောင်မလေးရဲ့ အကိုကြီးတဲ့။ ဟား... ဟား.. ငါ့မှာ မျှော်လင့်ချက်ရှိသေးတယ်... "
ဒီကောင် မာခယ် တော်တော်ကို စိတ်လှုပ်ရှားနေတာဗျ။
" တကယ်ကြီးလားဟ။ ဒါဆိုရင် သိပ်တော့မဆိုးပါဘူး။ မင်းကလဲ့စားချေစရာ မလိုတော့ဘူးပေါ့။ "
" အမှန်ပဲ။ ငါလက်စားအချေတော့ဘူး။ ငါ့ယောက္ဖလောင်းကို ငါဘယ်လိုလုပ် သွားတွယ်လို့ဖြစ်မလဲ။ "
" ဘာရယ်... မင်းတို့နှစ်ယောက်ကြားမှာ ဘာဆက်နွယ်မှုတစ်ခုခု ရှိသေးလို့လဲဟ။ သူတို့က အခု ဘယ်အတန်းမှာလဲ။ "
ဒီမေးခွန်းကတော့ မာခယ်ကို စိတ်ဓါတ်ကျတဲ့ရုပ်ဖြစ်အောင် ချက်ချက်ကို ဖန်တီးပစ်လိုက်တာဗျ။
" အဲ့ကောင်မလေး အရမ်းလှတာကွ။ အခုသူက တတိယနှစ်မှာ။ ဒီတော့ ငါတို့ထက် အနည်းဆုံး (၂)နှစ်ကြီးတယ်။ သူ့ပင်မမှော်က ရေစွမ်းအင်။ သူ့အကိုကြီးက စတုတ္ထနှစ်က ကျောင်းသားခေါင်းဆောင်။ သူ့ပင်မကျတော့ မီးမှော်စွမ်းအင်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး အဲဒီကောင်ကြီးက ဒီကျောင်းရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲက တစ်ယောက်လို့ ငါကြားလာတယ်။ "
ဒီကောင် အချစ်ရေးကံမကောင်းတာကြားတော့ ကျွန်တော် ဝမ်းသာအားရနဲ့ပဲ..
" အို့ .. အို ... ဒါတောင် မင်းက သူ့ညီမကို သွားကြောင်ချင်နေတုန်းပဲနော်။ ငါတော့ မင်းသတ္တိကို တော်တော်လေးစားပြီလေ။ "
ဒါပေမယ့် ဒီကောင့် မျက်နှာမှာတော့ စိတ်အားထက်သန်မှုတွေ အပြည့်ရှိနေတုန်းပဲ။
" ချစ်ခြင်းမေတ္တာဆိုတာ အရမ်းတန်ခိုးကြီးတယ်ကွ။ ငါဆက်လုပ်ရမယ့်အလုပ်ကို ဇွဲရှိရှိဆက်လုပ်ရင် အောင်မြင်မှုဆိုတာ ငါ့အတွက်ပဲ။ "
" အေးပါ အေးပါ။ မင်းလုပ်နိုင်သမျှ အကောင်းဆုံးလုပ်။ သူများတွေ ရိုက်တာလဲ ခံမလာရစေနဲ့ "
" ဒါတွေစိတ်ရှုတ်စရာကောင်းတာပဲ။ မင်းပြောလိုက်ရင် ငါ့အတွက် စိတ်ဓါတ်ကျစရာတွေကြီးပဲ။ ကဲကဲ ငါတို့ မြန်မြန်အတန်းသွားတက်ကြစို့။ "
ရှေ့က ဆရာရဲ့ဟောပြောချက်တွေ နားထောင်ရင်း မာခယ်ကို သတိထားကြည့်နေမိတယ်။ ဒီကောင် တစ်ခုခုကို ကြံစည်နေပုံပဲဗျ။ မျက်မှောင်ကြုတ်လိုက် ရယ်လိုက် လုပ်နေတယ်လေ။ တော်တော်ရယ်စရာကောင်းတာ။ ကျွန်တော်သူ့ကို စက္ကူလုံးနဲ့ လှမ်းပစ်လိုက်တယ်။ ဒီကောင် တုန်လှုပ်သွားပြီး ကျွန်တော့ကို နှုတ်ခမ်းစူကြီးနဲ့ ပြန်ကြည့်တယ်။ ကျွန်တော် အဲဒီလို အာရုံများသွားတုန်း ဆရာက ...
" ကျန်းကုန်း ... ဒီမေးခွန်းဖြေပါအုံး ... "
" အာ .. ဟို .. ဟုတ်ကဲ့ပါ။ "
" ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်း မှော်ပညာဆိုတာဘာလဲ... "
ကြည့်ရတာ သူသင်တာကို ကောင်ကောင်းအာရုံမစိုက်လို့ ကျွန်တော့ကို တမင်ရွေးမေးတာဖြစ်မယ်ဗျ။
ဟီ..ဟိ။ မထင်မှတ်ပဲ သူက ဒီမေးခွန်းလေးမေးလာတယ်တဲ့။ ကျွန်တော် အေးအေးဆေးဆေးပဲ...
" ခရီးရှည်တည်နေရာရွှေ့ပြောင်းခြင်းမှော်ပညာဆိုသည်မှာ အလွန်ဝေးကွာသောတည်နေရာတစ်ခုသို့ ချက်ချင်းရွှေ့ပြောင်းရောက်ရှိနိုင်ရန် လေဟာနယ်မှော်စွမ်းအင်ကို အသုံးပြုရသည်။ ထိုအရာသည် လေဟာနယ်ကို ဖြတ်သန်း၍ တံခါးပေါက်တစ်ခု ဖွင့်လှစ်ရသည်နှင့် ပုံသဏ္ဍာန်တူပါသည်။ အထက်တန်းအဆင့် မန္တန်ကိုအသုံးပြု၍ အခြားသူများအား ဤကဲ့သို့ ရွှေ့ပြောင်းပေးပို့နိုင်သော်လည်း အောင်မြင်နိုင်မှု အလွန်နည်းပါးပါသည်။ အကယ်၍ မှော်သခင်တစ်ယောက်သည် လေဟာနယ်မှော်စွမ်းအင်အား အမြင့်မားဆုံးအနေအထားဖြင့် ထိန်းချုပ်နိုင်ခြင်းမရှိပါက သာမာန်အားဖြင့် အသုံးပြုနိုင်မည်မဟုတ်ပေ။ "
ကျွန်တော် သူ့မေးခွန်းကို သက်တောင့်သက်သာလေးနဲ့ စနစ်တကျဖြေပေးလိုက်ရင်း မာခယ်ကိုတောင် လှမ်းကြည့်လိုက်မိသေးတယ်။
" မှန်တယ် .. မင်းထိုင်နိုင်ပြီ။ ကျန်းကုန်း... မင်းအဖြေ တော်တော်ကိုကောင်းတယ်။ ဒါပေမယ့် နောက်ဆိုရင် ဆရာရှေ့က သင်ကြားပေးသမျှ သေချာအာရုံစိုက်ဖို့တော့ လိုလိမ့်မယ်။ "
" ဟုတ်ကဲ့ပါ ဆရာ.. "
ကျွန်တော် နည်းနည်းတော့ ရှက်သွားတယ်။ ဆရာခုလိုသတိပေးထားပြီဆိုတော့ နောက်ထပ်မလုပ်ရဲတော့ဘူး။ အတန်းချိန်ပြီးတဲ့အထိ သေသေချာချာအာရုံစိုက်ပေးလိုက်ရော။ ညည်းငွေ့လွန်းလို့ အိပ်ချင်လိုက်တာ လွန်ပါရောဗျာ။
ဒီအခက်အခဲကြီးကို ကျွန်တော်မွန်းတည့်ချိန်အထိ တောင့်ခံထားရတာ။ ကျွန်တော်နဲ့ မာခယ် နေ့လည်စာစားပြီးတာနဲ့ သူ့မိန်းမပိုးခြင်း စီမိကိန်းကြီးအတွက် ထွက်သွားပါရော။ ဒီကောင်နဲ့ပေါင်းရတာ တကယ့်ကို မဟာအမှားကြီးမှားတာပဲ။ ကျွန်တော် နေ့လည်ပိုင်းမှာ ပြန်အိပ်ချင်နေတာ။ အခုလို ကျွန်တော့ရဲ့ မျက်ဝန်းထဲမှာ သူရဲကောင်းတစ်ယောက်ပုံရိပ် ပျက်စီးစေမယ့် သူငယ်အိမ်ပုံစံတွေ ရှိနေလိမ့်မယ်။
******************
ကျကျနနကြီး ဇိမ်နဲ့အိပ်ပြီးလို့ နိုးလာတိုင်း ကျွန်တော့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်အလင်းတွေနဲ့ ပြည့်နေသလိုခံစားရတာ။ ဒါကြီးက ထပ်တိုးမလာပေမယ့် ကျွန်တော့်ခန္ဓာကိုယ်စွမ်းအား တော်တော်ကောင်းစေတယ်။ ပြင်ပလောကကြီးကို ရှုစားဖို့ ပြတင်းတံခါးဖွင့်လိုက်တယ်။ အို့..အို။ တစ်နေ့တာ ကုန်သွားပြန်ပြီပဲ။ ကျွန်တော် တော်တော်ကြာကြာကြီး အိပ်ပစ်တာကိုး။ ဒါမကောင်းသေးဘူး။ ကျွန်တော်ညစာစားရအုံးမှာပဲ။ မဟုတ်ရင် ဘာမှကျန်တော့မှာမဟုတ်ဘူး။
လျှပ်စီးလက်သလိုအရှိန်နဲ့ ထမင်းစားခန်းကို ပြေးရတာပေါ့။ နောက်တောင်ကျနေပြီ။ ဆိုးတော့မဆိုးပါဘူး နောက်ကျပေမယ့် အစားအသောက်တွေတော့ ရောင်းနေကြတုန်းပဲ။ ကျွန်တော် ညစာကို ဖုတ်ကောင်(၃)ကောင်စာလောက်အထိ ခပ်မြန်မြန်ယူလိုက်တယ်။
" ဝိုး ... ဒါ အလင်းအိုးပဲကွ။ မင်းမြင်လား။ ဒီကောင် တော်တော်စားနိုင်တဲ့ကောင်။ "
" ဟုတ်ပါကွာ။ ဝက်ကျနေတာပဲ... "
ကျွန်တော့နောက်ကျောဘက်ကနေ လှောင်ပြောင်သံတွေ ဒီအတိုင်းကြားနေရတယ်။ တခြားလူတွေ ဘယ်လောက်ထိစားတယ်ဆိုတာ သူတို့တော်တော်စိတ်ဝင်စားကြတာပဲ။ တကယ့်စိတ်ရှုတ်စရာကြီးပါဗျာ။ အရမ်းစိတ်ထားကောင်းတဲ့ကျွန်တော်ဆိုတော့ကာ ဒါတွေကို လက်လျူရှုထားလိုက်ရတာပေါ့။ ကျွန်တော်စားတာ အရမ်းမြန်တယ်ဗျ။ စားပြီးတော့မှ မနေ့က လူအိုကြီးနဲ့တွေ့တဲ့နေရာကို သွားပြီး ရှောင်ကျင်းကို ခေါ်ထုတ်လိုက်တယ်။
ကျွန်တော်နဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီကောင်တော်တော်လေးအစားနည်းတယ်ပြောရမယ်။ ဒီကောင်က ကျွန်တော်စွမ်းအင်တွေစုစည်းချိန်ဆိုရင် အလင်းမှော်တွေကိုစားတယ်၊ ကျွန်တော်က ထမင်းစားတယ်လေ။
ဝိုး ... ဒီကောင့်ကြီးထွားနှုန်း တော်တော်မြန်တာပဲ။ ဒါတောင် အကုန်စားပစ်တာမဟုတ်သေးဘူးနော်။
" မင်း အကောင်သေးသလောက် တော်တော်စားနိုင်တာပဲ။ "
ရှောင်ကျင်း သူ့လက်ကိုသူဆုပ်ထားတယ်ဗျ။ သူမွေးတုန်းက အရွယ်အစားထက် သုံးဆလောက်ကို ကြီးလာတာ။ အခုဆိုရင် (၂)ပေလောက်ရှည်ပြီး လုံးပတ်က ရေခွက်တစ်ခွက်စာလောက်ဖြစ်နေပြီ။
" မင်းဘယ်လိုတွေ အစွမ်းထက်လာပြီလဲဆိုတာ ပြစမ်းပါအုံး.. "
အဲဒီနောက်မှာတော့ ကျွန်တော် ရှောင်ကျင်းကို ကျွန်တော့ပညာတွေ သင်ပေးလိုက်တယ်။ တကယ်ကိုမကောင်းတာ။ ဒီကောင် အလင်းစွမ်းအင်ကလွဲရင် ဘာမှကိုမစားတာ။ ဒါလဲ တစ်ခုတော့ ကောင်းတာပါပဲ။ ခုဆိုရင် ကျွန်တော် တတ်သမျှ အလင်းမှော်ပညာတွေအားလုံး ရှောင်ကျင်းသုံးနိုင်နေပြီ။ ဒါပေမယ့် သူကိုယ်တိုင်တော့ သဘာဝလေထုထဲက အလင်းစွမ်းအင်တွေကို တိုက်ရိုက်မစုပ်ယူနိုင်သေးဘူး။
(မူရင်းစာရေးသူမှတ်ချက်။ ။ ဖွံ့ဖြိုးဆဲမှော်သတ္တဝါများသည် ကနဦးတွင်လျှင်မြန်စွာ ကြီးထွားတတ်ပြီး သခင်ဖြစ်သူ၏မှော်ပညာများကို လေ့လာသင်ယူနိုင်စွမ်းရှိကြသည်။ ထိုမှော်သတ္တဝါများ အဆင့်မြင့်လာသည်နှင့်မျှ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများသည်လည်း တိုးတက်လာနိုင်ကြသည်။)
ရှောင်ကျင်းကို ကျွန်တော့်ခန္ဓာကိုယ်ထဲပြန်ထည့်လိုက်တော့တယ်။
" ရှောင်ကျင်းရေ ငါတို့ ပြန်အိပ်ကြရအောင်။ မင်းဒီလိုပဲ ကောင်ကောင်းကြီးထပ်ကြီးထွားလာဖို့လိုတယ်။ "
ကျွန်တော် တဖြည်းဖြည်း မှိန်ဖျော့ပျောက်ကွယ်သွားပြီးတဲ့အချိန် မလှမ်းမကမ်းက သစ်အိုပင်ကြီးပေါ်မှာ ပုံရိပ်တစ်ခုပေါ်လာတယ်။
" ဒီကလေးရဲ့ မှော်သားရဲက သာမာန်အတိုင်းကြီးလာတတ်တဲ့ မှော်သားရဲမျိုးမဟုတ်ဘူး။ သူ့ကြီးထွားနှုန်းက အရမ်းကိုမြန်တယ်၊ ဘယ်လိုထူးခြားမှုရှိနိုင်လဲမသိသေးဘူး။ အနာဂါတ်မှာ ဒီကလေး ထူးထူးခြားခြား အောင်မြင်လာမယ့်အကောင်ပဲ။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေး ငါ့တပည့် ဖြစ်ကိုဖြစ်လာရမယ်။ ဟား .. ဟား .. "
အဲဒီလူအိုးကြီးပုံစံက လေးစားစရာ တစ်ကွက်မှမရှိဘူး။
တစ်ယောက်ယောက်ကြံစည်နေတယ်ဆိုတာ မသိဘဲ ကျွန်တော်အဆောင်ပြန်လာပါတယ်။ ခေါင်းစိမ်းလဲ ဒီမှာရှိနေတာပဲ။
" ကျန်းကုန်း ... ငါမှားခဲ့ပါတယ်။ ငါ့ကို စိတ်မဆိုးပါနဲ့နော်။ "
ခေါင်းစိမ်း အေးအေးချမ်းချမ်းပဲ ကျွန်တော့ကို ပြောလာတယ်။
" ပြဿနာမရှိပါဘူးလေ။ နောက်ပြီးတော့ ငါ့အတွက်အခက်အခဲဖြစ်မှာမှမဟုတ်တာ။ ခုတော့ ငါအိပ်တော့မယ်ကွာ .. "
" ကျန်းကုန်း .. မင်းသူငယ်ချင်း မာခယ်၊ ဒီနေ့ထပ်အရိုက်ခံရတယ်ကြားတယ်။ ဒီကောင့်အတွက်တော့ တော်တော်စိတ်ဆင်းရဲစရာပဲ။ "
" အဟေး။ တကယ်ကြီးလားဟ။ ကျေးဇူးတင်တယ် ခေါင်းစိမ်း။ ငါသူ့ကို သွားကြည့်လိုက်အုံးမယ် "
ကျွန်တော့အိပ်ချင်စိတ်တွေမောင်းထုတ်လိုက်ပြီးတော့ ကပ်လျက်အခန်းကို ချက်ချင်းရောက်သွားတယ်။
အာ ... ဒီကောင့်ပုံစံက မနေ့ကထက်ကို ပိုပြီးစိတ်ပျက်စရာကောင်းနေသေးတယ်။
" မာခယ်... မင်းကိုကူညီမယ့် ဆရာတစ်ယောက်မှမတွေ့ရပါလား။ "
" အကိုကြီး.. မင်းလာကြည့်တာလား။ ငါ.. ငါ... ကျောင်းထုတ်ခံရမှာကြောက်လို့ကွ။ ဒီကျောင်းမှာ ပုဂ္ဂိုလ်ရေးရန်ပွဲဖြစ်ရင် ကျောင်းထုတ်ခံရလိမ့်မယ်။ "
" ငါ မင်းကို ဘယ်လိုကောင်းအောင်နေရမယ်ဆိုတာ မပြောခဲ့ဘူးလား။
မိတ်ဆွေ အလင်းစွမ်းအင်တို့။ သင်တို့မိတ်ဆွေရှေ့မှောက်တွင်ရှိသော အနှီပုဂ္ဂိုလ်အား ကယ်တင်စောင်မပေးဖို့ရာ တောင်းဆိုပါ၏။ "
မာခယ် မိန်းမပိုးတာ ရယ်ရပေမယ့် ဒီကောင်ကျွန်တော့ညီဖြစ်နေဆဲပဲလေ။ ကျွန်တော် ဘယ်လိုလုပ်ပစ်ထားနိုင်မှာလဲ။ ဒီလောက်ဆိုရင်တော့ ဒီကောင့်ဘဝရှည်ကြီးထိအောင် အမည်းစက်ကြီး ဆွဲသွားလိမ့်မယ်ထင်တာပဲ။ မာခယ် ပြောလာတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော့ အတွေးတွေ ပျက်သွားပါလေရော။
" အကိုကြီး ... အရမ်းကျေးဇူးတင်တယ်။ ဒီနေ့ငါ့ကို သူ့နာမည်လေး ပြောလိုက်တယ်ကွ။ "
ကျွန်တော် ပက်လက်လန်သွားတယ်။ ဒီကောင့်ကို လူထူးလူဆန်းတစ်ယောက်ကို ကြည့်သလိုကြည့်ပစ်လိုက်မိတယ်။
" အကိုကြီး ... ငါ့ကိုဘာလို့အဲလိုကြီးကြည့်တာလဲ။ "
" အဲ့ကောင်မလေးက မင်းကိုသူ့နာမည်ပြောလိုက်တယ်ဆိုရင် မင်းက ဘယ်လိုလုပ်အရိုက်ခံခဲ့ရပြန်တာလဲ "
" ဟီး ..ဟီး။ သူ့အကိုက သူ့နာမည်ခေါ်တာ ငါကြားခဲ့တာ။ သူ့အကိုက ငါဒီလိုပဲ ဆက်ပြဿနာရှာမယ်ဆိုရင် ငါ့ခြေထောက်တွေ ရိုက်ချိုးပစ်မယ်တဲ့။ ငါတော့ အချိန်စောင့်ရတော့မယ်ထင်တယ်။ ခြေထောက်မရှိရင် အခြေအနေကောင်းမှာ မဟုတ်ဘူး။ အကိုကြီး... မင်း.. မင်း... ခြေကျိုးလက်ကျိုးတွေ ဘယ်လိုကုရမလဲဆိုတာသိလား ... "
မာခယ် သူဘယ်လောက်ထိကြောင်နေတယ်ဆိုတာ ကျွန်တော်တွေ့လိုက်ရပြီ။ ကံကောင်းတာက အခန်းထဲမှာ တခြားအခန်းဖော်တွေ မရှိသေးတာပဲ။ မဟုတ်လို့ကတော့ ဒီလောက်ရှက်ဖို့ကောင်းတဲ့ ညီတစ်ယောက်ရှိနေတာ တခြားလူတွေကို ကျွန်တော့်မျက်နှာ ဘယ်လိုလုပ်ပြရတော့မှာလဲ။
ပြီးတော့ မာခယ်အခန်းထဲကနေ စိတ်ဆင်းရဲစရာအော်သံတစ်ခု အားလုံးကြားလိုက်ကြရတော့တာပေါ့။
" အကိုကြီး.. အကိုကြီး... ငါ့ကိုမရိုက်ပါနဲ့တော့။ ငါမှားတာပါ.. ငါမှားတာပါ။ ငါ့ကို ခွေးဝင်စားပဲ သဘောထားလိုက်လေကွာ ... "
(ဘာသာပြန်သူမှတ်ချက်။ ။ခွေးဝင်စား= လာရောက်ကပ်ခိုနေသော ခွေး။ ငယ်စဉ်အရွယ် ကလေးသူငယ်များကစားပွဲများတွင် တရားဝင်အရေအတွက်တွင် ပါဝင်နိုင်ခြင်းမရှိသော ကလေးငယ်များကို ဆိုလိုသည်။ ထိုသူတို့၏ ပြုမူချက်သည် ကစားပွဲအနိုင်အရှုံးကို မည်သို့မှမထိခိုက်နိုင်ပေ။ သတ်မှတ်ချက်ထက်အရွယ်ငယ်လွန်သူများ၊ သို့တည်းမဟုတ် ကျပ်မပြည့်သေးသူများ ကစားပွဲအတွင်း ပါဝင်လာပါက ခွေးဝင်စားအဖြစ်သတ်မှတ်သည်။ အချို့သော နေရာဒေသများတွင် ရေပေါ်ဆီဟုလည်း သုံးနှုံးကြသည်။)
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား