သားရဲလေး အဆင့်တက်ခြင်း
Vol. 5 Ch. 56
ယွမ်ရှောင်သည် တစ်ရက်သာ သင်ယူခဲ့ရသော်လည်း ဆယ်ဆင့်ဓားသိုင်းကို အပြစ်အနာဆာကင်းမဲ့အောင် အသုံးပြုနိုင်ခဲ့သည်။ ကျောက်ရန်ရန်မှာ မင်သက်နေပြီး ကြိုးကြိုးစားစား လေ့ကျင့်ခဲ့ရသော အချိန်တစ်နှစ်ကို သံသယဝင်နေမိသည်။ ပို၍ခံရခက်သည်မှာ ယွမ်ရှောင်က သူမကို ပြုံးပြရင်း လအဆင့်ကျင့်စဥ်က ထင်သလောက် မခက်ဟူသော မျက်နှာထားမျိုး လုပ်ပြနေသောကြောင့်ပင်။
"ဒီနေ့ည ဘယ်လိုလဲ။ အစ်မကျောက်ပြောသလိုဆို ကတိဖျက်ရင် လူယုတ်မာနော်"
"ဘာကတိလဲ။ ငါ မသိပါဘူး"
ကျောက်ရန်ရန်သည် မသိချင်ယောင်ဆောင်၍ ထွက်ခွာသွားမည်ကို ယွမ်ရှောင်က ကြိုတွက်ထားသောကြောင့် စိတ်ဆိုးမနေခဲ့ပေ။
"ဘာကတိလဲ"
ဓားအိမ်တော်၏တပည့်များက သူ့အနားတွင် ဝိုင်းလာပြီး စပ်စုနေစဥ် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် အော်ဟစ်လိုက်သည်။
"အစ်မကျောက် ခဏနေပါဦး"
"ဘာကိစ္စလဲ"
"ကျုပ်က ပထမဓားကျင့်စဥ်ကို တတ်မြောက်သွားပြီဆိုတော့ နာမည် ရေးထိုးရမယ်လေ"
သူမက စာအုပ်ကို ထုတ်ယူ၍ ကမ်းပေးလိုက်ပြီး အဓိပ္ပါယ်မရှိသော စာသားများ မရေးရန် သတိပေးလိုက်သော်လည်း တစ်ဖက်လူမှာ လျင်မြန်စွာ ရေးထိုးနေခဲ့သည်။
"နင် ဘာရေးလိုက်တာလဲ"
သူမက ခပ်တင်းတင်း မေးလိုက်သောအခါ ယွမ်ရှောင်က စာအုပ်ကို မြှောက်ပြလိုက်ပြီး ဆရာတူအစ်မ၏ သတို့သမီးသေရည်ကို နှစ်သက်သော ယွမ်ရှောင် ဆိုသည့် စာလုံးများကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက ရှက်ရွံ့သွားကာ သူ၏ခေါင်းကို အရှက်ပြေရိုက်နှက်ပြီး ချက်ချင်းထွက်ခွာသွားခဲ့၏။
"ကျုပ် နားလည်ပြီ။ အစ်မကျောက်က သုံးချက် ရိုက်သွားတယ်ဆိုတော့ မနက်သုံးနာရီကျရင် လာခဲ့ဖို့ ပြောတာ ဖြစ်မယ်"
ယွမ်ရှောင်က သူမ၏ကျောပြင်ကို စိုက်ကြည့်ရင်း အရှက်မရှိ တွေးတောနေခဲ့သည်။
သစ်တောအတွင်း တစ်နေရာ၌ သားရဲလေးသည် ကောင်းကင်တာအိုဆေးလုံးများကို တောင်လိုပုံသည်အထိ အန်ချပေးလိုက်ပြီး ပင်ပန်းလွန်းသဖြင့် ပက်လက်လန်ကျသွားခဲ့သည်။
"ဒီလောက်အများကြီး ကျန်နေသေးတာလား"
စိတ်ကျောက်တုံး သုံးသိန်းကျော်က အလွန်များပြားသော ပမာဏဖြစ်၍ သန့်စင်ရန်အတွက် သားရဲလေးမှာ အချိန်များစွာ ယူခဲ့ပုံရသည်။ သူက ကောင်းကင်တာအိုဆေးလုံး ပထမအသုတ်ကို အသုံးပြုပြီးနောက် နတ်ပင်လယ်အလယ်အဆင့်အထိ တက်နိုင်ခဲ့ကာ နတ်ပင်လယ်ပြည့်စုံခြင်းအဆင့်များကိုပင် သတ်နိုင်ခဲ့၏။ ထို့အပြင် အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း နတ်ပင်လယ် အခြေတည်အဆင့်ရောက်နေသည့် ရဲရှန်းရင်ကိုပင် အနိုင်ယူနိုင်ခဲ့သည်။
"အကုန်ထွက်သွားလို့ တော်ပါသေးတယ်။ အန်ရတာ ပင်ပန်းလိုက်တာကွာ"
ကြယ်ပြာက မောပန်းစွာ ရေရွတ်လိုက်သည်။
"အဆင်ပြေရဲ့လား"
"ပြေတယ်။ ငါတို့လည်း နတ်ပင်လယ်အလယ်အဆင့်ကို ရောက်ပြီဆိုတော့ မင်းအတွက် ယင်ကောင်တွေကို ရိုက်သတ်ပေးနိုင်တော့မှာပါ။ ဒါပေမယ့် ငါတို့အကန့်အသတ်က နတ်ပင်လယ် အခြေတည်အဆင့်ပဲ"
ကြယ်ပြာက ရှင်းပြလိုက်ပြီး သားရဲလေး၏ တိုက်ခိုက်နိုင်စွမ်းမှာ ယွမ်ရှောင်နှင့် မတူညီဘဲ ပေါက်ကွဲနိုင်စွမ်းဖြစ်သည်။ ရောင်ချင်းချန်ကို သတ်ရန်အတွက် ၎င်းက ချီစွမ်းအင်ကို ဖောက်ခွဲခဲ့ရသဖြင့် ပင်ပန်းသွားခြင်းဖြစ်သည်။ အကယ်၍ လက်ရှိစွမ်းအင်ကိုသာ အသုံးပြုရလျှင် ပြဿနာမရှိသောကြောင့် ဖန်ရှီကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။ ယွမ်ရှောင် ထုတ်ပေးခဲ့သော စိတ်ကျောက်တုံးအရေအတွက်က များနေသဖြင့် သားရဲလေး၏ ကျင့်ကြံဆင့်ကိုပါ မြင့်တက်သွားစေသည်။
သို့သော် တိုက်ပွဲများတွင် သားရဲလေးက ကြောက်မက်ဖွယ် အသွင်ပြောင်းသွားလျှင် ပြဿနာများနိုင်သောကြောင့် မလိုအပ်ပါက အသုံးပြုရန် မသင့်ပေ။ ရန်သူများက ၎င်းကို နတ်ဆိုးဟု ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်လိုက်လျှင် ပြဿနာတက်သွားပေနိုင်သည်။ ထို့ကြောင့် ယွမ်ရှောင်သည် ၎င်းကို ဆေးအိုးနှင့် ကျင့်ကြံရေးအခန်းအဖြစ် အသုံးပြုရန်သာ ရည်ရွယ်ထားကာ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ လုံလောက်သည်ဟု ယုံကြည်ထား၏။
"ဒါတွေက ငါတို့ကို နတ်ပင်လယ်နောက်ပိုင်းအဆင့် ရောက်သွားစေနိုင်တယ်မလား။ အဆင့်တက်တာ မြန်လွန်းမနေဘူးလား"
ယွမ်ရှောင်က မေးခွန်းထုတ်လိုက်၏။
"မင်းကြီးတော် မြန်ရမှာလား။ မင်း မကျေနပ်ရင် အင်မော်တယ်ရုပ်အလောင်းကို ငါ့ပေးမလား"
ကြယ်ပြာက ကျိန်ဆဲလိုက်သောကြောင့် ယွမ်ရှောင်က ပါးစပ်ပိတ်သွားခဲ့သည်။
"မင်းက နတ်ပင်လယ်အခြေတည်အဆင့်ကို ရောက်ရင် မူလအမြုတေဖန်တီးဖို့ ကြိုရှာထားရမယ်။ ကျင့်ကြံခြင်းရဲ့ ပထမဆုံးအဆင့်တွေထက်စာရင် ဒီအဆင့်ကမှ မင်းကို အင်မော်တယ်လမ်းကြောင်းထဲ အမှန်တကယ် ရောက်သွားစေလိမ့်မယ်။ ပြန်လည်မွေးဖွားလာပြီး ခုန်ပေါက်အဆင့်မတက်နေရင် မင်းဘဝကြီးက ဘာအဓိပ္ပါယ်ရှိတော့မှာလဲ"
ကြယ်ပြာက မျက်လုံးဝေ့ကြည့်၍ အကြံပေးလိုက်ခြင်း ဖြစ်သည်။ ကောင်းကင်တာအိုဆေးလုံး ဖော်စပ်နည်း ကို ဖန်ဆင်းရှင်အင်မော်တယ်မှ ဖန်တီးထားခြင်း ဖြစ်နိုင်ပြီး ယွမ်ရှောင်၏ ကျင့်ကြံခြင်းကို လွယ်ကူချောမွေ့စေခဲ့၏။
"ရဲကုရင်က ရှေးဟောင်းမျှော်စင်ထဲကို ဝင်သွားတယ်ဆိုတော့ ငါနဲ့ယှဥ်ရင် ဘယ်သူ အဆင့်တက်တာက ပိုမြန်မလဲ"
ယွမ်ရှောင်က ရှေးဟောင်းမျှော်စင်အကြောင်း များစွာမသိထားသော်လည်း ကျင့်ကြံခြင်းကို မြန်ဆန်စေသည်ဟူ၍ ကောလဟာလများ ကြားထားကာ အဆင့်မြင့်ဆေးများလည်း အသုံးပြုထားနိုင်ချေ ရှိသည်။ အချိန်ရှစ်ရက်သာ ကျန်ရစ်ပြီး ရဲကုရင်ကို အမီလိုက်နိုင်ရန် မသေချာသော်လည်း ဓားအိမ်တော်၌ စိတ်ကျောက်တုံးများစွာ ရှိမည် မဟုတ်ပေ။ ဂိုဏ်း၏ဘဏ္ဍာတိုက်အတွင်း စိတ်ကျောက်တုံးသန်းချီ ရှိသော်လည်း ဂိုဏ်း၏ဘိုးဘေးများ နှစ်ရာချီ စုဆောင်းလာခြင်း ဖြစ်သောကြောင့် ချေးငှားမရနိုင်ချေ။ သူက အဆုံးမဲ့တွင်းနက်ကြီးပမာ ၎င်းတို့ကို ဝါးမျိုနိုင်ပြီး သားရဲလေးမှာ ကျင့်ကြံဆင့် မြင့်မားရန်အတွက် ချက်ချင်းလိုအပ်နေသည်။
"ငါ တော်တော်မွဲနေပါလား"
ယွမ်ရှောင်က သက်ပြင်းချလိုက်ပြီး ဂိုဏ်းငယ်တစ်ခုအတွက် လုံလောက်သော စိတ်ကျောက်တုံးသုံးသိန်းကျော်မှာ သူ့အတွက် ခဏအတွင်း ကုန်ခမ်းသွားသည်။ သူက လက်ကျန်ဆေးလုံးများကို သောက်သုံးလိုက်ပြီး ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်အား လည်ပတ်လိုက်သောအခါ နတ်ပင်လယ်နောက်ပိုင်းအဆင့် ရောက်သွားခဲ့သည်။
"ဟား ဟား ပါရမီရှင်တစ်ယောက် ဖြစ်ရတဲ့ ဘဝက ဒီလိုမျိုးလား"
ယွမ်ရှောင်က ရေရွတ်လိုက်ပြီး သူ၏သေမျိုးဝိညာဥ်ဖြင့် ဤအခြေအနေကို ယုံကြည်ရန် ခက်ခဲနေသည်။
"မင်းက ဖန်ဆင်းရှင်အင်မော်တယ်ရဲ့ လူဝင်စားဖြစ်ပြီး စောက်ရမ်းအားနည်းတယ်။ ငါသာ မင်းဆိုရင် သုံးရက်အတွင်း ကောင်းကင်ကို ရောက်နေလောက်ပြီ"
ကြယ်ပြာက ကဲ့ရဲ့လိုက်သော်လည်း အသူရာဂိုဏ်းသို့ရောက်ပြီး ရက်အနည်းငယ်အတွင်း ထိပ်ဆုံးရောက်လာခဲ့သော ယွမ်ရှောင်က ကျေနပ်နေသည်။ ရဲကုရင်က ဓားပင်လယ်တွင် အစွမ်းထက်သည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ သူက ရဲတန်းစီနှင့် ဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်နိုင်ခဲ့သည်။
"မင်းရဲ့လမ်းကြောင်းကို ဘယ်လိုရွေးချယ်မလဲ"
"ဘာကိုလဲ"
"မင်းက အရာရာကို လျစ်လျူရှုပြီး အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံမှာလား"
"ငါက ခံစားချက်မဲ့သွားရင် ဘာကြောင့် အသက်ရှင်နေဦးမှာလဲ။ သေတာက ပိုကောင်းသေးတယ်"
ယွမ်ရှောင်က ချက်ချင်းခေါင်းယမ်းလိုက်သည်။
"မင်းပြောတာ မှန်ပါတယ်။ ဓားသမားတစ်ယောက်ဆိုပေမယ့် မင်းက လူသားတစ်ယောက်လေ။ မင်းရဲ့နှလုံးသားထဲမှာ လောဘ၊ ဒေါသနဲ့ မောဟတွေ ပြည့်နှက်နေတယ်။ မင်းရဲ့လမ်းကြောင်းက ကွဲပြားပြီး အတိတ်က ဖန်ဆင်းရှင်အင်မော်တယ်ဖြစ်လာမှာ မဟုတ်ဘူး။ မင်းက ယွမ်ရှောင်ဆိုတဲ့ အင်မော်တယ်အသစ် ဖြစ်လာလိမ့်မယ်"
ကြယ်ပြာ၏ စကားက အဓိပ္ပါယ်ပြည့်ဝနေသည်။
"ဒီကောင်က တဏှာလည်း ကြီးသေးတယ်"
လနီက အမှန်တရားကို ဖြတ်ပြောလိုက်သည်။
"ဒီကောင့်ကို နည်းနည်းတော့ မျက်နှာသာပေးလိုက်ပါဦး။ ဘယ်နေရာမှ ကောင်းတာ မရှိတော့ဘူး"
ကြယ်ပြာက ငေါက်ငမ်းရင်း ဆတ်ခနဲ ရိုက်ချလိုက်သောကြောင့် လနီကို နာကျင်သွားစေခဲ့သည်။
ထိုအချိန်၌ ယွမ်ရှောင်သည် ကောင်းကင်သို့ မော့ကြည့်ရင်း ကျောက်ရန်ရန်မှ သေရည်သောက်ရန် မျှော်နေမည်ဟု တွေးတောကာ ခြေလှမ်းစလိုက်လေသည်။