ဆေးဆိုင်
Vol. 9 Ch. 82
အရောင်မျိုးစုံဟာ ကလိုင်း မျက်လုံးထဲ ဝင်လာပါတယ်။ သူဟာ လူကြီးမင်း ဒူဝီဗိုရဲ့ အခြေအနေကို အကြမ်းဖျင်း လေ့လာပါတယ်။
‘သူ့ကျန်းမာရေးက တော်တော် ကောင်းတယ်... ရောဂါဟောင်းတွေ မရှိသလောက်ပဲ... စိတ်ခံစားချက်ကတော့ မကောင်းဘူး... မွဲခြောက်ပြီး ချည့်နဲ့နေတယ်... သူ့စိတ်အခြေအနေက အဲဒီလောက်တောင် အားနည်းတာလား... ကောင်းကောင်း အိပ်မပျော်လို့များလား... ဒါပေမဲ့ သူ့ခေါင်းမှာရှိတဲ့ ခရမ်းရောင်က လုံးဝ ကောင်းတယ်...’ ကလိုင်း စိတ်ထဲမှာ ရေရွတ်နေတုန်းမှာပဲ လူကြီးမင်း ဒူဝီဗိုဟာ စာကြည့်တိုက်ထဲကနေ ထွက်သွားပါတယ်။
ကလိုင်းဟာ သူ့အကြည့်ကို ပြန်ရုပ်သိမ်းပြီး နဖူးလယ်ကို နှစ်ချက်တောက်ကာ ရင်ထဲမှာ သက်ပြင်းချပါတယ် ‘သူဌေးကြီး လုပ်ရတာလည်း မလွယ်ပါ့လား’
သူဟာ ဒီကိစ္စကို သိပ်ဂရုမစိုက်ဘဲ သူ့ရှေ့က ဂျာနယ်တွေကို ပြန်ဖတ်ပါတယ်။ ကလိုင်းဟာ ဒီဂျာနယ်တွေထဲမှာ သဲလွန်စ အများကြီး ရှာမတွေ့ပါဘူး။ အချက်အလက် တချို့ကိုပဲ အတည်ပြုနိုင်ခဲ့ပါတယ်။
ပထမတစ်ချက်က ဟွန်းနာဆစ် တောင်တန်းနဲ့ အဲဒီပတ်ဝန်းကျင်မှာ ရှေးဟောင်းနိုင်ငံတော် တစ်ခု တည်ရှိခဲ့ပါတယ်။ အဲဒီရှေးဟောင်းနိုင်ငံတော်ရဲ့ သမိုင်းကို ခြေရာကောက်မယ်ဆိုရင် အနည်းဆုံး လွန်ခဲ့တဲ့ နှစ် ၁,၅၀၀ ကပဲ။
ဒုတိယတစ်ချက်က သူတို့ရဲ့ ဗိသုကာပုံစံဟာ ခမ်းနားကြီးကျယ်မှုအပေါ် အခြေခံထားတာပါ။ သူတို့တွေဟာ နံရံဆေးရေးပန်းချီ မျိုးစုံကို ချန်ထားခဲ့ပြီး အဲဒီ နံရံဆေးရေး ပန်းချီတွေကနေ ဘဝခြားသွားတဲ့လူတွေကို ထာဝရညက ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ကြတယ်ဆိုတာ သိနိုင်ပါတယ်။
နောက်ဆုံး အပျက်အစီးတွေကြားထဲမှာ ထာဝရညကို ကိုယ်စားပြုတဲ့ သင်္ကေတကို နေရာတကာမှာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီသင်္ကေတွေက ထာဝရညရဲ့ တံဆိပ်တော်နဲ့ သိသိသာသာ ကွဲပြား ခြားနားနေပါတယ်။
“ငါ့မှာ အခွင့်အရေး ရှိခဲ့ရင်... မဟုတ်ဘူး... ငါ့မှာ အခွင့်အရေး ရှိခဲ့ရင်တောင် အဲဒီကို ဘယ်တော့မှ မသွားဘူး” ကလိုင်းဟာ အံကြိတ်ပြီး ရေရွတ်လိုက်ပါတယ်။ သူဟာ ကိုယ့်သေတွင်း ကိုယ်မတူးဖို့ ကျိန်ဆိုပါတယ်။
ဂျာနယ်တွေကို သူ ယူခဲ့တဲ့နေရာမှာ သေသေသပ်သပ် ပြန်ထားပြီးနောက် ကလိုင်းဟာ ဦးထုပ်ဆောင်း လက်ကိုင်တုတ်ကိုင်ပြီး ဒူဝီဗို စာကြည့်တိုက်ကနေ ထွက်ခဲ့ပါတယ်။
...
ဗေဒင်ကလပ်။
ဘာ့ဂ်ဒါဟာ ဧည့်သည်တွေကို ကြိုဆိုလက်ခံတဲ့ ချောမောလှပတဲ့ မိန်းမပျိုကို ကြည့်ပြီး...။
“ကျွန်တော် ဗေဒင်တွက်ချက်လို့...”
အန်ဂျလီကာဟာ ယဉ်ကျေးပျူငှာစွာ ပြုံးပြီး...။
“တွက်ချင်တဲ့ ဗေဒင်ဆရာ ရှိလား... ဒါမှမဟုတ် ကျွန်မတို့ရဲ့ လမ်းညွှန်ကို ဖတ်ကြည့်ပြီး လူကြီးမင်းနဲ့ အသင့်တော်ဆုံး ဖြစ်မဲ့ ဗေဒင်ဆရာကို ရွေးချယ်ချင်လား...”
ဘာ့ဂ်ဒါဟာ ဝမ်းဗိုက်ရဲ့ ညာဘက်ကို ဖိကာ အသက်ဝအောင် ရှူပြီးမှ အဖြေပြန်ပေးပါတယ် “ကျွန်တော် မစ္စတာ ကလိုင်းမိုရက်တီဆီမှာ တွက်ချင်တယ်”
“ဒါပေမဲ့ မစ္စတာ မိုရက်တီက ဒီနေ့ ဒီမှာ မရှိဘူး” အန်ဂျလီကာက ပြန်ဖြေပါတယ်။
ဘာ့ဂ်ဒါဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး ခြေသုံးလေးလှမ်း လျှောက်ကာ ထပ်မေးပါတယ် “မစ္စတာ မိုရက်တီက ဘယ်တော့လောက် လာမှာလဲ”
“မသိဘူးလေ... သူ့လည်း သူ့ကိစ္စနဲ့သူလေ... ကျွန်မ သိသလောက်တော့ သူ ဒီကို တနင်္လာနေ့ နေ့ခင်းဆို လာတတ်တယ်” အန်ဂျလီကာဟာ စဉ်းစားပြီး ဖြေပါတယ်။
“ကောင်းပြီလေ...” ဘာ့ဂ်ဒါရဲ့ မျက်နှာဟာ မှောင်သွားပြီး တစ်ဖက်လှည့်ကာ ထွက်သွားဖို့ ပြင်ပါတယ်။
“လူကြီးမင်းရှင့်...တခြား ဗေဒင်ဆရာတွေကိုလည်း ရွေးလို့ရပါတယ်... ဥပမာ ထင်းဂန်မြို့မှာ နာမည်ကြီးတဲ့ မစ္စတာ ဟန်းနစ်ဗင်းဆင့်ကို ရွေးလို့ရပါတယ်” အန်ဂျလီကာဟာ ဖောက်သည် ထွက်မသွားအောင် အကောင်းဆုံး ကြိုးစားပါတယ်။
ဘာ့ဂ်ဒါဟာ လမ်းလျှောက်တာ ရပ်ပြီး တစ်ခဏ စဉ်းစားကာ...။
“မတွက်ဘူး... ကျွန်တော် မစ္စတာ မိုရက်တီကိုပဲ ယုံတယ်... အင်း... ကျွန်တော် ဒီမှာ ခဏလောက် ထိုင်စောင့်လို့ရမလား... သူ လာချင် လာမှာပေါ့”
“ရပါတယ်... ကိစ္စမရှိပါဘူး” အန်ဂျလီကာ နွေးထွေးတဲ့အပြုံးနဲ့ ပြန်ဖြေပါတယ်။
ဘာ့ဂ်ဒါဟာ ဆိုဖာဆီ လျှောက်သွားပြီး ထိုင်လိုက်ပါတယ်။ တစ်ခါတစ်လေမှာ သူ့ဟာ လက်ကိုင်တုတ်ကို ပွတ်ပြီး တစ်ခါတစ်လေမှာတော့ သူဟာ ပြတင်းပေါက် အပြင်ဘက်ကို လှမ်းကြည့်ပါတယ်။ စိတ်မရှည် ဖြစ်နေတာ သိသာလှပါတယ်။
စက္ကန့်ကနေ မိနစ်ကို ကူးပြောင်းကာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားပါတယ်။ ဘာ့ဂ်ဒါဟာ ဆက်ပဲစောင့်ရမလား ထွက်ပဲသွားရမလား ဝေခွဲမရဖြစ်နေတုန်းမှာ လှပတဲ့ မိန်းမပျိုရဲ့ တအံ့တဩသံကို ကြားလိုက်ရပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ... မစ္စတာမိုရက်တီ”
ကလိုင်းဟာ တွေ့နေကျ အန်ဂျလီကာကို တွေ့လိုက်ရတဲ့အခါ ဘာဖြစ်လို့ အမြဲတမ်း သူမပဲ ဖြစ်နေရတာလဲလို့ မေးမလို့ ပြင်လိုက်ပါတယ် ‘သူက အနားယူဖို့ မလိုဘူးလား... တစ်ရက်မှ မနားဘူးလား...’
သို့ပေမဲ့ သူက အမြင်ဆရာဆိုတာကို တွေးမိပြီး ဒီလိုမေးခွန်းမျိုး မေးဖို့ မသင့်တော်ဘူးဆိုတာ တွေးမိလိုက်ပါတယ်။ အဲဒါကြောင့် ဆရာယောင် လေသံနဲ့ ဒီလိုမျိုး ပြောရကောင်းမလား စဉ်းစားလိုက်ပါတယ်။
‘ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို ထပ်တွေ့အောင် စီစဉ်ပေးတာ ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းလိုက်လဲ... မဒမ် အန်ဂျလီကာ...’
‘အား... ဒီစကားက မဟုတ်သေးပါဘူး...’
နောက်ဆုံးမှာတော့ ကလိုင်းဟာ ပြုံးပြီး ရိုးရိုးတမ်းတမ်းပဲ ပြန်နှုတ်ဆက်ပါတယ် “မင်္ဂလာ နေ့လည်ခင်းပါ... မဒမ် အန်ဂျလီကာ...”
“ဖောက်သည် တစ်ယောက်က ရှင့်ဆီမှာ ဗေဒင်တွက်ချင်နေတယ်” အန်ဂျလီကာဟာ ဆိုဖာပေါ်ကနေ အလျင်စလို မတ်တတ် ကောက်ရပ်လိုက်တဲ့ ဘာ့ဂ်ဒါကို ထိုးပြပါတယ်။
‘ငါ့ဆီမှာ ဗေဒင်တွက်ချင်တယ်...’ ကလိုင်းဟာ ဦးထုပ်ချွတ်ရင်း နဖူးလယ်ကို နှစ်ချက် တောက်လိုက်ပါတယ်။
“မင်္ဂလာ နေ့လည်ခင်းပါ... လူ...” ကလိုင်းရဲ့ နှုတ်ဆက်သံဟာ ရုတ်တရက် ရပ်သွားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့စိတ်ဝိညာဉ်အာရုံမှာ ဒီဗေဒင်တွက်မဲ့လူရဲ့ အသည်းက မှေးမှိန်ပြီး အနက်ရောင် ဖြစ်လုနီးနေတာကို တွေ့လိုက်ရလို့ပါ။ ဒီအသည်းကြောင့် သူ့ခန္ဓာကိုယ်ဟာ သဟဇာတ မဖြစ်ဘဲ နေရာတော်တော်များများက သူ့ရောင်ဝါဟာ ပါးလျနေပါတယ်။
ကလိုင်းဟာ စကားလုံး ရွေးပြီး လေးလေးနက်နက် ပြောလိုက်ပါတယ် “လူကြီးမင်း... လူကြီးမင်းက ဗေဒင်တွက်သင့်တာ မဟုတ်ဘူး... ဆရာဝန် ပြသင့်တာ”
ဘာ့ဂ်ဒါဟာ နေရာမှာတင် မှင်တက်သွားပြီး ကျေနပ်အံ့အားသင့်သွားပါတယ် “တကယ်ကို အံ့ဩဖို့ ကောင်းတာပဲ... အန်နာ ငါ့ကို မညာဘူးဘဲ...”
...
သူဟာ ကလိုင်းကို စိတ်အား ထက်သန်စွာ ကြည့်ပါတယ် “မစ္စတာ မိုရက်တီ... ကျွန်တော် ဆရာဝန်နဲ့ ပြပြီးပြီ... ဆရာဝန်က ခွဲစိတ်ရမယ်လို့ ပြောတယ်... ဒါပေမဲ့ ကွန်တော် ခွဲစိတ်ရမှာ ကြောက်တယ်... အဲဒါကြောင့် ဗေဒင်လာတွက်ကြည့်တာပါ”
‘ဒီခေတ်မှာ ခွဲစိတ်တာက တကယ်ကို အန္တရာယ်များတယ်... ဧကရာဇ်ရစ်ဆဲလ်က နောက်ကနေ တွန်းအားပေးခဲ့ပေမဲ့ ဒီခေတ်ရဲ့ နည်းပညာက လိုအပ်နေသေးတယ်...’ ကလိုင်းဟာ ဖောက်သည်ရဲ့ တောင်းဆိုမှုကို မငြင်းဆန်ဘဲ ခေါင်းအသာ ညိတ်ပါတယ်။
“ကျွန်တော်ရဲ့ ဗေဒင်ဟောခက ရှစ်ပဲနိ... အဆင်ပြေရဲ့လား”
“ရှစ်ပဲနိ...” ဘာ့ဂ်ဒါဟာ တအံ့တဩ ဖြစ်သွားပါတယ် “မစ္စတာ မိုရက်တီက ဗေဒင်ဟောကြေး ရှစ်ပဲနိပဲ ယူတာလား...”
‘အန်နာရဲ့ စကားနဲ့ မစ္စတာမိုရက်တီရဲ့ စောစောက စကားနဲ့ဆိုရင် ငါ တစ်ပေါင် ပေးရလည်း တွက်မှာပဲ’
‘အမြတ်နည်းနည်းနဲ့ များများရောင်းတယ် ဆိုတဲ့စကားကို မကြားဖူးဘူးလား’ ကလိုင်းဟာ တဒင်္ဂ မျက်နှာ ပူသွားပေမဲ့ သုံးလေးစက္ကန့်တွေးပြီး ခပ်တည်တည် ပြန်ပြောပါတယ် “နတ်ဘုရားနဲ့ ဆက်သွယ်ခွင့်ရပြီး ကံကြမ္မာရဲ့ တစ်စွန်းတစကို သိမြင်ခွင့်ရတာပဲ လုံလောက်နေပါပြီ... ကျွန်တော်တို့ရဲ့ လောဘကို နှိပ်ကွပ်ပြီး အမြဲတမ်း နှိမ့်နှိမ့်ချချ နေသင့်တယ်... အဲဒါမှ ဒီလိုမျိုး လက်ဆောင်ကို အမြဲတမ်း ချီးမြှင့်ခံရမှာ...”
“မစ္စတာက တကယ်ကို အမြင်ဆရာပဲ...” ဘာ့ဂ်ဒါဟာ စိတ်ရင်းနဲ ဦးညွှတ်ပါတယ်။
ဘာ့ဂ်ဒါဆီက ချီးကျူးမှုနဲ့ ယုံကြည်မှုကို ရပြီးနောက် ကလိုင်းရဲ့ စိတ်ဝိညာဉ်ဟာ ပေါ့ပါးသွားတယ်လို့ ခံစားလိုက်ရပါတယ်။ သူပြောလိုက်တဲ့ စကားကနေလည်း အတွေးအမြင်သစ်တွေ ရသွားပါတယ်။
“မစ္စအန်ဂျလီကာ... ဥဿဖရားခန်း အားလား...” သူဟာ သူ့ဘေးက လှပတဲ့မိန်းမပျိုကို လှည့်မေးပါတယ်။
အန်ဂျလီကာဟာ ချိုချိုသာသာပြုံးရင်း ဘာ့ဂ်ဒါအတွက် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“အားပါတယ်”
ဗေဒင်ဟောခန်းထဲ ဝင်ပြီးတဲ့အခါ ကလိုင်းဟာ ဘာ့ဂ်ဒါကို တံခါး လော့ချဖို့ ညွှန်ကြားပါတယ်။ အဲဒီနောက် သူဟာ စားပွဲနောက်မှာ ထိုင်ပြီး နဖူးလယ်ကို တောက်လိုက်ပါတယ်။
“ငါတို့တွေ တဲရော့ဗေဒင် တွက်ကြမလား” ကလိုင်းဟာ အပြုံးနဲ့ မေးပါတယ်။
စိတ်ဝိညာဉ်တုတ်ဗေဒင်က သူနဲ့ သက်ဆိုင်တာတွေကို တွက်ချက်တဲ့နေရာမှာပဲ သင့်လျော်တာပါ။ နက္ခတ်စက်ဝန်းဖွဲ့တာကြတော့ အချိန်ကုန်လွန်းပါတယ်။
“မစ္စတာမိုရက်တီ အဆင်ပြေသလို လုပ်ပါ” ဘာ့ဂ်ဒါဟာ ဘာကန့်ကွက်မှုမှ မရှိပါဘူး။
အဲဒါကြောင့် ကလိုင်းဟာ တဲ့ရော့ထုတ်ကို ကုလားဖန်ထိုးပြီး တစ်ဝက်ပိုင်းကာ အစ်ထစ်ပုံစံအတိုင်း ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူဟာ တခြားကဒ်တွေ မလှန်ဘဲ နောက်ဆုံးရလဒ် ရည်ညွှန်းတဲ့ကဒ်ကို တစ်ခါတည်း လှန်လိုက်ပါတယ်။ ဒါက အမြင်ဆရာရဲ့ တစ်မူထူးခြားမှုကြောင့်ပါ။
“ကံကြမ္မာစက်ဘီး ပြောင်းပြန်... အခြေအနေ မကောင်းဘူး” ကလိုင်းဟာ ဘာ့ဂ်ဒါကို တစ်ချက်ကြည့်ပြီး လေးလေးနက်နက် ပြောပါတယ်။
ဘာ့ဂ်ဒါရဲ့ မျက်နှာဟာ ချက်ချင်း သွေးဆုတ်ပြီး နှုတ်ခမ်းတွေ တုန်ယင်သွားပါတယ်။
“မျှော်လင့်ချက် မရှိတော့ဘူးလား”
ကလိုင်းဟာ ဖြေရှင်းချက်ကို အတတ်နိုင်ဆုံး ကြိုးစားတွေးပြီး...။
“တခြာနည်းလမ်း တစ်ခုနဲ့ တွက်ကြည့်ဦးမယ်... လူကြီးမင်းရဲ့ လက်စွပ်ကို ကျေးဇူးပြုပြီး ထားခဲ့ပါ... ပြီးရင် ဒီစာရွက်ပေါ်မှာ လူကြီးမင်းရဲ့ မွေးနေ့ကို ရေးပေးပါ... အဲဒါပြီးရင်တော့ အပြင်မှာ ခဏလောက် စောင့်ပေးပါ”
သူ့ရဲ့ ညင်သာပြီး အေးချမ်းတဲ့ လေသံကြောင့် ဘာ့ဂ်ဒါဟာ ငြိမ်ကျသွားပြီး သူညွှန်ကြားတဲ့အတိုင်း လိုက်လုပ်ပါတယ်။
ဘာ့ဂ်ဒါ ထွက်သွားတဲ့အခါ ကလိုင်းဟာ စာရွက်တစ်ရွက်ပေါ်မှာ စာကြောင်းတစ်ကြောင်း ရေးလိုက်ပါတယ်။
“ဘာ့ဂ်ဒါဂျုံးရဲ့ ခွဲစိတ်မှု ရလဒ်”
အဲဒီနောက် သူဟာ စာရွက်နဲ့ လက်စွပ်ကို ကောက်ယူပြီး ကုလားထိုင်မှာ နောက်မှီထိုင်ကာ အိပ်မက်ဗေဒင် သုံးပါတယ်။
ဝေဝါးတွန့်လိမ်နေတဲ့ လောကမှာ သူဟာ ဖြည်းဖြည်းချင်း ဘာ့ဂ်ဒါကို ရှာတွေ့သွားပါတယ်။ ဘာ့ဂ်ဒါရဲ့ မျက်နှာဟာ ဖြူဖတ်နေပြီး သူ့ခန္ဓာကိုယ်ကို အဝတ်ဖြူဖုံးကာ ခွဲစိတ်ခန်းထဲကနေ တွန်းထုတ်သွားပါတယ်။
ဒီတစ်ကြိမ်တော့ ကလိုင်းဟာ ဘာထူးခြားတာမှ မကြုံရပါဘူး။ တစ်ယောက်ယောက်က သူ့ကို ကြည့်နေတယ်လို့ မခံစားရဘဲ ခပ်မြန်မြန် နိုးသွားပါတယ်။ သူဟာ မျက်မှောင်ကြုတ်သွားပြီး ဘာ့ဂ်ဒါကို ဒီသတင်း ဘယ်လို ပြောပြရမလဲဆိုတာ စဉ်းစားပါတယ်။
‘ခွဲစိတ်တာက သေချာပေါက် သေမှာ... ငါ ဒီနေ့ သိခဲ့တာကို အစီအရင်နဲ့ ပြန်ဖော်ပြီး သူ့ကို ပြလို့ရတယ်... ဒါပေမဲ့ အဲဒီလိုလုပ်ရင် သာလွန်သူကိစ္စ ပေါ်သွားလိမ့်မယ်... နောက်ပြီး အဲဒီလိုလုပ်ချင်ရင် ကပ္ပတိန်ဆီကနေ ခွင့်ပြုချက် အရင်တောင်းရမှာ... အင်း... ဒီလို ပြင်းထန်တဲ့ ရောဂါမျိုးကို ငါ ကုသနိုင်မှာ မဟုတ်ဘူး...’
ကလိုင်းဟာ ဦးနှောက်ခြောက်အောင် စဉ်းစားရင် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။
“မစ္စတာဂလက်ဆစ်ရဲ့ အဆုတ်ရောဂါကို ဆေးဆရာတစ်ဦးက ကုပေးလိုက်တယ်လို့ ပြောတယ်... သူပြောတာတော့ ဆေးစွမ်းက အရမ်းထက်တယ်တဲ့... ဘာပါလိမ့်... သတိရပြီ... လောဆင်ဒါ့ဝေ့ဒ်၊ အမှတ် (၁၈) ဗလက်လမ်း အရှေ့ပိုင်းမြို့နယ်က လောဆင်ဆေးမြီးတိုဆိုင်ပဲ...”
သူဟာ စားပွဲစွန်းကို လက်နဲ့တောက်ပြီးနောက် ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
စိတ်ဝိညာဉ်တုတ်ဗေဒင်နဲ့ ဒီအကြံက အကြံကောင်းလား အကြံဆိုးလား ဆိုတာကို ဆုံးဖြတ်ပြီးနောက် ကလိုင်းဟာ အခန်းထဲက ထွက်ပါတယ်။ အဲဒီနောက် ပျာယီးပျာယာ မတ်တတ်ကောက်ရပ်တဲ့ ဘာ့ဂ်ဒါကို လက်စွပ် ပြန်ပေးပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ကျွန်တော် လူကြီးမင်းအတွက် မျှော်လင့်ချက် တွေ့ထားတယ်”
“တကယ်လား...” ဘာ့ဂ်ဒါဟာ ကျေနပ်အံ့အားသင့်သွားပါတယ်။
ကလိုင်းဟာ သူ့မေးခွန်းကို ပြန်မဖြေဘဲ ဆက်ပြောပါတယ် “လူကြီးမင်းရဲ့ မျှော်လင့်ချက်က အရှေ့ပိုင်းမြို့နယ် ဗလက်လမ်းပေါ်မှာ ရှိတယ်... လောဆင်ဆိုတဲ့နာမည်နဲ့ ဆက်စပ်နေတယ်”
“တကယ်လို့ လူကြီးမင်း ရှာမတွေ့ဘူးဆိုရင် တနင်္ဂလာနေ့ ညနေ လေးနာရီမှာ တစ်ခေါက် ပြန်လာခဲ့ပါ”
“ရတယ်... ရတယ်...” ဘာ့ဂ်ဒါဟာ ခေါင်းညိတ်ပြီး ထပ်ခါထပ်ခါ ပြောပါတယ်။ အဲဒီနောက် သူ့ပိုက်ဆံအိတ်ထဲကနေ ရှစ်ပဲနိထုတ်ပေးပါတယ်။ သူဟာ ကလိုင်းပြောတဲ့အတိုင်း မုန့်ဖိုးပေးပြီး အမြင်ဆရာစစ်စစ်ကို မစော်ကားပါဘူး။
ပိုက်ဆံယူတဲ့ ကလိုင်းရဲ့ နှုတ်ခမ်းဟာ တစ်ချက်တွန့်သွားပေမဲ့ တောက်ပစွာ ပြုံးလိုက်ပါတယ်။
“လူကြီးမင်းရဲ့ မျှော်လင့်ချက်ကို အမြန်ဆုံး ရှာတွေ့ဖို့ ဆုတောင်းပေးပါတယ်”
ဘာ့ဂ်ဒါ ထွက်သွားတဲ့အခါ သူဟာ အရင်တစ်ခေါက်ကလိုပဲ တစ်ဆိုလီရသလိုမျိုး အန်ဂျလီကာကို ကော်မရှင်ခနဲ့ မုန့်ဖိုးပေးပါတယ်။
...
အရှေ့ပိုင်းမြို့နယ်၊ ဗလက်လမ်း။
ဘာ့ဂ်ဒါဟာ ဗလက်လမ်းကို ဟိုးဘက်အစွန်းကနေ ဒီဘက်အစွန်းအထိ သူ့အသည်း နာကျင်လာတဲ့အထိ သုံးခါတိတိ လျှောက်ပါတယ်။ နောက်ဆုံးမှာတော့ ဒီလမ်းပေါ်မှာ လောဆင်နဲ့ ဆိုင်တဲ့နေရာက တစ်ခုပဲ ရှိတယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။ အဲဒါက အမှတ် ၁၈ လောဆင် ဆေးမြီးတိုဆိုင်ပါ။
သူဟာ သတ္တိကို စုစည်းပြီးနောက် ဆိုင်ထဲ ဝင်လိုက်တဲ့အခါ ဆေးပင်အမျိုးမျိုးရဲ့ အနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာပါတယ်။ ဘာ့ဂ်ဒါဟာ ဆိုင်ရှင်က အသားမည်းပြီး ဆံပင်တိုတာ တွေ့လိုက်ရပါတယ်။ ဆိုင်ရှင်ရဲ့ မျက်နှာက ဝိုင်းပြီး အသက် သုံးလေးဆယ်ပဲ ရှိဦးမှာပါ။
ဆိုင်ရှင်ရဲ့ ဝတ်စုံဟာ ရွာက ပယောဂဆရာလိုမျိုးပါပဲ။ နက်မှောင်တဲ့ ဝတ်ရုံပေါ်မှာ ထူးဆန်းတဲ့ သင်္ကေတမျိုးစုံ ထိုးထားပါတယ်။
“မင်္ဂလာပါ... ကျွန်တော်ရဲ့ ရောဂါကို ကုသနိုင်တဲ့ ဆေးရှိလား” ဘာ့ဂ်ဒါဟာ ယဉ်ယဉ်ကျေးကျေး မေးပါတယ်။
ဆိုင်ရှင်ဟာ ခေါင်းမော့လာပြီး အပြာရောင် မျက်လုံးတွေနဲ့ ဘာ့ဂ်ဒါကို လှမ်းကြည့်ကာ ပြုံးလိုက်ပါတယ် “မင်းရဲ့ အသည်းရောဂါက တော်တော် ဆိုးတယ်... ဒါပေမဲ့ ပိုက်ဆံရှိရင် အကုန်လုံး အဆင်ပြေတယ်... မင်းမှာ ဆေးဝယ်ဖို့ ပိုက်ဆံ အလုံအလောက် ရှိလား”
‘သူက ငါ့ရောဂါကို တန်းပြောနိုင်တာလား...’ ဘာ့ဂ်ဒါဟာ ရုတ်တရက်ဆိုသလို ယုံကြည်ချက် ပိုရှိသွားပြီး ဝမ်းသာအားရ ခေါင်းညိတ်ပါတယ်။
“ခင်ဗျားရဲ့ဆေးက ဘယ်လောက်လဲ”
“၁၀ ပေါင်... ဒါ ဈေးမကြီးဘူးနော်” ဆိုင်ရှင်ဟာ ပြောပြောဆိုဆို ကောင်တာအောက်ကနေ ဆေးပင်တွေ ထည့်ထားတဲ့ အိတ်တစ်အိတ်ကို ထုတ်လိုက်ပါတယ် “ရေလုံလုံလောက်လောက် ထည့်ပြီး ဆေးဖြစ်အောင်ကျို... ကျိုပြီးရင် လတ်ဆတ်တဲ့ ကြက်ဖသွေး ၁၀ စက်ထည့်... ပြီးရင် ချက်ချင်းသောက်တော့... ဒီအိတ်ထဲမှာ သုံးခွက်စာပါတယ်... သုံးခါသောက်ပြီးရင် မင်း ကောင်းသွားလိမ့်မယ်”
ဆိုင်ရှင်ဟာ ပြောပြောဆိုဆို ညိုဝါရောင် စာရွက်ကို ဖွင့်ပြီး ထူးဆန်းတဲ့ ဆေးမျိုးစုံ ပစ်ထည့်ပါတယ်။
‘သူ့လေသံ နားထောင်ရတာ လူလိမ်လိုပဲ...’ ဘာ့ဂ်ဒါဟာ တံတွေးမျိုချပြီး ပြောပါတယ် “ဒါပဲလား”
ဆိုင်ရှင်က သူ့ကို စိုက်ကြည့်ပြီး ချက်ချင်း ပြုံးသွားပါတယ် “မင်းက တခြားဆေး လိုချင်သေးလို့လား... ဒီအိတ်ဆိုရင်ရော... မင်း အသည်းရောဂါကနေ ပြန်ကောင်းလာတာနဲ့ မင်းမိန်းမ စိတ်ကျေနပ်စေရမယ်လို့ ငါ လုံးဝ အာမခံရဲတယ်”
ဆိုင်ရှင်ဟာ ရယ်ကာမောကာနဲ့ ဆေးတွေ ထည့်ထားတဲ့ အနက်ရောင်စက္ကူအိတ်ကို ထုတ်ယူပြီး အသံအုပ်အုပ်နဲ့ ပြောပါတယ် “ဒီထဲမှာ မံမီမှုန့် ပါတယ်... ငါပြောတာကိုယုံ... အထက်တန်းလွှာ တော်တော်များများက ဒါကို သုံးကြတယ်... လက်ဖက်ရည်ထဲ ထည့်ပြီးတော့ပဲ ဖြစ်ဖြစ် စွပ်ပြုတ်ချက်ပြီးတော့ပဲ ဖြစ်ဖြစ် သောက်ကြတယ်”
... ဘာ့ဂ်ဒါရဲ့ ဆိုင်ရှင်အပေါ် ယုံကြည်မှုဟာ ပျက်ပြားပြီး စက်ဆုပ်တဲ့အထိ ဖြစ်သွားပါတယ်။
‘ငါ မစ္စတာမိုရက်တီကို ယုံတယ်...’ သူဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ပိုက်ဆံအိတ်ထုတ်ကာ အကြီးဆုံးတန် နှစ်ရွက်ကို ထုတ်ယူလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။