ကျောက်ရန်ရန်၏ လက်ဆောင်
Vol. 5 Ch. 54
ဓားစက်ကွင်းအကြောင်းကို ကျောက်ရန်ရန်က ယွမ်ရှောင်အား စေ့စပ်သေချာစွာ ရှင်းလိုက်သည်။ နှစ်သန်းချီသက်တမ်းရှိသော နတ်ဆိုးများတွင် အမြုတေတစ်ခုရှိပြီး ၎င်းကိုထုတ်ယူကာ ဓားဝိညာဥ်နှင့် ပေါင်းစပ်လိုက်လျှင် စက်ကွင်းသဏ္ဍာန် ဓားအော်ရာတစ်ခုကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ ဓားစက်ကွင်းသည် နတ်ဆိုးစွမ်းရည်ကို ထုတ်ဖော်နိုင်ပြီး မြောက်ပိုင်းဖုန်ဆိုးမြေ၏ လက်ရှိမြေခွေးဧကရာဇ်ကို သတ်ကာ ၎င်း၏အမြုတေကို ထည့်သွင်းလိုက်လျှင် ဓားစက်ကွင်းသည် ၎င်း၏စွမ်းရည်ဖြစ်သော ပုံရိပ်ယောင်ကို အသုံးချနိုင်သည်။ ဓားသမားတစ်ယောက်၏ အစွမ်းကို ဆုံးဖြတ်ရာတွင် ဓားဝိညာဥ်အဆင့်၊ ဓားအော်ရာနှင့် ဓားစက်ကွင်းတို့က အရေးပါပြီး ဓားစက်ကွင်း အရေအတွက်သည် ဓားဝိညာဥ်အဆင့်နှင့် အချိုးကျနေ၏။
ကြယ်အဆင့် ဓားဝိညာဥ်များတွင် အမြုတေတစ်ခုသာ ပေါင်းထည့်နိုင်ပြီး လအဆင့်နှင့် ကြယ်တာရာအဆင့်များတွင် နှစ်ခု ပေါင်းစပ်နိုင်၏။ ၎င်းတို့ကို ပိုမိုသန်မာသော နတ်ဆိုးအမြုတေနှင့် အချိန်မရွေး ပြောင်းလဲနိုင်ပြီး ကောင်းကင်သင်္ချိုင်းက မည်သည့်အဆင့်ဖြစ်ကြောင်း မသိရသည့်အပြင် ဓားဝိညာဥ်များကို ဝါးမျိုရင်း ဆက်တိုက်အဆင့်တက်လာနေသည်။ ရဲကုရင်သည် အသူရာဝိညာဥ်ကို ဓားပင်လယ်မှ ရယူနိုင်ခဲ့သောကြောင့် ကြယ်အဆင့်မှ လအဆင့်အထိ ဓားဝိညာဥ် တိုးတက်သွားသော်လည်း တစ်ကြိမ်သာ ဖြစ်၏။ သူက အနာဂတ်တွင် နတ်ဆိုးအမြုတေများ ရှာဖွေ၍ ဓားစက်ကွင်းပိုင်ဆိုင်ရန် ကြိုးစားရမည်ဟု မှတ်သားထားလိုက်သည်။
ယွမ်ရှောင်သည် တိမ်တိုင်းပြည်ဘုရင်ဖြစ်ခဲ့ချိန်တွင် အစိုးရိမ်ရဆုံးကိစ္စမှာ နတ်ဆိုးများဖြစ်ပြီး သုတ်သင်ရန် ခက်ခဲသည့်အပြင် လူအများအကြား ပုန်းအောင်း၍ ကလေးငယ်များမချန် သတ်ဖြတ်ရက်စက်တတ်သောကြောင့်ပင်။ မရေမတွက်နိုင်သော ပြည်သူများကို မြွေနတ်ဆိုးများ သတ်ဖြတ်ခဲ့ချိန်မှစတင်၍ သူ၏စိတ်ထဲတွင် အမုန်းတရားများ ပိုမိုကြီးမားလာခဲ့သည်။ ရက်စက်ပြတ်သားသော ဓားသမားတစ်ယောက်အတွက် သာမန်ပြည်သူများကို သတ်ဖြတ်ခဲ့သော နတ်ဆိုးများကို မရှင်းလင်းနိုင်လျှင် ဘိုးဘေးများအား မျက်နှာပြစရာ မရှိချေ။ သူက ပြည်သူများ၏ သေဆုံးမှုအတွက် တရားခံနှစ်ယောက်ကို သတ်ဖြတ်အပြစ်ပေးရန် မစောင့်နိုင်တော့ပေ။
"အစ်မကျောက် ကျုပ်က ဓားအိမ်တော်အတွက် ဘာကြောင့် တိုက်ခိုက်ပေးနေတာလဲ သိချင်လား"
ယွမ်ရှောင်၏အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။
"ပြောပါ"
သူမက ညှင်သာစွာ မေးလိုက်၏။
"ဆရာက အကြောင်းအရင်းပဲ။ ကျုပ်က သူ့လိုမျိုး ဓားသမားတစ်ယောက်ဖြစ်ချင်ပြီး သာမန်သေမျိုးတွေကို ကာကွယ်ဖို့ နတ်ဆိုးတွေကို သတ်ချင်တယ်"
သူ၏အကြည့်က မိုးပြာရောင်ဝတ်စုံနှင့် ထိုင်နေသော ကျောက်ကျန်ရှင်းထံ ကျရောက်သွားခဲ့သည်။
"ငါ နားလည်ပြီ။ အနားယူလိုက်ဦး"
သူမက ချစ်စဖွယ်ပြုံး၍ အမြဲတိုက်ခိုက်နေခဲ့သော ယွမ်ရှောင်အား အနားယူစေသည်။
"အစ်ကိုကြီးက ပေါင်ကြားထဲ ရောက်ချင်လို့ ဓားအိမ်တော်ကို ကာကွယ်နေတာ မဟုတ်ဘူးပေါ့"
"မင်း ဘာသိလို့လဲ။ သူက မိန်းမတစ်ယောက်ကို အကောင်းဆုံးနည်းလမ်းနဲ့ ချဥ်းကပ်နေတာကွ"
လနီနှင့် ကြယ်ပြာ၏ စနောက်မှုကြောင့် ယွမ်ရှောင်မှာ ဆွံ့အသွားပြီး အိပ်ရာဝင်လိုက်သည်။ တောက်ပသော လရောင်အောက်တွင် မဟာခန်းမရှေ့ရှိ အသူရာဆေးအိုးက ချီစွမ်းအင်များကို စုဝေးစေသောကြောင့် ဓားအိမ်တော်သည် အင်မော်တယ်သုခဘုံတစ်ခုပမာ လှပနေသည်။ ကျန်တစ်ဖက်တွင် ဓားတောင်လေးခုမှာ နတ်ဆိုးအညစ်အကြေးများ ပြည့်နှက် နေပြီး အနံ့ဆိုးများ ထွက်ပေါ်နေ၏။ ယွမ်ရှောင်က ဓားသခင်သုံးယောက်ကို ဖိနှိပ်လိုက်သော သတင်းသည် ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေကာ လွန်ခဲ့သော သုံးနှစ်မှ အမှန်တရားမှာလည်း တိတ်တဆိတ် ထွက်ပေါ်လာသည်။
"ဓားသမားတစ်ယောက်က ဖြောင့်မတ်မှန်ကန်ရမယ်။ ကောက်ကျစ်လို့ မဖြစ်ဘူး"
"ငါတို့က အာဏာအတွက် ကိုယ်ကျင့်တရားကို စွန့်ပစ်လို့ မဖြစ်ဘူး"
"အသူရာဓားဂိုဏ်းက နတ်ဆိုးသားရဲတွင်း မဖြစ်စေရဘူး"
ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများ တီးတိုးပြောဆိုနေစဥ် ယွမ်ရှောင်သည် အိပ်မက်အတွင်း၌ တိမ်တိုင်းပြည်သို့ ကျူးကျော်လာသော မြွေနတ်ဆိုးများကို ခေါင်းဖြတ်သတ်ပစ်နေသည်။ နံနက်အလင်းရောက်သောအခါ နေရောင်ဖြာကျလာပြီး သူ၏မျက်လုံးများ ပွင့်လာသောအခါ အနားတွင် ကျောက်ရန်ရန် ရှိနေခဲ့၏။
"နင့်အဝတ်တွေက သွေးစွန်းပြီး ညစ်ပတ်နေတယ်။ ဒါကို လဲလိုက်"
သူမက နွေးထွေးစွာပြုံး၍ အဖြူရောင် ဝတ်ရုံအသစ်တစ်ထည်ကို ကမ်းပေးလာပြီး ကိုယ်သင်းနံ့လေး မွှေးပျံ့နေသည်။
"မောင်လေးယွမ် အစ်မကျောက်က နင့်အတွက် ဒီဝတ်ရုံကို တစ်ညလုံး ချုပ်ပေးထားတာနော်"
အဝေးမှ ချင်တုန်၏စကားသံ ထွက်ပေါ်လာသောအခါ သူမက အရှက်သည်းသွားပြီး ယွမ်ရှောင်၏နှလုံးသားတွင် နွေးထွေးမှုများ ဖြစ်ပေါ်လာသည်။ တိမ်တိုင်းပြည်ဘုရင်ဖြစ်ခဲ့သော်လည်း မည်သူမှ သူ့အတွက် အဝတ်ချုပ်ပေးခဲ့ဖူးခြင်း မရှိချေ။
"ဓားအိမ်တော်မှာ ကုန်ကြမ်းတွေမရှိလို့ ဒါက ရိုးရှင်းပြီး အရည်အသွေး သိပ်မကောင်းဘူး။ နင် ကြိုက်ရဲ့လား"
ကျောက်ရန်ရန်က စကားပြောနေစဥ် ယွမ်ရှောင်သည် တိတ်ဆိတ်နေသောကြောင့် လှည့်ကြည့်လိုက်သောအခါ အဝတ်လဲနေကြောင်း မြင်လိုက်ရ၏။
"အစ်မကျောက် ကြည့်ကောင်းရဲ့လား"
သူက တစ်ချက်ပြုံး၍ အဝတ်အစားကို သပ်ရပ်စွာ ပြုပြင်လိုက်၏။
"နင်က အရမ်းချောတယ်လေ။ ရိုးရိုးအဝတ်အစားနဲ့ဆိုရင်တောင် ကျောက်စိမ်းဝတ်ရုံလိုမျိုး တင့်တယ်နေတာပဲ"
သူမက ချီးကျူးလိုက်ပြီး ယွမ်ရှောင်သည် ၎င်းကို ပျက်စီးမည် စိုးရိမ်သောကြောင့် အဝတ်လဲရန် ပြင်လိုက်သည်။ သူက အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်နေရသောကြောင့် သွေးများစွန်းထင်းသွားလျှင် နှမြောစရာ အလွန်ကောင်းပေလိမ့်မည်။ သို့သော် ကျောက်ရန်ရန်က ဤသို့ဖြစ်သွားလျှင်လည်း နောက်တစ်ထည် ချုပ်ပေးမည်ဟု ကတိပေးလိုက်သောကြောင့် သူက ကျေနပ်စွာ ပြုံးလိုက်မိလေသည်။ သူက အင်မော်တယ်တစ်ယောက်အစား ယွမ်ရှောင်ဆိုသော သေမျိုးတစ်ယောက်သာဖြစ်ပြီး လူသားခံစားချက်များကို အလွန်တန်ဖိုးထားသည်။ သူ၏အမြင်တွင် ဤဝတ်ရုံကို လောကကြီး၏ရတနာများပင် ယှဥ်နိုင်မည် မဟုတ်သောကြောင့် အလွန်တန်ဖိုးထားပြီး ကလေးတစ်ယောက်ပမာ ပျော်ရွှင်နေသည်။
"ဒါကို ကျင့်ကြံလိုက်။ နင့်ကို အဓိကအချက်တွေနဲ့ ကျင့်ကြံပုံကို ငါပြောပြပြီး သရုပ်ပြပေးမယ်"
ကျောက်ရန်ရန်က ဂိုဏ်း၏ပထမဓားအဖြစ် သတ်မှတ်ထားသော အပြာရောင်စာအုပ်တစ်ခုကို ကမ်းပေးလာပြန်သည်။
"ကျေးဇူးတင်ပါတယ် အစ်မကျောက်"
ထို့နောက် သူတို့က လေ့ကျင့်ရန်အတွက် တောင်စောင်းတစ်ခုသို့ ရောက်လာခဲ့ပြီး စာအုပ်အတွင်းမှ လက်ရေးအချို့အကြောင်း ယွမ်ရှောင်မှ စပ်စုလိုက်သည်။
"ဒါတွေက ဘာအတွက်လဲ"
"ဒီဓားသိုင်းကို ကျွမ်းကျင်သွားတဲ့ ကျင့်ကြံသူတွေက နာမည် ချန်ထားရစ်ခဲ့နိုင်တယ်လေ။ နင်လည်း တတ်ကျွမ်းသွားရင် နာမည်ရေးထားခဲ့နိုင်တယ်။ ဒါက လအဆင့် ကျင့်စဥ်တစ်ခုဆိုတော့ ခက်ခဲလိမ့်မယ်။ စုစုပေါင်း စာမျက်နှာ ငါးဆယ့်နှစ်မျက်နှာ ပါဝင်တယ်"
စာအုပ်အတွင်း ရေးသားထားသော ပညာရှိချင်ချန်း၊ လူချောကြီး ကျောက်ယွမ်၊ ပန်းပွင့်လေး ချင်ကျီစသည့် နာမည်များကြောင့် သူက သဘောကျစွာ ရယ်မောလိုက်သည်။
"အစ်မကျောက် ဒီကျင့်စဥ်ကို ကျွမ်းကျင်သွားပြီမလား။ နာမည်လည်း မတွေ့ဘူး"
ယွမ်ရှောင်က စာရွက်များကို တဖြတ်ဖြတ်လှန်ရင်း မေးလိုက်ခြင်းဖြစ်သည်။
"ငါက အငယ်ဆုံးလေ။ နောက်ဆုံးမှာ ရေးထားတယ်"
ကျောက်ရန်ရန်က တစ်လုံးချင်း ပြောလိုက်သည်။
"နှင်းပွင့်လေး ဟုတ်လား"
"ဟုတ်တယ်။ ငါမွေးတဲ့ရက်တုန်းက အသူရာဂိုဏ်းထဲမှာ နှင်းတွေ ကျလာတယ်လို့ ပြောတယ်"
"ဒီလိုလား"
ယွမ်ရှောင်၏မျက်နှာက ပြုံးစိစိ ဖြစ်သွားခဲ့သည်။
"နင့်မျက်နှာက ဘာဖြစ်တာလဲ"
"နှင်းပွင့်လေးဆိုရင် ရပြီလေ။ ဘာကြောင့် အဖြူရောင် နှင်းပွင့်လေးလို့ ရေးထားရတာလဲ"
"ဘာဖြစ်လဲ။ ငါက နေ့တိုင်း သိုင်းလေ့ကျင့်နေရတော့ အသားအရေ ပျက်စီးလာတယ်။ ဒါကြောင့် မွေးတုန်းကလိုမျိုး အဖြူရောင် ပြန်ဖြစ်ချင်တာလေ"
ကျောက်ရန်ရန်က လေးနက်စွာ ပြောလိုက်ပြီး ယွမ်ရှောင်က စနောက်ရန် တွေးတောနေခဲ့လေသည်။