← Chapters

ဆင့်ကဲဖြစ်စဉ် နောက်တစ်ခု

Vol. 2 Ch. 30

ဆင့်ကဲဖြစ်စဉ် နောက်တစ်ခု

Vol. 2 Ch. 30

အချိန်တွေ ဘယ်လောက်တောင်ကြာသွား လဲတော့ မသိဘူး၊ ရှောင်ကျင်းကတော့ မှော်စွမ်းအင်တွေ သူစုပ်ယူနေတာ ကန့်သတ်ချက် ရောက်သွားပုံပဲ။ ကျွန်တော့ ရွှေအမြူတေကလဲ နဂိုအတိုင်း ပြန်ဖြစ်သွားပြီး အထက်ပိုင်း ဒန်တျန်ထဲမှာ ပျံ့ကျဲနေတာတွေ မရှိတော့ဘူး။ ကျွန်တော် ကျင့်ကြံရာကနေ နိုးထလာခဲ့ပြီ။

ကျွန်တော် မျက်လုံးလဲ ဖွင့်လိုက်ရောက် ဆရာတိရဲ့ စိုးရိမ်မှုအပြည့်နဲ့ မျက်လုံးတွေ တွေ့လိုက်ရတော့တာပဲ။

“ ဆရာတိ။ ဒါ ကျွန်တော် အောင်မြင်သွားတဲ့ လက္ခဏာလား။ ”

“ အရမ်းကောင်းတယ်။ မင်း မှော်စွမ်းအား အကုန်လုံးကို သိပ်သည်းပြီးသွားပြီ။ မင်းမှော်စွမ်းအား တွေကိုကြည့်လိုက်ရင် မင်းကို မှော်ပညာရှင်လို့တောင် သတ်မှတ်လို့ရနေပြီ။ ”

ဆရာတိ ဝမ်းသာအားရကို ပြောနေတာဗျ။

“ တကယ်ကြီးလား။ တော်တော် အံ့ဩစရာကြီးနော်။ ”

ကျွန်တော့ မှော်စွမ်းအားတွေ ဒီလောက် မြန်မြန်နဲ့ တိုးတက်သွားတာ ကျွန်တော် အရမ်းစိတ်လှုပ်ရှား သွားတာပေါ့။

“ ဘာပဲဖြစ်ဖြစ်ကွာ၊ မင်း ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုသေးတယ်။ ဆရာ့အနေနဲ့တော့ ခုလောလောဆယ် မင်းဘယ်လိုခံစားနေရတယ်ဆိုတာ သိချင်သေးတယ်။ ”

အရင်းဆုံး ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့ ကျွန်တော့ ခန္ဓာကိုယ် ပတ်လည်က အဖြူရောင် အလွှာပါးမရှိတော့ဘူး။ ကျွန်တော့ အသားအရေက ပုံမှန်မဟုတ်ဘဲ ချောမွတ်နေလိုက်တာများ ကုန်းကိုက် ချင်စိတ်ပါ ပေါက်လာတယ်။

“ ကျွန်တော့ မှော်စွမ်းအားတွေအကုန်လုံး ရွှေဘောလုံး သေးသေးလေးတစ်ခုလိုအထိ သိပ်သည်းသွားပုံပဲ။ အဲဒါ မှန်လားဆရာ။ ”

“ မဆိုးဘူး။ မဆိုးဘူး။ အဲဒါဟုတ်တယ်။ မင်းပြောသလို အဲဒီ ရွှေဘောလုံးသေးသေးလေးက မင်းရဲ့ လက်ရှိမှော်စွမ်းအားတွေအကုန်လုံး ပေါင်းစပ်သိပ်သည်း ထားတာပဲ။ အနတ်ဂတ်မှာ မင်းမှော်ပညာတွေကို တော်တော်ကြီး အထောက်အကူ ပေးလိမ့်မယ်။ ”

“ အံ့ဩစရာကြီးနော်။ ဆရာတိ၊ ကျွန်တော် ဘယ်လိုတောင် ပါရမီရှိနေတာလဲဗျ။ အဟီး။ ”

“ တောက်။ ပါးစပ်ပုတ်ကြီးနဲ့ကွာ။ စွတ်မာန်တက်မနေနဲ့၊ မင်းလျှောက်ရမယ့်လမ်းက ဟိုးအဝေးကြီးလိုသေးတယ်။ အခု မင်းက မှော်စွမ်းအားတွေ သိပ်သည်းထားပြီးပြီဆိုပေမယ့် မတည်ငြိမ်သေးဘူး။ တည်ငြိမ်ဖို့ဆိုတာ အချိန်ယူပြီး လုပ်ရအုံးမယ့် လုပ်ငန်းစဉ်ကြီးတစ်ခုပဲ။ ဒီလောက် အဆင့်လေးနဲ့ မင်းကို မှော်ပညာရှင် တစ်ယောက် ဖြစ်နိုင်ပြီ ထင်မနေနဲ့။ မင်း လေ့လာရမှာတွေ အများကြီးရှိသေးတယ်။ ”

ဆရာတိ ကျွန်တော့ကို မာန်မတက်ဖို့ ပြောတဲ့စကားလုံးတွေက ခေါင်းကနေ ရေခဲရေလောင်း ချခံလိုက်ရသလိုပဲ။

“ အို့ ... ”

ဟုတ်တယ်လေ နည်းနည်းတော့ မကြေနပ်ကြောင်း ပြလိုက်ရတာပေါ့။

“ မှော်ဆရာတစ်ယောက်ရဲ့ အထွဋ်အထိပ် မှော်စွမ်းအားက ဘာလဲဆိုတာ မင်းသိလား။ ”

ဆရာတိက ကျွန်တော် တစ်ခါမှ တွေးမကြည့်ဘူးသေးတဲ့ မေးခွန်းတစ်ခု မေးလာတယ်။ ကျွန်တော် ချက်ချင်းကို စိတ်ဝင်စားသွားတာပေါ့။

“ အဲဒါ ဘာကြီးလဲ။ ”

“ သူတို့ အရန် မှော်အမြူတေ(၆)လုံးရှိလာတဲ့အချိန်ပေါ့။ ဒါတင်မကဘူး အဲ့ဒါတွေအကုန် ရွှေရောင်အဆင့်တွေ ဖြစ်နေယုံတင်မကဘူး ဖေါက်ထွင်းမြင်ရသလို ရှိနေရမယ်။ ”

“ ဖေါက်ထွင်းမြင်ရမယ့် ရွှေရောင်လား။ ဆရာ။ ဆရာကရော အခုဆို ဘယ်အဆင့်ကို ရောက်နေပြီလဲ။ ”

ဆရာတိ ခေါင်းကုန်လိုက်ပြီး ရှက်ရှက်နဲပဲ …

“ အခု ငါ့မှာ ဖေါက်ထွင်းမြင်နိုင်တဲ့ ရွှေရောင် မှော်မြူတေ တစ်ခုပဲ ရှိသေးတယ်။ ”

“ အာ .. ။ ဆရာ့လို မှော်ထိပ်သီး တစ်ယောက်မှာ ဖေါက်ထွင်း မြင်နိုင်တဲ့ ရွှေရောင် မှော်မြူတေ တစ်ခုပဲ ရှိတာလား။ ”

“ ဟုတ်တယ်။ ငါတင်မဟုတ်ဘူး။ မှော်ထိပ်သီး တွေအကုန်လုံးမှာ ရွှေရောင် မှော်မြူတေ တစ်ခုစီပဲရှိတယ်။ ”

“ အဲဒါ ဘာကြောင့်လဲ။ ”

“ ထွင်းဖေါက်မြင်နိုင်တဲ့ ရွှေရောင် မှော်မြူတေ (၆)ခု ပိုင်ဆိုင်ဖို့ဆိုတာက ဒဏ္ဍာရီမှော်ဘိုးဘေး တွေရဲ့ ပြယုဒ် တစ်ခုပဲ။ ခုအချိန်ထိအောင် ငါမှာရှိတဲ့ ရွှေရောင် မှော်မြူတေ အရေအတွက်ကို တိုးဖို့နည်းလမ်း ရှာမတွေ့ သေးဘူး။ အနာဂတ်မှာ ကြိုးကြိုးစားစား ကျင့်ကြံရအုံးမယ့် ကိစ္စတစ်ခုပဲ။ ”

“ ဆရာတိ စိတ်မပူပါနဲ့။ ဒါကို ကျွန်တော် အောင်မြင်စေရမယ်။ ”

ဒီလိုနဲ့ အလင်း၏သားတော်လေးက မှော်ပညာအထွတ်အထိပ်ရောက်ဖို့ ခရီးလမ်းကြီးပေါ် စပြီး ခြေချခဲ့တာပေါ့။

“ ကောင်းပါတယ်။ ဒါတွေထားလိုက်တော့။ နောက်ဆို မင်းရဲ့ မှော်အမြူတေကို အာရုံစိုက်ပြီး တည်ငြိမ်အောင် လုပ်တော့။ မှော်ပညာကိ လေ့လာလိုက်စားတယ်ဆိုတာ ရေစီးကြောင်းကြီးတစ်ခုပေါ်မှာ လှေနဲ့ဆန်လှော်နေ ရသလိုပဲလို့ မင်းသိထားလိုက်။ လက်ကောက်ကျပြီး လေ့ကျင့်မှုပြတ်လိုက်တာနဲ့ နောက်ကြောင်းပြန်သွားမှာ ပဲ။ ဒါကြောင့် အမြဲမပြတ် လေ့ကျင့်နေမှ ဖြစ်မယ်။ ကဲ..ကဲ.. ဒီနေ့တော့ မင်း ကောင်းကောင်း အနာယူလိုက်တော့။ မနက်ဖြန် မှော်ကျင့်စဉ်တွေ စသင်ပေးမယ်။ ဒါတွေပြီးရင် မင်းရဲ့ ပုံမှန်အတန်းပြန် တက်ပြီး နှစ်ပတ်လည် အရည်အချင်းစစ် ပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ မင်းလုပ်ရမယ်။ ”

“ ဟုတ်ကဲ့ပါ။ ”

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဖြုံလောက်တဲ့ ကျင့်ကြံခြင်းတွေ လက်စသတ်နိုင်မှာပါလေ။ ဒါပေမယ့် လောလောဆယ် ကျွန်တော်တွေးနေတာက အားရပါးရ လွေးချင်နေတာပဲ။ ဆရာတိက ကျွန်တော် ကျင့်ကြံနေတဲ့ ကာလတစ်လျှောက်လုံး ပိတ်ထားခဲ့တာလေ။ ဒီတော့ ကျွန်တော် ဘာတွေ စားချင်လဲဆိုတာ ပြောပြလိုက်တယ်။ ကျွန်တော် စားချင်တဲ့ စာရင်းလဲ နားထောင်ပြီးရော ကျွန်တော့ကို ဝက်တစ်ကောင်လားလို့တောင် တွေးနေလောက်ပြီ။

ဟီး .. ဟီး .. ကျွန်တော် လောဘမကြီးပါဘူးလေ။ အစားအသောက်လေးပဲ လွေးချင်တာပါ။ တခြားဘာမှ မလိုပါဘူး။ လူတိုင်း လူတိုင်း အခုလို အသက်အရွယ်ကြီးရင့်လာတဲ့အထိ ဒါကို မဖြစ်မနေ လုပ်ရတာဟုတ်ဘူးလား။

“ ဆရာတိ။ ဒီကျောင်းမှာ ကျွန်တော့နာမည်ပြောင်ကို သိလား။ ”

“ ဘာတဲ့လဲဟ။ ”

“ ရိက္ခာပုံးဖြူတဲ့…. အဟီး ... ”

“ မင်း .. မင်း … မင်း ငါတို့ အလင်းမှော်ပညာရှင် တွေမျက်နှာပျက်အောင်လုပ်နေတာပဲဟ။ ”

ဆရာတိက ကျွန်တော်စားချင်သလောက် မကျွေးပေမယ့် ကျွန်တော့ ဗိုက်ခေါင်းသေးသေးလေး အတွက်တော့ လုံလောက်အောင်ကို ကျွေးရှာပါတယ်။

စားလို့ သောက်လို့တော့ ပြီးပြီ။ ဘာလုပ်ရင်ကောင်းမလဲ။ တခြားသူတွေအတွက် မသိပေမယ့် ကျွန်တော့အတွက်တော့ အစာချေဖို့ အိပ်တာ အကောင်းဆုံးပဲလေ။ ငိ..ငိ။ (ကျွန်တော့ကို အတုလိုက်မခိုးနဲ့နော်။ ကျွန်တော့ အစာချက်နှုန်းက အရမ်းကောင်းတာ။ ဟီး..ဟီး)

ကျွန်တော် နိုးလာတော့ တော်တော်မှောင်သေးတာ။ တော်တော်ကို စောသေးတာပဲ။ သိသာတာက ကျွန်တော့ တစ်ကိုယ်လုံး အရမ်း ပေါ့ပါးနေတယ်။ အခု ကျွန်တော် ဘာစိတ်ပူဖို့ရှိသေးလဲ။ ရှောင်ကျင်း။ ဟုတ်တာပေါ့ ရှောင်ကျင်းလဲ ပြောင်းလဲလာပုံပဲဗျ။ ဟိုတခါဖြစ်ပြီး ကတည်းက ကျွန်တော် သူ့ကို မတွေ့ရသေးဘူးလေ။ သူ့ကို အပြင်ထုတ်ပြီး ကစားခွင့် ပေးရသေးတာပေါ့။

နောက်ဆုံးရခဲ့တဲ့ သင်ခန်းစာက တော်တော်ထိရောက်တယ်။ ပြတင်းပေါက်တွေ၊ ကန့်လန့်ကာတွေ၊ တံခါးသော့တွေ အကုန်လိုက်ပိတ်လိုက်တယ်။ အခန်းရဲ့ အပေါက် အသေးလေးတောင်မချန် လိုက်စစ်ပြီးမှ …

“ ရှောင်ကျင်း … ရှောင်ကျင်း အခုချက်ချင်း ငါ့ရှေ့ ထွက်ခဲ့စမ်း ... ”

ထူးဆန်းတဲ့ ရွှေရောင်အလင်းတန်းကြီးတစ်ခု ကျွန်တော့ မျက်စိရှေ့ ဖြတ်ကနဲ လင်းလာပြီး တစ်ခုခု ပေါ်လာပါရော။ ဒါတင်မကဘူး သူက ကျွန်တော့ အသားကို လာတို့လိုက်သေးတာ။ အာဟ .. ကြောက်စရာကြီးဗျ။

“ အမလေး .. ဘာကြီးလဲဗျ။ .. ”

အဲ့ဟာကြီးက တစ်ခုခုလွဲနေသလိုပဲ။ ကျွန်တော့ စိတ်ထဲကို အသံတစ်သံ ရောက်လာတယ်…

“ ကျွန်တော်ပါ … သခင် .. သခင့်ရဲ့ ရှောင်ကျင်းလေဗျာ .. အာ .. ”

အာ .. ရှောင်ကျင်း စကားပြောတာလား။

ကျွန်တော့ရှေ့က ထူးဆန်းတဲ့ ဟာကြီးကို သေချာကြည့်လိုက်တော့ (၆)မီတာ လောက်ရှည်တဲ့ ရွှေရောင် စပါးအုံးမြွေကြီးနဲ့ တူတယ်။ သူ့ခေါင်းပေါ်မှာ ချစ်စရာ ရွှေရောင်ချို နှစ်ချောင်းနဲ့ဗျ။ သူ့ ခေါင်းကနေ အမြီးထိ ရွှေရောင် အကြေးခွံတွေနဲ့။ အဲ့ချိုလေး နှစ်ချောင်းကတော့ ရှောင်ကျင်း နဲ့ တူသလိုလိုပဲ။

“ မင်းက ရှောင်ကျင်းလား။ ”

ကျွန်တော်ပြောတာ နားလည်တဲ့ပုံနဲ့ ခေါင်းငြိမ့်ပြတယ်ဗျ။

“ ရှောင်ကျင်း။ မင်းတော်တော် ပြောင်းလဲသွားတာပဲ။ မင်းနဂိုအရောင်က အဖြူရောင်ကြီးပါ။ ”

“ သခင်ကလဲ။ သခင့်ရဲ့ မှော်ပညာက တော်တော် တိုးတက်လာတယ်လေ။ ကျွန်တော်တို့က အခုလက်ရှိ နှစ်ကိုယ့်တစ်စိတ် ဖြစ်နေတာကို။ သခင် တိုးတက်လာ သလောက် ကျွန်တော်လဲ တိုးတက်လာမှာ သဘာဝပဲလေ။ သခင်က ကျွန်တော့ကို မလိုအပ်တော့ ဘူးလား ... ”

တကယ်ကြီး ရှောင်ကျင်းစစ်စစ်ဟ။ ကျွန်တော်လဲ သူ့ခေါင်းကြီးကို ဖက်ထားလိုက်မိပြီး …

“ ရှောင်ကျင်း။ မင်းကြောင့် ဘာပြဿနာမှမရှိဘူး။ ငါ မင်းကို အရမ်း လွမ်းနေတာကွ။ ”

ရှောင်ကျင်းလဲ အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံနဲ့ တုတ်ခိုင်ရှည်လျားတဲ့ သူ့ခန္ဓာကိုယ်ကြီးကို ကျွန်တော့ ပတ်လည်မှာ လှည့်ပတ်နေတော့တာပဲ။ သူ့ရဲ့ ချောမွတ် တောက်ပြောင်နေတဲ့ အကြေခွံတွေနဲ့ ကျွန်တော့ကို ဝိုင်းပတ်ပြီး သူ့ဆီက နွေးထွေးတဲ့ စိတ်ခံစားချက်တွေ ကျွန်တော့ တစ်ကိုယ်လုံးကို ပျံ့နှံ့နေပါလေရောဗျာ။

========(*^*)========

အပိုင်း(၃၁) မျှော် ...

မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်

ဘာသာပြန်သူ- ငတက်ပြား

All Chapters