တိုက်ခိုက်ခြင်း
Vol. 011 Ch. 1070
တော်ဝင်အင်ပါယာ စစ်တပ်နှစ်ခု၏ ဖိအားအောက်တွင် ကောင်းကင်နှင့် မြေပြင်ပင် လေးလံထိုင်းမှိုင်း ရသည်။ တစ်ချိန်တည်းတွင် ကုန်းစွန်းကျောင်းက တိမ်တိုက် တောင်ကြားမှ တန်ခိုးရှင်များကို ဦးဆောင်လျက် လေထဲသို့ ပျံတက်လာခဲ့၏။
ကုန်းစွန်းကျောင်းက ရီဖူရှင်းအား စတေးရန် အဆိုပြုသောနေ့ ကတည်းက သူ့အား တိမ်တိုက် တောင်ကြားကို ရှေ့တန်းမှ တိုက်ခိုက်ရန် မင်းသမီး ရှားရှင်းယွန်က အမိန့်ပေးခဲ့၏။
ထို့ကြောင့် သည်တစ်ခေါက်တွင် တိမ်တိုက် တောင်ကြားအား ကုန်းစွန်းကျောင်းက ဦးဆောင်လျက် ရှေ့တန်းတွင် ထွက်ပေါ် လာခဲ့တော့၏။
ထိုအချိန်တွင် ကုန်းစွန်းကျောင်းသည် လေထဲတွင် ပျံသန်းနေ၏။ သူ၏ စူးရှနက်မှောင်သော အကြည့်က ကောင်းကင်ထက်သို့ ရောက်လာသည်။ ထိုမျှသာမက သူ့တစ်ကိုယ်လုံး သည်လည်း နတ်ဘုရားများ၏လက်နက်များအလား အငွေ့အသက်များကိုပါ သယ်ဆောင် လာခဲ့သည်။
ကုန်းစွန်းကျောင်း၏ နောက်တွင် အလွန်တရာ လင်းလက်သော နတ်ဘုရား ပေါင်းအိုးကြီးတစ်ခု ရှိသည်။ ပေါင်းအိုးကြီးထဲမှ ရွှေရောင် အလင်းများသည် ကောင်းကင်ယံကိုပင် ကျော်တက် သွားသည့်အလား ဖြာထွက်သွားခဲ့ကာ ကမ္ဘာလောကကြီး၏ လောကဓာတ်များအား သန့်စင်သည်။
“ကုန်းစွန်းကျောင်းက တိမ်တိုက်တောင်ကြားရဲ့ ကောင်းကင် သန့်စင်ဖိုအိုးကို နတ္ထိဘုံသို့ ယူလာခဲ့တာပဲ ”
လူအများအပြားက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ကြ၏။ တိမ်တိုက် တောင်ကြားကား အင်ပါယာရှား နယ်မြေတွင် နံပါတ်၁ ချပ်ဝတ်လက်နက် ပြုလုပ်သူများအဖြစ် နာမည်ကျော်ကြား ပေသည်။ ကုန်းစွန်းကလန်သည် တိမ်တိုက်တောင်ကြား၏ အုပ်စိုးသူများ ဖြစ်ကြ၏။ နှစ်ပေါင်းများစွာ သူတို့က မရေမတွက်နိုင်သော အရည်အသွေးမြင့် တော်ဝင်ရတနာများကို သွန်းလုပ်ပေး နိုင်ခဲ့ကြသည်။
တိမ်တိုက် တောင်ကြားတွင် နာမည်ကျော် တော်ဝင်ရတနာများ ရှိကာ ထိုအထဲမှ တစ်ခုမှာ ကောင်းကင် သန့်စင်ခြင်းဖိုအိုး ဖြစ်သည်။
ကောင်းကင် သန့်စင်ခြင်းဖိုအိုးသည် လောကမှ လောကဓာတ်များအား သန့်စင်ကာ အသုံးပြုသူ၏ ကိုယ်ပိုင်စွမ်းအားများ အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း ရှိ၏။ လက်ရှိတွင် ကုန်းစွန်းကျောင်းသည် ရှန့်ထိုအဆင့်သို့ မတက်လှမ်းနိုင် သေးသော်လည်း တစ်နေ့ သူက ရှန့်ထိုအဆင့်သို့ တက်လှမ်း နိုင်သောအခါ ဖိုအိုးအား အသုံးပြုလျက် မဟာလမ်းစဉ်ကို အမှန်တကယ် သန့်စင်နိုင်လောက် ပေသည်။
အင်ပါယာရှားဘုံမှ တန်ခိုးရှင်များ အားလုံးက ကုန်းစွန်းကျောင်းအား လှမ်းကြည့်ကြ၏။ ယခင် တိုက်ပွဲများ၌ သည်ရတနာကို ကုန်းစွန်းကျောင်းက တစ်ခါမှ မသုံးခဲ့ပေ။
ကုန်းစွန်းကျောင်းက ရှားရှင်းယွန်ကို တစ်စုံတစ်ခု သက်သေပြလိုဟန် ရ၏။
ရီဖူရှင်းနှင့် ကုန်းစွန်းကျောင်းတို့ တိုက်ရိုက် ရင်ဆိုင်ခြင်း မရှိသေးသော်လည်း မင်းသမီးက ရီဖူရှင်းကို ပိုတန်ဖိုးထားသည်ကို အင်ပါယာရှားဘုံမှ လူများအားလုံး သိကြ၏။ လက်ရှိတွင် သူသည် ကောင်းကင်ထက်၌ အဆုံးမဲ့သော ဂုဏ်ရောင်များ ထွန်းပြောင်လျက် ရှိသော်လည်း တစ်ဖက်လူအား တစ်နည်းနည်းဖြင့် ဝမ်းနည်း ကြေကွဲဖွယ် အငွေ့အသက်များအား ပေးသည်။
ဤမတိုင်မီက ရီဖူရှင်းသည် ရတနာလှံကို အသုံးပြုလျက် တိုက်ခိုက်ခဲ့၏။ ယခု ကုန်းစွန်းကျောင်းက ကောင်းကင် သန့်စင်ခြင်းဖိုအိုးကို ထုတ်သုံးခဲ့ရာ သူတို့နှစ်ဦးအကြား တိတ်တခိုး ပြိုင်ဆိုင်မှု တစ်ခုဟုပင် ပြောနိုင်သည်။
တိမ်တိုက်တောင်ကြားမှ လူများက ကုန်းစွန်းကျောင်းကို ဗဟိုထားကာ သူတို့၏စွမ်းအားများ အားလုံးကို ကောင်းကင် သန့်စင်ခြင်းဖိုအိုးသို့ စီးဆင်းစေကြ၏။ ကောင်းကင် သန့်စင်ခြင်းဖိုအိုးမှ အလင်းများသည် ကောင်းကင်တခွင် ထိန်လင်း နေပေသည်။ ဖိုအိုးထဲ၌ များစွာသော နတ်ဘုရားလှံများ သန့်စင် ဖြစ်တည်လာခဲ့ကာ လေထဲသို့ ဖြန့်ကြက်လျက် တစ်ဖက်မှ စစ်တပ်ကြီးထံသို့ တိုးဝင်သွားကြ၏။
တစ်ချိန်တည်းတွင် ကောင်းကင်ထက်၌ ကောင်းကင်ကို အုပ်မိုးလျက် ဧရာမကြီးမားသော ဓားဝင်္ကပါတစ်ခု ဖြစ်ပေါ်လာသည်။ ထိုနေရာမှ ကောင်းကင်နှင့် မြေပြင်အား ထမ်းပိုးလျက် အဆုံးအစမဲ့သော ဓားအသိများ စီးဆင်းလာကြသည်။ သန်းပေါင်းများစွာသော ဓားအလင်းများသည် လေဟာနယ် ပတ်ပတ်လည်အား ဝန်းရံလျက် ကောင်းကင်မှ သက်ဆင်း လာခဲ့ကြကာ ဖိုးအိုးမှ ထွက်ပေါ်လာသော လှံရှည်များဖြင့် ရင်ဆိုင်သည်။
ရုတ်တရက် ကောင်းကင်ထက်တွင် ထူခြားသော မြင်ကွင်းတစ်ခု ဖြစ်တည်လာသည်။ ကြယ်စင်စုများ၏ ရေတံခွန်တစ်ခုသည် ကောင်းကင်နှင့် မြေပြင်အကြား စည်းခြားထား သကဲ့သို့ ဖြစ်တည်လာပြီး ထိုအရာထံမှ ဖိအားသည် ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်လာခဲ့၏။
“တာလီဓားတောင်ကုန်း …” လူအများအပြားက ကောင်းကင်ထက်မှ ဓားသမားကို ကြည့်ကာ သူတို့သည် တာလီပြည်ထောင်၏ နံပါတ်၁ ဓားအင်အားစုမှ လာခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။
ကုန်းစွန်းကျောင်း၏ ဝတ်ရုံစများသည် လေထဲတွင် တဖျတ်ဖျတ် လွင့်သွားလျက် ကောင်းကင်ထက်သို့ တက်လာခဲ့သည်။ သူက တိမ်တိုက်တောင်ကြားမှ တန်ခိုးရှင်များ၏ စွမ်းအားများ အားလုံးကို ဖိုးအိုးဖြင့် ပေါင်းစပ်စေလျက် ငွေရောင် ရေတံခွန်အတိုင်း အပေါ်သို့ ဆန်တက်လာခဲ့၏။ ထိုအခိုက်တွင် ကုန်းစွန်းကျောင်း၏ နောက်တွင် အဆုံးမဲ့သော ဂုဏ်ရောင်များ ရစ်ပတ်လျက် ပြိုင်စံရှား နတ်ဘုရားလှံတစ်လက် ပေါ်လာကာ ရေတံခွန်ကို ထွင်းဖောက်လျက် ကောင်းကင်ထံသို့ တိုးဝင် သတ်ဖြတ်သည်။
ထိုမျှသာမက ကြောက်မက်ဖွယ် ကောင်းကင် သန့်စင်ဖိုအိုးသည် ကောင်းကင်မှ ကျဆင်းလာသော ဓားအသိများကိုပင် ဆက်လက်၍ သန့်စင်သည်။
“တိမ်တိုက်တောင်ကြားရဲ့ ကုန်းစွန်းကျောင်းက အင်ပါယာရှားဘုံနဲ့ အရှင်မင်းကြီးတို့ အတွက် တိုက်ခိုက်ပါမယ်” သူ၏အသံသည် ကောင်းကင် တစ်ခုလုံးအား ရိုက်ခတ်သွား၏။
ကုန်းစွန်းကျောင်းက လက်ဆန့်တန်း လိုက်လျှင် ပြိုင်စံရှားလှံသည် သူ၏လက်အတွင်းသို့ ကျဆင်းလာ၏။ သူက တစ်ဟုန်ထိုး ပြေးသွားကာ ရေတံခွန်ကို ဆန့်ကျင်လျက် အဆုံးမဲ့သော စွမ်းအားကို သယ်ဆောင်ကာ သက်ရှိတို့အားလုံးကို ထိတ်လန့်စေနိုင်သော စွမ်းအားဖြင့် တိုက်ခိုက်သည်။
လှပသေသပ်သော လှံချက်က တာလီဓားသမား၏ရှေ့သို့ ဝင်ရောက် သွားသည်ကို ကြည့်ကာ အင်ပါယာရှားဘုံမှ တန်ခိုးရှင်တို့သည် ကြီးစွာ စိတ်လှုပ်ရှား ကြရ၏။ ကုန်းစွန်းကျောင်းက တိမ်တိုက်တောင်ကြား၏ ဂုဏ်သိက္ခာကို ထုတ်ဖော်ပြသလိုဟန် ရသည်။ သူကား အင်ပါယာရှားဘုံနှင့် အရှင်မင်းကြီးတို့အတွက် တိုက်ခိုက်ခြင်း ဖြစ်သည်။ ဤမတိုင်မီက ဆိုလျှင် သူသည် မင်းသမီးအတွက် တိုက်ခိုက်ခြင်းဟု ကြွေးကြော်လောက် ပေသည်။
“ထန်နဲ့ထို စစ်သည်တွေ … တိုက်ခိုက်ဖို့ ပြင်ဆင်ကြ” ရှားရှင်းယွန်က ထိုအရာများ အားလုံးကို တည်ငြိမ်စွာ ကြည့်ကာ အမိန့်ပေးသည်။ ဖိအားများကို ကုန်းစွန်းကျောင်း တစ်ဦးတည်း ခံယူခြင်းအား သူမ မလိုလားပေ။
သူမအား စိတ်မဝင်စားသော ကုန်းစွန်းကျောင်းကိုသာ သူမက တွေ့မြင် လိုပေသည်။ တိမ်တိုက်တောင်ကြား၏ ဆရာသခင် အဘိုးအိုသည် သူမအဖေ၏ နောက်လိုက် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အင်ပါယာရှားက ထိုသို့သော သစ္စာရှိ နောက်လိုက်များအား အားထား ရပေသည်။
ထိုသို့ဖြစ်လျှင်ပင် ကုန်းစွန်းကလန်၏ မျိုးဆက်က ကြီးမားသော အတွေးများအား ထားရှိသင့်သည်ဟု မဆိုလို။ မဖြစ်နိုင်သော အတွေးများက သူ့အား ဝါးမျိုကာ တစ်နေ့ တိမ်တိုက် တောင်ကြားကိုပင် ထိခိုက်စေ နိုင်ပေသည်။ ထို့ကြောင့် ကုန်းစွန်းကျောင်းအား မဖြစ်နိုင်သော အတွေးများအား စိတ်ကူးနေမည့်အစား သူ၏တကယ့်တာဝန် ဝတ္တရားများကိုသာ အာရုံစိုက်ရန် မင်းသမီးရှားရှင်းယွန်က လိုလားပေသည်။ မဟုတ်လျှင် သူမက ကုန်းစွန်းကလန်အား အနာဂတ် ခေါင်းဆောင်နေရာကို နောက်တစ်ယောက် ရွေးချယ်စေမည်။
ထန်နှင့်ထို စစ်သည်တို့ ကောင်းကင်ထက်သို့ တက်ကာ တိုက်ပွဲထဲ ပါဝင်လာကြ၏။ ချက်ချင်းပင် အင်ပါယာဘုံ၏ ထိပ်သီး တန်ခိုးရှင်များ အားလုံးက အရပ်မျက်နှာမျိုးစုံမှ ဝင်ရောက် တိုက်ခိုက်ကြတော့၏။ သူတို့၏အင်အားမှာ အရေအတွက်အားဖြင့် နိမ့်ကျနေသော်လည်း မင်းသမီး ကိုယ်တိုင်က စစ်မြေပြင်တွင် ရှိနေမှတော့ မည်သူတို့က အပါး ခိုရဲမည်နည်း။
နတ္ထိဘုံတိုက်ပွဲရလဒ်ကို ထားပေဦးတော့၊ သူတို့က စစ်မြေပြင်တွင် မင်းသမီး ရှားရှင်းယွန် ရှိနေပါလျက် အရှက်မဲ့စွာ အပါးခိုရဲသည် ဆိုပါက အင်ပါယာရှားက သူတို့အား တာဝန်ကင်းမဲ့သူများ အဖြစ် သတ်မှတ်ကာ သူတို့အနေဖြင့် မည်သို့ သေဆုံး သွားမည်ကိုပင် သိလိုက်မည် မဟုတ်ပေ။
စစ်တပ်နှစ်ခုက အချင်းချင်း တိုက်ခိုက်ကြလျှင် လေထဲတွင် ပြင်းထန်စွာ ရင်ဆိုင်ထိတွေ့မှုများ၊ ပေါက်ကွဲမှုများနှင့် အလင်းလှိုင်းများ စွမ်းအားလှိုင်းများ ပြန့်ကျဲကြသည်။
ထန်ကျိက လူတစ်စုကို ဦးဆောင်ကာ ရှားရှင်းယွန်အား ကာကွယ်ထား၏။ တိုက်ပွဲ၏ အခြေအနေကို မြင်လျှင် ထန်ကျိက စိုးရိမ်စွာဖြင့် ပြောသည် … “မင်းသမီး … ဖြစ်နိုင်ရင် ကျုပ်တို့က နတ္ထိဘုံတိုက်ပွဲကို လက်လျှော့သင့်တယ် ”
မင်းသမီး ဘေးကင်းမှုမှာ အရာအားလုံးထက် အရေးကြီးပေသည်။
နတ္ထိဘုံအား ထိန်းချုပ်ခွင့်မှာ ဆယ်နှစ်တာ ကာလသာဖြစ်၏။ သည်တစ်ကြိမ် ရှုံးနိမ့်ခဲ့လျှင်ပင် သူတို့က နောက်ဆယ်နှစ်တွင် တစ်ဖန် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သေးသည်။
“စောင့်ကြည့်ဦး …” ရှားရှင်းယွန်က ထန်ကျိအား တည်ငြိမ်စွာ ပြောသည်။
ရီဖူရှင်းကသာ သူမအား မပြောထားလျှင် သူက ခွန်ရွှမ်အား သွားရောက် ရန်စပြောဆိုခြင်းမှာ သားရဲများအား ထိန်းချုပ်ရန်နှင့် သားရဲများကို အသုံးပြုကာ အင်ပါယာလီဘုံအား တိုက်ခိုက်ရန်ဖြစ်ကြောင်း သိခဲ့မည် မဟုတ်ပေ။ နောက်ထပ် ခြေလှမ်းကား ကွန်ချာကို ပိတ်သိမ်းရန် ဖြစ်ပေမည်။
ရီဖူရှင်းသည် အလွန်တရာ အရှက်မဲ့ကာ အထိန်းအကွပ် ကင်းမဲ့သူ ဖြစ်သော်လည်း ရှားရှင်းယွန်သည် သူ၏စွမ်းရည်ကို လုံးဝဥဿုံ ယုံကြည်ပေသည်။ ယခုအချိန်အထိ တိုက်ပွဲမှာ သံသယဖြစ်ဖွယ်ရာ ထူးခြားချက်များ မရှိသေးပေ။ သားရဲများကလည်း တိုက်ပွဲတွင် အင်ပါယာရှားဘုံသို့ တိုက်ခိုက်နေကြ၏။
ပြင်းထန်သော မာန်သွင်းသံများ အဆက်မပြတ် ပေါ်ထွက်နေခဲ့ကာ စစ်တပ်ကြီးနှစ်ခု၏ ပြင်းထန်စွာ ရင်ဆိုင်တွေ့မှု အောက်၌ မကြာခင် စစ်မြေပြင်မှာ ကစဉ့်ကလျား ဖြစ်လာနေခဲ့၏။ တိမ်တိုက် တောင်ကြားအား ကုန်းစွန်းကျောင်းက ဦးဆောင်ကာ တာလီပြည်ထောင် ဓားသမားများနှင့် စစ်မြေပြင်အလယ်၌ တိုက်ခိုက် နေကြသည်။ လီယောင်နှင့် ယွင်ကျင်းတို့သည် စစ်မြေပြင်၏ ဘယ်ဘက်ခြမ်းတွင် ရှိကာ ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည် တခြား တစ်ဖက်တွင် ဖြစ်သည်။ စစ်တပ်ခေါင်းဆောင်များ ဖြစ်သည့်အလျောက် သူတို့က တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခြင်း မပြုဘဲ စစ်မြေပြင်ကိုသာ ဆန်းစစ်လေ့လာ နေကြသည်။
“ဒီသားရဲတွေက တိုက်ခိုက်နေကြတယ် ဆိုပေမဲ့ သူတို့က အရမ်းအားစိုက်ပုံ မရဘူး” ယွင်ကျင်းက လီယောင်အား စိတ်ဖြင့် ပြောသည်။ ဤနည်းက အင်ပါယာလီဘုံနှင့် အင်ပါယာရှားဘုံတို့အား အင်အားများ ဖြုန်းတီးစေလိုသော သဘောဖြစ်ပေမည်။
“ဆက်ပြီး စောင့်ကြည့်မယ်။ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် ခွန်ကျန်းနဲ့ ခွန်ရွှမ်ကို သတိပေးဖို့ လိုတယ်” လီယောင်က ထူးမခြားနားစွာ ပြော၏။
သူတစ်ဦးတည်းသာ မဟုတ် တိုက်ပွဲဝင် နေကြသော အင်ပါယာလီဘုံသားတို့ သည်လည်း သတိထားမိကြ၏။ စစ်မြေပြင်တွင် ကောင်းကလန်မှ ခေါင်းဆောင်က မိစ္ဆာလက်ဝါး တစ်ချက်အား ရိုက်ထုတ်လိုက်လျှင် မိစ္ဆာစွမ်းအားသည် ကောင်းကင်ကို ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်ကလည်း နောက်သို့ လှုပ်ယမ်း သွားသည်။ သိပ်မဝေးသော နေရာတွင် တိုက်ခိုက်နေသော ကျားလို့ဖုန်းအား သူက ကြည့်ကာ ပြောသည် … “ကျားလို့တော်ဝင် ကလန်ရဲ့ အမြန်နှုန်းကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ကျုပ်ကြားတယ်။ အခု ကျားလို့ကလန်ရဲ့ မျိုးဆက်က ဒီမှာ ရှိနေမှတော့ တစ်ခါလောက် စွမ်းရည် ပြသင့်တယ် ”
“အင်ပါယာလီဘုံမှာ ကောင်းကလန်ဟာလည်း တိုက်ခိုက်ရေး စွမ်းအားမှာ အရမ်းကောင်းတယ်။ ကျုပ်က ထွက်ပြေးတဲ့ သူတွေကို လိုက်ပြီးတော့ ရှင်းပေးမယ်” ကျားလို့ဖုန်းက ပြောသည်။
သူတို့ အချင်းချင်း စကားပြောနေရင်းဖြင့်ပင် နှစ်ဦးသား ဟိုမှသည်သို့ ရွေ့လျားကာ တိုက်ခိုက်ကြ၏။
ထိုအချိန်တွင် ရီဖူရှင်းသည် စစ်မြေပြင်၌ တစ်ဦးတည်း ရွေ့လျားနေခဲ့ကာ စစ်မြေပြင်မှာ တဖြည်းဖြည်း ပိုမို၍ ကစဉ့်ကလျား ဖြစ်လာသည်ကို တွေ့၏။ သူ၏မျက်လုံးများ၌ အေးစက်သော အလင်းတစ်ချက် လက်သွားသည်။
ထိုအချိန်တွင် လျှပ်စီးတစ်ချက် လင်းလက်သွားကာ ကောင်းကင်၌ တန်ခိုးရှင်တစ်ပါး ပေါ်လာသည်။ သူက စစ်မြေပြင်မှ အခြေအနေကို စိုးရိမ်စွာ တစ်ချက် ကြည့်လိုက်သော်လည်း အများသူငါ ကြားအောင် ဘာမှ မပြောပေ။ သူက လီယောင်နှင့် ယွင်ကျင်းတို့အားသာ စိတ်ဖြင့် လှမ်းပြောသည် … “အရှင့်သား … ဆရာယွင် … ဒီမွန်းဘုံက နွားသိုးတွေ အင်ပါယာလီမြို့သို့ သွားနေကြတယ်။ သူတို့က ကျုပ်တို့ တော်ဝင်အလံကို ဖျက်ဆီးမည့်သဘော ရှိတယ် ”
လီယောင်နှင့် ယွင်ကျင်းတို့က မျက်မှောင်ကြုတ် လိုက်ကြ၏။ သူတို့က အချင်းချင်း ကြည့်လိုက်ကြကာ လီယောင်၏ မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာခဲ့သည်။
သည်တစ်ကြိမ်တွင် အင်ပါယာလီဘုံသည် ဉာဏ်နီဉာဏ်နက်များခြင်း မရှိဘဲ အခြေအနေကို လိုက်၍ အင်ပါယာရှားဘုံကို ဖျက်ဆီးရန် ဒီမွန်းမြို့နှင့် မဟာမိတ်ဖွဲ့ခဲ့၏။
ယွင်ကျင်းကား ခေါင်းထဲတွင် တွက်ချက် စဉ်းစားနေသည်။ ဒီမွန်းမြို့တွင် ခုခံသည့် စစ်သည်များ ရှိပြီး အင်ပါယာလီဘုံတွင်လည်း ထိုနည်းတူဖြစ်သည်။ သို့သော်လည်း ပြဿနာကား အင်ပါယာရှားမြို့၌လည်း တန်ခိုးရှင်တစ်စု ပျောက်နေခြင်းပင်။ ထိုအရာက တိုက်ဆိုင်ခြင်း ဆိုပါက သိပ်စိတ်ပူစရာ မရှိပေ။ အင်ပါယာလီမြို့ကို စောင့်ကြပ်သူများက သူတို့အား တားဆီးနိုင်လောက် ပေသည်။
သို့သော် တိုက်ဆိုင်ခြင်း မဟုတ်ဆိုပါက အင်ပါယာလီဘုံ၏ စစ်မြေပြင်သာမက၊ ထိုနေရာတွင်လည်း …
သို့သော်လည်း သူ၏စဉ်းစား တွက်ချက်မှုများအရ ဒီမွန်းမြို့က ရှားရှင်းယွန်နှင့် ပူးပေါင်းခြင်းမှာ မဖြစ်နိုင်ပေ။ သဲလွန်စများလည်း မရှိခဲ့။ ဒီမွန်းဘုံသာ ထိုမျှ ဉာဏ်နီဉာဏ်နက် များလျှင် ယခင်က နတ္ထိဘုံတိုက်ပွဲများတွင် များစွာ ရှုံးပွဲတွေ့ခဲ့မည် မဟုတ်။
သို့သော် သူ့ရှေ့မှ အခြေအနေအရဆိုလျှင် သူက အမှား ကျူးလွန်မိသလား သို့မဟုတ် တိုက်ဆိုင်ခြင်းလား စဉ်းစားရန် လိုပေသည်။
“အရှင့်သား … ခေါင်းဆောင်တွေ အားလုံးကို နောက်ဆုတ်ဖို့ အမိန့်ပေးပါ ” ယွင်ကျင်းက မင်းသားအား စိတ်ဖြင့် ပြောသည်။ လီယောင်ကလည်း တိုက်ပွဲ အခြေအနေကို ကြည့်လျှင် တိုက်ပွဲသည် အမှန်တကယ် အနီးကပ် ဖရိုဖရဲဖြစ်သော အခြေအနေ၌ ရှိရာ သူတို့ မစွန့်စားသင့်ကြောင့် သိလိုက်သည်။
လီယောင်က ခေါင်းညိတ်ကာ သူ့စစ်သည်များအား နောက်ဆုတ်ရန် ပြောသည်။ အမိန့်များကို ရပြီးနောက် အားလုံးက နားမလည်ကြ သော်လည်း သူတို့က ဝင်္ကပါများအား တိတ်တဆိတ် ရုပ်သိမ်းကာ မူလကကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်း မပြုတော့ဘဲ ဖြည်းဖြည်း ဆုတ်ကြသည်။
အခြေအနေကို ကြည့်ကာ တစ်ဖက်လူများ ရိပ်မိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
တခြားစစ်မြေပြင် တစ်ခုတွင် ကျားလို့ဖုန်းထံမှ ပြင်းထန်သော အလင်းများ ကွဲထွက်လာခဲ့သည်။ သူ့ထံမှ နတ်ဘုရား အတောင်ပံတစ်ခု ဖြစ်ပေါ်လာခဲ့ကာ အလွန်တရာ ထက်ရှသော ဓားသွားအလား လေကို ခွင်းလျက် တိုက်ခိုက်သည်။ သို့သော် သူ၏တိုက်ခိုက်မှုသည် အင်ပါယာရှားဘုံကို ဦးတည်ရမည့်အစား သူ့ဘေးမှ အင်ပါယာလီဘုံ၏ ကောင်းကလန်အား တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် နတ်ဘုရား အတောင်ပံသည် များစွာသော ကောင်းကလန်ဝင်များအား သေကျေ ပျက်စီးစေသည်။
ဖျက်ဆီးခြင်း အလင်းတန်းက ကောင်းကလန် တန်ခိုးရှင်များအား သတ်ဖြတ်သွားခဲ့ကာ ကျားလို့ဖုန်းက ဒေါသတကြီး အော်ဟစ်သည် … “ကောင်းကျန်း … မင်းက အရှင့်သမီးကို စော်ကား ပြောဆိုရဲတယ် … သေစမ်း ”
တိုက်ပွဲတွင် ထိုအသံကို ရုတ်တရက် ကြားလိုက်ကြရ၏။ လီယောင်နှင့် ယွင်ကျင်းတို့က ကျားလို့ဖုန်း၏ တိုက်ခိုက်မှုကို မြင်တွေ့လိုက်သည်တွင် သူတို့အနေဖြင့် မြန်ဆန်စွာ နောက်ဆုတ်ရန် မလိုတော့ကြောင်း နားလည် လိုက်ကြသည်။ ယွင်ကျင်းက ကျယ်လောင်စွာ ပြောသည် … “ဒီမွန်းမြို့က တန်ခိုးရှင်တွေ အင်ပါယာလီဘုံကို တိုက်ခိုက်နေကြပြီ။ နောက်ဆုတ်ကြ”
ယခုအချိန်တွင် သူတို့က ဆက်လက် တိုက်ခိုက်၍ မရတော့ပေ။
“မင်းက ကျုပ်ကို ဘယ်လိုလုပ် အလစ်တိုက်ခိုက် ရတာလဲ။ အခု ကျုပ်တို့ ဒီမွန်းမြို့ကို စော်ကားတယ်။ ကျုပ် မင်းကို သတ်မယ်” နောက်ပ် တော်ဝင်ဒီမွန်းကလန်မှ တစ်ယောက်ကလည်း တခြားသော သားရဲများနှင့်အတူ အင်ပါယာလီဘုံမှ တန်ခိုးရှင်များအား တိုက်ခိုက် သတ်ဖြတ်လျှင် စစ်မြေပြင်မှာ ပိုမို၍ ဖရိုဖရဲ ဖြစ်လာခဲ့၏။
ခွန်ကျန်းနှင့် ခွန်ရွှမ်တို့သည်လည်း အခြေအနေ မည်သို့ ဖြစ်နေသည်ကို နားမလည်ကြပေ။
***