← Chapters

စာကြည့်တိုက်

Vol. 9 Ch. 81

စာကြည့်တိုက်

Vol. 9 Ch. 81

“ကျွန်တော်က ပုံမှန်အဖွဲ့ဝင်ဖြစ်လာဖို့ တာဝန်တစ်ခုကို တစ်ယောက်တည်း ပြီးမြောက် အောင်မြင်အောင် လုပ်ရမယ်” ကလိုင်းဟာ တအံ့တဩ ဖြစ်သွားပါတယ် “ဒါပေမဲ့ ကျွန်တော်တို့မှာ ဒီအပတ်အတွက် မစ်ရှင်က ရှိချင်မှရှိမှာ... နောက်ပြီး အဲဒါက အဲဒီလောက်ထိ မရိုးရှင်းဘူးမလား”

‘အဲဒါဆို ငါ ပုံမှန်အဖွဲ့ဝင် ဖြစ်ဖို့က တစ်လ နှစ်လလောက် ကြာမှာပဲ...ငါ့လစာကလည်း အဲဒီတော့မှ တိုးမယ်ထင်တယ်...’

လူအိုကြီးနီးလ်ဟာ ကော်ဖီကို တစ်ချက်ရှိုက်ပြီး သူ့ကို တစ်ချက် ကြည့်ပါတယ်။

“ဒါက ညသိမ်းငှက်တွေရဲ့ ဓလေ့တစ်ခုပဲ... ငါတို့တွေက သာလွန်သူ ဘေးအန္တရာယ်တွေရဲ့ ထိပ်ဆုံးမှာ ရပ်နေရတာ... အဲဒီတော့ ငါတို့ရဲ့ အဖွဲ့ဝင်တွေကို ကလေးလိုမျိုး အမြဲတမ်း ဂရုစိုက်ပေးနေရတဲ့လူ မဖြစ်စေချင်ဘူး... ဒါက မင်း ပုံမှန်အဖွဲ့ဝင် ဖြစ်လာလို့ ရမဲ့ လစာနဲ့ အကျိုးခံစားခွင့်တွေကို မထိခိုက်ပါဘူး”

‘ဒါဆို ဒီဓလေ့က တခြားညသိမ်းငှက်တွေဆီက အသိအမှတ်ပြုမှု ရဖို့ သက်သက်ပဲကို... ဒါပေမဲ့ မစ္စတာနီးလ်... ဘာဖြစ်လို့ လစာနဲ့ အကျိုးခံစားခွင့် မထိခိုက်တာကို ထည့်ပြောရတာလဲ... ကျွန်တော်ရဲ့ အမူအရာက အဲဒီလောက်တောင် သိသာနေလို့လား’

ကလိုင်းဟာ သူ့မျက်နှာကိုထိပြီး ရှက်ပြုံးပြုံးပါတယ်။ အဲဒီနောက် လူအိုကြီးနီးလ်ကို ဆက်မေးပါတယ် “အဲဒီတာဝန်က သာလွန်သူနဲ့ဆိုင်တဲ့ တာဝန် ဖြစ်ရမှာလား”

“ပုံမှန်ဆိုရင်တော့ အဲဒီလိုပဲ... ဒါပေမဲ့ မနေ့က မင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို ထူးချွန်တယ်... အနည်းဆုံး ဆုံမှတ် ၈ ရှိတဲ့ သာလွန်သူကို သတ်လိုက်တာ ဆိုတော့ ဖရိုင်း၊ ရိုင်ရွယ်နဲ့ ကျန်တဲ့လူတွေက မင်းကို အသိအမှတ်ပြုပြီးလောက်ပြီ... အဲဒီတော့ ဒန်းစမစ်က မင်းကို သာမန်တာဝန်တစ်ခုပဲ ပေးလောက်တယ်”

အဲဒီနောက် လူအိုကြီးနီးလ်ဟာ ရုတ်တရက် သက်ပြင်းချပါတယ် “မင်းရဲ့ လစာက လေးငါးဆ တိုးသွားမှာပဲ... ဒီလိုကိစ္စမျိုးကို ငါ့ဘဝမှာ ဘယ်တော့မှ ထပ်ကြုံရမှာ မဟုတ်ဘူး”

ကလိုင်းဟာ ရယ်မောရင်း သူ့ဆုံမှတ်လမ်းကြောင်းနဲ့ ဆိုင်တာကို မေးမြန်းပါတယ်။

“မစ္စတာနီးလ်... အမြင်ဆရာရဲ့ ဆုံမှတ် ၈ က လူရွှင်လို့ ထင်လား”

တကယ်တော့ လုံခြုံရေး စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားတာကို ပြန်တွေးကြည့်ရင် ဖြစ်နိုင်ခြေ များပါတယ်။

‘ပရိယာယ်ဝေဝုစ်နဲ့ တိုက်ခိုက်တဲ့ နေရာမှာ ထက်မြက်တယ်...’

“ငါ အာမတော့ မခံနိုင်ဘူး... ဒါပေမဲ့ ငါ တွေးကြည့်သလောက်တော့ ဖြစ်နိုင်တယ်... ပထမဆုံး ဒါက လုံခြုံရေး စာရွက်စာတမ်းတွေထဲမှာ ဖော်ပြတာနဲ့ ကိုက်ညီတယ်... သူတို့ရဲ့ သွက်လက်တဲ့ လှုပ်ရှားမှုနဲ့ လှည့်စားမှုအပေါ် အခြေခံတဲ့ တိုက်ခိုက်ပုံက အဓိကအချက်ပဲ... တခြားဆုံမှတ် လမ်းကြောင်းတွေမှာလည်း ဒီလိုမျိုး ပုံစံတူရှိတယ်... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ ဆုံမှတ် ၈ ကို မင်းသိလား” လူအိုကြီးနီးလ်က အပြုံးနဲ့ မေးပါတယ်။

“သိဘူးလေ... ဘုရားကျောင်းရဲ့ လုံခြုံရေး စာရွက်စာတမ်းတွေထဲမှာ ရေးမထားဘူး” ကလိုင်းဟာ ခေါင်းခါပြီး ရိုးရိုးသားသား ဖြေပါတယ်။

လူအိုကြီးဟာ ခဏရယ်ပြီးမှ အဖြေပေးပါတယ် “ငါ့မှာ မက္ကန်းနစ်ဟိုက်မိုင်းက သူငယ်ချင်း နှစ်ယောက် ရှိတယ်... သူတို့တွေ ငါ့ကို ဟာသအနေနဲ့ ပြောဖူးတယ်... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ အဆင့်တက် ဆေးရည် ဆုံမှတ် ၈ က အနီးကပ်တိုက်ခိုက်ရေး ပညာရှင်တဲ့... မင်း စဉ်းစားကြည့်စမ်း... အနီးကပ် တိုက်ခိုက်ရေး ပညာရှင်တဲ့... အိုမိုင်ဂေါ့ဒ်... ငါ အနီးကပ် တိုက်ခိုက်တာကို လုံးဝ မကြိုက်ဘူး... ဒါက လျှို့ဝှက်ဆန်းကြယ် စပ်စုသမားရဲ့ ပုံရိပ်နဲ့ နည်းနည်းမှ မလိုက်ဘူး”

“ကျွန်တော် သိပြီ... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားက လျှို့ဝှက်ဆန်းကြယ်မှုတွေရဲ့ နောက်ကွယ်က အကြောင်းရင်းကို လိုက်ရှာတာမလား... အနီးကပ် တိုက်ခိုက်ရေးကလည်း အဲဒီ လျှို့ဝှက်ဆန်းကြယ်မှုတွေထဲမှာ ပါနေလို့ နေမှာပေါ့” ကလိုင်းဟာ တစ်ခဏတွေးပြီး ပြောပါတယ်။

လူအိုကြီးနီးလ်ဟာ လက်ကြိတ်ကော်ဖီကို ကုန်အောင်သောက်ပြီး...။

“တော်ပြီ... ငါတို့တွေ ဒါနဲ့ အချိန်မဖြုန်းဘဲ ဂမ္ဘီရပညာ လေ့လာတာကို ဆက်ကြရအောင်... အစီအရင် တော်တော်များများကို မင်း သိဖို့ လိုသေးတယ်... အဆောင်နဲ့ လက်ဖွဲ့တွေ လုပ်တာကိုလည်း လေ့လာရဦးမယ်”

“ဟုတ်ကဲ့” ကလိုင်းဟာ ဒီနေ့အတွက် အချိန်စာရင်းကို စိတ်ထဲမှာ ဆွဲလိုက်ပါတယ်။

‘မနက်ပိုင်းမှာ ငါ ဂမ္ဘီရပညာ လေ့လာပြီး သမိုင်းမှတ်တမ်း မျိုးစုံ ဖတ်မယ်... လျော်ကြေးငွေ တောင်းခံလွှာကိုလည်း တင်မယ်... နေ့လည်စာ စားပြီးရင် သေနတ်ပစ်ကလပ်မှာ သေနတ်ပစ် ကျင့်မယ်... ပြီးရင် ရွှေရောင်စက်မှုဇုန် မြို့နယ်က ဒူဝီဗိုစာကြည့်တိုက်ဆီ သွားပြီး ဟွန်းနာဆစ် အဓိက တောင်ထိပ်နဲ့ ပတ်သက်တဲ့ စာတမ်းရှည်တွေ စာတမ်းငယ်တွေ ငှားကြည့်မယ်... အဲဒါတွေ အကုန်လုံး လုပ်ပြီးလို့ အချိန်ပိုသေးတယ်ဆိုရင် ဗေဒင်ကလပ်ဆီ သွားမယ်... ငါ သရုပ်ဆောင်တာကို လျစ်လျူရှုထားလို့ မရဘူး’

‘လျော်ကြေးငွေ တောင်းခံလွှာကို အတည်ပြုလိုက်လို့ ငါ ပိုက်ဆံရပြီဆိုရင် အိမ်အပြန်လမ်းမှာ ဝတ်စုံသစ်တစ်စုံ ဝယ်လို့ရပြီ...’

‘ဟုတ်တယ်... ငါ မနက်ဖြန်ကျရင် ဘန်ဆင်နဲ့ မလီဆာအတွက် လက်ဖွဲ့လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တောင်းခံလွှာ တင်ရမယ်’

...

မီးပန်းဆိုင်းနဲ့ အလှဆင်ထားတဲ့ ညစာစားပွဲ ခန်းမတစ်ခုမှာ သူငယ်ချင်းတချို့ဟာ ဂျွိုင်းမိုင်ယာ ဘေးအန္တရာယ်ကနေ လွတ်မြောက်ပြီး ထင်းဂန်မြို့ဆီ ပြန်လာနိုင်တာကို ဝမ်းသာစကား ပြောနေကြပါတယ်။

“ငါတို့အကုန်လုံး သတင်းစာ ဖတ်ပြီးပြီ... စာဖတ်ကြည့်ရုံနဲ့တင် ကြက်သီးမွေးညင်းထတယ်” မုတ်ဆိတ်မွေးငုတ်တိုနဲ့ လူတစ်ယောက်က ပြောပါတယ် “ဂျွိုင်း... မင်း ဒီလိုဒုက္ခမျိုးကို ကျော်ဖြတ်ခဲ့တယ်ဆိုတာ ငါ တကယ်ကို မယုံနိုင်ဘူး... ချီးယားစ်... ကံဆိုးမိုးမှောင်မှုက ပြီးသွားပြီ... ကံကောင်းခြင်း အလင်းရောင်တွေ ငါတို့အပေါ် ကျရောက်လာပြီ... ရေနွေးငွေ့အရှင်ကို ချီးကျူးကြလော့”

ဂျွိုင်းနဲ့ သူ့ဇနီးလောင်း အန်နာဟာ သူတို့ရဲ့ခွက်တွေကို မြှောက်ပြီး သူတို့ သူငယ်ချင်းတွေနဲ့ အတူတူ ခွက်တိုက်ပါတယ်။ အဲဒီနောက် သူတို့တွေဟာ နည်းနည်းကျန်တဲ့ ရှန်ပိန်ကို မော့သောက်ပါတယ်။

“အဲဒီတုန်းက အန်နာက တော်တော်လေး စိုးရိမ်သောက ရောက်ခဲ့တာ... ညတိုင်းတောင် ငိုခဲ့တယ်ထင်တယ်... ကျွန်မ သူ့ကို နေ့လယ်ခင်း လက်ဖက်ရည်သောက်ဖို့ ဖိတ်တိုင်း ငေးမောနေတာချည်းပဲ... တော်သေးတယ်... အခုတော့ ရှင်ပြန်ရောက်လာပြီ... မဟုတ်ရင် ကျွန်မ သူငယ်ချင်း အဲဒီလိုမျိုးနဲ့ သေသွားနိုင်တယ်” ချစ်စရာနှာခေါင်းလေးနဲ့ အညိုရောင် ဆံပင်လိပ်တွေ ရှိတဲ့ မိန်းမပျိုတစ်ယောက်က အန်နာကို တစ်ချက်ကြည့်ပြီး ဂျွိုင်းကို ပြောပါတယ်။

“အန်နာသာ အဲဒီလိုမျိုး ကြုံတွေ့ရရင် ငါလည်း အဲဒီလိုပဲ ဖြစ်မှာ... အဲဒီထက်တောင် ပိုဆိုးနိုင်တယ်” သိမ်းငှက်နှုတ်သီး နှာခေါင်းနဲ့ ဂျွိုင်းဟာ သူ့ဘေးမှာ ထိုင်နေတဲ့ ဇနီးလောင်းကို တယုတယ ကြည့်ပါတယ်။

အန်နာဟာ သူများတွေရှေ့မှာ သူမရဲ့ ခံစားချက်ကို ထုတ်ပြလေ့ မရှိပါဘူး။ သူမဟာ စားပွဲစွန်းကို လှမ်းကြည့်ပြီး...။

“ဘာ့ဒါ... ဘာဖြစ်လို့ တစ်ချိန်လုံး ခေါင်းကြီးငုံ့နေတာလဲ... ဘာတွေအဆင်မပြေလို့လဲ...”

နှာခေါင်းသွယ်တဲ့ မိန်းမပျိုတစ်ယောက်က ဘာ့ဒါအစား ဝင်ဖြေပါတယ်။

“ဘာ့ဒါက နေမကောင်းဘူး... ဆရာဝန်ပြောတာတော့ သူ့အသည်းက တစ်ခုခု ဖြစ်နေတယ်တဲ့... ဆေးသောက်တာက နာကျင်မှုကို ပဲလျော့စေတယ်... နေမကောင်းဖြစ်တာကို မကုသပေးနိုင်ဘူး... ခွဲစိတ်ဖို့ လိုတယ်တဲ့”

“အို အရှင်... ဘယ်တုန်းက ဖြစ်သွားတာလဲ” အန်နာနဲ့ ဂျွိုင်းက အလေးထားပြီး မေးပါတယ်။

ဘာ့ဒါဟာ ဆံပင်တိုတိုနဲ့ လူငယ်တစ်ယောက်ပါ။ သူ့မျက်နှာက နည်းနည်းဝါနေပါတယ်။ သူရဲ့ တောက်ပနေကျ အနီရောင်မျက်လုံးတွေဟာ အခုတော့ ခပ်ယဲ့ယဲ့ပဲ ရှိပါတယ်။

“အရင်အပတ်က ဖြစ်သွားတာ... အဲဒီတုန်းက ဂျွိုင်း ပြန်မလာသေးတော့ အိုင်ရင်းကို ဒီအကြောင်း နင့်ကို မပြောခိုင်းတာ” ဘာ့ဒါဟာ မချိပြုံးနဲ့ ရှင်းပြပါတယ်။

ဂျွိုင်းက လေးလေးနက်နက် မေးပါတယ် “မင်းဘယ်တော့ ခွဲစိတ်မယ်ဆိုတာ ဆုံးဖြတ်ပြီးပြီလား”

ဘာ့ဒါရဲ့ မျက်နှာဟာ လေးငါးခါ ပြောင်းသွားပါတယ် “မဆုံးဖြတ်ရသေးဘူး... မင်းသိတဲ့အတိုင်းပဲ... အဲဒီခွဲစိတ်ဆရာဝန်တွေက သားသတ်သမားတွေ... လူနာကို စဉ်းတီးတုံးပေါ် တင်ထားတဲ့ အသားစလို လုပ်ချင်သလို လုပ်တာ... ငါ သတင်းတွေ တော်တော်လေး ဖတ်ရတယ်... သူတို့က ဖြတ်‌တောက်ဖို့အတွက် ပုဆိန်တောင် သုံးတယ်... အို အရှင်... ငါ အဲဒီ ခွဲစိတ်စားပွဲပေါ်မှာ သေသွားနိုင်တယ်”

“ဒါပေမဲ့ မင်း အချိန်ဆွဲနေရင် ခွဲစိတ်တာတောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး” မုတ်ဆိတ်မွေးတိုနဲ့လူက ဘာ့ဒါကို ဖျောင်းဖျဖို့ ကြိုးစားပါတယ်။

အဲဒီအချိန်မှာ အန်နာက ဝင်ပြောပါတယ် “ဘာ့ဒါ... နင် ဗေဒင် တွက်ကြည့်သင့်တယ်... ဗေဒင်က အရာအားလုံး အဆင်ပြေလိမ့်မယ်လို့ ပြောရင် တတ်နိုင်သလောက် မြန်မြန်သာ ခွဲစိတ်လိုက်... အဆင်မပြေဘူးလို့ ပြောရင်တော့ တခြားနည်းလမ်းရှာ... ငါ တကယ်မှန်တဲ့ ဗေဒင်ဆရာ တစ်ယောက်ကို သိတယ်... မဟုတ်ဘူး... ငါ သူ့ကို အမြင်ဆရာလို့ ခေါ်သင့်တယ်... သူက နင့်ကို သေချာပေါက် ကူညီပေးနိုင်လိမ့်မယ်”

“တကယ်ကြီးလား” ဘာ့ဒါဟာ မယုံသင်္ကာနဲ့ ပြန်မေးပါတယ်။ တခြားသူငယ်ချင်းတွေကလည်း အန်နာရဲ့ စကားကို မယုံချင်ကြပါဘူး။

“အမှန်ပဲ” အန်နာဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ခေါင်းညိတ်ပါတယ် “ငါ သူ့ဆီမှာ ဗေဒင် တွက်ဖူးတယ်... ဂျွိုင်းရဲ့ အခြေအနေကို တွက်ကြည့်တာ... သူက ငါ့ကို မင်းရဲ့ ခင်ပွန်းလောင်းက အိမ်မှာ စောင့်နေတယ်လို့ ပြောတော့ ငါလည်း နင်တို့လို့ပဲ မယုံဘူး... ဒါပေမဲ့ ငါလည်း အိမ်ပြန်ရောက်ရော ဂျွိုင်းကို တန်းတွေ့ရတာပဲ... သူ တကယ်ကို ပြန်ရောက်လာတာ”

“ငါ အဲဒါကိုတော့ သက်သေခံနိုင်တယ်” ဂျွိုင်းကလည်း ထောက်ခံပါတယ်။

ဂျွိုင်းဟာ ကလိုင်းက သူ့အိပ်မက်တွေကို အဓိပ္ပာယ်ကောက်ဖို့ ကူညီခဲ့တယ် ဆိုတာကိုတော့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထရစ် မမိသေးဘူးလို့ ရဲတွေက သူ့ကို အသိပေးထားလို့ပါ။ အဲဒါကြောင့် ဂျွိုင်းဟာ ထရစ် သူ့ကို လက်စားလာမချေအောင် ဒါကို လျှို့ဝှက်ချက်အနေနဲ့ သိမ်းထားပါတယ်။

“အဲဒီလိုလား... တကယ်ကို မယုံနိုင်စရာပဲနော်”

“ဗေဒင်က အဲဒီလောက်တောင် မှန်တာလား”

...

ဆူညံသံတွေကြားမှာ ဘာ့ဒါဟာ တစ်အောင့်ကြာအောင် သေချာစဉ်းစားပြီး..။

“အဲဒါဆို ငါလည်း ဗေဒင် တွက်ကြည့်ဦးမယ်... အန်နာ... ဂျွိုင်း... အဲဒီအမြင်ဆရာ နာမည်နဲ့ လိပ်စာကို ပြောပြပေးလို့ရမလား”

အန်နာဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ် “နင် ရွေးချယ်တာ မှန်တယ်”

“အဲဒီအမြင်ဆရာက ဟောက်စ်လမ်းက ဗေဒင်ကလပ်မှာ...”

“သူ့နာမည်က ကလိုင်းမိုရက်တီတဲ့”

...

ရွှေရောင်စက်မှုန်ဇုန် မြို့နယ်၊ ဒူဝီဗို စာကြည့်တိုက်။

ကလိုင်းဟာ သူ့ဆရာပို့လိုက်တဲ့ စာထဲက မိတ်ဆက်မှတ်စုကို သုံးပြီး စာအုပ်ငှားခွင့်ကို အောင်မြင်စွာ ရရှိသွားပါတယ်။ သူဟာ လက်ထဲက ကဒ်သေးသေးလေးကို လေးငါးကြိမ် ကစားပြီးနောက် စာကြည့်တိုက် ဝန်ထမ်း သုံးလေးယောက်ကို မေးလိုက်ပါတယ်။

“ဟွန်းနာဆစ် အဓိက တောင်ထိပ်ရဲ့ အမွေအနှစ်များကို လေ့လာခြင်းဆိုတဲ့ စာတမ်းရှည် ရှိလား... လိုအပ်ထုတ်ဝေရေးကုမ္ပဏီက ဖြန့်ချိခဲ့တာ”

စာကြည့်တိုက် ဝန်ထမ်း တစ်ယောက်က ချက်ချင်း ပြန်ဖြေပါတယ် “ခဏစောင့်ပေးပါ... ကျွန်တော် မှတ်တမ်းတွေ စစ်ကြည့်လိုက်ဦးမယ်”

သူဟာ တစ်ဖက်လှည့်ပြီး အံ့ဆွဲတွေထဲ ကြည့်ကာ ဟွန်းနာဆစ်နဲ့ ကိုက်တဲ့ ဖိုင်ကို ဆွဲထုတ်ပါတယ်။ အဲဒီနောက် အစီအစဉ်တကျ စီထားတဲ့ ကဒ်တွေထဲမှာ စရှာပါတယ်။ သေချာရှာကြည့်ပြီးနောက် သူဟာ ခေါင်းခါကာ အဖြေပြန်ပေးပါတယ်။

“တောင်းပန်ပါတယ် ဆရာ... ကျွန်တော်တို့ဆီမှာ အဲဒီစာအုပ် မရှိဘူး”

“မရှိဘူးလား... မရှိတော့လည်း မရှိဘူးပေါ့လေ” ကလိုင်းဟာ စိတ်ပျက်သွားပါတယ်။

‘ကြည့်ရတာ ငါ လိုအင် ထုတ်ဝေရေးကုမ္ပဏီဆီ စာရေးရင်ရေး မဟုတ်ရင် ခွိုင်းတက္ကသိုလ်ဆီ သွားရမဲ့ပုံပဲ’

တစ်ချိန်တည်းမှာပဲ ဒီလောကရဲ့ စာကြည့်တိုက်တွေ စီမံခန့်ခွဲပုံက ခေတ်နောက်ကျတာကို တွေးမိပြီး ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။

‘မင်းတို့တွေ ကွန်ပျူတာ လိုတယ်... ကံမကောင်းချင်တော့ ငါ တစ်လုံးတောင် မထုတ်တတ်ဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ မှတ်ချက်ပေးရင်း ဆက်မေးပါတယ် “အဲဒါဆို မင်းတို့ဆီမှာ ရှေးဟောင်းသုတေသန သတင်းနဲ့ ရှေးဟောင်းသုတေသန အနှစ်ချုပ် မဂ္ဂဇင်းတွေ ရှိလား”

“အဲဒါတော့ ရှိတယ်” စာကြည့်တိုက် ဝန်ထမ်းက အတည်ပြုပါတယ် “လူကြီးလူကောင်း တစ်ယောက်က အဲဒီမဂ္ဂဇင်းတွေကို ပြန်အပ်ထားရုံပဲ ရှိသေးတယ်”

စာကြည့်တိုက်ဝန်ထမ်းဟာ သက်ဆိုင်တဲ့ကဒ်ကို လှန်ကြည့်ပြီး စာအုပ်စင်ရှိရာကို လမ်းညွှန်ပါတယ်။

ကလိုင်းဟာ စာအုပ်စင်ရှိရာ လျှောက်သွားပြီး ဂျာနယ်အမှတ်စဉ်တွေကို ကြည့်ကာ သူ့ဆရာပြောတဲ့ ဂျာနယ်အမှတ်စဉ်တွေကို ဆွဲထုတ်လိုက်ပါတယ်။

အဲဒီနောက် ပြတင်းပေါက်ဘေးက နေရာတစ်နေရာမှာ ထိုင်ပြီး တောက်ပတဲ့ အလင်းရောင်အောက်မှာ စာစဖတ်ပါတယ်။

“... ရှေးဟောင်း အမွေအနှစ်တွေက ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်ပေါ်မှာပဲ ရှိနေတာချည်း မဟုတ်ဘူး... အဓိကတောင်ထိပ်ရဲ့ ဘေးနားပတ်ဝန်းကျင်က တောအုပ်တွေ တောင်ကြားတွေနဲ့ ပြေလျော့တဲ့ ဆင်ခြေလျှောတွေမှာလည်း တွေ့ရတယ်...”

“... ဒီအမွေအနှစ်တွေက မြင့်မားတဲ့ အမိုးခုံးတွေ ဧရာမ ကျောက်တိုင်ကြီးတွေကနေ ဖြစ်လာတာဆိုတော့ ရိုးရိုးသားသားပြောရရင် တော်တော်လေးကို ခမ်းနားကြီးကျယ်တယ်...”

“... အဲဒီမှာ နေခဲ့တဲ့လူတွေက ဒီကျောက်တုံးတွေကို ဘယ်လိုမျိုးတူး၊ ဘယ်လိုမျိုး သယ်ဆောင်ပြီး ဘယ်လိုမျိုး တည်ဆောက်ခဲ့ကြတာလဲ ဆိုတာကို ကျွန်တော် စိတ်ဝင်စားမိတယ်... သူတို့တွေက အဲဒီကျောက်တုံးကြီးတွေကို နေရာမှာတင်ပဲတူးပြီး တောင်ပေါ်ကို ပို့စရာမလိုဘူးလို့ စဉ်းစားကြည့်ကြရအောင်...”

“... ထူးဆန်းတာက အဓိကတောင်ထိပ်နဲ့ နီးလာလေလေ အဲဒီအမွေအနှစ်တွေက ပိုပြီးတော့ ကြီးလာလေလေပဲ... ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက တောင်ထိပ်မှာ ဘာအပျက်အစီးမှာ မရှိဘူး... ကျွန်တော်တို့ရဲ့ အယူအဆ အရဆိုရင် အဲဒီမှာ လူသားတွေ ဆောက်လုပ်ထားတာ မဖြစ်နိုင်တဲ့ နန်းတော်တွေ... ယဇ်ပူဇော်ဖို့ အသုံးပြုတဲ့ နန်းဆောင်တွေ ရှိသင့်တယ်...”

‘လူသားတွေ ဆောက်လုပ်ထားတာ မဟုတ်တဲ့ နန်းတော်တွေ... ယဇ်ပူဇော်ဖို့ အသုံးပြုတဲ့ နန်းဆောင်တွေ... ငါအိပ်မက်ထဲမှာ မြင်ခဲ့တဲ့ဟာလား...’ ကလိုင်း တွေးနေတုန်းမှာပဲ သူ့ဆီလာနေတဲ့ ခြေသံတွေကို ရုတ်တရက် ကြားလိုက်ရပါတယ်။

သူ မော့ကြည့်လိုက်တဲ့အခါ သတင်းတွေထဲမှာ မကြာခဏ ပါလာတတ်တဲ့ တရင်းတနှီးရှိတဲ့ မျက်နှာတစ်ခုကို တွေ့လိုက်ရပါတယ်။

ဒီမျက်နှာပိုင်ရှင်ဟာ မျက်ခုံးမွေး ထူပြီး လေးထောင့်မကျတကျ မျက်နှာနဲ့ ရွှေနက်ရောင် ဆံပင်တိုတွေ ရှိပါတယ်။ မျက်လုံးတွေကလည်း မိုးပြာရောင်ရှိပြီး နှုတ်ခမ်းတွေကို တင်းတင်း စေ့ထားပါတယ်။ ဒါတွေအကုန်လုံးကို ပိုင်ဆိုင်တဲ့လူက ထင်းဂန်မြို့မှာ နာမည်ကြီးတဲ့ ပရဟိတသမား၊ စွန့်စားတီထွင်သူ၊ ဒီစာကြည့်တိုက်ရဲ့ ပိုင်ရှင် လူကြီးမင်း ဒူဝီဗိုပါ။

ဒူဝီဗိုရဲ့ ဘေးမှာ ကလိုင်း အရင်တစ်ခါက မြင်ဖူးတဲ့ သက်လတ်ပိုင်းအရွယ် အိမ်တော်ထိန်း ပါပါတယ်။

ကလိုင်းဟာ သူတို့တွေ သူနဲ့ ဆယ်မီတာ အကွာက လမ်းလျှောက်သွားတာကို ကြည့်ပြီး စူးစမ်းချင်စိတ် ပေါ်လာတာကြောင့် နဖူးလယ်ကို နှစ်ချက်တောက်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters