နှစ်ကိုယ့်တစ်စိတ်
Vol. 2 Ch. 26
ဝတ်စုံဖြူနဲ့ အဖိုးကြီး ခေါင်းခါရင်း ကျွန်တော့ရှေ့ကို လျှောက်လာတယ်။
"အရမ်းလဲ ဝမ်းနည်းမနေပါနဲ့ လူမိုက်လေးရာ။ မှန်းစမ်း မင်းမှော်သားရဲကို ငါကြည့်စမ်းအုံးမယ်။ ကယ်နိုင် လောက်သေးတယ်ကွ။"
"တကယ်ကြီးလား... သူ့ကိုလေ ..."
မျှော်လင့်ချက်လေးတစ်ခု ကျွန်တော့မှာ ပေါ်လာပြီ။ နောက်ဆုံးတော့ မင်း ငါ့ဆီကို ပြန်ရောက်လာရမယ်ကွ။ ကျွန်တော် ရှောင်ကျင်း အပေါ်ကနေ ဖက်ထားလိုက်မိရော။
" ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးပါ။ ရှောင်ကျင်းအသက်ပြန်ရှင်တာကလွဲရင် တခြားဘာဆိုဘာမှကို မလိုချင်ပါဘူးဗျာ။ ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။ "
ကျွန်တော် မှော်ဆရာအိုကြီးလက်ကို ကိုင်ရင်း ကူကယ်ရာမဲ့ တောင်းပန်နေမိတယ်။
သူ့ဆီက ဘာတုန့်ပြန်မှုမှ မကြားလိုက်ရဘူး။ ကြည့်လိုက်တော့ ရှောင်ကျင်းရဲ့ခန္ဓာကိုယ်ပေါ် လက်တင်ပြီး အဖြူရောင် စွမ်းအားတွေ ဖြည်းဖြည်းလေး လွှတ်လိုက်တာ တွေ့လိုက်ရတယ်ဗျ။ အဲဒါတွေက တို့ထိလို့မရအောင် အရမ်းနုညံ့ လွန်းတယ်။ ခဏကြာတော့ အဲဒီ အဖြူရောင်အလင်းတွေက ရှောင်ကျင်း တစ်ကိုယ်လုံးကို ဖုံးသွားတယ်။ ဒီမန္တန်က ကျွန်တော့ဝိညာဉ်ကို ပြန်လန်းဆန်းလာသလို ခံစားရပေမယ့် တူတော့မတူဘူးဗျ။
အန္တရာယ်အရမ်းများတဲ့ အချိန်ကာလကြီးတစ်ခုကို ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နဲ့ စောင့်နေရသလိုကြီး။ နောက်ဆုံးတော့ မှော်ဆရာအိုကြီး သူ့လက်ကို ရှောင်ကျင်းအပေါ်ကဖယ်ပြီးတော့ သက်ပြင်းချသံ ကြားလိုက်ရတယ်။
ကျွန်တော့မျှော်လင့်ချက်တွေ ချောက်ထဲ ကျသွားသလိုမျိုး ခံစားလိုက်ရတယ်။ စိတ်မရှည်နိုင်တော့ဘဲ...
" မရနိုင်ဘူးလား ... အသက်ပြန်ရှင်လာဖို့ မဖြစ်နိုင်ဘူးလားဟင် .. "
" ကလေး ... စိတ်မပူနဲ့၊ ငါပြောတာ သေချာ နားထောင်... မင်းမှော်သားရဲက ငါမြင်ဖူးသမျှထဲမှာ ကြီးထွားနှုန်းအကောင်းဆုံး အမျိုးအစားထဲပါတယ်။ သူ့ကိုယ်သူ မကာကွယ်နိုင်ဘူးထင်ရင် သူ့ကို မင်းလွှတ်လိုက်မှာတဲ့လား။ မင်းဆရာက မင်းကို မပြောဖူးဘူးလား ... "
ကျွန်တော် ရှက်ရှက်နဲ့ ခေါင်းငုံ့လိုက်ပြီးတော့..
" ပြောတော့ ပြောဖူးပါတယ်... အဲ့အချိန်တုန်းက ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတော့ မေ့သွားတာ.. "
" ခုမှတော့ ကိုယ့်ကိုကိုယ် အပြစ်တင်နေမယ့်အစား မင်းကြုံတွေ့ခဲ့ရတာကိုပဲ အပြည့်အဝ တာဝန်ယူသင့်တယ်.. "
"ဒါဆိုရင် ကျွန်တော်တို့ ရှောင်ကျင်းကို ကယ်နိုင်သေးတယ်လား.. "
“ ရနိုင်တယ် မရနိုင်ဘူးဆိုတာ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ် .. ”
အဖိုးကြီးက ကျွန်တော့ကို အဓိပ္ပါယ်ပါပါ မျက်လုံးတွေနဲ့ စိုက်ကြည့်နေရော။
“ ကျွန်တော်လား ... ဒါဆို ကျွန်တော် ဘာလုပ်ရမလဲဆိုတာသာ မြန်မြန်ပြောပါ .. ”
“ လောလောဆယ်အခြေအနေက ဒီလိုကွ... စောစောက မင်းရဲ့ မှော်သားရဲကို ငါစစ်ကြည့်တော့ သူ့ဒဏ်ရာတွေက မင်းပြန်လည်ကုသရေး မန္တန်ကြောင့် ပြန်ကောင်းနေပြီ။ ဒါပေမယ် ဟိုင်ရီ မှော်သားရဲရဲ့ နောက်ဆုံးတိုက်ခိုက်ချက် ခံရပြီးတော့ သူ့အသက်စွမ်းအား ကုန်သွားတယ်။ အဓိက ပြဿနာက သူအသက်ရှင်ဖို့နဲ့ သူ့စိတ်စွမ်းအား ပြန်နိုးထလာအောင် လုံလောက်မယ့် အသက်စွမ်းအားတွေ ဘယ်လို ပံ့ပိုးပေးရမလဲ ဆိုတာပဲ။ ”
အဖိုးကြီး စကားဆုံးသွားတာမြင်တော့ ခပ်မြန်မြန်ပဲ..
“ ကျွန်တော်ဘာလုပ်ရမလဲပဲ ပြောပါ ... ”
“ ငါမပြောခင် မင်းကို မေးခွန်းတစ်ခုမေးအုံးမယ် .. ”
“ မေးပါ ... ”
“ မင်းမှော်သားရဲကို မင်းချစ်လား.. ”
“ သေချာတာပေါ့... ကျွန်တော်သူ့ကို ချစ်တာပေါ့။ သူက ကျွန်တော့ မိသားစုလိုပဲ။ ”
ပြောရင်းနဲ့ ကျွန်တော့ မျက်လုံးတွေ ရဲလာရော။
“ ကောင်းတယ်... ဒါဆိုရင် သူ့အတွက် မင်းရဲ့အသက်စွမ်းအား အားလုံးတောင် ပေးချင်နေတာလား.. ”
ကျွန်တော် နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ..
“ ဆန္ဒရှိတယ်... သူသာအသက်ရှင်မယ်ဆိုရင် ကျွန်တော်ဘာမဆို လုပ်ဖို့ ဆန္ဒရှိတယ်.. ”
မယိမ်းယိုင်နိုင်တဲ့ ကျွန်တော့အမူအရာကိုတွေ့တော့ မှော်ဆရာအိုကြီးရဲ့ မျက်နှာမှာ သဘောတွေ့တဲ့ အပြုံးတစ်ခု ခပ်ရေးရေး ပေါ်လာတယ်ဗျ။
“ ကောင်းတယ်၊ အရမ်းကောင်းတယ်... သူပြန်ရှင်လာဖို့ မင်းရဲ့အသက်စွမ်းအား ပေးရမယ်။ ဒါကြောင့် မင်းကိုယ်တိုင်ပဲ သူနဲ့ မျှဝေလိုစိတ်ရှိရလိမ့်မယ်။ နောက်ထပ် အမြင်တစ်မျိုးနဲ့ကြည့်မယ်ဆိုရင် သူက မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်။ ဒီတော့မှ မင်းရဲ့ အသက်စွမ်းအားကိုသုံးပြီး သူ့အသိစိတ် နိုးထလာလိမ့်မယ်။ ဒါက မင်းလုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ.. ”
“ ကျွန်တော့ အသက်စွမ်းအားကို ခွဲပြီး သူနဲ့ မျှဝေသုံးရမယ်တဲ့လား။ အဲဒီအတွက် ကျွန်တော်ဘယ်လို လုပ်ရမလဲ။ နောက်ပိုင်းကျတော့ရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမှာလဲ... ”
“ မင်းသာ အောင်မြင်မယ်ဆိုရင် ငါပြောနိုင်တာတွေ အများကြီးပဲ။ ပထမဆုံး၊ နောင်အနာဂါတ်မှာ မင်းအတွက် တခြားမှော်သားရဲ တစ်မျိုးမျိုုး ထပ်ရှိမလာနိုင်တော့ဘူး။ ဒုတိယ၊ သူ့သက်က မင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေလိမ့်မယ်။ မင်းသေရင် သူလဲ သေမှာပဲ။ တတိယကတော့ ........ .......... ....... မင်းရဲ့ အသက်စွမ်းအား တစ်ဝက်လောက် လျော့သွားလိမ့်မယ် ... ”
“ ထက်ဝက်လား ...... ပထမ နှစ်ချက်ကို ကျွန်တော်နားလည်တယ်။ ဒါပေမယ် ထက်ဝက်စာ ဆိုတာက ဘယ်လိုဟာကြီးလဲ။ ဒီလို အရမ်းကြီးတဲ့ တန်ဘိုးတစ်ခု ပေးဆပ်ရမှုမျိုး ရှိသေးတာလား။ ”
“ အင်း .... နောက်တနည်းပြောရမယ်ဆိုရင်... မင်းရဲ့ ပျမ်းမျှ လူ့သက်တမ်းက (၁၂၀)ရှိတယ်ပေါ့ကွာ။ သူအသက်ရှင်ဖို့အတွက် မင်းရဲ့ အသက်စွမ်းအင်တွေ ခွဲပေးမယ်ဆိုရင် မင်းရဲ့သက်တမ်းက (၆၀)လောက်အထိ လျော့သွားမှာပဲ။ ဆိုတော့ ... သူအသက်ရှင်ဖို့ မင်းရဲ့ လူ့သက်တမ်း (၆၀)လောက် သုံးလိုက်ဖို့ ဆန္ဒရှိသေးရဲ့လားကွ ... "
ကျွန်တော် ရှောင်ကျင်းကို အမြန်ကြည့်မိလိုက်တယ်။ သူ့ခန္ဓာကိုယ်က အရမ်းကို ဖြူရော်နေပေမယ့် ရွှေရောင်အစင်ကြောင်းတွေကတော့ အရင်လိုပဲ တောက်ပစပြုနေပြီဗျ။ ကျန်တော် ခေါင်းခါလိုက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်တော့တယ်...
" ဆန္ဒရှိပါတယ် ... "
(ထိုအချိန်မှစ၍ အလင်း၏သားတော်လေးနှင့် သူ၏ တစ်သက်တာအဖော်လည်းဖြစ်၊ ရဲဘော်ရဲဘက်လည်းဖြစ်သူတို့သည် ဘဝတစ်သက်စာ တစ်ဘဝသစ္စာ ကြိမ်ဆိုခဲ့ပြီး ဖြစ်ချေတော့သည်။)
" ကောင်းတယ် လူလေး။ မင်းစိတ်ဓါတ်ကျမနေနဲ့။ ငြိမ်ငြိမ်နေ... အနာဂါတ်မှာ မင်းရဲ့ အသက်စွမ်းအင်တွေ ပြန်ရဖို့ ငါစွမ်းကုန်ကျိုးစားပေးမယ်။ ဒါပေမယ့် အခုတော့ စလိုက်ကြတာပေါ့... "
ကျွန်တော် ခေါင်းညိတ်လိုက်တယ်။
ကျောင်းထဲက လူမနေတဲ့ အခန်းလေးတစ်ခုထဲကို ကျွန်တော်တို့ ဝင်လိုက်တယ်။ ပြီးတော့ မှော်ဆရာအိုကြီးက အပြင်ဘက်မှာ အရမ်းကို ခိုင်ခန့်လွန်းတဲ့ မှော်တံတိုင်းကြီးတစ်ခု ဖန်တီးထားလိုက်သေးတယ်ဗျ။
" ကဲ ... ငါတို့ စပြီနော် .. "
ကျွန်တော် ခေါင်းထပ်ညိတ်ပြလိုက်တယ်။
ကျွန်တော် ရှောင်ကျင်းကို အခန်းအလယ်က ခြောက်ဒေါင့်ကြယ်ပုံစံ နေရာကို သယ်သွား ပေးလိုက်တယ်။ အဲဒီ ခြောက်ဒေါင့်ကြယ်ပုံရဲ့ အလယ်မှာ ရှောင်ကျင်းကို အသာလေး ချပေးလိုက်ပြီးတော့ ချစ်ခြင်းတရားတွေ ပြည့်နေတဲ့ အကြည့်နဲ့ တစ်ချက်ကြည့်လိုက်မိတယ်ဗျ။ နောက်တော့ လက်နှစ်ဖက်ကို ခေါင်းပေါ် တင်မြှောက်ပြီး တစ်သက်တာ ကာလအပိုင်းအခြားထဲမှာ တစ်ကြိမ်ပဲရွတ်ဖတ်သုံးနိုင်တဲ့ ဘဝမျှဝေခြင်း မန္တန် စရွတ်တော့တာပါပဲ။
မှော်ဆရာအိုကြီးကတော့ ရှေးဟောင်း အပျက်အစီးတွေကြားထဲက ရှာတွေ့ခဲ့တဲ့ အဲဒီမန္တန်ဟာ ရှေးခေတ်မှော်ပညာတစ်ခု လို့ပြောတာပဲ။ သူအရင်က မသုံးခဲ့ဘူးသေးတော့ ရလဒ်က ဘယ်လိုဖြစ်လာမလဲဆိုတာ သူလဲမသိသေးဘူး။ ဒါပေမယ့် ဒီမန္တန်ကို သုံးလိုက်တဲ့အတွက် နောင်တစ်ချိန် ကျွန်တော် ကြီးမြတ်မှော်သခင်အဆင့် ရောက်တဲ့အခါ အရမ်းကို အကျိုးကျေးဇူးများတဲ့ အထောက်အပံ့တစ်ခု ဖြစ်လာမယ်ဆိုတာလည်း သူမသိလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမန္တန်ကို ရွတ်ဆိုအသုံးချတာဟာ အလင်းရဲ့ ဥပဒေသတွေကို သဘောပေါက်နားလည်စေနိုင်လို့ ပါ။ ဒါကတော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ကြိုးစွန့် ခြင်းကြောင့်ပဲလေ။ ဟဲ .. ဟဲ။
" အို ... အလုံးစုံသောအရာအားလုံး ဖန်တီးတော်မူသော တန်ခိုးရှင်။ ကျွန်တော်မျိုး နှိမ့်ချစွာနဲ့ အရှင့်ရဲ့အကူအညီကို တောင်းခံအပ်ပါတယ်။ ကျွန်တော့ရဲ့ အသက်စွမ်းအားအဆီအနှစ်ကို ဖွင့်လှစ်ဖို့ အရှင့်ရဲ့ အဆုံးမဲ့စွမ်းအားကို သုံးပါရစေ။ အရှင့် ရှေ့မှောက်မှာရှိနေတဲ့ သားရဲနဲ့ ကျွန်တော် တစ်ဘဝသစ္စာ ကြိမ်ဆိုချင်ပါတယ်။ ဒါ ... ကျွန်တော့ ဘဝကို ဝေမျှပေးဖို့ သစ္စာစကားတစ်ခု ဖြစ်ပါစေ.. "
မန္တန်ရွတ်ဆိုသံလဲဆုံးရော ကျွန်တော့ ခန္ဓာကိုယ်ထဲကနေ အဖြူရောင်ရှိတဲ့သွေးတွေ စထွက်လာပြီး တဖြည်းဖြည်း တောက်ပလာလိုက်တာ နောက်ဆုံး ကျွန်တော့ တစ်ကိုယ်လုံးကို ဖုံးသွားတဲ့အထိပဲ။ ဒီအဆင့်မှာတင် မရပ်ဘဲ ထပ်ပြင်းထန်လာပြီး ရွှေရောင်တောင် ပြောင်းသွားတာဗျ။ ဘာနဲ့တူလဲဆိုရင် ကြယ်သေးသေးလေး တစ်ခုလိုပဲ။ ရွှေရောင်အလင်းတန်းတွေ အတောက်ပဆုံးလဲ ရောက်ရော ကျွန်တော့ အထက်ပိုင်း ဒန်တျန်ကနေ ရှောင်ကျင်းဆီကို ရွှေရောင်အလင်းတန်းတစ်ခု ထုတ်ပေးလိုက်တယ်။ အဲဒီ ရွှေရောင်အလင်းတန်းအောက်မှာ ရှောင်ကျင်းရဲ့ ခန္ဓာကိုယ်တောင် တဖြည်းဖြည်း မှိန်ဖျော့သွားရော။ နောက်ကျတော့ ရွှေရောင်အလင်းတန်းက ဓါတ်လုံးတစ်ခုလို သိပ်သည်းလာပြီး မြေပေါ်ကနေ တဖြည်းဖြည်း မြင့်တက်လာတယ်။ အဲဒါကြီးက မန်ဖီသလိုမျိုး ရုတ်တရက် အော်သံထွက်လာပြီး အထက်ပိုင်း ဒန်တျန်ကနေတဆင့် ကျွန်တော့ခန္ဓာကိုယ်ထဲ ဝင်သွားတယ်ဗျ။
ကျွန်တော့ ခန္ဓာကိုယ် ပါတ်လည်က အလင်းတန်းတွေလဲ တဖြည်းဖြည်း မှိန်ဖျော့သွားတယ်။ သိသိသာသာ အားနည်းသွားသလို ခံစားလိုက်ရတာနဲ့ တစ်ချိန်တည်းမှာပဲ ရှောင်ကျင်းရဲ့ တည်ရှိမှုတစ်ခု တွေ့လဲတွေ့လိုက်ရရော ...
" ရှောင်ကျင်း ... မင်းပြန်လာပြီလား ... "
သူ့ကို တိုးတိုးလေးပြောလိုက်မိတယ်။ ကျွန်တော့ ခန္ဓာကိုယ်ထဲဝင်လာတဲ့ ရွှေရောင်အလင်းတန်းက အချိန်ခဏလေးတုန်လှုပ်သွားတယ်။ ပြီးလဲပြီးရော ရွှေရောင်အလင်းတန်းထဲကနေ အရမ်းနွေးထွေးတဲ့ အတွေးတွေ(အချက်ပြချက်တွေ) အလိုလို ကြားလာတယ်။ ကျွန်တော် အောင်မြင်သွားတယ်ဆိုတာ သေချာသိလိုက်ပြီ။ ကျွန်တော့ရဲ့ ရှောင်ကျင်း ပြန်လာပြီ။ ပြီးလဲပြီးရော ကျွန်တော်လဲ မျက်စိမှိတ်ပြီး စိတ်လျော့လိုက်တာ သတိလစ်သွားပါလေရောဗျာ။ ဟီး ..ဟီး။
-----------------------------------
အပိုင်း(၂၇) မျှော် ...
မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်
ဘာသာပြန်သူ- ငတက်ပြား