← Chapters

အဖြူရောင်သေမင်း

Vol. 5 Ch. 63

အဖြူရောင်သေမင်း

Vol. 5 Ch. 63

ယွမ်ရှောင်သည် ရဲတန်းစီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရောင်မန်ရှယ်အား ပစ်မှတ်ထားကာ လေထဲ၌ ဓားပျံနှင့် မျက်တောင်တစ်ခတ်အတွင်း လှုပ်ရှားလိုက်၏။ သူ၏ပုံရိပ်က နဂါးတစ်ကောင်ပမာ တရှိန်ထိုး ပြေးထွက်သွားသောကြောင့် အံ့သြစရာကောင်းလွန်းသဖြင့် လူတိုင်း အသက်ရှူမှားကုန်၏။

"ကောင်းကင်အလိုတော်"

အသူရာဓားဂိုဏ်း၏ အဆင့်အမြင့်ဆုံး ဓားပျံသိုင်း ဖြစ်နေသောကြောင့် ဂိုဏ်းသားများမှာ မင်သက်နေကြပြီး ရုတ်တရက် အရှိန်တိုးလာသဖြင့် ရဲတန်းစီကို ကျော်ဖြတ်သွားခဲ့၏။ သူ၏ပုံရိပ်က သာမန်မျက်လုံးနှင့် မမြင်နိုင်လောက်အောင် မြန်ဆန်သွားကာ ရောင်မန်ရှယ်ရှေ့သို့ ရောက်သောအခါ ဓားရှည်ဖြင့် ပိုင်းချလိုက်၏။

"မိုးနဂါးဓားသိုင်း"

လူအုပ်ကြီးက နောက်တစ်ကြိမ် လှုပ်ရှားသွားကာ လျင်မြန်ကြမ်းတမ်းလှသည့် ဓားချက်သည် နဂါးတစ်ကောင်ပမာ ဆင်းသက်လာခဲ့သည်။ ရောင်မန်ရှယ်သည် လျင်မြန်လွန်းသော ဓားချက်ကြောင့် ကြောက်လန့်သွားကာ ဓားဖြင့် ပက်ထုတ်လိုက်ရ၏။ တစ်ဖက်လူက ရဲတန်းစီကို ကျော်ဖြတ်နိုင်မည်ဟု မယုံနိုင်ဖြစ်နေသည့်အပြင် မိုးနဂါးဓားချက်ကိုလည်း မျှော်လင့်မထားချေ။

"ဘန်း"

သူမ၏ ဓားဝိညာဥ်က ဓားချင်းရင်ဆိုင်ရာ၌ ကြေမွသွားကာ တန်ပြန်အားကြောင့် ယိမ်းယိုင်နေစဥ် ယွမ်ရှောင်သည် ဒန်တန်အား ဓားဖြင့် ထိုးစိုက်ပစ်လိုက်သည်။ သူမက အားခနဲ အော်ဟစ်လိုက်ပြီး ဒန်တန်အတွင်းမှ ချီစွမ်းအင်များမှာ မီးခိုးငွေ့ပမာ စိမ့်ထွက်လာခဲ့ပြီး ဓားစက်ကွင်းက အသွေးအသားများကို တိုက်စားနေခဲ့သည်။

"ငါ့ဒန်တန်"

သူမက တုန်လှုပ်နေစဥ် ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်သော ယွမ်ရှောင်၏အကြည့်နှင့် ဆုံမိသွားကာ တစ်ကိုယ်လုံး တုန်ခါနေခဲ့၏။

"ယွမ်ရှောင် ရဲတန်းစီက နင့်ကို သေချာပေါက် သတ်လိမ့်မယ်"

"နင့်ဘက်မှာ ဘယ်သူရှိရှိ ငါက အကြိမ်တစ်ရာလောက် သတ်ပစ်နိုင်တယ်"

သူမက ခြိမ်းခြောက်လိုက်သော်လည်း ယွမ်ရှောင်က ကြောက်လန့်သွားရမည့်အစား ခြေလက်များကိုသာ ခုတ်ဖြတ်လိုက်၏။ တစ်ဖက်လူ၏ ပြတ်သားမှုကို သဘောပေါက်သွားသောအခါ ဒူးထောက်တောင်းပန်ချင်ခဲ့သော်လည်း အချိန်နှောင်းသွားပြီး ဆိုးရွားလှသော လူသားတီကောင်အဖြစ် ရောက်ရှိသွားသည်။

"ယွမ်ရှောင် နင် အသေဆိုးနဲ့...."

"စောက်ပါးစပ်ပိတ်ထားစမ်း။ ငါက နင့်ကိုမသတ်တာ တစ်ခုခု ပြချင်လို့ပဲ။ ဒီနေ့ မင်းတို့လို သစ္စာဖောက်တွေ ဘယ်လိုသေရမလဲဆိုတာ ပြပေးမယ်"

ယွမ်ရှောင်က ရောင်မန်ရှယ်၏ ပါးစပ်အတွင်း ဓားကို ထိုးစိုက်ကာ မွှေပစ်လိုက်သောကြောင့် လျှာမှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့၏။ သူ၏စကားကြောင့် သူမမှာ စိတ်ဓာတ်ပျက်ပြားသွားပြီး ကြောက်စိတ်ကြောင့် ရဲတန်းစီထံ မျှော်လင့်တကြီး ကြည့်လိုက်မိသည်။ ရဲတန်းစီသည် သူ၏နောက်လိုက်နှစ်ဦး လူသားတီကောင်ဖြစ်သွားသော မြင်ကွင်းကြောင့် ဒေါသူပုန်ထနေခဲ့သည်။ အထူးသဖြင့် သူ၏ဆန္ဒများကို လိုက်လျောပေးခဲ့သော ရောင်မန်ရှယ်သည် နောက်လိုက်တစ်ဦးထက် အဆင့်ပိုသောကြောင့် မချိတင်ကဲ ခံစားနေရသည်။ ထို့အပြင် မူလအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် လူငယ်တစ်ဦး၏ အစွမ်းအစကို မယှဥ်နိုင်ခြင်းအပေါ် တုန်လှုပ်နေမိသည်။ သူက နောက်တစ်ရက် ထပ်စောင့်နေလျှင် ရဲကုရင် ပြန်မလာခင် အသတ်ခံရနိုင်သောကြောင့် ယွမ်ရှောင်အား အကြောက်ကြီး ကြောက်နေပြီ ဖြစ်သည်။

"လမ်းမှန်ဂိုဏ်းသားတွေအနေနဲ့ နတ်ဆိုးတွေနဲ့ ပူးပေါင်းတဲ့ ဓားအိမ်တော်ရဲ့ တပည့်ကို သတ်ကြစမ်း"

နောက်လိုက်သုံးရာကျော်ကို အမိန့်ပေးလိုက်သောအခါ သူတို့က မူလအမြုတေအဆင့် စွမ်းအားကို ယုံကြည်သောကြောင့် ရှေ့တက်လာကြသည်။

"သတ်ကြစမ်း"

ရှန်ကွမ်းယု ဦးဆောင်သော အသူရာဓားဂိုဏ်းသားများသည် ယွမ်ရှောင် အသတ်ခံရမည်ကို ရပ်ကြည့်မနေခဲ့ကြပေ။ ဂိုဏ်းချုပ်အတွက် သူတို့က ဒေါသကြောင့် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေကာ ဂိုဏ်း၏ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့ကြ၏။ ယွမ်ရှောင်က ဓားသခင်နှစ်ယောက်ကို ဆက်တိုက်အနိုင်ယူပြလိုက်သောကြောင့် နောက်ထပ်ဂိုဏ်းသားများ ရောက်ရှိလာကာ ရဲတန်းစီ၏ အရှက်မဲ့မှုကြောင့် ရဲကုရင်ကိုလည်း ကြောက်မနေတော့ပေ။ များပြားလှသော ဂိုဏ်းသားများက တိုက်ပွဲအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကာ ရဲတန်းစီ၏နောက်လိုက်များကို ပြေးဝင်တိုက်ခိုက်လိုက်ကြ၏။ ထိုအချိန်တွင် နတ်ပင်လယ် နောက်ပိုင်းအဆင့်ဖြစ်သော ယွမ်ရှောင်သည် မူလအမြုတေအဆင့် ရန်သူထံ တုံ့ဆိုင်းခြင်းမရှိ၊ ပြေးဝင်လာခဲ့သည်။

"မင်းကများ ငါ့ကို တိုက်ခိုက်ရဲတယ်"

ရဲတန်းစီက နှာခေါင်းရှုံ့လိုက်သော်လည်း ပခုံးရှိ ဓားဒဏ်ရာကြောင့် တိုက်ခိုက်နိုင်စွမ်း လျော့ကျသွားကြောင်း သဘောပေါက်လိုက်သည်။ သို့သော် သူက ကိုယ့်ကိုကိုယ် အထင်ကြီးစွာဖြင့် ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ ချီစွမ်းအင်များ စုဝေးလိုက်၏။ သူ၏ဓားဝိညာဥ်အထက်တွင် ရွှေရောင်ဓားအော်ရာများ အလွှာလိုက် တည်ရှိနေကာ ဓားစက်ကွင်းကလည်း မျက်စိကျိန်းစပ်လောက်အောင် တောက်ပနေခဲ့သည်။

"သေစမ်း"

သူက ကြယ်အဆင့်မြင့် ငှက်မွေးတစ်ထောင်ဓားသိုင်းကို ယွမ်ရှောင်ထံ ချိန်ရွယ်လိုက်သောအခါ ပတ်ဝန်းကျင်သို့ မည်သူမှ မချဥ်းကပ်ရဲကြပေ။ သို့သော် ယွမ်ရှောင်သည် တည်ငြိမ်စွာဖြင့် ဓားမြှောင်အား ဆယ်ဆင့်ဓားသိုင်းဖြင့် ပစ်ခတ်လိုက်သည်။

"ငါက ဒီဓားသိုင်းကို နားမလည်ဘူး ထင်နေတာလား"

ကျောက်ကျန်ရှင်း၏ ရန်သူဖြစ်သော ရဲတန်းစီသည် ဆယ်ဆင့်ဓားသိုင်းကို ကောင်းစွာ နားလည်ထားသောကြောင့် အလှည့်အပြောင်းတိုင်းကို ခန့်မှန်းနိုင်သဖြင့် တားဆီးရန် ယုံကြည်ချက်ရှိနေသည်။ ဓားမြှောင်က တရစပ်ပေါက်ကွဲပြီးနောက် ဝင်ရောက်လာသောအခါ သူက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"အသက်ငယ်ငယ်နဲ့ ဒီအဆင့်ထိရောက်နေတာက ကြောက်စရာပဲ။ ဓားပင်လယ်မှာတောင် ဒီလိုပါရမီမျိုး ရှားပါးတယ်"

ရဲတန်းစီသည် အကင်းပါးစွာဖြင့် ပေါက်ကွဲသံကို တိတ်တဆိတ် ရေတွက်နေပြီး ဆယ်ကြိမ်မြောက်၌ လေထဲသို့ ထိုးသွင်းလိုက်သောအခါ ရွှေရောင်ဓားချက် ထွက်ပေါ်လာ၏။

"ပျက်စီးစမ်း"

ဓားမြှောင်အသွင်က သတ်ဖြတ်နိုင်စွမ်း မြင့်မားသော်လည်း ဓားရှည်အသွင်ကို ထိပ်တိုက်ရင်ဆိုင်ရလျှင် အားနည်းသည်။ ထို့ကြောင့် သူက ၎င်းကိုဖျက်ဆီးပြီး ယွမ်ရှောင်အား သတ်ပစ်မည်ဟု ယုံကြည်ထားသော်လည်း လေကိုသာ ပိုင်းဖြတ်မိခဲ့၏။ အပြာရောင်ဓားမြှောင်က ရုတ်တရက် ပေါက်ကွဲမှုကြောင့် သူ၏ဓားရှည်ကို ရှောင်တိမ်းသွားကာ လည်မျိုထံ တိုးဝင်လာခဲ့၏။

"ဆယ့်တစ်ကြိမ် မဖြစ်နိုင်ဘူး"

လွန်ခဲ့သော အတိတ်တွင် ကျောက်ကျန်ရှင်း၏ ဓားမြှောင် သုံးကြိမ်ပေါက်ကွဲရာ၌ သူက မတားဆီးနိုင်ခဲ့သောကြောင့် တစ်သက်လုံး လေ့လာခဲ့သော်လည်း ဆယ့်တစ်ကြိမ် ပေါက်ကွဲနိုင်ကြောင်း မျှော်လင့်မထားပေ။

"ဘန်း"

သူက ဦးရေပြား ကျိန်းစပ်သွားကာ အတတ်နိုင်ဆုံး ရှောင်တိမ်းရန် ခေါင်းမော့လိုက်သော်လည်း ဓားသွားသည် လည်ချောင်းကို ထိုးခွဲသွားကာ ကောင်းကင်အထိ မြင့်တက်သွားခဲ့၏။

"အား"

လည်ချောင်းမှ သွေးများ ပန်းထွက်လာကြောင့် ရဲတန်းစီသည် သိုလှောင်အိတ်အတွင်းမှ ဆေးလုံးများကို သွေးရူးသွေးတန်း သောက်လိုက်သော်လည်း ဒဏ်ရာမှတဆင့် ထွက်ကျကုန်သည်။

"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"

သူက ကြောက်စိတ်ကြောင့် ရူးသွပ်သွားပုံရပြီး ဆေးအစွမ်းကြောင့် ဒဏ်ရာ ပျောက်ကင်းစပြုလာသော်လည်း အချိန်များစွာ ကုန်နေပြီဖြစ်သည်။ သူ၏မြင်ကွင်းအတွင်း ယွမ်ရှောင်ကို ရုတ်တရက် မြင်လိုက်ရပြီး အကြည့်ချင်းဆုံသွားသောအခါ သေမိန့်ချခံလိုက်ရသည့် ရာဇဝတ်သားပမာ ကြောက်လန့်နေသည်။

"မိုးနဂါးဓားသိုင်း ဒုတိယအကွက် ကောင်းကင်ဓား"

ဓားရှည်က မိုးပြာနဂါး၏ အရှိန်အဝါမျိုးဖြင့် ကျဆင်းလာကာ ကောင်းကင်ပင် တုန်ခါသွားသယောင်ရှိပြီး ဓားစက်ကွင်း၏ အနက်ရောင် လွှမ်းခြုံနေသည်။ ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်နှင့် ကောင်းကင်သင်္ချိုင်း၏ အသက်နှင့် မရဏချီများသည် ပြည့်စုံစွာ ပေါင်းစပ်သွားကာ ဓားတစ်ကွက်တည်းဖြင့် တစ်ဂိုဏ်းလုံးအား ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။ ရဲတန်းစီသည် မူလအမြုတေအဆင့် ဖြစ်သော်လည်း ဓားကိုင်လက်တုန်ခါနေပြီး အလျင်အမြန် တိုက်ခိုက်လိုက်သော်လည်း မခုခံနိုင်ခဲ့ပေ။

"ထန်"

ဓားနှစ်လက်က ပြင်းထန်စွာ ထိခတ်သွားပြီး မျက်စိကျိန်းစပ်လောက်သော အလင်းများ ထွက်ပေါ်လာ၏။ ရဲတန်းစီက ဒရောသောပါး နောက်ဆုတ်သွားကာ ဓားဝိညာဥ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာပြီး အနက်ရောင်ချီများ၏ တိုက်စားနိုင်စွမ်းက ၎င်းမှတဆင့် အရိုးအထိ စိမ့်ဝင်လာခဲ့သည်။

"ငါ့ဓားဝိညာဥ်"

ရဲတန်းစီ၏မျက်နှာက ဆိုးဆိုးရွားရွား ပျက်သွားကာ လည်ချောင်းမှ သွေးများ ပန်းထွက်နေသကဲ့သို့ ပခုံးမှ ဒဏ်ရာလည်း မသက်သာသေးသည့်အပြင် ယွမ်ရှောင်၏ ဓားစက်ကွင်း အဆိပ်စွမ်းရည်ကြောင့် သေမတတ် ကြောက်လန့်သွားလေသည်။

All Chapters