← Chapters

ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်မျိုရခြင်း

Vol. 5 Ch. 51

ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်မျိုရခြင်း

Vol. 5 Ch. 51

ယွမ်ရှောင်၏ဓားပျံတွင် တွဲလောင်းချိတ်ဆွဲခံထားရသူတိုင်းသည် လျှာဖြတ်ခံထားရပြီး ဒန်တန်များ ပျက်စီးနေသောကြောင့် စိတ်ဓာတ်ကျစွာ ရုန်းကန်နေကြ၏။ အားလုံးက ရဲတန်းစီနှင့် ဓားသခင်များထံ အကြည့်ရောက်သွား၍ အော်ဟစ်အကူညီတောင်းချင်သော်လည်း ဝူးဝူးဝါးဝါးအသံများသာ ထွက်ပေါ်လာ၏။ ဂိုဏ်း၏ကျင့်ကြံသူ တစ်ထောင်ကျော်သည် ရဲမျိုးနွယ်၏ အဖြစ်ဆိုးကြောင့် ဦးရေပြားများပင် ကျိန်းစပ်လာကြ၏။

ရဲတန်းစီနှင့် အပေါင်းအပါများသည် မောက်မာစွာ ရောက်လာကြသော်လည်း ပါးဖြတ်ရိုက်ခံလိုက်ရပြီး နှုတ်ဆိတ်ကုန်သည်။ သူတို့က ကျောက်ကျန်ရှင်းနှင့် ဓားအိမ်တော်ကို အရှက်ခွဲချင်သော်လည်း ယွမ်ရှောင်က လက်ဦးသွားသဖြင့် ဓားအိမ်တော်၏ကျင့်ကြံသူများကို ပျော်ရွှင်စေသည်။ ကျောက်ရန်ရန်သည် သူ့ကို နွေးထွေးစွာစိုက်ကြည့်ရင်း ခံစားချက်များ ဖြစ်တည်လာသည်။

"ဘယ်ကောင်မှ မလှုပ်နဲ့"

ယွမ်ရှောင်၏အမိန့်တစ်ချက်တွင် ရန်သူများအားလုံး ရပ်တန့်သွားကာ ရဲတန်းစီထံ အကြည့်ရောက်သွားကြသည်။ သူက ဒေါသအထွက်ဆုံး ဖြစ်နေသော်လည်း ပေါက်ကွဲရန် မဖြစ်နိုင်သောကြောင့် မျိုသိပ်နေရသည်။

"ရဲတန်းစီ တကယ်လို့ ရဲမျိုးနွယ်ရဲ့ ယောကျ်ားတွေအကုန်လုံး မသန်မစွမ်းဖြစ်ကုန်ရင် ရဲမျိုးနွယ် ဆက်လက်တည်ရှိဖို့အတွက် အခြားသူတွေ အကူအညီလိုမယ် ထင်တယ်"

ယွမ်ရှောင်က အေးစက်စက်ပြောလိုက်ပြီး ရဲမျိုးနွယ်ဝင်များ၏ ပျက်စီးနေသော ဒန်တန်များထံမှ သွေးတစ်စက်စက် စီးကျနေသည်။ ရဲတန်းစီ၏ဒေါသများက သွေးအဖြစ် အန်ထွက်လာသော်လည်း အရှက်မကွဲလိုသောကြောင့် ပြန်မျိုချလိုက်ရပြီး ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ဒေါသထွက်လွန်းသဖြင့် သေနိုင်၏။ ယွမ်ရှောင်က အမှန်တကယ်ပြတ်သားပြီး လက်စားချေပေးခဲ့သောကြောင့် ဓားအိမ်တော်၏ နစ်နာသူများ ကျေနပ်ကြပေလိမ့်မည်။

"သေစမ်း"

ရဲမျိုးနွယ်ဝင် နတ်ပင်လယ်အဆင့်အချို့က ဒေါသကို မထိန်းနိုင်တော့သဖြင့် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ဓားမြှောင်များဖြင့် တိုက်ခိုက်လာကြ၏။ သို့သော် ယွမ်ရှောင်က သံကြိုးကို လေထဲ ပစ်မြှောက်လိုက်ပြီး ဓားပျံအား ဓားရှည်အဖြစ် ပြောင်းလဲကာ တစ်ချက်ပိုင်းချလိုက်သည်။ သူ၏ဓားတစ်ချက်တွင် ခြုံချိုတိုက်ခိုက်သူများ၏ ဓားဝိညာဥ်အားလုံး ပျက်စီးသွားကာ သံကြိုးကို လေထဲမှာပင် ဖမ်းယူ၍ ဓားပျံ၌ ပြန်လည်ချိတ်ဆွဲထားလိုက်၏။ ဓားဝိညာဥ်ပျက်စီးသွားသော ကျင့်ကြံသူရှစ်ယောက်မှာ မြေပြင်သို့ လဲကျသွားပြီး ဝိညာဥ်များ ထိခိုက်ကုန်သဖြင့် သေသည်နှင့် မခြားပေ။ သူ၏အစွမ်းက တစ်ရက်အတွင်း ကြောက်စရာကောင်းလောက်အောင် သန်မာလာသောကြောင့် တစ်ဂိုဏ်းလုံးကို တုန်လှုပ်စေပြီး ဓားဝိညာဥ်၏အဆင့်ကို သိချင်လာကြ၏။

"ခွေးကောင်လေး မင်းကို သေတာထက် အဖြစ်ဆိုးအောင် လုပ်ပစ်မယ်"

"မင်းက စိတ်မရှည်တော့ဘူးလား။ ဒီလောက်နဲ့ မပြီးသေးဘူး။ ရဲကုရင်ရဲ့နာမည်ကို သေမျိုးတိုင်းပြည်တွေ မြင်နိုင်အောင် ကောင်းကင်မှာ ပုံဖော်မယ် ဟုတ်လား။ ကြည့်လိုက်စမ်း"

ယွမ်ရှောင်က ခပ်ညစ်ညစ်ပြုံးကာ ညွှန်ပြလိုက်သောအခါ ဓားတောင်လေးခုမှ ဓားဝိညာဥ်များ ပျံတက်လာကြ၏။ တစ်ခဏအတွင်း အမှောင်ထုကို ဓားအလင်းများဖြိုခွင်း၍ ရဲကုရင်ဆိုသော စကားလုံးများ ထွက်ပေါ်လာ၏။ ရဲတန်းစီသည် ဤစကားလုံးများဖြင့် အောင်ပွဲခံရန် စီစဥ်ထားသော်လည်း လက်ရှိတွင် အရှက်ခွဲခံလိုက်ရသည်။

"ကြည့်ကြစမ်း"

ထိုအချိန်၌ ရဲကုရင်ဆိုသော စာလုံးရှေ့တွင် အမှတ်တစ်ဓားတောင်မှ ဓားဝိညာဥ်များသည် ကောက်ကျစ်သောခွေးဟူသည့် စာလုံးများကို ပုံဖော်လိုက်သောအခါ ကျင့်ကြံသူများအပြင် သေမျိုးများပင် မြင်နိုင်ပေလိမ့်မည်။ ကောက်ကျစ်သော ခွေးကို ပုံဖော်သူများက အမှတ်တစ်ဓားတောင်မှ ဖြစ်နေသောကြောင့် ရဲတန်းစီကို နောက်တစ်ကြိမ် အရှက်ရသွားစေသည်။ သူက သေလောက်အောင် ဒေါသထွက်နေပြီး ခါးသီးသော အမှန်တရားကို နားလည်စပြုလာ၏။ အသူရာဓားဂိုဏ်း၌ လူတိုင်းက ရဲမျိုးနွယ်၏ လက်အောက်ခံ မဖြစ်လိုသည့်အပြင် အမှတ်တစ်ဓားတောင်မှ တပည့်များပင် ဆန့်ကျင်နေကြပြီး ဓားအိမ်တော်အတွက် ရပ်တည်ပေးချင်နေကြသည်။

"ရဲတန်းစီ နင့်လို အကြံပက်စက်တဲ့ ခွေးကောင်က နတ်ဆိုးတွေနဲ့ ပူးပေါင်းခဲ့တယ်။ ခေါင်းဆောင်တစ်ယောက် မပြောနဲ့။ ဓားသမားတစ်ယောက်ဖြစ်ဖို့တောင် အဆင့်မရှိဘူး။ ရဲမျိုးနွယ်က အရာရာကို ထိန်းချုပ်နိုင်မယ် ထင်နေတာလား။ အသူရာဓားဂိုဏ်းက ဖြောင့်မတ်မှန်ကန်ပြီး နင့်လိုစောက်ရူးက တစ်ဂိုဏ်းလုံးကို ဖိနှိပ်နိုင်မယ် ထင်နေတာလား"

ကျောက်ရန်ရန်က အမှတ်တစ်ဓားတောင်ထံညွှန်ပြ၍ နှာခေါင်းရှုံ့လိုက်သည်။ သူမ၏စကားကြောင့် အသက်ရှင်ရန်အတွက် နီးရာဓားကြောက်နေကြသည့် ကျင့်ကြံသူများက ရှက်ရွံ့စွာ ခေါင်းငုံ့သွားကြ၏။ သူတို့က ဆန့်ကျင်လိုသော်လည်း ဓားပင်လယ်နှင့် ရှေးဟောင်းမျှော်စင်၏ ထောက်ခံမှုကို ရထားသော ရဲကုရင်ကို အလွန်ကြောက်လန့်နေကြ၏။ ရှေးဟောင်းမျှော်စင်သည် ဓားပင်လယ်၌ အသန်မာဆုံးဖြစ်ကာ ပါရမီအထူးချွန်ဆုံး ဓားသမားများသာ ဝင်ရောက်ခွင့်ရသော နေရာ ဖြစ်၏။

"ကောင်းပြီ။ မင်းက ကျောက်ကျန်ရှင်းကို ဒီည ကာကွယ်ပေးနိုင်ခဲ့တယ်။ ငါ အရှုံးပေးပြီ"

ရဲတန်းစီက ရူးသွပ်စွာရယ်မော၍ ရဲကုရင်ပြန်အလာကို စောင့်ရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် သူသည် နောက်လိုက်များကို ပြန်ဆုတ်ရန် အမိန့်ပေးလိုက်သော်လည်း ယွမ်ရှောင်က အေးစက်စက် တားမြစ်လိုက်၏။

"မင်းတို့ကို ထွက်သွားနိုင်ပြီလို့ ဘယ်သူက ပြောလို့လဲ။ ဒီလောက်အညစ်အကြေးတွေ အများကြီးစုဆောင်းထားတယ်ဆိုတော့ မသုံးလိုက်ရရင် နှမြောစရာကောင်းတယ်။ ဒါတွေကို လေးဖွဲ့ခွဲပြီး အမှတ်တစ်၊ သုံး၊ ခြောက်နဲ့ ခုနစ် ဓားတောင်တွေရဲ့ ဘိုးဘေးခန်းမတွေအပေါ် လောင်းချလိုက်စမ်း"

ယွမ်ရှောင်၏စကားကြောင့် ဓားသခင်သုံးယောက်၏ မျက်နှာများ ရှုံ့တွသွားကြ၏။

"ယွမ်ရှောင် မင်း အကန့်အသတ်ကို ကျော်မလာနဲ့"

"မင်းက ကျန်းကျန့်မလား။ မင်း စောက်စကားရှည်လို့ မင်းအဖေ သေပြီ။ သူ့ကို တောင်းပန်လိုက်ဦး"

ကျန်းကျန့်က ခြိမ်းခြောက်လိုက်သော်လည်း ယွမ်ရှောင်သည် ကျန်းအဘိုးကြီး၏ ခေါင်းကို ဖြတ်တောက်ကာ ပစ်ပေးလာခဲ့သည်။

"အဖေ"

ကျန်းကျန့်သည် ခေါင်းပြတ်ကြီးကို အမှတ်မထင်ဖမ်းယူလိုက်ပြီး မျက်လုံးများ ပြူးကျယ်၍ လက်များ တဆတ်ဆတ် တုန်ရီနေ၏။

"ရပ်စမ်း"

ရောင်မန်ရှယ်က ဒေါသတကြီး စွက်ဖက်လာသောအခါ အဖြေပေးလာသည်မှာ မိဘနှစ်ပါး၏ခေါင်းပြတ်များ ဖြစ်နေသောကြောင့် သူ၏ပြတ်သားရက်စက်မှုအပေါ် ဓားအိမ်တော်၏ကျင့်ကြံသူများပင် ကြောက်လန့်သွားကြသည်။ သို့ရာတွင် ကောက်ကျစ်ယုတ်မာသူများကို ရင်ဆိုင်တုံ့ပြန်ရန် ရက်စက်ခြင်းကသာ အသင့်တော်ဆုံးဖြစ်သောကြောင့် သူတို့က ကျေနပ်နေကြ၏။ ထို့နောက် သူက သံကြိုးကို ဆွဲဆောင့်လိုက်သောအခါ ရဲမျိုးနွယ်ဝင်တစ်ရာကျော်၏ အော်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။

"လုပ်မှာလား မလုပ်ဘူးလား။ ငါက စိတ်မရှည်ဘူးနော်။ တစ်စက္ကန့်နောက်ကျရင် ခေါင်းပြတ်တစ်လုံး လာမယ်"

သံကြိုး၏ထိပ်ဆုံးသို့ ရောက်နေသည်မှာ ရဲရှန်းရင် ဖြစ်နေသောကြောင့် ရဲတန်းစီ၏မျက်နှာက မည်းနက်သွားခဲ့သည်။ သူက တိတ်ဆိတ်နေသောကြောင့် ယွမ်ရှောင်သည် ရဲမျိုးနွယ်ဝင်အချို့ကို ကောင်းကင်မှ ကန်ချလိုက်ရာ ရုပ်ပျက်ဆင်းပျက် သေဆုံးကုန်သည်။

"သူ​ပြောသလို မြန်မြန်လုပ်ကြစမ်း"

ထိုအချိန်၌ ရဲတန်းစီမှာ ဓားအစင်းပေါင်းထောင်ချီ ထိုးစိုက်ခံနေရသကဲ့သို့ နာကျင်နေသော်လည်း ရွေးချယ်စရာမရှိသဖြင့် အံကြိတ်၍ အမိန့်ပေးလိုက်ရ၏။

"ရဲတန်းစီ မင်းအမိန့်ကို ဒီကောင်တွေ နာခံရင် ရဲမျိုးနွယ်ဝင်တွေကို လွှတ်ပေးမယ်"

"မင်းစကားတည်ရင် ကောင်းလိမ့်မယ်"

ယွမ်ရှောင်က အညစ်အကြေးအိုးများကို အမှတ်ခုနစ်ဓားတောင်မှ စတင်လောင်းချရန် အမိန့်ပေးလိုက်သောကြောင့် ကျန်းကျန့်မှာ စိတ်ဓာတ်ကျသွားခဲ့သည်။ ယွမ်ရှောင်၏ဓားက ရဲရှန်းရင်၏လည်ပင်းထက်သို့ ရောက်နေသောကြောင့် ရဲတန်းစီက ငေါက်ငမ်းလိုက်ရပြီး ကျန်းကျန့်စုဆောင်းထားသည့် အညစ်အကြေးများမှာ ကျန်းဘိုးဘေးများအတွက် ဖြစ်သွားခဲ့သည်။

"အစ်မကျောက် ကျုပ်ရဲ့ ပြပွဲလေးကို သဘောကျရဲ့လားခင်ဗျာ"

ယွမ်ရှောင်က ကျောက်ရန်ရန်ကို မေးလိုက်သောအခါ လရောင်အောက်တွင် လှချင်တိုင်းလှနေသည့် သူမသည် အပြုံးတစ်ချက်နှင့် ခေါင်းညိတ်ပြလိုက်၏။

"အမှတ်ခုနစ်ဓားတောင်ကို သွားကြစို့။ ငါက မမြင်နိုင်ပေမယ့် ဒီခွေးကောင်တွေရဲ့ အသံကို နားထောင်ရတာနဲ့တင် အရသာရှိနေပြီ"

အဘိုးချင်က ကြွေးကျော်လိုက်ပြီး ဓားအိမ်တော်၏ ကျင့်ကြံသူများသည် ယွမ်ရှောင်ဦးဆောင်ရာသို့ လိုက်ပါလာကြ၏။

"ယွမ်ရှောင် မလုပ်ပါနဲ့။ ငါတို့ ဆွေးနွေးရအောင်"

ကျန်းကျန့်က ဒူးထောက်လုနီးပါး ဖြစ်နေသော်လည်း ယွမ်ရှောင်၏ ဓားအောက်တွင် ရဲမျိုးနွယ်ဝင်များ၏အသက် ရှိနေသည်။

"ငါ့ကို မင်းတို့လာရှုပ်မှတော့ အကျိုးဆက်ကို စဥ်းစားထားသင့်တယ်"

ယွမ်ရှောင်က အညစ်အကြေးအိုး သယ်ဆောင်လာသူများထံ တစ်ချက်ကြည့်လိုက်သောအခါ ရဲတန်းစီသည် ရဲမျိုးနွယ်ဝင်များ၏ အသက်အတွက် အမိန့်ပေးလိုက်ရသည်။

"လောင်းချလိုက်စမ်း"

နတ်ဆိုးအလောင်းများနှင့် အညစ်အကြေးမျိုးစုံ ရောပြွန်းနေသည့် အိုးအဖုံးများ ပွင့်လာကာ ကျန်းဘိုးဘေးခန်းမထံ တဝေါဝေါ ကျဆင်းကုန်သဖြင့် အနံ့ဆိုးများ ထွက်ပေါ်လာ၏။ သို့သော် ဤခန်းမတွင် ကျန်းမျိုးနွယ်၏ဘိုးဘေးများကိုသာ ပူဇော်ထားခြင်းဖြစ်သောကြောင့် အမှတ်ခုနစ်ဓားတောင်၏ အကြီးအကဲများမှာ ခံစားချက် မရှိချေ။

"ရှယ်အာ ငါတို့ ရဲကုရင် ပြန်လာတာကို စောင့်နေလို့ မဖြစ်ဘူး။ သုံးရက်အတွင်း ယွမ်ရှောင်ကို သတ်ပေးမယ်"

"ဒီကောင့်ကိုသတ်ပြီးရင် ဓားအိမ်တော်တစ်ခုလုံးကို သွေးနဲ့ ဆေးပစ်မယ်"

နောက်ထပ်ပစ်မှတ်က အမှတ်ခြောက်ဓားတောင် ဖြစ်နေသောကြောင့် ရဲတန်းစီက ရောင်မန်ရှယ်ကို နှစ်သိမ့်ပေးလိုက်ခြင်းဖြစ်သည်။ သူမ၏မိသားစုဝင်များ အသတ်ခံခဲ့ရပြီး ရောင်ဘိုးဘေးခန်းမထက်သို့ အညစ်အကြေးများ ကျဆင်းလာနေသည်ဖြစ်ရာ နာကျင်လွန်းသဖြင့် အသံပင်မထွက်နိုင်ချေ။ ဤသို့ဖြင့် အလောင်းများပြည့်နှက်နေသော အမှတ်တစ်ဓားတောင်သို့ ရောက်လာသောအခါ ရဲတန်းစီသည် သူ၏သစ္စာခံအားလုံး သေဆုံးနေကြောင်း တွေ့လိုက်ရသည်။ အညစ်အကြေးများက ရဲမျိုးနွယ်၏ ဘိုးဘေးခန်းမအတွင်း ပြည့်နှက်သွားကာ ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်မျိုလိုက်ရခြင်း ဖြစ်၏။ ရဲတန်းစီက ဤခန်းမကို သူရဲကောင်းခန်းမအဖြစ် ပြောင်းလဲချင်သော်လည်း မစင်တွင်းသာ ဖြစ်သွားခဲ့ရသည်။

"ဘိုးဘေးတို့ ကျုပ်က အပြစ်ရှိပါတယ်။ သုံးရက်အတွင်း ယွမ်ရှောင်ကို မသတ်ပေးနိုင်ရင် ကျုပ် ကိုယ့်ကိုကိုယ် သတ်သေပါမယ်"

သူက စိတ်ဓာတ်ကျစွာ ဒူးထောက်၍ စိတ်အတွင်းမှ ကျိန်ဆိုကတိပြုလိုက်သည်။

"ယွမ်ရှောင် ရဲမျိုးနွယ်ဝင်တွေကို လွှတ်ပေးစမ်း"

"ငါက သူတို့ကို လွှတ်ပေးမယ်လို့ ပြောခဲ့မိတာလား"

"မပြောခဲ့ပါဘူး။ ငါလည်း ဘာမှမကြားလိုက်ဘူး"

ယွမ်ရှောင်နှင့် ကျောက်ရန်ရန်က အတိုင်အဖောက်အညီညီ ပြောကြားရင်း ဓားချိတ်ပိတ်အစီအရင်တွင် ရဲတန်းစီ ကလိမ်ကကျစ်ကျသည့်အတိုင်း လက်စားချေနေကြ၏။

"မင်းက သောက်ရူးလား။ ငါက ဓားစာခံတွေရထားမှတော့ ဘာကြောင့် လွှတ်ပေးရမှာလဲ။ ငါဘယ်သွားသွား ဒီကောင်တွေကို ခေါ်ထားမယ်။ ဓားအိမ်တော်က လူတွေရဲ့ ဆံပင်တစ်ချောင်းကို ထိရဲရင် အကုန်သေပြီသာမှတ်"

ယွမ်ရှောင်သည် အေးစက်စက်ပြုံးကာ ရဲတန်းစီအား ခပ်တင်းတင်း သတိပေးလိုက်လေသည်။

All Chapters