← Chapters

ဓားသမားတွေက သေရမှာ ကြောက်သလား

Vol. 5 Ch. 58

ဓားသမားတွေက သေရမှာ ကြောက်သလား

Vol. 5 Ch. 58

ပိန်းပိတ်အောင် နက်မှောင်သော ညနက်နက်တွင် ယွမ်ရှောင်နှင့် ကျောက်ရန်ရန်သည် မဟာခန်းမရှေ့တွင် ရဲမျိုးနွယ်ဝင်များကို စောင့်ကြပ်နေသော အကြီးအကဲများထံ ထွက်လာခဲ့ကြသည်။ ရဲမျိုးနွယ်ဝင်များက လျှာဖြတ်ခံထားရသော်လည်း ရဲကုရင် ပြန်ရောက်လာလျှင် ဓားအိမ်တော်ကို ဖျက်ဆီးမည်ဟူသော အကြည့်မျိုးနှင့် စိုက်ကြည့်နေကြသည်။

"ဘာကြည့်တာလဲ"

ယွမ်ရှောင်က ဓားကို ချက်ချင်းဆွဲထုတ်၍ ရဲရှန်းရင်၏ မျက်လုံးအစုံကို ပိုင်းဖြတ်လိုက်သောအခါ နာကျင်လွန်းသော်လည်း အော်သံ ထွက်မလာခဲ့ပေ။ ကျန်ရဲမျိုးနွယ်ဝင်များသည်လည်း ထိုဓားချက်ကြောင့် သတ္တိများ ပျောက်ကွယ်သွားကာ အကြည့်ချင်းမဆုံရဲသဖြင့် ခေါင်းငုံ့သွားကြ၏။

"အကြီးအကဲဝမ် ကူညီပေးပါဦး"

ကျောက်ရန်ရန်က စာတစ်စောင်ကို အကြီးအကဲဝမ်ထံ ပေးအပ်လိုက်သည်။

"မစိုးရိမ်ပါနဲ့။ ဘာဖြစ်ဖြစ် ဒီစာကို ဓားကောင်းကင်ဆီ ရောက်စေရမယ်"

အကြီးအကဲဝမ်က လေးနက်စွာ ကတိပေးလိုက်ပြီး အကြီးအကဲကျန်းက အချက်တစ်ချက် ထောက်ပြလိုက်၏။

"အဘိုးကြီးဝမ် ယွမ်ရှောင်ရဲ့ ဓားဝိညာဥ်အကြောင်းကိုပဲ ပြောနော်။ ရဲကုရင်နဲ့ ရှေးဟောင်းမျှော်စင်ကို ဓားကောင်းကင်က ကြောက်နေရင် ငါတို့ကို ကူညီပေးမှာ မဟုတ်ဘူး။ ပြဿနာအကြောင်း ဖုံးကွယ်ထားလိုက်ပါ။ ဒီအချိန်မှာ ဘာမှမသေချာဘူး"

"ကောင်းပြီ။ လူတိုင်း ဂရုစိုက်ပါ"

ဤသို့ဖြင့် အကြီးအကဲဝမ်သည် ဓားပျံကို ခပ်နိမ့်နိမ့်စီးနင်းကာ အသူရာဓားဂိုဏ်းအပြင်ဘက်သို့ ထွက်ခွာသွားခဲ့၏။

"အရေးတကြီး အကူအညီ လိုအပ်နေတာကြောင့်သာ မဟုတ်ရင် ဂိုဏ်းချုပ်က ဒါကို သဘောတူမှာ မဟုတ်ဘူး"

အဘိုးချင်က သက်ပြင်းချ၍ ခေါင်းယမ်းလိုက်သည်။

"ဒါက အကူအညီတောင်းတာ မဟုတ်ပါဘူး။ ဓားကောင်းကင်အတွက် ပါရမီရှင်တစ်ယောက်ကို မိတ်ဆက်ပေးတာပါပဲ"

ကျောက်ရန်ရန်၏လေသံက အနည်းငယ် တင်းမာနေသည်။ ထို့နောက် သူမက မဟာခန်းမအတွင်း ဝင်ရောက်သွားပြီး ယွမ်ရှောင်သည် အကြီးအကဲသုံးယောက်ကို ကျေးဇူးတင်လိုက်သည်။ အားလုံးက ခန်းမအတွင်း ဝင်ရောက်သွားသော်လည်း သူက ရဲမျိုးနွယ်ဝင်များကို စောင့်ကြပ်ရင်း အသူရာဆေးအိုးအထက်၌ ထိုင်နေသည်။ သားရဲလေးသည် နွေဦးဆေးလုံး သုံးဆယ်ကျော်ကို သန့်စင်ပေးခဲ့သော်လည်း နတ်ပင်လယ် ပြည့်စုံခြင်းအဆင့်ရောက်ရန် စွမ်းအား မလုံလောက်ခဲ့ပေ။ အချိန်ခဏအတွင်း သူက မွဲတေနေပြီး ကြယ်ပြာသည် ရောင်မန်ရှယ်နှင့် ကျန်းကျန့်ကို သတ်ဖြတ်ကာ ဓားဝိညာဥ်များ ဝါးမျိုရန် အကြံပေးခဲ့သည်။ သို့သော် ဝူဝူ၏အဖြစ်ကြောင့် ထိုနှစ်ယောက်သည် ရဲတန်းစီအနားမှ ထွက်ခွာကြမည် မဟုတ်သောကြောင့် သူက ခေါင်းယမ်းပြလိုက်သည်။

ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ကြောင့် ယွမ်ရှောင်၏ ချီစွမ်းအင်က များပြားပြီး ဓားဝိညာဥ်က ရဲတန်းစီထက် သန်မာသော်လည်း ဓားစက်ကွင်းမှာ စိုးရိမ်စရာ ဖြစ်နေသည်။ သူက မဟာခန်းမနှင့် အုတ်ဂူခုနစ်လုံးကို စိုက်ကြည့်နေရင်း သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာကာ ပထမဓားသိုင်းကို အပြင်းအထန် လေ့ကျင့်နေခဲ့သည်။ ထိုအချိန်၌ ကောင်းကင်တွင် ထူးဆန်းသော အနက်ရောင်မြူခိုးများ ရောက်ရှိလာကာ သစ်တောအတွင်းမှ မူမမှန်သော လှုပ်ရှားမှုများ ရှိနေသည်။ နတ်ဆိုးချီကို သတိထားမိလိုက်သောကြောင့် သူက လေးနက်သွားစဥ် မြူခိုးများက တရစပ် ရှေ့တိုးလာနေခဲ့သည်။

"ယွမ်ရှောင် ဂိုဏ်းထဲကို နတ်ဆိုးတွေ ကျူးကျော်လာနေတယ်။ ငါ့ကို ကယ်ပါဦး"

သစ်တောအတွင်းမှ ကျန်းရယ်က ငိုကြီးချက်မနှင့် သူ့ထံ ပြေးဝင်လာသောကြောင့် နောက်ဆုတ်လိုက်သည်။ အသူရာဓားဂိုဏ်းအတွင်းရှိနေသော နတ်ဆိုးများမှာ အကျဥ်းချခံထားရသော်လည်း ယခုရောက်ရှိလာသည့် အရှိန်အဝါများက ပြင်းထန်လွန်းနေသည်။ ကျန်းရယ်က ကယ်တင်ပေးရန် တတွတ်တွတ်ပြောနေသော်လည်း သူက လျစ်လျူရှုထားပြီး ဓားဆွဲထုတ်လိုက်သည်။

"ယွမ်ရှောင်"

တစ်ခုခု မှားယွင်းနေသော လေသံကြောင့် ယွမ်ရှောင်က လှည့်ကြည့်လိုက်စဥ် ပန်းရောင်မြူခိုးများ ခြုံလွှမ်းသွားခဲ့၏။ သူ၏မြင်ကွင်းအတွင်း ကျန်းရယ်က ပန်းရောင်တောက်ပနေသဖြင့် မြေခွေးနတ်ဆိုး စီးဝင်ထားကြောင်း သဘောပေါက်လိုက်သော်လည်း နောက်ကျသွားခဲ့သည်။ မြူခိုးများက စိတ်ကို နောက်ကျိရှုပ်ထွေးစေသော နတ်ဆိုးစွမ်းရည်တစ်ခုဖြစ်ကာ ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။

"ဘာကြောင့် တိုက်ခိုက်နေမှာလဲ။ လရောင်အောက်မှာ ငါနဲ့အတူ ချစ်တလင်းဆင်နွှဲရအောင်"

သူမက တခစ်ခစ်ရယ်မောနေပြီး အနီရောင်ဖဲကြိုးများဖြင့် သူ့ကို ရစ်ပတ်ကာ ဆွဲဆောင်ဖြားယောင်းနေသည်။ ရယ်သံလွင်လွင်က သူ၏အနားတွင် ပဲ့တင်ထပ်နေပြီး သစ်တောအတွင်းမှ ကြီးမားလှသော အဖြူရောင်ပိတ်စကြီးတစ်ခု ထွက်ပေါ်လာကာ ရဲမျိုးနွယ်ဝင်အားလုံးကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက် ၎င်းက စက်လုံးသဏ္ဍာန်ဖြစ်သွားကာ သစ်တောအတွင်း တရကြမ်းပြေးထွက်သွား၍ ဓားအိမ်တော်အပြင်ဘက်၌ ဓားသခင်သုံးယောက်က စိုးရိမ်တကြီး စောင့်ဆိုင်းနေကြ၏။

"ပိတ်နတ်ဆိုးဘုရင် ရောက်လာပြီ"

ရဲတန်းစီသည် ၎င်းကို မြင်သောအခါ မျက်လုံးများ တောက်ပသွားသည်။ ၎င်းက နှစ်ရှစ်ရာအထက် ကျင့်ကြံထားသောကြောင့် ရောင်မန်ရှယ်ထက် ပို၍သန်မာသည်။ ၎င်းသည် အသုဘတွင် အလောင်းများကို ရစ်ပတ်ခဲ့သော ပိတ်စတစ်ခုဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော အငြှိုးများကို စုပ်ယူခဲ့သဖြင့် နတ်ဆိုးအဖြစ် အသက်ဝင်လာ၏။ ၎င်းက နတ်ဆိုးသားရဲများကဲ့သို့ နတ်ဆိုးအရိုးမရှိသော်လည်း ကြောက်မက်ဖွယ်စွမ်းရည်အချို့ ပိုင်ဆိုင်ထားကာ လူများကို အရှင်လတ်လတ် ဝါးမျိုစုပ်ယူနိုင်သည်။

"ကျန်းကျန့် အချက်ပြလိုက်တော့"

ရဲတန်းစီက အမိန့်ပေးလိုက်သောအခါ ကျန်းကျန့်သည် လျင်မြန်စွာ ထွက်ခွာသွားပြီး ပိတ်နတ်ဆိုးက ရဲမျိုးနွယ်ဝင်များကို မြေပြင်သို့ ပစ်ချကာ အသားအရေ ဖြူဖပ်ဖြူရော်နှင့် လူတစ်ယောက် အသွင်ပြောင်းလိုက်၏။

"မူလအမြုတေအဆင့် ဓားသမားတစ်ယောက်က လူငယ်လေးတစ်ယောက်ကြောင့် မျိုးနွယ်ဝင်တွေကို ကာကွယ်မပေးနိုင်တာ စိတ်ပျက်စရာပဲ"

သူက လှောင်ပြောင်လိုက်သော်လည်း ရဲတန်းစီမှာ ပြန်မပြောဝံ့ချေ။ သူက လျှာဖြတ်ခံထားရပြီး မျက်လုံးနှင့် ဝမ်းဗိုက်တွင် သွေးများစွန်းထင်းနေသည့် ရဲရှန်းရင်ကို တွဲထူပေးလိုက်၏။ ရဲမျိုးနွယ်ဝင်များက သွေးအလိမ်းလိမ်း ဖြစ်နေသောကြောင့် အမုန်းတရားများ တိုးပွားလာကာ ဓားအိမ်တော်နှင့် ယွမ်ရှောင်ကို လက်စားချေရန် အသင့်ဖြစ်နေသည်။

"ပိတ်နတ်ဆိုး လနတ်သမီးက ဘယ်မှာလဲ"

"သူမက ယွမ်ရှောင်ကို ဝါးမျိုနေပြီး ငါတို့က ဓားအိမ်တော်ကို ဖျက်ဆီးဖို့ ကူညီပေးမယ်"

"ဒီလောက်ရိုးရှင်းခဲ့တာလား"

"မင်းက ဘာတွေမျှော်လင့်နေတာလဲ။ ဓားအိမ်တော်လို ကျဆင်းနေတဲ့ အင်အားစုက ဘာလုပ်နိုင်မှာလဲ"

ပိတ်နတ်ဆိုးက အထက်စီးမှ ငေါက်ငမ်းလိုက်၏။

"ကျေးဇူးပြုပြီး သတင်းပို့ပေးပါ။ ယွမ်ရှောင်ကို ကျုပ်ကိုယ်တိုင် လက်စားချေချင်တယ်။ ကျောက်ရန်ရန်နဲ့ သူက လွဲရင် ဓားအိမ်တော်တစ်ခုလုံးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်"

ရဲတန်းစီက တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ကောင်းပြီ။ ဓားအိမ်တော်ရဲ့ ဘိုးဘေးတွေက ကျုပ်တို့မျိုးနွယ်ဝင်တွေ အများကြီးကို သတ်ခဲ့တယ်။ သူတို့ဝိညာဥ်တွေကို မဟူရာချောက်နက်ဆီ ယူသွားပြီး ထာဝရ ခံစားခိုင်းမယ်"

ပိတ်နတ်ဆိုးက တဟားဟားရယ်မောရင်း သစ်တောအတွင်း ဝင်ရောက်သွားသည်။ ထိုအချိန်၌ ကျန်းကျန့်သည် ဓားသခင်သုံးယောက်၏ နောက်လိုက်များကို ခေါ်ဆောင်လာပြီး နတ်ပင်လယ်အဆင့်များချည်း ဖြစ်၏။

"နတ်ဆိုးချီတွေ သိပ်သည်းလိုက်တာ"

ဂိုဏ်းအတွင်းရှိ ကျင့်ကြံသူများသည် ဓားအိမ်တော်အထက်မှ အခြေအနေကို သတိထားမိသွားသည်။ အသူရာဓားဂိုဏ်းသည် လမ်းမှန်ဂိုဏ်းတစ်ခုဖြစ်ပြီး နတ်ဆိုးများအတွက် ကန့်သတ်နယ်မြေ ဖြစ်သောကြောင့် ဤကျူးကျော်လာခြင်းကို သည်းမခံနိုင်ပေ။ အချိန်ခဏအတွင်းမှာပင် ရှန်ကွမ်းယု၊ ချန်တုန်နှင့် လီချန်လုံသည် ကျင့်ကြံသူအချို့ကို ဦးဆောင်ကာ ဓားအိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။

"သူတို့ကို တားစမ်း"

ရဲတန်းစီက အမိန့်ပေးလိုက်သောအခါ ကျင့်ကြံသူသုံးရာကျော်သည် ထိုအုပ်စုကို လမ်းပိတ်ထားလိုက်ကြ၏။

"ဘာလုပ်တာလဲ။ ဂိုဏ်းထဲကို နတ်ဆိုးတွေ ကျူးကျော်လာတယ်။ ဘုံရန်သူကို တိုက်ခိုက်ဖို့ စည်းလုံးရမယ်"

"ဒါက ထောင်ချောက်တစ်ခု ဖြစ်န်ုင်တယ်။ အသူရာဓားဂိုဏ်းထဲကို နတ်ဆိုးတွေက အကြောင်းအရင်းမရှိ ဝင်မလာရဲဘူး။ ငါ့အမြင်ပြောရရင် ဓားအိမ်တော်က သူတို့နဲ့ပူးပေါင်းပြီး ငါတို့ကို ထောင်ချောက်ဆင်တာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ဘယ်သူမှ သွားခွင့် မရှိဘူး"

ရောက်ရှိလာသော ကျင့်ကြံသူများကို ရဲတန်းစီက တစ်ချက်ဝေ့ကြည့်၍ အရှက်ကင်းမဲ့စွာ တားမြစ်လိုက်သောကြောင့် ရှန်ကွမ်းယုမှာ ယမ်းပုံမီးကျ ဒေါသထွက်နေသည်။

"ခွေးကောင် နင်က အမှန်တရားကို ပြောင်းပြန်လုပ်နေတယ်။ အရှက်ရော ရှိသေးရဲ့လား။ အသူရာဓားဂိုဏ်းလို မြင့်မြတ်နယ်မြေထဲ နတ်ဆိုးတွေကို ခေါ်သွင်းလာတာက နှစ်ထောင်ပေါင်းများစွာ အရှက်ရစရာပဲ"

"ပါးစပ်ပိတ်ထားစမ်း။ နိမ့်ကျတဲ့ နတ်ပင်လယ်အဆင့်တစ်ယောက်ကများ ငါ့ကို စော်ကားရဲတယ်။ နင့်ကို ဓားတစ်ချက်တည်းနဲ့ ပါးစပ်ပိတ်ပေးလိုက်မယ်"

ရဲတန်းစီက သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်၍ ​ခြိမ်းခြောက်လိုက်ပြီး ဓားဆွဲထုတ်လိုက်သောအခါ ရှန်ကွမ်းယုကို အခြားကျင့်ကြံသူများမှ တားဆီးထားရသည်။ ဂိုဏ်းအတွင်း ကျောက်ကျန်ရှင်း ဒဏ်ရာရသွားသောအခါ မူလအမြုတေအဆင့် တစ်ယောက်တည်းသာ ကျန်ရစ်ပြီး ရဲတန်းစီ ဖြစ်သည်။

"ဒီနေ့ မင်းတို့ကို တားမြစ်ရတာက ဓားအိမ်တော်ရဲ့ ထောင်ချောက်ထဲမှာ မသေစေချင်လို့ပဲ။ ခြေတစ်လှမ်းတိုးရဲရင် ဘယ်သူဖြစ်ဖြစ် ငါ့ဓားအောက်မှာ သေရမယ်"

"ဓားအိမ်တော်က နတ်ဆိုးတွေနဲ့ ပူးပေါင်းထားတယ်။ သူတို့ကမှ ဂိုဏ်းအတွက် အရှက်ရစရာပဲ"

ရောင်မန်ရှယ်က အေးစက်စက် ရယ်မောနေခဲ့သော်လည်း ရှန်ကွမ်းယု၏မျက်လုံးများ၌ ဝမ်းနည်းစိတ်နှင့် ဒေါသတို့ တောက်လောင်နေသည်။

"လွန်ခဲ့တဲ့သုံးနှစ်က ရဲတန်းစီနဲ့ နတ်ဆိုးတွေပူးပေါင်းပြီး ဂိုဏ်းချုပ်ကို အကောက်ကြံခံခဲ့တယ်။ ဒီနေ့မှာ သူက ဂိုဏ်းထဲအထိ နတ်ဆိုးတွေကို ဝင်ခွင့်ပေးလိုက်တယ်။ ဒီလူယုတ်မာလို ကောက်ကျစ်အောက်တန်းကျတဲ့လူကို လုပ်ချင်တိုင်းလုပ်ခွင့် ပေးတော့မှာလား"

"နောက်ထပ်ကျင့်ကြံသူတွေ ရောက်လာတဲ့အထိ စောင့်ဦး"

လီချန်လုံက သူမကို နှစ်သိမ့်ပေးနေပြီး လက်ရှိတွင် ဓားတောင်ခုနစ်လုံးမှ ကျင့်ကြံသူများသည် လမ်းတစ်ဝက်သို့ ရောက်နေကြပြီဖြစ်သည်။ လက်ရှိတွင် သူတို့၏အင်အားက ရန်သူအောက် အားနည်းနေသဖြင့် တိုက်ခိုက်လျှင် ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် မခြားပေ။

"ရဲတန်းစီက နတ်ဆိုးတွေနဲ့ ပေါ်တင်ပူးပေါင်းခဲ့ပြီး ဂိုဏ်းထဲအထိ ခေါ်ဆောင်လာတယ်။ သူက ဒီလောက်မောက်မာနေရင် ဘယ်သူမှ ထောက်ခံပေးမှာ မဟုတ်တော့ဘူး။ ဓားသမားတွေက နတ်ဆိုးတွေကို လုံးဝဦးမညွှတ်ဘူး။ ငါတို့က ဓားအိမ်တော်အတွက် အကြွေးတင်နေတာကို မဖြေရှင်းရင် ဓားတွေတောင် အရှက်ရကြလိမ့်မယ်။ မင်းတို့ရဲ့ဘိုးဘေးတွေဆီမှာ ဘယ်လိုသစ္စာဆိုခဲ့ကြလဲ မှတ်မိသေးလား။ ဓားသမားတွေက နတ်ဆိုးတွေကို သုတ်သင်ပြီး လူသားတွေကို ကာကွယ်ဖို့ ဓားကို ကျင့်ကြံတယ်"

အသူရာဓားဂိုဏ်း၏ ဓားသမားများသည် သေရမည်ကို ကြောက်သော်လည်း ဂိုဏ်း၏နောက်ဆုံးစည်းကို ရဲတန်းစီက ကျော်ဖြတ်လိုက်သောကြောင့် ဘိုးဘေးများကို ရှက်ရွံနေမိသည်။

"ဒီဂိုဏ်းက ဘိုးဘေးတွေရဲ့သွေးနဲ့ တည်ထောင်ထားတာဖြစ်ပြီး နတ်ဆိုးတွေကို လူသတ်ခွင့်ပေးတော့မှာလား"

ဓားသမားများ၏ ကြုံးဝါးသံက ကျယ်လောင်စွာထွက်ပေါ်နေပြီး တစ်ယောက်ပြီးတစ်ယောက် ရောက်လာသောကြောင့် ရဲတန်းစီကို ထိတ်လန့်စေသည်။

"သေရမှာကို မကြောက်ရင် ရှေ့တိုးလာစမ်း။ ငါနဲ့ တိုက်ခိုက်ချင်ရင် မင်းတို့ခေါင်းထားခဲ့ရလိမ့်မယ်"

သူ၏ ခြိမ်းခြောက်စကားကြောင့် ဂိုဏ်းသားများ ကြောက်လန့်မည်ဟု ထင်ထားသော်လည်း အားလုံး၏ အမုန်းတရားကို ရင်ဆိုင်လိုက်ရ၏။

"ခေါင်းပြတ်သွားရင်တောင် ဓားက ရှေ့ဆက်သွားမယ်။ ချီတက်ကြ"

"ရဲတန်းစီ ငါတို့က သေရမှာ မကြောက်ဘူး။ လူသားတစ်ယောက်အဖြစ် မွေးဖွားလာပြီး နတ်ဆိုးတွေကို တိုက်ခိုက်ရင်း သေမယ်။ အရှက်မရှိတဲ့ ခွေးမသား"

"နတ်ဆိုးတွေနဲ့ပူးပေါင်းရင် ဘယ်သူဖြစ်ဖြစ် ဂိုဏ်းရဲ့ ရန်သူပဲ ခွေးကောင်"

"လူသက်တမ်း နှစ်တစ်ရာလောက်ပဲရှိတာကို ဓားသမားတွေက သေခြင်းတရားကို ကြောက်နေရမှာလား။ ချီတက်ကြ"

ညကောင်းကင်အောက်တွင် လူတိုင်းက ဓားဆွဲထုတ်လိုက်ကြသဖြင့် အလင်းရောင်များ တဖြတ်ဖြတ် လက်နေခဲ့လေသည်။

All Chapters