ရှောင်ကျင်း၏မရဏခရီး
Vol. 2 Ch. 25
ဟိုင်ရီရဲ့ မီးလျှံကျားနီက ကောင်းကင်ကနေငုံ့ကြည့်လိုက်ပြီးတာနဲ့ အနီရောင်မြှားတစ်ချောင်းလိုအရှိန်နဲ့ ရှောင်ကျင်းဆီတရှိန်ထိုး ပြေးဝင်သွားတယ်။ ရှောင်ကျင်းလဲ ကြောက်လန့်ပြီး သူ့ခန္ဓာကိုယ်မှာ အလင်းစွမ်းအင်အကာအကွယ် ဖော်ထုတ်ထားလိုက်ရတဲ့အထိပဲ။ နောက်ပြီးတော့မှ ကျားနီရဲ့ တိုးကပ်လာတာကို တားဆီးနိုင်ဖို့အတွက် အလင်းမြှားတွေနဲ့ အဆက်မပြတ်ပစ်လွှတ်နေရပါရော။
မကောင်းတော့ဘူး။ ရှောင်းကျင်းကိုယ်တိုင်လဲ အန္တရာယ်အငွေ့အသက်တွေခံစားမိတာကြောင့် ကြောက်ရွံ့နေပြီ။
" ရှောင်ကျင်း ... အခုပြန်လာတော့!!! "
ကျွန်တော် ရှောင်ကျင်းကို ချက်ချင်းဆိုသလို ပြန်ခေါ်လိုက်ပေမယ့် အရမ်းနောက်ကျသွားပြီ။
ရှောင်ကျင်းရဲ့ အလင်းမြှားတွေက မီးလျှံကျားနီအတွက် အယားဖြေပေးနိုင်ယုံလောက်ပဲရှိတာ။ မီးလျှံကျားနီအတွက်တော့ အဖက်လုပ်လောက်စရာကိုမဟုတ်ဘူး။ ရှောင်ကျင်း ကျွန်တော့ခန္ဓာကိုယ်ထဲပြန်ဝင်ဖို့ အမိန့်ရလိုက်တဲ့အချိန် မီးလျှံကျားနီ ရဲ့ ဟန့်တားမှုခံလိုက်ရတယ်။ ရှောင်ကျင်းနားမှာ အနီးကပ်ကိုပဲ ထွက်မပြေးနိုင်အောင် တားထားတာ။
မီးလျှံကျားနီ ရှောင်ကျင်းကို အလယ်တန်းအဆင့် မီးမန္တန်တွေသုံးပြီး ရက်ရက်စက်စက်ကို နှိမ်နင်းတော့တာ။ ရှောင်ကျင်း အန္တရာယ်နဲ့ နဖူးတွေ့ဒူးတွေ့ဖြစ်နေချိန်ကျမှ ရှောင်ကျင်းဟာ ကျွန်တော့အတွက်ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပထမဆုံးအကြိမ်နားလည်လာတယ်။ ကျွန်တော်တို့နှစ်ယောက် အတူရှိခဲ့ချိန်က အရမ်းတိုတောင်းတယ်ဆိုပေမယ့် ရှောင်ကျင်းဟာ ကျွန်တော့မိသားစုဝင်လိုဆိုတဲ့ ခံစားချက်ကြီး ရှိခဲ့ပြီးပြီ။
" မလုပ်နဲ့ ..!!!! "
ကျွန်တော် အရိုင်းအစိုင်းတစ်ယောက်လို အော်ပစ်လိုက်တယ်။
ကျွန်တော့်မှာ ကျန်သမျှ အလင်းမှော်စွမ်းအားတွေစုပြီး ရှောင်ကျင်းရဲ့ အလင်းကြေးမှုံတံတိုင်းထဲကို ဖြည့်ပေးလိုက်တယ်။ ဒါပေမယ့်ဗျာ... ဒီလိုမှော်စွမ်းအား နည်းနည်းလေးက ဘယ်လိုများအကျိုးထိရောက်နိုင်မှာတဲ့လဲ။
ဒီအချိန်မှာပဲ ဟိုင်ရီ သူ့မီးလျှံကျားနီရဲ့ ထူးခြားနေတာကို သတိထားမိလိုက်ပြီးတော့ ...
" ဟုန်.. ပြန်လာခဲ့တော့၊ ပြီးသွားပြီ... "
သူက မီးလျှံကျားနီကို ပြန်ခေါ်ဖို့ကြိုးစားလိုက်တာပါ။ မီးလျှံကျားနီ ခဏလေး ငြိမ်သွားပေမယ့် နည်းနည်းလေးမှ မတွေးပဲ ရှောင်ကျင်းကို သူ့စွမ်းအားတွေနဲ့ ထပ်တိုးတိုက်လိုက်တယ်။
ကျွန်တော့ ရှောင်ကျင်းကို မီးလျှံကျားနီက သူ့မှော်အစွမ်းတွေနဲ့ ရက်စက်စက်ကို တိုက်ခိုက်လိုက်တာ။ အရမ်းပြင်းထန်တဲ့ မီးတောက်ကြီးတွေ ရှောင်ကျင်းကိုယ်ပေါ်မရောက်ခင်လေးမှာ အသံတိုးတိုးလေးတစ်ချက်ပဲ ရှောင်ကျင်း အော်နိုင်လိုက်တယ်။
" ရှောင်ကျင်း !!!!! "
ကျွန်တော့ အသည်းနှလုံးတွေ ကြေကွဲသွားသံ ထွက်လာပါလေရော။ ဒါပေမယ့် ဘယ်နေရာမှာ အသုံးဝင်မှာတဲ့လဲ။
ပတ်ဝန်းကျင်မှာ စောင့်ကြည့်နေကြတဲ့သူတွေအားလုံးလဲ တုန်လှုပ်သွားကြတယ်။ ဒီလို ပညာဖလှယ်ပွဲလေးမှာ အသတ်ခံရတဲ့အထိ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြဘူးလေ။
" အကိုကြီး .... "
အံ့ဩချိန်မရှိဘဲ ကျွန်တော့်မှာ အန္တရာယ်ရှိနေတာကြောင့် မာခယ် မီးလျှံကျားနီကို ချက်ချင်းတိုက်ခိုက်လိုက်တယ်။ ပြောပြနေရတာသာ ကြာတာဗျ၊ တကယ်တော့ အရမ်းနောက်ကျသွားပြီ။ ရှောင်ကျင်းကို မီးလျှံတွေ ဝါးမျိုသွားပြီလေ။
" ဟိုင်ရီ.. မင်းတော်တော်ရက်စက်တဲ့ကောင်။ မင်းညီမကို ငါလိုက်ပိုးနေတယ်ဆိုပေမယ့် ဒီလောက်ကြီးထိ လုပ်စရာမလိုဘူးလေ။ "
မာခယ် ဟိုင်ရီကို ဒေါသတကြီးပြောလိုက်တယ်။
" မဟုတ်ဘူး။ ငါ. ငါ... မဟုတ်ဘူး။ ဟုန်.. ဟုန်.. အခုအမြန်ဆုံးပြန်လာစမ်း "
မီးလျှံကျားနီက ရှောင်းကျင်းသေသွားပြီလို့ ခံစားရတာသေချာမှ အမိန့်နာခံပြီး ပြန်သွားတော့တယ်။
ရှိ ရှိသမျှ ပရိတ်သတ်တွေအားလုံး စွံ့အကုန်ကြရော။ ဘာဖြစ်လို့လဲဆိုတော့ ရှိရှိသမျှ မှော်သားရဲတွေအကြောင်း သူတို့သိနေကြတယ်လေ။ မှော်သားရဲ တစ်ကောင်သေဆုံးခြင်းကနေ သူ့သခင်အပေါ် မပြောပြနိုင်လောက်အောင်ကို သက်ရောက်မှုရှိတယ်လေ။
ကျွန်တော် နောက်ထပ် သွေးတစ်လုပ် အန်လိုက်ရတယ်။ ပြီးတာနဲ့သတိလစ်သွားရော။
**************
" ရှောင်ကျင်း..၊ ရှောင်ကျင်း မသေသေးဘူးမိုလား.. "
ကျွန်တော် အိပ်မက်ဆိုးကြီးထဲကနေ နိုးထလာခဲ့တယ်။ ကျွန်တော့ဘေးမှာ လူတွေအများကြီးပဲ။ ကျွန်တော် အမူအရာကင်းမဲ့နေတဲ့ ကျောက်ရုပ်ကြီးတစ်ခုလို စိတ်နဲ့လူနဲ့မကပ်ဖြစ်သွားတယ်။
" ရှောင်ကျင်းရေ.. ရှောင်ကျင်းဘယ်မှာလဲ.. ရှောင်ကျင်း မင်းမြန်မြန်ပြန်လာပါတော့. "
ဘေးပတ်ပတ်လည်မှာရှိတဲ့ လူတိုင်းကို ကူကယ်ရာမဲ့စွာနဲ့ ကျွန်တော်လိုက်မေးနေမိတယ်။
" အကိုကြီး... အရမ်းလဲ ဝမ်းနည်းမနေပါနဲ့.. ရှောင်ကျင်း တကယ်ပဲ သေသွားတာပါ.. "
မာခယ်ခေါင်းမဖော်ပဲ ဖြေသိမ့်လာပါတယ်။
" မဟုတ်ဘူး..!!! ရှောင်ကျင်းမသေဘူး.. သူအဲလိုမလုပ်ဘူး.. "
" မင်းရဲ့ မှော်သားရဲက ဖွံ့ဖြိုးမြဲအမျိုးအစားပဲ။ ဟုန်ကို လွှတ်လိုက်မိတာ ငါ့အမှားပါကွာ။ မှော်သားရဲတိုင်းက ဘယ်လိုကြီးထွားမြဲ မှော်သားရဲတိုင်းကိုမဆို ချက်ချင်းတိုက်ခိုက်တတ်ကြတာ။ "
ခုချိန် ဟိုင်ရီရဲ့မျက်နှာမှာ မောက်မာမှုတွေလုံးဝမရှိတော့ဘူး။ သူ့မာနတွေကို ခဝါချထားတယ်။
ဟိုင်ရီကို ကျွန်တော်ခေါင်းငဲ့ကြည့်လိုက်ပြီး..
" မင်း.. မင်းပဲ။ တရားခံက မင်းပဲ။ ငါ့ရှောင်ကျင်းကို ပြန်ခေါ်ပေး။ "
" ငါတောင်းပန်ပါတယ်ကွာ။ ငါဒီလိုစိတ်နဲ့လုပ်ခဲ့တာမဟုတ်ပါဘူး။ မင်းကိုယ်မင်း ပြန်ထိန်းပါ။ အနာဂါတ်မှာ မင်းလိုအပ်တာမှန်သမျှ ငါ့ကိုပြောလိုက်တာနဲ့ လုံးဝတွန့်ဆုတ်နေမှာမဟုတ်ဘူး.. "
ဟိုင်ရီ တစ်ဖက်လှည့်လိုက်ရင်း..
" ညီမလေး ... သွားကြစို့ .. "
ဟိုင်ယွီလဲ တစ်ဖက်လှည့်ရင်းနဲ့ ..
" ဒီကိစ္စမှာ ငါတို့ကမှားတာပါ။ ငါတို့နင့်ကို ပညာဖလှယ်ပွဲလုပ်ဖို့ ဖိအားမပေးသင့်ဘူး။ ငါတို့နင့်ကို အတိုင်းအတာတစ်ခုအထိ အကောင်းဆုံးသော လျှော်ကြေးတစ်ခု ပေးနိုင်ဖို့ကြိုးစားပါ့မယ်။ နင့်ဆုံးရှုံးမှုအတွက် ငါလဲထပ်တူ ဝမ်းနည်းရပါတယ်ဟာ.. "
ဟိုင်ယွီရဲ့ အရမ်းနူးညံ့ညင်သာတဲ့စကားသံတွေက ကျွန်တော့ ဝမ်းနည်းပူဆွေးမှုတွေကို မလွှမ်းမိုးနိုင်ပါဘူး။ ကျွန်တော် သူ့ကို စိတ်တိုတိုနဲ့ အော်ပစ်လိုက်တယ်...
" လျော်ကြေးပေးမယ်တဲ့လား။ နင်ကဘယ်လိုမျိုး လျော်ကြေးပေးနိုင်မှာလဲ။ နင်ရှောင်ကျင်းကို ပြန်ရှင်အောင်လုပ်နိုင်မယ်လို့ နင့်ကိုယ်နင်ထင်နေလား။ ဒါအသက်တစ်သက်ဟ။ အရမ်းချစ်စရာကောင်းပြီး အရမ်းငယ်သေးတဲ့ အသက်တစ်သက်။ "
ဘယ်လိုမှ မထိန်းချုပ်နိုင်ပဲ ကျွန်တော့မျက်ဝန်းကနေ မျက်ရည်တွေ ကျလာပါရော။
" အကိုကြီး ... အဲလိုကြီးမလုပ်ပါနဲ့ကွာ .. "
မာခယ်ကြောက်စိတ်တွေပျောက်ပြီး ဟိုင်ယွီအပေါ်ထားတဲ့ ကျွန်တော့်ဒေါသတွေကို ကာကွယ်နေတုန်းပဲ။
" မင်း..!!! မင်းလဲ ကောင်မလေးတစ်ယောက်ကို ဘယ်လိုလိုက်ပိုးရမလဲဆိုတာပဲသိတာလား။ ငါ့ရှောင်ကျင်းသေသွားတဲ့ ကိစ္စမှာ မင်းအမှားရောမပါဘူးလား။ ရှောင်ကျင်းရော။ အခု ရှောင်ကျင်းဘယ်မှာလဲ။ "
ကျွန်တော် ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်တဲ့ အခြေအနေရောက်သွားပြီ။
မာခယ် ကျွန်တော့ကို ဘာမှထပ်မပြောရဲတော့ဘူး။ အိတ်ကြီးတစ်အိတ်ကိုင်ပြီး လာပေးတယ်။
ကျွန်တော် အိတ်ကိုဖြေလိုက်တယ်။ ရှောင်ကျင်းရဲ့ အဖြူရောင်ခန္ဓာကိုယ် (၈၀)ရာခိုင်နှုန်းလောက်မှာ မီးလောင်ခံထားရတဲ့ အနီအကွက်တွေနဲ့ပြည့်နေပြီ။ သူ့ကိုယ်ပေါ်မှာပါတဲ့ ရွှေရောင်အစင်းကြောင်းလေးလဲ အရမ်းသိသိသာသာကို မှိန်သွားတယ်။
" ရှောင်ကျင်း !!!!!!!!! အီး... ရွှတ်.. ရွှတ်... "
ကျွန်တော် ခါးခါးသီးသီးကို ထိုင်ငိုချပစ်လိုက်ပါတော့တယ်။
" အကိုကြီး... ဒီလိုမလုပ်ပါနဲ့ကွာ... "
" ထွက်သွားစမ်း.. မင်းတို့မှာ ရှိရှိသမျှ ဆုံးရှုံးခဲ့ရတာမဟုတ်ဘူးလား။ ငါဘယ်ကောင့်မျက်နှာမှ မကြည့်ချင်ဘူး.. "
ကျွန်တော် ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်တာတွေ့တော့ လူတိုင်းထွက်သွားလိုက်ကြတာ အခန်းနဲ့ ကျွန်တော်ပဲကျန်တော့တယ်။ ကျွန်တော့်အခန်းဖော်တွေဖြစ်တဲ့ ခေါင်းစိမ်းနဲ့ တခြားနှစ်ယောက်လဲ ထွက်သွားကြပြီ။
ခုဆို ကျွန်တော် တစ်ယောက်တည်း ကျန်တော့တယ်။ ကျွန်တော် အစွမ်းကုန်ကြိုးစားပြီး အလင်းမှော်စွမ်းအင်တွေ စုလိုက်တယ်။ ပြီးတော့ ပြန်လည်ပြုပြင်ကုသရေး မန္တန်သုံးပြီး ရှောင်ကျင်းကို စကုပေးနေမိတယ်။ အလင်းစွမ်းအင်တွေက ရှောင်ကျင်းရဲ့ ခန္ဓာကိုယ်မှာ ဝန်းရံပြီး အဖြူရောင်လက်နေတယ်။ ဒါပေမယ့် ကျွန်တော်ဒီလိုလုပ်နေတဲ့အတွက် ရှောင်ကျင်းပြန်ရှင်မလာနိုင်ဘူးဆိုတာလဲ သိနေပြန်ရော။
" မင်းက အလုပ်မဟုတ်တာ လုပ်နေတာပဲ။ ဒါ လုံးဝအသုံးမဝင်နိုင်ဘူး။ "
ကျွန်တော့်နားကနေ ထူးဆန်းပြီး အကျွမ်းတဝင်ဖြစ်နေတဲ့အသံတစ်သံ ကြားလိုက်ရတယ်။
" ရှုံးနိမ့်ခဲ့ရတာတွေကို ကျွန်တော်က ပြန်ပြောပြနေရအုံးမှာလား။ ခင်ဗျားရော ဘာဖြစ်လို့ ထွက်မသွားသေးတာလဲ။ ခင်ဗျားတို့အားလုံး ကျွန်တော့်ကို ဂရုစိုက်ဖို့ လုံးဝမလိုအပ်ဘူး "
ကျွန်တော် စိတ်ရှုတ်ရှုတ်နဲ့ တောင်ဆိုလိုက်တယ်။
" နေစမ်းပါအုံးဟ။ ငါ မင်းမှော်သားရဲကို ကုသနိုင်တယ်ဆိုရင်ရော မင်းငါ့ကို မလိုအပ်ဘူးပဲလား "
" ဘာ !!! "
ကျွန်တော် တစ်ကိုယ်လုံးတုန်ရီသွားတယ်။ ကျွန်တော် ခေါင်းမော့ကြည့်လိုက်တော့ သူပဲကိုး။
မူရင်းစာရေးသူ -- Tang Jia San Shao
ဘာသာပြန်ဆိုသူ-- ငတက်ပြား