ငါက ဖန်ဆင်းရှင်အင်မော်တယ်
Vol. 5 Ch. 61
"ငါ့အမြုတေ"
မြွေကြီး၏အော်သံက အားနည်းလာပြီး အမြုတေ ထုတ်ယူခံလိုက်ရသောကြောင့် အသက်ဓာတ်များ ယုတ်လျော့လာကာ ဦးခေါင်းထက်တွင် ယွမ်ရှောင်၏ ခြေထောက် ရှိနေခဲ့သည်။
"မင်းကသေပြီး ငါက အသက်ရှင်တယ်။ အခု ဘယ်သူက သေမျိုးလဲ။ ငါက ဖန်ဆင်းရှင်အင်မော်တယ်ကို ကိုယ်စားပြုတယ်။ မင်းကရော ဘာကောင်လဲ"
ယွမ်ရှောင်၏ ဓားချက်များအောက်တွင် ၎င်းမှာ သေသည်အထိ မွှန်းခံလိုက်ရပြီး နှစ်တစ်ထောင်နတ်ဆိုးကြီးမှာ လူငယ်လေးတစ်ယောက်လက်ထဲ၌ အသက်ပျောက်သွားခဲ့သည်။ ဤမြင်ကွင်းကြောင့် သူ့ကို သေစေချင်နေသည့် ကျန်းရယ်မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ မူလတွင် သူက သူမကို တိမ်တိုင်းပြည်ရောက်မှ သတ်ရန် ကြံစည်ထားသော်လည်း ဤအချက်က အဓိပ္ပါယ်ကင်းမဲ့စပြုလာပြီး လက်ရှိ၌ပင် လူရယ်စရာတစ်ခု ဖြစ်နေခဲ့သည်။ သူ့အတွက် ဆရာတူအစ်ကိုအစ်မများနှင့် ဓားအိမ်တော်၏ ကျင့်ကြံသူများက မိသားစုဖြစ်သောကြောင့် အန္တရာယ်ဖြစ်ခွင့် မပြုနိုင်ချေ။ မြွေကြီးကို သတ်ပြီးသောအခါ မဟာခန်းမ၏ တိုင်တစ်လုံးကိုမှီလျက် ရပ်နေသည့် ကျောက်ရန်ရန်၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာကာ စကားများပြောနေရန် မလိုအပ်ခဲ့ပေ။
"ရှောင်အာက တကယ့်ပါရမီရှင်ပဲ။ ဂိုဏ်းရဲ့သမိုင်းမှာ ဆယ်ဆင့်ဓားသိုင်းကို ၁၁ကြိမ် ပေါက်ကွဲအောင် ဘယ်သူမှ မလုပ်နိုင်ခဲ့ဘူး"
"မှန်တယ်။ သူ့ဓားဝိညာဥ်အဆင့်ကိုလည်း မတိုင်းတာရသေးဘူး။ ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ"
အဘိုးချင်နှင့် ချိုက်မြောင်က ချီးကျူးလိုက်ခြင်းဖြစ်သည်။
"မောင်လေးယွမ် နတ်ဆိုးအရိုးတွေနဲ့ နတ်ဆိုးအမြုတေကို စုပ်ယူပြီး ဓားစက်ကွင်း ဖန်တီးလိုက်"
ကျောက်ရန်ရန်က နတ်ဆိုးအလောင်းများကို ညွှန်ပြလိုက်ပြီး ယနေ့ညတိုက်ပွဲအတွက် လက်စားချေရန် ရှိနေသောကြောင့်ပင်။
"ဆရာက အဆင်ပြေရဲ့လား"
"နောက်ကျရင် ငါ ရှင်းပြမယ်"
ယွမ်ရှောင်က ခေါင်းညိတ်၍ နတ်ဆိုးဝံပုလွေသုံးကောင်၏ နတ်ဆိုးအရိုးများကို စုပ်ယူလိုက်သောအခါ ဓားအော်ရာနှစ်ခု ထပ်မံရရှလာခဲ့ပြီး ရဲတန်းစီထက်ပင် ငါးခုပိုများနေခဲ့သည်။ ထို့နောက် ကျောက်ရန်ရန်၏ ညွှန်ကြားချက်အတိုင်း နှစ်တစ်ထောင် နတ်ဆိုးအမြုတေကို ဓားဝိညာဥ်၌ ထည့်သွင်းလိုက်သောအခါ ဓားအိမ်တော်တစ်ခုလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ အသူရာဓားဂိုဏ်း၌ ရဲတန်းစီနှင့် ကျောက်ကျန်ရှင်း နှစ်ယောက်တည်းသာ ဓားစက်ကွင်း ပိုင်ဆိုင်သောကြောင့် အားလုံးက သိချင်နေကြ၏။ နတ်ဆိုးအမြုတေက ဓားဝိညာဥ်အနီး ရောက်သောအခါ ဖြတ်ခနဲ ပျောက်ကွယ်သွားပြီး အနက်ရောင် စက်ဝိုင်းသဏ္ဍာန်အဖြစ် ပြန့်ထွက်လာ၏။ ဓားစက်ကွင်းသည် နတ်ဆိုးချီများ ထုတ်လွှတ်နေသည့်အပြင် ဓားအော်ရာများနှင့် ပေါင်းစပ်သွားကာ တိုက်စားဖျက်ဆီးနိုင်သော အဆိပ်စွမ်းရည် ပိုင်ဆိုင်သည်။
ဓားစက်ကွင်း၏ စွမ်းရည်ကြောင့် ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်း၏ ဝါးမျိုနိုင်စွမ်းကို အခြားသူများမသိစေရန် ဖုံးကွယ်ထားနိုင်မည်ဖြစ်သည့်အပြင် ၎င်း၏စွမ်းအားလည်း တိုးတက်လာခဲ့သည်။
"ယွမ်ရှောင် ဂိုဏ်းထဲမှာ မင်းက အစွမ်းအထက်ဆုံး ဖြစ်လာခဲ့ပြီ"
အဘိုးချင်က လေးစားစွာ ရေရွတ်လိုက်သည်။
"အစ်မကျောက် ဆရာရဲ့ အခြေအနေကို ပြောပါဦး"
"လာခဲ့"
ကျောက်ရန်ရန်သည် ယွမ်ရှောင်ကို မဟာခန်းမအတွင်း ခေါ်ဆောင်သွားသောအခါ ကြမ်းပြင်တွင် လဲလျောင်းနေသည့် ကျောက်ကျန်ရှင်းကို တွေ့လိုက်ရပြီး တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ သူက မသေသေးသော်လည်း အခြေအနေဆိုးရွားသည်မှာ သိသာနေခဲ့၏။ သူ၏ဓားဝိညာဥ်က မူလတွင် တစ်ဝက်ခန့်ပျက်စီးထားပြီး နတ်ဆိုးမြွေကို တိုက်ခိုက်လိုက်သောအခါ နောက်ထပ်ပျက်စီးသွားသဖြင့် အသက်ဓာတ်က စတင်အားနည်းလာသည်။
"ဓားကောင်းကင်ရဲ့ ရတနာတွေက ဆရာ့ကို ကယ်နိုင်လား"
ယွမ်ရှောင်က အံကြိတ်၍ မေးလိုက်သည်။
"ကယ်နိုင်တယ်။ ဒါပေမယ့် သူက အချိန်တစ်လလောက်ပဲ အသက်ရှင်နိုင်တော့မယ်"
ကျောက်ရန်ရန်၏ မျက်ဝန်းလေးများတွင် မျက်ရည်စများ တွဲလွဲခိုနေ၏။
"ကောင်းပြီ။ ကျုပ်တာဝန် ထားလိုက်ပါ"
ကျောက်ကျန်ရှင်းသည် အစွမ်းကုန်ထုတ်သုံးလိုက်လျှင် နတ်ဆိုးမြွေကို သတ်နိုင်သော်လည်း သူကိုယ်တိုင် ချက်ချင်းသေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် သူက ယွမ်ရှောင်ကို ယုံကြည်စွာဖြင့် အဆုံးသတ်ခွင့်ပေးခဲ့ခြင်းဖြစ်ရာ ဆရာဖြစ်သူကို စိတ်မပျက်စေရန် ကတိပြုလိုက်၏။ ဤဆရာတပည့်သည် စကားတစ်ခွန်းပင် မပြောဖူးခဲ့သော်လည်း တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိခြင်းက လုံလောက်ပေသည်။ ဓားအိမ်တော်က တိတ်ဆိတ်သွားသော်လည်း ဂိုဏ်းအတွင်းစစ်ပွဲကြောင့် အပြင်ဘက်၌ ဆူညံနေသည်။ ကျောက်ရန်ရန်က ခေါင်းညိတ်၍ အချက်ပြလိုက်သောအခါ သူက ချက်ချင်းပြေးထွက်သွားပြီး မြွေနတ်ဆိုး၏အလောင်းကို ဒရွတ်တိုက် ဆွဲယူသွားခဲ့သည်။
"အဖေ့ကို ဂရုစိုက်ပေးထားကြပါ။ သူ့နောက်ကို လိုက်သွားချင်တယ်"
ကျောက်ရန်ရန်က အဘိုးချင်တို့ထံ တောင်းဆိုလိုက်သည်။
"မင်း ဒဏ်ရာရထားတယ်မလား"
အကြီးအကဲကျန်းက စိုးရိမ်စွာ တားမြစ်လိုက်၏။
"မသေနိုင်ပါဘူး"
သို့သော် သူမက ခေါင်းမာစွာဖြင့် ဓားအိမ်တော်အပြင်ဘက်သို့ ချက်ချင်းလိုက်ပါသွားခဲ့ပြီး ဂိုဏ်း၏သစ္စာဖောက်များကို ရှင်းပစ်ရန် မစောင့်နိုင်တော့ပေ။
ဓားအိမ်တော်၏ အပြင်ဘက်တွင် ဓားချင်းထိခတ်သံများ ကျယ်လောင်နေပြီး ရဲတန်းစီနှင့် နောက်လိုက်သုံးရာကျော်သည် လမ်းမှန်ဂိုဏ်းသားများကို သတ်ဖြတ်နေကြ၏။
"ငါ့ကို ဘယ်သူ စော်ကားရဲသလဲ"
ရဲတန်းစီက ရွှေရောင်ဓားစက်ကွင်းနှင့် ဓားအော်ရာ၂၄ခုကို ထုတ်ဖော်ထားသောကြောင့် ညအချိန်၌ပင် လင်းလက်တောက်ပနေသည်။
"ရဲတန်းစီ လူယုတ်မာ မင်းက ဓားသမားတွေအတွက် အရှက်ရစရာပဲ။ အသေဆိုးနဲ့ သေလိမ့်မယ်"
အကြီးအကဲတစ်ယောက်က ဒေါသတကြီး ကျိန်ဆဲလိုက်သောကြောင့် သူက ဒေါသထွက်သွားကာ ခေါင်းဖြတ်ပစ်လိုက်ပြီး အခြားကျင့်ကြံသူများကို ခြိမ်းခြောက်ခဲ့သည်။
"ဒါက ရဲမျိုးနွယ်ကို ဆန့်ကျင်တဲ့အတွက် အပြစ်ပေးတာပဲ"
"ဓားသခင်ရဲက ပြိုင်ဘက်ကင်းတယ်"
"အသူရာဓားဂိုဏ်းမှာ ဘယ်သူက အစွမ်းအထက်ဆုံးလဲ တွေ့ပြီလား"
ကျန်းကျန့်က သခင်အားရကျွန်ပါးဝ၍ ဖားယားနေသကဲ့သို့ ရောင်မန်ရှယ်ကလည်း ထိုနည်းတူပင်။ ကျန်တစ်ဖက်တွင် ရဲတန်းစီကို ယှဥ်နိုင်သူ မရှိသည့်အပြင် နောက်လိုက်သုံးရာကျော်ကလည်း အရေအတွက် သာလွန်နေသောကြောင့် အဘက်ဘက်မှ ဖိနှိပ်နိုင်စွမ်းရှိနေသည်။
"အကုန်သတ်ပစ်စမ်း"
ယွမ်ရှောင်၏ လက်ချက်ဖြင့် မသန်မစွမ်းဖြစ်နေသော ရဲမျိုးနွယ်ဝင်များသည် လျှာဖြတ်ခံထားရသော်လည်း စိတ်ထဲမှာ အော်ဟစ်ကျိန်ဆဲနေကြပြီး ရဲတန်းစီ၏ အစွမ်းကြောင့် ကျေနပ်စွာ ပြုံးနေကြလေသည်။