ပထမဓားသိုင်းကို တတ်မြောက်ခြင်း
Vol. 5 Ch. 55
"အဖြူရောင်ဆိုတာက ဟိုလိုမျိုးကို ပြောတာမလား အစ်မကျောက်"
ယွမ်ရှောင်၏ စနောက်မှုကြောင့် ကျောက်ရန်ရန်မှာ အရှက်သည်းသွားပြီး မျက်နှာလေး ရဲခနဲဖြစ်သွားကာ ခေါင်းကို စာလိပ်ဖြင့် သုံးချက် ခေါက်ပစ်လိုက်သည်။ သူမက နာမည်ရေးထွင်းထားသော နေရာကို ဖြဲပစ်ရန် ကြံစည်နေသောကြောင့် သူက အလျင်အမြန် တားမြစ်၍ ဖြောင်းဖျနေရသည်။
"အစ်မကျောက် ဒီလိုမျိုး တွေးမိတာ ကျုပ်တစ်ယောက်တည်း ရှိမှာပါ။ ရှေးဟောင်းအမွေအနှစ်ကို မဖျက်ဆီးပါနဲ့"
"ယွမ်ရှောင် နင့်ကြောင့် ငါ ဒေါသထွက်လွန်းလို့ သေတော့မယ်"
သူမက ရှက်စိတ်ကြောင့် ဒေါသထွက်နေသော်လည်း တစ်မျိုးတဖုံ ချစ်စရာကောင်းနေသည်။
"ဖြဲပစ်ဦးမှာလား"
"မလုပ်တော့ဘူး။ ပေးစမ်းပါ"
သူမက ယွမ်ရှောင်လက်ထဲ ရောက်နေသော စာအုပ်ကို လုယူပြီး ဒေါသတကြီးဖြင့် နောက်တစ်ကြိမ် ရိုက်နှက်လိုက်ပြန်သည်။
"ညီလေးယွမ်လို ရုပ်ချောတဲ့ကောင်တောင် ဒီလောက်အတီးခံနေရတာ ငါတို့ ခနခနအရိုက်ခံနေရတာ မထူးဆန်းတော့ပါဘူး"
ဤမြင်ကွင်းကို အဝေးမှကြည့်နေသည့် ချိုက်မြောင်က သက်ပြင်းတစ်ချက်ချ၍ လှည့်ထွက်သွားခဲ့သည်။ ထို့နောက် ကျောက်ရန်ရန်သည် စိတ်လျှော့ကာ ယွမ်ရှောင်အား ပထမဓားကျင့်စဥ်ကို သင်ကြားပေးခဲ့သည်။ ၎င်းတွင် ဓားမြှောင်အတွက် ဆယ်ဆင့်ဓားသိုင်း၊ ဓားရှည်အတွက် မိုးနဂါးသိုင်းနှင့် ဓားပျံအတွက် ကောင်းကင်အလိုတော်သိုင်း ဟူ၍ သုံးမျိုး ပါဝင်သည်။
"အစ်မကျောက် ဆယ်ဆင့်ဓားသိုင်းက ဘယ်လိုမျိုးလဲ"
သတ်ဖြတ်ခြင်းတွင် ဓားမြှောင်က အခရာကျသောကြောင့် ယွမ်ရှောင်သည် ၎င်းကို အရင်ဆုံး သင်ကြားလိုခဲ့သည်။ ၎င်းသည် ကန်ရေပြင်သို့ ကျောက်ခဲပစ်ခြင်းနှင့် ဆင်တူပြီး ရေမျက်နှာပြင်နှင့် ထိမှန်သွားလျှင် ကျောက်ခဲက အရှိန်ရသွားသကဲ့သို့ ဓားမြှောင်ကို လမ်းကြောင်း၌ အရှိန်ပေါက်ကွဲစေခြင်းမျိုး ဖြစ်သည်။ တစ်ကြိမ်ပေါက်ကွဲလျှင် ၎င်း၏အရှိန်နှင့် သတ်ဖြတ်နိုင်စွမ်းက မြင့်တက်လာမည်ဖြစ်ကာ ဦးတည်ရာ ပြောင်းလဲနိုင်၏။ ဆယ်ကြိမ်အထိ အသုံးပြုနိုင်လျှင် ဓားမြှောင်၏အစွမ်းနှင့် အရှိန်က ဆယ်ဆအထိ တိုးတက်သွားပေလိမ့်မည်။ ယွမ်ရှောင်ကို ကျောက်ရန်ရန်က အဓိကအချက်များ သင်ကြားပေးလိုက်ပြီးနောက် ပျံလွှားလျှပ်စီးသိုင်းထက် အဆင့်မြင့်ကြောင်း သဘောပေါက်သွားခဲ့သည်။
"မောင်လေးယွမ် ဓားဝိညာဥ်ရဲ့ စွမ်းရည်က ဘာလဲ"
"ဒါက အရေးကြီးလား"
"အရေးကြီးတယ်။ မိုးကြိုးစွမ်းအားရှိရင် ကြိုးကြာမိုးကြိုးဓားသိုင်းလောက် မိုးနဂါးသိုင်းက အစွမ်းထက်မှာ မဟုတ်ဘူး။ ဒါက မုန်တိုင်းသဘောသဘာဝကို အခြေခံပြီး တီထွင်ထားတာပဲ"
"ကျုပ်ရဲ့ ဓားဝိညာဥ်မှာ လေစွမ်းရည်ရှိတယ်ဆိုတော့ အဆင်ပြေနိုင်ပါတယ်"
"ကောင်းပြီ။ ဒီဓားသိုင်းမှာ ဓားချက်က မုန်တိုင်းလို အရှိန်အဟုန်ကြီးမားပြီး နဂါးတစ်ကောင်လို တိုက်ခိုက်တယ်။ ဒီဓားချက်မှာ နှလုံးသား၊ ကောင်းကင်နဲ့ တာအိုဆိုပြီး သဘောတရားသုံးခု ရှိတယ်"
ဤသို့ဖြင့် ကျောက်ရန်ရန်က ယွမ်ရှောင်ကို မိုးနဂါးသိုင်းအား မိတ်ဆက်သင်ကြားပေးလိုက်သည်။ ဓားသမားတစ်ယောက်အတွက် ကောင်းကင်သို့ ချိန်ရွယ်ခြင်းက ပန်းတိုင်တစ်ခုဖြစ်ပြီး ရွှင်ပျော်ပျော်ခရီးသည်သိုင်းက လူအများကြားတွင် မည်သည်မှဂရုမစိုက်ဘဲ ပျံသန်းခြင်းဖြစ်သည်။ ကောင်းကင်အလိုတော်သိုင်းက ပို၍အဆင့်မြင့်ပြီး ကောင်းကင်သို့ပျံတက်ရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ကြောက်စိတ် ကင်းမဲ့ရပေလိမ့်မည်။ ဤဓားသိုင်းများသည် ယွမ်ရှောင်၏ လက်ရှိစိတ်အခြေအနေနှင့် ကိုက်ညီပြီး လအဆင့်ကျင့်စဥ်ဖြစ်သောကြောင့် ကြီးကျယ်ခမ်းနား၍ ရဲတန်းစီပင်လျှင် သင်ကြားခွင့် မရခဲ့ပေ။
ထို့နောက် ကျောက်ရန်ရန်သည် ယွမ်ရှောင်ကို အသေးစိတ်ရှင်းပြကာ လက်တွေ့သရုပ်ပြပေးခဲ့သည်။ သူက သင်ခန်းစာကို အာရုံစိုက်နားထောင်နေပြီး ဓားတစ်ချက်ပင် မထိခဲ့သော်လည်း ပထမဓားသိုင်းနှင့် နှလုံးသားက ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာ၏။ နေရောင်အောက်တွင် သူက လှပသော ကျောက်ရန်ရန်၏သိုင်းကွက်များကို စိုက်ကြည့်နေရင်း သတ်ဖြတ်လိုစိတ်မြင့်မားသော ဓားမြှောင်မှတဆင့် ကြီးကျယ်ခမ်းနားသော ဓားချက်များအဖြစ် ပြောင်းလဲသွားသည်။ ညနေခင်းအချိန်ရောက်သောအခါ သူမက ဓားပျံသိုင်းကို သင်ကြားပေးခဲ့ပြီး ယွမ်ရှောင်သည် သေးသွယ်သော ခါးလေးကိုဖက်၍ လိုက်ပါသွားခဲ့၏။ အနက်ရောင်ဓားက ကောင်းကင်ရှိ တိမ်တိုက်များထံ မြင့်တက်သွားကာ ထွက်ပြူလာသည့် လရောင်အောက်တွင် တင့်တယ်နေသည်။
"အစ်မကျောက် သင်ကြားပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်"
ညအချိန်ရောက်သောအခါ သူတို့က မဟာခန်းမရှေ့ မြေပြင်သို့ ပြန်လည်ဆင်းသက်လာကာ ယွမ်ရှောင်သည် ကျောက်ရန်ရန်ကို လေးစားစွာ အရိုအသေပေးလိုက်သည်။
"မလိုအပ်ပါဘူး။ ဒီဓားကျင့်စဥ်ကို ယူထားပြီး လေ့ကျင့်လိုက်ဦး"
သူမက ခေါင်းတစ်ချက်ယမ်း၍ ညှင်သာစွာ ပြုံးပြလိုက်သည်။
"ကျုပ် အကုန်တတ်ပြီ"
"မဖြစ်နိုင်ဘူး။ ဟာသလုပ်မနေနဲ့"
ယွမ်ရှောင်၏စကားကြောင့် သူမက မင်သက်သွားကာ မယုံကြည်ခဲ့ပေ။ သူမက တစ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့သော်လည်း ဆယ်ဆင့်ဓားသိုင်းကို ခုနစ်ဆင့်အထိသာ တတ်မြောက်ခဲ့ပြီး ကျောက်ကျန်ရှင်းပင်လျှင် သူမအရွယ်၌ ဤမျှလောက် မအောင်မြင်ခဲ့ချေ။
"အဲ့ဒီကျောက်တုံးကို ထိအောင် ပစ်နိုင်လား"
"မရဘူး၊ ဝေးလွန်းတယ်"
ယွမ်ရှောင်သည် အဝေးရှိ တောင်စောင်းတစ်ခုမှ ကျောက်တုံးကို ညွှန်ပြကာ မေးလိုက်သောအခါ သူမက ခေါင်းယမ်းပြလိုက်၏။
"ကျုပ် ပစ်နိုင်တယ်"
"နင်က ဆယ်ဆင့်အထိ အောင်မြင်ထားရင်တောင် အဲ့အကွာအဝေးကို မရောက်နိုင်ဘူး။ နင်က ပါရမီရှင်ဆိုတာ သိပေမယ့် ကျွမ်းကျင်နိုင်ဖို့ ဆယ်ရက်လောက်တော့ လေ့ကျင့်ရလိမ့်မယ်"
ကျောက်ရန်ရန်က မယုံကြည်ဟန်ဖြင့် ပြောလိုက်သည်။
"ကျုပ် လုပ်နိုင်ရင် ဘာပေးမလဲ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ စိန်ခေါ်လိုက်သည်။
"နင်သာလုပ်နိုင်ရင် ဒီနေ့ည.....။ ငါ ဆက်မပြောတာ့ဘူး၊ ဘာလဲဆိုတာ နင် သိပါတယ်။ နင်ရှုံးသွားရင်တော့ စိတ်ကျောက်တုံး သုံးသိန်းကျော်ကို ပြန်ပေးရမယ်"
ကျောက်ရန်ရန်က အံကြိတ်ပြီး အလောင်းအစားလုပ်လိုက်သည်။
"သဘောတူတယ်"
ယွမ်ရှောင်က စိတ်ထဲမှာ လောဘကြီးသော အမကြီးဟူ၍ ရေရွတ်နေသော်လည်း ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကတိဖျက်ရင် လူယုတ်မာပဲ"
ကျောက်ရန်ရန်က သတိပေးနေစဥ် သူ၏လက်အတွင်း ဓားအော်ရာနှစ်ဆယ်ကျော် ခြံရံထားသည့် ဓားမြှောင်သည် အပြာရောင်တလက်လက်နှင့် ရောက်ရှိလာသည်။ ဤအလောင်းအစားကို ကြည့်ရန် ဓားအိမ်တော်၏ ကျင့်ကြံသူအားလုံး ရောက်ရှိလာပြီး လောင်းကြေးကိုသိလျှင် အားလုံး မင်သက်သွားကြပေလိမ့်မည်။
"သေချာကြည့်ထား"
ယွမ်ရှောင်၏အကြည့်က ကျောက်တုံးထံ စူးစိုက်ထားကာ သူ၏မြင်ကွင်းအတွင်း ၎င်းသည် ရန်သူတစ်ယောက်အဖြစ် ပြောင်းလဲသွား၍ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာ၏။ သူ၏စိတ်အတွင်း ဆယ်ဆင့်ဓားသိုင်း၏ ညွှန်ကြားချက်များ အစီအရီထွက်ပေါ်လာပြီး ကျောက်ရန်ရန်သရုပ်ပြပုံကို မြင်ယောင်ရင်း လောကကြီးအတွင်း ဓားမြှောင်နှင့် ပစ်မှတ် နှစ်ခုတည်းသာ တည်ရှိသည်ဟု ထင်မှတ်ခဲ့သည်။ ဤကား အင်မော်တယ်တစ်ယောက်၏ အစစ်အမှန်ပါရမီဖြစ်ကာ တာအိုမျိုးစေ့ဆိုသူများထက် အပြတ်အသတ် သာလွန်ပေသည်။
ယွမ်ရှောင်က ဓားမြှောင်ကို ဆတ်ခနဲ ပစ်ခတ်လိုက်သောအခါ လေထဲတွင် ဆယ်ကြိမ်ဆက်တိုက် ပေါက်ကွဲသွားသည်။ တစ်ကြိမ်စီတွင် ၎င်း၏အရှိန်က အလွန်လျင်မြန်သွားကာ ခဏအတွင်း ကျောက်တုံးမှာ ဘန်းခနဲ ပေါက်ကွဲသွားခဲ့၏။ သို့သော် ဤမျှနှင့်ရပ်တန့်မသွားဘဲ ၎င်းအနောက်ရှိ သစ်ပင်ကြီးများစွာ လဲကျသွားခဲ့သည်။
"ပြန်လာစမ်း"
ယွမ်ရှောင်က လက်မြှောက်လိုက်သောအခါ အပြာရောင်အလင်းသည် ချက်ချင်းပြန်လှည့်လာ၍ လက်ဝါးအတွင်း ဆင်းသက်ကာ တဝီဝီ လည်ပတ်နေသည်။
"အသံဆယ်ကြိမ်တောင် ထွက်လာတယ်။ ဆယ်ဆင့်ဓားသိုင်းရဲ့ အဆင့်တစ်ဆယ်လား"
ချိုက်မြောင်မှာ မျက်လုံးများ ပြူးကျယ်နေပြီး အံ့သြလွန်းသဖြင့် ဖင်ထိုင်ရက်လဲကျသွားသည်။
"မောင်လေးယွမ်က ဒီနေ့မှစပြီး ပထမဓားကို ကျင့်တာ မဟုတ်ဘူးလား"
ချင်တုန်က ကြောင်အအနှင့် ရေရွတ်လိုက်သည်။
"သူက လူရော ဟုတ်သေးရဲ့လား"
ဓားအိမ်တော်၏ ကျင့်ကြံသူများမှာ တိတ်ဆိတ်သွားကာ ယွမ်ရှောင်ကို စိုက်ကြည့်နေပြီး ကျောက်ရန်ရန်ထံ အကြည့်ရောက်သွားခဲ့သည်။ သူမက နေရာတွင် အေးခဲနေဟန်ဖြင့် မလှုပ်မယှက်ရှိနေကာ မျက်ဝန်းလေးများ ဝိုင်းစက်နေခဲ့လေသည်။