စစ်မြေပြင်မှ ပျောက်ကွယ်နေသူများ
Vol. 011 Ch. 1069
အင်ပါယာလီဘုံမှ စစ်တပ်များနှင့် ဥဒေါင်း အင်ပါယာမြို့မှ စစ်တပ်များသည် အင်ပါယာရှားမြို့သို့ ဆင်းသက် လာခဲ့ကြပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒီမွန်းမြို့မှ တော်ဝင် အလံအား နွားသိုးမျိုးနွယ်စုတို့က ကာကွယ် ထားကြ၏။
နွားသိုး မျိုးနွယ်စုတို့သည် အလွန်တရာ ခွန်အားကြီးမားကာ သူတို့၏ ဝင်္ကပါသည်လည်း အလွန်တရာ အားကောင်း၏။
တော်ဝင်အလံ အနီးတွင် သားရဲအုပ်စုကြီး တစ်ခုရှိနေပြီး နွားသိုးကြီးက သားရဲများ အားလုံးကို ကြည့်ကာ ပြောသည် … “အရှင့်သားက ငါတို့ကို လျှို့ဝှက် တာဝန်ပေးခဲ့တယ်။ စစ်တပ်သုံးခု တိုက်ခိုက်တဲ့အခါ ငါတို့က အင်ပါယာလီဘုံသို့ သွားရောက် တိုက်ခိုက်ပြီး သူတို့ရဲ့အလံကို ချိုးဖျက်ရမယ်”
သားရဲများမှာ အနည်းငယ် အံ့အားသင့်ကြရ၏။ သူတို့၏ အရှင့်သားနှင့် အရှင့်သမီးတို့က လူသားတို့၏ ဉာဏ်များသော နည်းစနစ်များအား သင်ကြား တတ်မြောက်ခြင်း အတွက် လေးစား ချီးကျူးကြရ၏။
“လာမည့် တိုက်ပွဲက အနိုင်ရလဒ် အတွက်ပဲ … ကျုပ်နောက်က ဘယ်သူ လိုက်မလဲ” နွားသိုးကြီးက ပြောလျှင် သားရဲများအားလုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် မာန်သွင်းကြသည်။
လက်ရွေးစင် သားရဲများကို စုစည်းကာ နွားသိုးကြီးသည် အင်ပါယာလီဘုံသို့ ဦးတည် ထွက်ခွာသွားသလို တော်ဝင်အလံအားလည်း စောင့်ကြပ်ရန် လူတစ်စု ချန်ထားခဲ့သည်။
သူတို့ ထွက်ခွာသွားခဲ့လျှင် အရိပ်များအကြား၌ ပုံရိပ်သဏ္ဌာန် တစ်ခုကို တွေ့ရသည်။ သူ၏မျက်နှာက သုန်မှုန်နေ၏။ သည်ကိစ္စကို မြန်ဆန်စွာ သတင်းပို့ရမည်။ ထို့နောက် သူက အလင်းတန်း အသွင်ဖြင့် အင်ပါယာရှားမြို့ ရှိရာသို့ မြန်ဆန်စွာ ပျံသန်း သွားခဲ့သည်။
***
ထိုအချိန်တွင် အင်ပါယာရှားမြို့၌ စစ်တပ်ကြီးသည် အဆင်သင့် ပြင်ထားကြ၏။
အင်ပါယာလီမြို့နှင့် ဒီမွန်းမြို့မှ စစ်တပ်တို့သည် ကောင်းကင်ထက်မှ ဆင်းသက် လာခဲ့ကြ၏။
ထို့အပြင် စစ်တပ်နှစ်ခုသည် အတူတူ ရောနှောနေခဲ့ကာ များစွာသော သားရဲများက ယခု အင်ပါယာလီမြို့မှ စစ်သည်များနှင့် ရောနှောနေပြီ ဖြစ်သည်။
လီယောင်နှင် ယွင်ကျင်းတို့သည် စစ်တပ်အလယ်တွင် ရှိနေကာ သူတို့သည် အင်ပါယာလီဘုံ အတွက် အဓိက စစ်ဦးစီးများ ဖြစ်ကြ၏။
ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည် တခြားသော ဗဟိုနေရာ တစ်ခုတွင်ဖြစ်ကာ သူတို့သည် ဒီမွန်းမြို့စစ်သည်များ၏စစ်ဦးစီးများ ဖြစ်ကြသည်။
ကောင်းကင်ထက်တွင် ခွန်ရွှမ်၏ မျက်လုံးများက ရှားရှင်းယွန်၏ နောက်နားတွင် ရှိနေသော ရီဖူရှင်းအား ကြည့်သည်။ သူမက သူနှင့် ထိုသားရဲစုတ်တို့အား သတ်ဖြတ် ရပေမည်။
“အဲဒီ သားရဲစုတ် ဘယ်မှာလဲ …” ခွန်ကျန်းက အေးစက်စွာ မေးသည်။ ခွန်ရွှမ်သည်လည်း ထိုသိမ်းငှက်နက်အား မမြင်ပေ။
စစ်တပ်နှစ်ခု ပေါင်းစပ် တိုက်ခိုက်လာသောအခါ ထိုမိုက်မဲသော သားရဲစုတ်က ရောက်မလာ ရဲသည်လား။
ယွင်ကျင်းကလည်း အင်ပါယာရှား စစ်တပ်ကို ကြည့်ကာ လေ့လာ ဆန်းစစ်နေသည်။
“အလံလုပွဲတုန်းက ယူချင်းနဲ့ သိမ်းငှက်နက်တို့ကို မတွေ့ရဘူး” ယွင်ကျင်းက ဘေးမှ လီယောင်ကို ပြောသည်။
ထိုအချိန်တွင် သူတို့ထံသို့ လူအနည်းငယ် ရောက်လာကြသည်။ သူတို့သည် ရန်သူစစ်တပ်အား စောင့်ကြည့်ရန် တာဝန်ပေးခံရသူများ ဖြစ်ကြ၏။ ဦးညွှတ်ကာ တစ်ယောက်က ပြောသည် … “အရှင့်သား … ပျောက်နေတဲ့သူတွေက ရီဖူရှင်းရဲ့လူတွေပါ”
လီယောင်နှင့် ယွင်ကျင်းတို့က ခေါင်းညိတ် ကြသည်။
“အဲဒီလူတွေကက အင်ပါယာရှား နယ်မြေရဲ့ အောက်ဘုံက ဖြစ်ပြီးတော့ အဲဒီထဲမှာ ရန်ဟောင်အမွေအနှစ် ဆက်ခံသူလည်း ပါဝင်ပါတယ် ” သူက ဆက်ပြောသည်။
“စီနီယာ အစ်ကို … တော်ဝင်အလံကို စောင့်ကြပ်ဖို့ လူဘယ်နှယောက် ကျန်ခဲ့လဲ” လီယောင်က ယွင်ကျင်းကို မေးသည်။
“အလံကို ချိုးဖျက်ဖို့သူတို့က အနည်းဆုံး ထန်နဲ့ ထိုစစ်တပ်တွေကို လိုတယ်။ ပြည်နယ်ကိုးခုက ထူးချွန်တယ် ဆိုပေမဲ့ သူတို့က လုံလောက်တယ်လို့ ငါမထင်ဘူး” ယွင်ကျင်းက ပြောသည်။
“အရှင့်သား … တိုက်ပွဲကို မြန်မြန် အဆုံးသတ်ရပါမယ်” ယွင်ကျင်းက လီယောင်အား ပြောသည်။ ဖြစ်နိုင်ဖွယ်က နည်းပါးသော်လည်း ယွင်ကျင်းက အနည်းငယ်တော့ စိတ်ပူသည်။
ရှားရှင်းယွန်က မော့ကြည့်ကာ ခွန်ရွှမ်အား ပြောသည် … “အငြိုးအတေး တစ်ခုအတွက် နင်က နတ္ထိဘုံတိုက်ပွဲကို အနိုင်ရဖို့ အခွင့်အရေးကို လက်လွှတ်တယ်။ ဒါက တန်လို့လား”
“မင်းသမီးခွန်ရွှမ် … သူမစကားကို နားမထောင်ပါနဲ့။ ကျုပ်တို့က အင်ပါယာရှားမြို့ကို သိမ်းပိုက်တော့မှာ ဆိုတော့ သူတို့က ကြောက်လန့် နေကြပြီ။ သူတို့ကို အပြတ်ဖြတ်ပြီးမှ အင်ပါယာလီဘုံနဲ့ ဥဒေါင်း အင်ပါယာမြို့တို့က အနိုင်အရှုံးကို ဆုံးဖြတ်ကြတာပေါ့” လီယောင်က ပြောသည်။
“ခွန်ရွှမ် … တကယ်လို့ နင်က ရီဖူရှင်းရဲ့ စကားတွေကို စိတ်ဆိုး နေသေးတယ်ဆိုရင် ငါက အဖေ့ကို ပြောပြီး ရီဖူရှင်းကို ဘွဲ့ထူးပေးပြီးတော့ ဥဒေါင်း အင်ပါယာဆီမှာ လက်ထပ်ခွင့် တောင်းစေမယ်။ ဘယ်လိုလဲ” ရှားရှင်းယွန်က ဆက်ပြောသည်။
သူမ၏စကား ဆုံးလျှင် ခွန်ရွှမ်၏မျက်နှာက အေးစက်သွားသည်။ သူမက ရီဖူရှင်းကို လက်ထပ် ရမည်လား။
“ရှားရှင်းယွန် … ငါတို့ ဒီမွန်းဘုံမှာလည်း သားရဲတွေ အများကြီးက နင့်ကို စိတ်ဝင်စား ကြတယ်။ ငါက သူတို့ကို ဘွဲ့ထူးပေးပြီးတော့ မင်းနဲ့ လက်ထပ်စေမယ်။ ဘယ်လိုလဲ” ခွန်ရွှမ်က ပြောသည်။
“မင်းက ဒါကို သဘောမကျရင် ငါ့ကို ပြုစုမယ်ဆိုလည်း ရတယ်” ခွန်ကျန်းကလည်း ဝင်ပြောသည်။
ရှားရှင်းယွန်က ကောင်းကင်ထက်သို့ အေးစက်စွာ ကြည့်သည်။
“မင်းသား … ငါတို့ တိုက်ခိုက်သင့်ပြီ” ယွင်ကျင်းက လီယောင်ကို ပြောသည်။ သူက တိုက်ပွဲအား မြန်ဆန်စွာ အဆုံးသတ် လိုသည်။
လီယောင်က ခေါင်းညိတ်သည်။ ထိုစဉ်မှာပင် ရီဖူရှင်းက လှံတစ်လက်အား ကိုင်စွဲလျက် လေထဲသို့ တက်လာသည်အား မြင်ကြရ၏။
“ခင်ဗျားတို့က စစ်ပွဲစချင်တယ်ဆိုရင် အင်ပါယာလီဘုံနဲ့ ဥဒေါင်း အင်ပါယာဘုံက ဘယ်သူတွေ စပြီးတော့ တိုက်ခိုက်ချင်လဲ” သူက ဘုံနှစ်ခုမှ တန်ခိုးရှင်များသို့ သူ၏လှံဖြင့် ချိန်ရွယ်ကာ ပြောသည်။
အင်ပါယာရှား စစ်တပ်မှ လူများက လေထဲမှ ရီဖူရှင်းကို ကြည့်ကြသည်။ ပုံမှန်အားဖြင့် သူတို့က ရီဖူရှင်း၏သတ္တိနှင့် စွမ်းရည်တို့အား အသိအမှတ်ပြု ကြပေသည်။ သို့သော်လည်း သူကား အထိန်းအကွပ်မဲ့ကာ မောက်မာသည်။ ထိုအားနည်းချက် ကြောင့်သာ မဟုတ်လျှင် သူသည် မင်းသမီး၏ အားထားရသော လက်ရုံးတစ်ဆူ ဖြစ်ပေမည်။
“သူ့ကို သတ် …” ယွင်ကျင်းက အမိန့်ပေးသည်။ သူက အချိန် မဖြန်းလိုတော့။ ဘုံသုံးခုက စစ်တိုက်သောအခါ သူက ရီဖူရှင်းကဲ့သို့ စည်းမျဉ်းများအား လိုက်နာနေရန် မလိုပေ။
ယွင်ကျင်း၏အသံကို ကြားသည်နှင့် ရုတ်တရက် အလင်းတန်းများသည် ကောင်းကင်ထက်မှ ကျဆင်းလာခဲ့ကာ လေထုကို ခွင်းလျက် ရီဖူရှင်းထံသို့ ချဉ်းကပ် လာခဲ့သည်။
ရတနာလှံမှ ဖျက်ဆီးခြင်း အလင်းများ ဖြာထွက်လာခဲ့ပြီး အချိန်နှင့် လေဟာနယ်သည် အေးခဲသွားဟန် ရသည်။ အလင်းတန်းက ဆက်လက်၍ ကျဆင်းလာခဲ့လျှင် ရီဖူရှင်းကလည်း အလင်းတန်းများအား လှံဖြင့် ခုခံတိုက်ခိုက်သည်။
“တိုက် …” လီယောင်က စစ်တပ်ကို အမိန့်ပေးသည်။
“တိုက် …” ခွန်ကျန်းနှင့် ခွန်ရွှမ်တို့ကလည်း တစ်ချိန်တည်းတွင် အမိန့်ပေးလျှင် ကောင်းကင်ထက်မှ စစ်တပ်ကြီးသည် အောက်သို့ ဒီရေလှိုင်းအလား ကျဆင်းလာခဲ့ပြီး စစ်ပွဲအား တရားဝင် ဖွင့်လှစ်ခဲ့တော့သည်။
***