← Chapters

ဂိုဏ်းချုပ် ကွယ်လွန်သွားရင်တောင် ဂုဏ်သိက္ခာရှိတယ်

Vol. 5 Ch. 62

ဂိုဏ်းချုပ် ကွယ်လွန်သွားရင်တောင် ဂုဏ်သိက္ခာရှိတယ်

Vol. 5 Ch. 62

"မင်းတို့အမှိုက်ကောင်တွေက ဓားအိမ်တော်ကို ကာကွယ်နိုင်မယ် ထင်နေတာလား။ သူတို့က နတ်ဆိုးနဲ့ပူးပေါင်းပြီး ဂိုဏ်းသားတွေအတွက် ထောင်ချောက် ဆင်ထားခဲ့တယ်။ အချင်းချင်း ပြဿနာဖြစ်ကြလို့ ဒုက္ခရောက်သွားတာ ထိုက်တန်တယ်။ မင်းတို့ကများ ကိုယ့်ကိုကိုယ် ကယ်တင်ဖို့ အရင်ကြိုးစားပါဦး"

ရဲတန်းစီသည် တဟားဟားရယ်မောရင်း ဂိုဏ်းသားများကို ဒေါသတကြီး သတ်ဖြတ်နေသကဲ့သို့ ရောင်မန်ရှယ်၊ ကျန်းကျန့်နှင့် နောက်လိုက်များကလည်း လှောင်ရယ်နေကြ၏။

"နင်တို့က အကြောင်းအရင်းမရှိ သေချင်နေတာကိုး"

"ဓားသခင်ရဲရှေ့မှာ ဒူးထောက်ရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိတယ်နော်"

သူတို့ကို ရင်ဆိုင်နေသည်မှာ ရှန်ကွမ်းယု၊ လီချန်လုံနှင့် ချန်တုန် ဦးဆောင်သော ဂိုဏ်းသားများ ဖြစ်သော်လည်း စွမ်းအားချင်း မယှဥ်နိုင်သောကြောင့် အံကြိတ်ထားရ၏။ သူတို့က ကာကွယ်ရုံ တိုက်ခိုက်နေသော်လည်း ကျင့်ကြံသူများ ဆက်တိုက်အသတ်ခံနေရပြီး နတ်ပင်လယ်အခြေတည်အဆင့် ဓားသခင်သုံးယောက်မှာ အခက်ကြုံနေရသည်။

"မင်းတို့က ဓားအိမ်တော်ထဲကို ရောက်သွားရင်တောင် လနတ်သမီးရဲ့ကိုယ်ပွား၊ နှစ်တစ်ထောင် နတ်ဆိုးမြွေနဲ့ နတ်ဆိုးဘုရင်သုံးယောက်ကို ယှဥ်နိုင်မယ် ထင်နေတာလား"

ကျောက်ကျန်ရှင်းကို သတ်နိုင်ပြီဟူသော အတွေးကြောင့် ရဲတန်းစီက အလွန်ပျော်ရွှင်နေသည်။ သူ၏စိတ်ကူးထဲတွင် ဤအုပ်စုကို ရှင်းပစ်ပြီးလျှင် ယွမ်ရှောင်အား မသန်မစွမ်းဖြစ်အောင် နှိပ်စက်မည်ဟု တွေးတောနေခဲ့သည်။ သူ့ကို ဂိုဏ်းချုပ်က တစ်သက်လုံး ဖိနှိပ်နိုင်ခဲ့သော်လည်း အကြံတစ်ခုတည်းဖြင့် အသေသတ်နိုင်ခဲ့သည်။

"ရှန်ကွမ်းယု ကျောက်ကျန်ရှင်းက သေပြီ။ နင်ရော သူနဲ့အတူ လိုက်သွားချင်လား"

သူက ဓားစက်ကွင်းကို ထုတ်ဖော်ကာ ဓားအလင်းပေါင်းများစွာ ခြံရံလျက် ရှန်ကွမ်းယုကို တိုက်ခိုက်လိုက်သည်။ သူမက ဒေါသနှင့် ဝမ်းနည်းစိတ်တို့ကြောင့် ယူကြုံးမရဖြစ်နေပြီး ကျင့်ကြံဆင့်တစ်ဆင့် နိမ့်ကျသော်လည်း သေခြင်းတရားကို မကြောက်မလန့် ထိပ်တိုက်ရင်ဆိုင်ခဲ့၏။ သူမ ကြောက်ရွံ့သည့်အရာမှာ သေဆုံးသွားလျှင် ဂိုဏ်းအတွင်း ရောက်နေသော နတ်ဆိုးများ စိတ်ထင်တိုင်း သောင်းကျန်းမည်ကိုပင်။

"နတ်ဆိုးတွေကြောင့် ဂိုဏ်းရော သေမျိုးတွေပါ ဒုက္ခရောက်ရရင် ငါတို့ဓားသမားတွေအတွက် ရှက်စရာပဲ"

ရှန်ကွမ်းယု၏ မျက်လုံးများက သွေးရောင်တောက်ပနေပြီး ခေါင်းမာစွာ တုံ့ပြန်တိုက်ခိုက်လိုက်၏။ ရဲတန်းစီ၏ဓားက ရွှေလင်းယုန်တစ်ကောင်ပမာ ထိုးဆင်းလာသဖြင့် မူလအမြုတေအဆင့်၏ ဖိအား ကျဆင်းလာခဲ့သည်။ ဓားချက် ကျဆင်းမလာခင်မှာပင် ချီစွမ်းအားများဖြင့် ဖိနှိပ်ခံလိုက်ရပြီး သူမအနေဖြင့် ကာကွယ်နိုင်စွမ်း ကင်းမဲ့နေ၏။ ရွှေရောင်ဓားအလင်းက သူမ၏လည်ချောင်းကို ချိန်ရွယ်ထားပြီး တစ်ချက်တည်းဖြင့် အသေသတ်ရန်ဖြစ်သည်။ သို့သော် ရှန်ကွမ်းယုသည် သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ထားပြီး ခုခံရေးကို စွန့်လွှတ်ကာ တစ်ဖက်လူ၏ သေကွင်းသေကွက်အား ဦးတည်လိုက်၏။

"နင်ကများ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ အစွမ်းရှိတယ် ထင်နေတာလား"

ရဲတန်းစီက နှာခေါင်းရှုံ့လိုက်ပြီး ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သောအခါ အသူရာဓားဂိုဏ်း၏ ကျင့်ကြံသူများ တုန်လှုပ်သွားကြသည်။ အမှတ်နှစ်ဓားသခင် သေဆုံးပြီဟု ထင်မှတ်နေကြစဥ် အပြာရောင် အလင်းတစ်ချက်သည် ရဲတန်းစီ၏ဦးခေါင်းထံ ဝင်ရောက်လာခဲ့သည်။ ၎င်းထံမှ ပေါက်ကွဲသံက လူတိုင်း၏နားစည်ကို တုန်ခါသွားစေကာ ဓားစက်ကွင်းလည်း ထွက်ပေါ်နေခဲ့သည်။ ထို့ကြောင့် ရဲတန်းစီ၏အပြုံးသည် ပျောက်ကွယ်သွားကာ ဓားကို ချက်ချင်းပြန်ရုတ်၍ ကာကွယ်လိုက်ရသည်။

"ထန်"

သူ၏ဓားက ဓားမြှောင်ကို ပက်ထုတ်လိုက်သောကြောင့် မီးပွားများ လွင့်ပျံသွားကာ အသက်ဘေး ကင်းလွတ်သွားသော်လည်း ပြင်းထန်သော အရှိန်အဟုန်ကြောင့် ဓားကိုင်လက်မှ သွေးကြောများ ပေါက်ထွက်ကုန်သည်။ ထိုအချိန်၌ ရှန်ကွမ်းယု၏ ဓားချက် ဝင်ရောက်လာသဖြင့် အလန့်တကြား ရှောင်တိမ်းလိုက်သော်လည်း နောက်ကျသွား၍ ပခုံးတွင် ဒဏ်ရာရသွားခဲ့သည်။ သူက နာကျင်မှုကို သည်းခံရင်း သူမအား ကန်ထုတ်ကာ ပခုံးကို သွေးတိတ်စေရန် အလောတကြီး ကုသလိုက်ရ၏။

"ဆယ်ဆင့်ဓားသိုင်းကို ဘယ်သူ အသုံးပြုလိုက်တာလဲ။ ဓားအိမ်တော်ကနေ ရောက်လာတာလား"

ရဲတန်းစီ ဒဏ်ရာရသွားပြီး ကျန်းကျန့်နှင့် ရောင်မန်ရှယ်မှာ မင်သက်သွားကာ တအံ့တသြဖြစ်နေစဥ် လူငယ်တစ်ယောက်သည် လက်တစ်ဖက်တွင် ဓားကိုင်လျက် ကျန်လက်တစ်ဖက်၌ မြွေအလောင်းကြီးကို ဆွဲကိုင်၍ လူမြင်ကွင်းသို့ ထွက်ပေါ်လာသည်။

"ယွမ်ရှောင် အသက်ရှင်နေတယ်။ ပြီးတော့ ဒါကြီးက မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ ကြေးခွံနက်မြွေ မဟုတ်လား။ ဒါက အသွင်ပြောင်းပြီး နှစ်တစ်ထောင် နတ်ဆိုးဧကရာဇ် ဖြစ်နေပြီ"

ရှန်ကွမ်းယု၊ လီချန်လုံနှင့် ချန်တုန်သည် ပျော်ရွှင်မှုကြောင့် အပြုံးကိုယ်စီ ဖြစ်ပေါ်လာသည်။

"ဒီကောင်က သေနေပြီဆိုတော့ ဂိုဏ်းချုပ် လှုပ်ရှားလိုက်တာလား"

ရှန်ကွမ်းယု၏ ရေရွတ်သံကြောင့် ကျန်ဓားသခင်နှစ်ယောက်မှာ တုန်လှုပ်သွားပြီး ဓားအိမ်တော်ထံ ပြိုင်တူကြည့်လိုက်မိသည်။

"ဂိုဏ်းချုပ်ကို လေးစားပါတယ်"

ဂိုဏ်းသားများက ချက်ချင်းဒူးထောက်လိုက်ကြပြီး ကျောက်ကျန်ရှင်း လှုပ်ရှားလိုက်သဖြင့် နတ်ဆိုးဧကရာဇ် သေဆုံးသွားသည်ဟု ထင်မှတ်​နေကြသည်။

"ကျောက်ကျန်ရှင်း မင်းက သတ္တိတော့ ရှိသားပဲ"

ရဲတန်းစီက နှာခေါင်းတစ်ချက်ရှုံ့၍ အေးစက်စက် ပြုံးနေခဲ့သည်။

"သူက ဒီလောက်ဒဏ်ရာရထားတာတောင် နတ်ဆိုးဧကရာဇ်ကို သတ်နိုင်ခဲ့တာလား"

ရောင်မန်ရှယ်က အံ့သြလွန်းသဖြင့် ကြောက်လန့်နေခဲ့သည်။

"ဘာဖြစ်ဖြစ် ဒီကောင် သေ...."

ကျန်းကျန်း၏စကား မဆုံးခင်မှာပင် အပြာရောင် အလင်းတစ်ချက် ဝင်ရောက်လာသောကြောင့် တုံ့ပြန်ရန် နောက်ကျသွားကာ လက်တစ်ဖက် ပြတ်ကျသွား၏။ သူ၏မျက်နှာက ဖြူရော်သွားကာ နာကျင်မှုကြောင့် ရှုံ့တွနေပြီး မယုံနိုင် ဖြစ်နေခဲ့သည်။ ဓားအိမ်တော်၏ ဆယ်ဆင့်ဓားသိုင်းကို ယွမ်ရှောင်က အဆင့်မြင့်မြင့် တတ်ကျွမ်းထားမည်ဟု မျှော်လင့်မထားချေ။

"မဟုတ်ဘူး"

သူက ခြိမ်း​ခြောက်ရန် တွေးနေစဥ် အဖြူရောင်ပုံရိပ်တစ်ခု ဝင်ရောက်လာသောကြောင့် ရှောင်တိမ်းလိုက်သော်လည်း လျင်မြန်သော ဓားချက်နှင့် ကျန်လက်တစ်ဖက် ပြတ်သွားပြန်၏။

"မင်းက တကယ်ကောက်ကျစ်တာပဲ။ ဖားယားရတာ ကြိုက်တယ်မလား။ သိပ်မကြာခင် မင်းရဲ့ ပါးစပ်ထဲကို ရဲတန်းစီအလောင်း ထိုးထည့်ပေးမယ်"

ယွမ်ရှောင်က လက်နှစ်ဖက်လုံး ပြတ်တောက်သွားသဖြင့် တိုက်ခိုက်နိုင်စွမ်းမရှိသော ကျန်းကျန့်၏လျှာကို ဖြတ်တောက်ပြီးနောက် ​ခြေထောက်နှစ်ဖက်လုံးပါ တရစပ် ဖြတ်ပစ်လိုက်သောကြောင့် လူသားတီကောင် ဖြစ်သွားခဲ့သည်။

"ဝူး ဝူး"

ကျန်းကျန့်၏ မျက်လုံးများက ကြောက်စိတ်ကြောင့် တုန်လှုပ်နေပြီး အော်ဟစ်ချင်သော်လည်း အသံ ထွက်မလာခဲ့ပေ။

"မင်းက ချီစွမ်းအင်ကို ဖားယားဖို့အတွက် ကျင့်ကြံတာဆိုတော့ မထိုက်တန်ဘူး။ ရဲတန်းစီကို ဖိနပ်လျက်ရတာ ကြိုက်တယ်မလား ထစမ်း"

ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ဒန်တန်ကို ဓားဖြင့် ထိုးသွင်းလိုက်သောကြောင့် ကျန်းကျန့်မှာ ပုဇွန်တစ်ကောင်ပမာ တွန့်ကွေးသွားကာ သူ၏အဖြူရောင်ဝတ်ရုံ၌ သွေးများ စွန်းထင်းနေခဲ့သည်။ အမှတ်ခုနစ်ဓားသခင်က အရှင်လတ်လတ် မသန်မစွမ်းဖြစ်သွားသောကြောင့် လူတိုင်း၏မျက်လုံးများ ပြူးထွက်လာခဲ့ပြီး ကျန်းကျန့်မှာ ရဲတန်းစီနှင့် ရောင်မန်ရှယ်ထံ မျက်လုံးနှင့် အကူအညီတောင်းခံနေခဲ့သည်။ သို့သော် ပြဿနာမှာ သူက ယွမ်ရှောင်ကို တစ်ချက်ပင် မခုခံနိုင်သည့်အပြင် အသက်တစ်ရှိုက်အတွင်း ဖြစ်ပျက်သွားခြင်းပင်။

ယွမ်ရှောင်၏ဓား၌ ဓားအော်ရာ ၂၉ခု နှင့် ဓားစက်ကွင်းတစ်ခု ရှိနေသောကြောင့် ဂိုဏ်းသားများက နတ်ဆိုးမြွေအလောင်းထံ အကြည့်ရောက်သွားကာ အ​ခြေအနေကို သဘောပေါက်လိုက်၏။

"ဂိုဏ်းချုပ်က ဓားအိမ်တော်ကို ကယ်တင်ဖို့ သူ့ကိုယ်သူ အနစ်နာခံခဲ့တယ်။ ငါတို့က ဘာစောင့်နေကြမှာလဲ"

ဓားသခင်သုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး လေးစားရသော ဂိုဏ်းချုပ်အတွက် လက်စားချေချင်နေကြသည်။

"မူလအမြုတေအဆင့်ကိုတောင် မရောက်သေးဘဲနဲ့ ဘာတွေ မောက်မာနေတာလဲ"

ရောင်မန်ရှယ်က လှောင်ရယ်၍ ရဲတန်းစီ၏ နောက်လိုက်သုံးရာကျော်ကို စိတ်ဓာတ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ ဤကား သူတို့၏ နောက်ဆုံးယုံကြည်ချက်ဖြစ်ကာ ရဲတန်းစီ၏ ဘက်တော်သားများဖြစ်နေ၍ ယွမ်ရှောင်က ခွင့်လွှတ်မည် မဟုတ်ချေ။

"ရဲတန်းစီ မင်းအလှည့် လာမယ်"

"မင်းက အိပ်မက်မက်နေတာလား။ မင်းရဲ့ မောက်မာမှုကြောင့် အခု သေရလိမ့်မယ်"

ရဲတန်းစီက ဓားဖြင့် ရှေ့တက်လာပြီး ကျောက်ကျန်ရှင်းသေပြီဟု ထင်မြင်နေသောကြောင့် ယွမ်ရှောင်သည် ခြိမ်းခြောက်နိုင်စွမ်းမရှိဟု အပိုင်တွက်ထားသည်။

"ကျန်းကျန့် မင်း ခံစားရတာတွေအတွက် လက်စားချေပေးမယ်"

သူက အမြုတေ၏စွမ်းအားကို ထုတ်ဖော်လိုက်သောကြောင့် တစ်ကိုယ်လုံး ရွှေရောင်တောက်ပလာကာ ဓားအလင်းသည် ရွှေလင်းယုန်တစ်ကောင်ပမာ ပြောင်းလဲသွားသည်။ သူ၏အနောက်တွင် ရောင်မန်ရှယ်နှင့် နောက်လိုက်များသည် ယုံကြည်မှုအပြည့်နှင့် လက်ပိုက်ထားကာ ပြုံးနေကြလေသည်။

All Chapters