မြူခိုးတောင်ကြား
Vol. 5 Ch. 52
ယွမ်ရှောင်၏ဝတ်ရုံက လေထဲတွင် လွင့်ပျံနေပြီး နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ တင့်တယ်နေသော်လည်း ရက်အနည်းငယ်အတွင်း ရဲတန်းစီ၏စိတ်ဓာတ်ကို ရိုက်ချိုးဖျက်ဆီးခဲ့သည်။ သူက ဒေါသထွက်လွန်းသဖြင့် အံကြိတ်ထားသော်လည်း တစ်ဖက်လူမှ ရဲမျိုးနွယ်ဝင်များကို လွှတ်ပေးရန် မဖြစ်နိုင်ချေ။
"မြန်မြန်လုပ်စမ်း။ အမှတ်သုံးဓားတောင် ကျန်သေးတယ်။ ရဲတန်းစီ မင်းအဖေကို ငါက ညရှုခင်းကြည့်ဖို့ နေရာတိုင်း ခေါ်သွားပေးနေတာ ကျေးဇူးမတင်ဘူးလား"
ယွမ်ရှောင်၏စကားကို ကြားသော်လည်း သူက တိတ်ဆိတ်နေပြီး အမှတ်သုံးဓားတောင် လွတ်မြောက်ပါစေဟု ဆုတောင်းနေသည့် လျူရှန်၏တောင်းဆု မပြည့်ခဲ့ပေ။ လျူရှန်က ဤကိစ္စကို မြန်မြန်ပြီးဆုံးသွားစေရန်သာ မျှော်လင့်နေပြီး အမှတ်သုံးဓားတောင်သို့ ဓားသခင်သုံးယောက်၏ နောက်လိုက်များ လိုက်မလာသောကြောင့် တစ်ခုခု ကြံစည်နေခြင်း ဖြစ်နိုင်သည်။
"ဒီလောက် အရှက်ကွဲသွားမှတော့ ရဲကုရင် ပြန်ရောက်တဲ့အထိ စောင့်နေမယ် မထင်ဘူး"
ယွမ်ရှောင်နှင့် ရင်ဘောင်တန်း ပျံသန်းနေသည့် ကျောက်ရန်ရန်က သတိပေးလိုက်သည်။
"စိတ်မပူပါနဲ့ အစ်မကျောက်။ ဒီကိစ္စက မပြီးသေးပါဘူး"
ယွမ်ရှောင်၏အဖြေကြောင့် သူမက သိချင်စိတ်များ ဖြစ်ပေါ်လာသော်လည်း အမှတ်သုံးဓားတောင်သို့ ရောက်လာခဲ့ပြီး အညစ်အကြေးများသည် ဝူမျိုးနွယ်၏ ကူးတို့ခ ဖြစ်သွားခဲ့သည်။ သူမ၏မြင်ကွင်း၌ ပျော်ပျော်ပါးပါး သွားလာနေတတ်သည့် အင်မော်တယ်တစ်ယောက်နှင့် ပြတ်သားရက်စက်သည့် သူရဲကောင်းတစ်ယောက်၏ ပုံရိပ်များမှာ ယွမ်ရှောင်၌ ပြည့်စုံစွာ ထင်ဟပ်နေ၏။
"လျူရှန်"
"မင်း ဘာလိုချင်လို့လဲ"
ထို့နောက် လျူရှန်သည် သူ၏အနားတွင် အမှတ်သုံးဓားတောင်၏ အကြီးအကဲများ မရှိတော့ကြောင်း သတိထားမိသဖြင့် ကြောက်လန့်သွားခဲ့သည်။
"ခင်ဗျားက ဘယ်အဆင့်မှာလဲ"
"နတ်ပင်လယ်ပြည့်စုံခြင်းအဆင့်"
သူက အံကြိတ်၍ ဖြေလိုက်ပြီး အနိမ့်ဆုံး နတ်ပင်လယ်အခြေတည်အဆင့်ဖြစ်သော အခြားဓားသခင်များအောက် အားနည်းနေသည်။ ယွမ်ရှောင်က ခေါင်းညိတ်၍ လက်ထဲရှိ သံကြိုးကို ကျောက်ရန်ရန်အား ပေးလိုက်ပြီး ဓားဖြင့် ရှေ့တက်လာသည်။ သူက အစောင့်များကို အမိန့်ပေးလိုက်သော်လည်း အမှတ်သုံးဓားတောင်၏ ကျင့်ကြံသူအားလုံးမှာ ဘေးထွက်ရပ်နေကြ၏။
"ရဲတန်းစီရဲ့ နောက်လိုက်ခွေးက အမှတ်သုံးဓားတောင်ကို အမိန့်ပေးနိုင်မယ် ထင်နေတာလား"
ယွမ်ရှောင်၏စကားက လျူရှန်ကို ကြောက်လန့်သွားစေပြီး ဆရာတူအစ်ကိုများ၏ အုတ်ဂူကို တူးဖော်ရန် ကြံစည်ခြင်းကို ခွင့်မလွှတ်နိုင်ချေ။ ယွမ်ရှောင်က နတ်ပင်လယ်အလယ်အဆင့်သာ ဖြစ်သော်လည်း ချီစွမ်းအား၊ ဓားဝိညာဥ်၊ ဓားအော်ရာနှင့် ဓားသိုင်း အရာရာ၌ ပို၍သာလွန်ပေသည်။
"မင်းကို ရဲကုရင်က သတ်လိမ့်မယ်"
လျူရှန်က ကြုံးဝါး၍ ပြန်တိုက်ခိုက်လိုက်သော်လည်း ဓားသုံးချက်အတွင်း ဓားဝိညာဥ်ပျက်စီးသွားကာ အသတ်ခံလိုက်ရသည်။ အမှတ်သုံးဓားတောင်၏ အကြီးအကဲများထံ ယွမ်ရှောင်က စိုက်ကြည့်လိုက်သောအခါ အားလုံး နောက်ဆုတ်သွားကြ၏။
"အမှတ်သုံးဓားတောင်ကိုယ်စားပြုက ရဲတန်းစီရဲ့ နောက်လိုက်ခွေး မဖြစ်ဖို့ မျှော်လင့်တယ်"
သူက သတိပေးလိုက်ပြီးနောက် ကျောက်ရန်ရန်ထံမှ သံကြိုးကို ပြန်ယူကာ လရောင်အောက်တွင် ဓားအိမ်တော်သို့ ပြန်လာခဲ့၏။ ဓားသခင်သုံးယောက်က မဟာခန်းမကို ဖျက်ဆီးရန် ကြံစည်ခဲ့သော်လည်း သူက ကောင်းစွာကိုင်တွယ်နိုင်ခဲ့သောအခါ ကျောက်ကျန်ရှင်း၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်တည်လာသည်။
"မောင်လေးယွမ် နင့်ကို မေးစရာတစ်ခု ရှိတယ်"
"ပြောပါ"
"ရဲကျိရန်နဲ့ ကိစ္စက တကယ်လား"
"ကျုပ်လက်ထဲမှာ ဖီးနစ်ရှိနေတယ်ဆိုတော့ ကြက်မတစ်ကောင်ကို စိတ်ဝင်စားစရာလား"
ယွမ်ရှောင်၏ အဖြေကြောင့် သူမက စိတ်ကျေနပ်သွားကာ လှပစွာ ပြုံးလိုက်၏။
"မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ ငါ ထင်နေတယ်"
အလိုက်မသိသော ချိုက်မြောင်က ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
"အရူးကောင် သူတို့ကို မနှောင့်ယှက်စမ်းနဲ့"
ချင်တုန်က သူ့ကို ချက်ချင်းဆွဲခေါ်သွားကာ ဤစုံတွဲအတွက် အချိန်ပေးခဲ့သည်။
"မောင်လေးယွမ် ရဲတန်းစီက အရှုံးကို လက်ခံမှာ မဟုတ်ဘူး"
ကျောက်ရန်ရန်က အမှတ်တစ်ဓားတောင်ထံ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒီကောင်တွေက ရဲကုရင်ပြန်အလာကို စောင့်နေမှာ မဟုတ်တာတော့ သေချာတယ်။ ဒီကောင်ပြန်ရောက်လာရင် အဝါရောင် ရေပန်းလမ်းကို ပို့ပေးလိုက်မယ်လေ"
လူတိုင်းသည် ပါရမီရှင် ရဲကုရင်ကို စိုးရွံ့နေကြသော်လည်း ယွမ်ရှောင်က အလွန်တည်ငြိမ်နေသည်။
အမှောင်အတွင်း မျက်နှာပြင်ထက်၌ မြွေသဏ္ဍာန်ရုန်းပေါင်း သောင်းချီရွေ့လျားနေသော တံခါးကြီးတစ်ခု ရှိနေသည်။ ၎င်းရှေ့မှောက်တွင် အနက်ရောင်ဝတ် လူတစ်ယောက်က စိတ်လှုပ်ရှားစွာရပ်နေပြီး မျက်လုံးများ အရောင်တောက်နေ၏။ ၎င်းအတွင်း ဆယ်ရက်ကျင့်ကြံပြီးလျှင် အလွန်အစွမ်းထက်လာမည်ဖြစ်ရာ ကျင့်ကြံသူများစွာ၏ အိပ်မက် ဖြစ်ပေသည်။ ရဲကုရင်သည် ရွှေရောင်နဂါးကိုးကောင် ဟိန်းဟောက်နေသော ဒန်တန်ကို စစ်ဆေးရင်း ချီစွမ်းအင်များစွာကို အာရုံခံနေခဲ့သည်။ သူက အသူရာဓားဂိုဏ်းအကြောင်း တွေးမိလိုက်သောအခါ ဖန်ကျင်းထံမှ သိခဲ့ရသည့် ယွမ်ရှောင်ကြောင့် ဒေါသထွက်နေသည်။
"ဆယ်ရက်အတွင်း ငါပြန်လာရင် မင်းကိုသတ်ပြီး ဘာတွေထူးခြားနေလဲ စစ်ဆေးရမယ်။ ဓားပင်လယ်ရဲ့မိန်းမလှတွေက ကျောက်ရန်ရန်နဲ့ မယှဥ်နိုင်ဘူး။ ဒါက အချစ်ဦးဆိုတဲ့ ခံစားချက်များလား"
သူက တစ်ချက်ပြုံး၍ ဓားအိမ်တော်ကို ဖျက်ဆီးကာ ကျောက်ရန်ရန်အား သိမ်းပိုက်ချင်နေသည်။ သူက ရဲမျိုးနွယ်၏ မျိုးစားသားမဟုတ်ဘဲ ဓားပင်လယ်၏ ပါရမီရှင်အဖြစ် ပြန်လာလျှင် သူမသည် ခေါင်းငုံ့ရလိမ့်မည်ဟု ထင်နေခဲ့သည်။ သူက အလိုဆန္ဒများ တောက်လောင်နေသည့် အကြည့်ဖြင့် တံခါးကို စိုက်ကြည့်ရင်း နိမ့်ကျသော ဘဝကို ပြန်တွေးလိုက်၏။ သူက ရဲမျိုးနွယ်၏မွေးစားသား ဖြစ်သောကြောင့် ဂိုဏ်းချုပ်၏သမီးကို ငယ်စဥ်ထဲက ချိန်ရွယ်ခဲ့သည်။
"အချိန်တန်ပြီ။ ငါပြန်ရင် မွေးစားအဖေအတွက် မူလဆေးတစ်လုံးလောက် ယူသွားရမယ်။ ဒါဆိုရင် သူက နောက်ထပ်ဆယ်နှစ်လောက် နေနိုင်မှာပါ"
သူက တောက်ပသော အနာဂတ်ကို စိတ်ကူးယဥ်ရင်း အနက်ရောင်တံခါးကြီးအတွင်း တစ်လှမ်းချင်း ဝင်ရောက်သွားခဲ့သည်။
အသူရာတောင်တန်းက အလွန်ရှည်လျားပြီး အသူရာဓားဂိုဏ်းတွင် မီးများထွန်းညှိထားသော်လည်း တစ်နေရာ၌ တိတ်ဆိတ်မည်းမှောင်နေသော တောင်ကြားတစ်ခု ရှိသည်။ သားရဲအော်သံများနှင့် အရိပ်မည်းများ ပြည့်နှက်နေသောကြောင့် သာမန်ကျင့်ကြံသူများ မလာရဲသော်လည်း မျက်လုံးကန်းနေပြီး အဝတ်အစားများ စုတ်ပြဲနေသည့် ကျန်းရယ် ရောက်ရှိနေသည်။
"အစ်ကိုရဲ ဘယ်မှာလဲ။ ငါ့ကို လာကယ်ပါဦး"
ဓားရှစ်လက်ပွဲတော်အပြီးတွင် သူမကို လူတိုင်းက စွန့်ပစ်လိုက်ကြပြီး အချိန်အနည်းငယ်အတွင်းမှာပင် ပါရမီရှင်အဖြစ်မှ အမှိုက်တစ်ခုအဖြစ် အကျနာခဲ့သည်။ မည်သူမှ သူမ၏ဒဏ်ရာများကို ဆေးကုမပေးခဲ့သကဲ့သို့ နှစ်သိမ့်စကားများကို မကြားခဲ့ရပေ။ ထိုအစား ရက်စက်လှသော လှောင်ပြောင်စကားများကိုသာ ကြားခဲ့ရသောကြောင့် လူရောစိတ်ပါ ပင်ပန်းနာကျင်နေသည်။ သူမက မျက်လုံးကန်းနေသောကြောင့် မြင်ကွင်းက မည်းမှောင်နေစဥ် သားမွေးပမာ နူးညံ့လှသော အထိအတွေ့ကို ခံစားလိုက်ရသည်။
"အစ်ကိုရဲလား။ သူတို့အားလုံး ငါ့ကို ရက်စက်ကြတယ်။ နင်က ငါ့ကို အင်မော်တယ်လမ်းကြောင်းမှာ အတူခေါ်သွားမယ်ဆို အခု လာခေါ်ပါတော့"
စိတ်ကယောင်ချောက်ချားဖြစ်၍ အရူးတစ်ပိုင်းဖြစ်နေသည့် ကျန်းရယ်က အော်ဟစ်ငိုယိုနေသည်။ ထိုအချိန်၌ သူမ၏မြင်ကွင်းအတွင်း အလင်းရောင်တစ်ခုကို မြင်လိုက်ရသောကြောင့် မည်သည်ကိုမှ ဂရုမစိုက်နိုင်ဘဲ တုန်ရီစွာ ချဥ်းကပ်သွားလိုက်၏။
"လာပါ"
ချိုသာသော အသံတစ်ခု ထွက်ပေါ်လာကာ ယောကျ်ားသားများကြားလိုက်ရလျှင် နှလုံးသားများ အရည်ပျော်ကျသွားနိုင်သည်။ လရောင်အောက်တွင် ပန်းရောင်မြေခွေးတစ်ကောင်သည် မြူခိုးများအကြားမှ ထွက်ပေါ်လာသည်။ ၎င်းက လူသားပမာ တခစ်ခစ်ရယ်မောရင်း အသက်ရှူမှားလောက်အောင် လှပသည့် မိန်းမတစ်ယောက် အသွင်ပြောင်းသွားကာ ကျန်းရယ်ရှေ့မှောက်၌ ခြေဗလာဖြင့် ရပ်နေခဲ့သည်။
"ဟီး ဟီး ကျန်းရယ်လေး ဒီလောကကြီးမှာ နင့်ကို ငါတစ်ယောက်တည်းကလွဲလို့ ဘယ်သူမှ မလိုချင်လောက်ဘူး"
သူမ၏ရယ်သံက ဖြည်းဖြည်းချင်း ထူးဆန်းလာပြီး ကျန်းရယ်၏မျက်နှာကို ဆွဲဖြဲကာ ဖြစ်ပေါ်လာသော ဒဏ်ရာများအတွင်း မြူခိုးသဏ္ဍာန်ဖြင့် စိမ့်ဝင်သွားခဲ့သည်။ ဤသို့ဖြင့် လရောင်အောက်တွင် ထူးဆန်းလွန်းသော ဖြစ်တည်မှုတစ်ခု အသက်ဝင်လာခဲ့လေသည်။