← Chapters

အဲလစ်ဇဘတ်

Vol. 9 Ch. 84

အဲလစ်ဇဘတ်

Vol. 9 Ch. 84

သူ့ညီမရဲ့ သဘောမကျတဲ့ မျက်နှာကို ကြည့်ပြီး ကလိုင်းဟာ ဒါက အခွင့်အရေးကောင်း တစ်ခုလို့ ရုတ်တရက် ခံစားမိလိုက်ပါတယ်။ အဲဒါကြောင့် မလီဆာကို ခေါင်းအစ ခြေအဆုံး စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောပါတယ် “မလီဆာ... ညီမကလည်း ဒီပွဲကို လေးစားမှု လုံလုံလောက်လောက် မရှိဘူး”

“ဘာကိုပြောတာလဲ” မလီဆာဟာ ပ‌ဟေဠိနဲ့ ပြန်မေးပါတယ်။

ကလိုင်းဟာ သူမရဲ့ လည်ပင်းကို ထိုးပြပါတယ်။

“မိန်းမပျိုတစ်ယောက်အနေနဲ့ ဒီနားမှာ လည်ဆွဲတစ်ခု ဆွဲထားသင့်တယ်”

အဲဒီနောက် သူ့ညီမဆီက စကားပြန်ကို မစောင့်ဘဲ ကလိုင်းဟာ ပြုံးပြီး အိန်ဂျယ်တောင်ပံနဲ့ ငွေလက်ဖွဲ့ကို အိတ်ကပ်ထဲက ထုတ်ယူလိုက်ပါတယ်။

“ကံကောင်းချင်တော့ အစ်ကို ညီမအတွက် အသင့်ပြင်ထားတယ်”

“...” မလီဆာဟာ ပထမတော့ အံ့အားသင့်သွားပြီး ချက်ချင်း မေးပါတယ် “ဘယ်လောက် ပေးရလဲ”

‘ငါ့ညီမ... နင့်စိုးရိမ်တာ တကယ်ကို နေရာမှားနေပြီ...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပြီး အပြုံးနဲ့ ရှင်းပြပါတယ် “ဈေးသိပ်မကြီးပါဘူး... အစ်ကို ဝယ်တုန်းက ဘာမှပါတာ မဟုတ်ဘူး... အစ်ကိုမြင်ဖူးတဲ့ လည်ဆွဲတစ်ခုကို ကြည့်ပြီး ကောင်းချီးပေးတဲ့ သင်္ကေတတွေနဲ့ လှပတဲ့သင်္ကေတတွေ ထည့်ထားတာ”

“အစ်ကို ထွင်းထားတာလား” မလီဆာဟာ တကယ်ကို အာရုံပြောင်းသွားပါတယ်။

“ဘယ်လိုလဲ... အစ်ကိုလုပ်ထားတာ ဘယ်လိုနေလဲ” ကလိုင်းဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ လက်ဖွဲ့ကို သူ့ညီမဆီ ပေးလိုက်ပါတယ်။

မလီဆာဟာ သေချာကြည့်ပြီး နှုတ်ခမ်းအသာကိုက်ကာ ပြန်ဖြေပါတယ် “ညီမ အိန်ဂျယ်တောင်ပံတွေကို ကြိုက်တယ်”

‘ငါ ထွင်းထားတဲ့ မန္တန်တွေနဲ့ သင်္ကေတတွေက မလှဘူးဆိုရင်လည်း မလှဘူး ပြောစမ်းပါ... စကားလွှဲပြောစရာ မလိုပါဘူး... ဒီလက်ဖွဲ့ရဲ့ တကယ့်တန်ဖိုးက သူ့ရဲ့ စွမ်းအားပဲ’ ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ်။

သူဟာ သူ့ညီမကို မြန်မြန်ဝတ်ဖို့ တိုက်တွန်းမဲ့ဆဲဆဲမှာ မလီဆာဟာ လည်ဆွဲကို မဆွဲချင်ဆွဲချင်နဲ့ လည်ပင်းမှာဆွဲပြီး နေရာကျအောင် သေချာပြင်ပါတယ်။

“လုံးဝ လိုက်တယ်” ကလိုင်းဟာ သူ့ညီမကို သေချာကြည့်ပြီး လွန်လွန်ကဲကဲ ချီးကျူးပါတယ်။

မလီဆာဟာ သူ့ကို တစ်ချက်ကြည့်ပြီးနောက် လက်ဖွဲ့ကို ငုံ့ကြည့်ပါတယ်။ အဲဒီနောက် အားပျော့တဲ့ လေသံနဲ့...။

“ကလိုင်း... အစ်ကို အရင်က ဒီလိုမဟုတ်ပါဘူး... ဘာဖြစ်လို့...”

“အလုပ်ကောင်းလို့ နေမှာပေါ့... ဝင်ငွေလေး ကောင်းတော့ လူကလည်း ယုံကြည်ချက် ပိုရှိလာတယ်” ကလိုင်းဟာ သူ့ညီမစကားကို ဖြတ်ပြောပြီး ကြိုရှင်းပြပါတယ်။

‘ဟင်း... ငါ အရင်ကလိုင်းရဲ့ မှတ်ဉာဏ် အပိုင်းအစတွေကို ရခဲ့လို့ နေရာတော်တော်များများမှာ ပုံမှန်အတိုင်း နေနိုင်ပေမဲ့ တချို့ကိစ္စသေးသေးလေးတွေကိုတော့ မပြောင်းလဲနိုင်ဘူး... ငါ့ရဲ့ စရိုက်အမှန်ကို ပြမိတာပဲ... အထူးသဖြင့် ငါ ဘန်ဆင် မလီဆာတို့နဲ့ ပိုပြီး ရင်းနှီးလာတဲ့အခါမှာပေါ့...’ သူဟာ ရင်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။

မလီဆာဟာ သူ့ရှင်းပြချက်ကို လက်ခံသွားပုံရပြီး နှုတ်ခမ်းစူသွားပါတယ်။

“အစ်ကို ဒီလိုဖြစ်တာ ကောင်းပါတယ်... တကယ်ကို ကောင်းတယ်...”

သူတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ဘန်ဆင်ဟာ အဝတ်အစားလဲပြီးလို့ အောက်ဆင်းလာပါတယ်။ သူဟာ ရှပ်အင်္ကျီဖြူနဲ့ စွပ်ကျယ်နက် ထက်စီဒိုကို ဝတ်ဆင်ထားပါတယ်။ အနက်ရောင် လည်စည်းနဲ့ ဘောင်းဘီရှည်က သူ့ကို လူသစ်တစ်ယောက်လို ဖြစ်သွားစေပါတယ်။ အလုပ်တွေ ကြိုးစားပြီး အောင်မြင်သွားတဲ့ စီးပွားရေးသမား တစ်ယောက်လိုပါပဲ။

‘ဆံပင်ပုံစံကတော့ မပြောင်းဘူး...’ ကလိုင်းဟာ စိတ်ထဲမှာ ရယ်လိုက်ပါတယ်။

“လိုက်တယ်... ဒီဝတ်စုံက အစ်ကိုနဲ့ တော်တော် လိုက်တယ်” ကလိုင်းဟာ ရွှန်းလက်အောင် ပြုံးလိုက်ပါတယ်။

မလီဆာကလည်း ဘေးကနေ သဘောတူပါတယ်။

“ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ အဝတ်အစားက ငါ့ထက် ပိုကောင်းတယ်လို့ ပြောနေတယ်” ဘန်ဆင်ဟာ ကိုယ့်ကိုယ်ကိုယ် လှောင်တဲ့ မှတ်ချက် ပေးပါတယ်။

ကလိုင်းဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ကျန်တဲ့လက်ဖွဲ့ကို ထုတ်ယူပြီး စောစောက အတိုင်း ရှင်းပြကာ...။

“ကျွန်တော် အစ်ကိုအတွက်လည်း တစ်ခု လုပ်ထားတယ်”

“မဆိုဘူး... ငါ ဝတ်မယ်” ဘန်ဆင်ဟာ မလီဆာလို ဘာဘာညာညာမပြောဘဲ လက်ဖွဲ့ကို ယူကာ အရွှန်းဖောက်ပါတယ် “ကလိုင်း... မင်း ရုတ်တရက်ကြီး ဆံပင်ပြင်တက် အဝတ်အစားချုပ်တက် နာရီတွေ ပြင်တက်ပြီး အမွှေးထူမျောက်ကြီးကို အစာကျွေးတတ်ရင်တောင် ထူးဆန်းတယ်လို့ ခံစားရမှာ မဟုတ်ဘူး”

“ဘဝက အဲဒီလိုပဲ... အံ့အားသင့်စရာတွေ အပြည့်နဲ့” ကလိုင်းဟာ အပြုံးနဲ့ ပြန်ပြောပါတယ်။

အဲဒီနောက် မောင်နှမသုံးယောက်ဟာ သူတို့ကိုယ်သူတို့ သပ်ရပ်အောင် ပြုပြင်ပြီး တံခါးမကြီးကထွက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သံလမ်းမဲ့ အများသုံး မြင်းလှည်း ငှားစီးပြီး မြောက်ပိုင်းမြို့နယ် ဖေးနီယာလမ်းက ဆယ်လီနာရဲ့ အိမ်ဆီ ရောက်သွားပါတယ်။

ဝုဒ်မိသားစုကလည်း ခေါင်းမိုးဆက်အိမ်မှာ နေပါတယ်။ ကလိုင်းတို့အိမ်နဲ့ မတူတာက သူတို့ဆီမှာ ဆင်ဝင် ရှိပါတယ်။ အိမ်ရှေ့မှာလည်း ကြော့ရှင်းတဲ့ မြက်ခင်းသေးသေးလေး ရှိပါတယ်။

သူတို့တွေ လူခေါ်ခေါင်းလောင်းကို တီးလိုက်တဲ့အခါ ဆယ်စက္ကန့်မပြည့်ခင်မှာပဲ ဒီနေ့ရဲ့ ကြယ်ပွင့် ဆယ်လီနာဝုဒ်ကို တွေ့လိုက်ရပါတယ်။ ဆံပင်နီရဲနဲ့ ဆယ်လီနာဟာ မလီဆာကို ဝမ်းသာအားရ ဖက်ပါတယ်။

“ငါ နင့်အင်္ကျီကို ကြိုက်တယ်... ဒီအင်္ကျီနဲ့ နင် တော်တော် လှနေတယ်”

ဆယ်လီနာဝုဒ်ရဲ့ ဘေးမှာ ရပ်နေတာက သူမရဲ့အဖေ ဘက်ကလင်ဘဏ် ထင်းဂန်မြို့ဘဏ်ခွဲရဲ့ အကြီးတန်းဝန်ထမ်း မစ္စတာဝုဒ်ပါ။

“ကြိုဆိုပါတယ်... ဂုဏ်သရေရှိ အစ်ကိုကြီးနဲ့ သမိုင်းပညာရှင်ငယ်လေး...” မစ္စတာဝုဒ်ဟာ ဘန်ဆင်နဲ့ ကလိုင်းကို လွန်ကဲတဲ့ အမူအရာနဲ့ နှုတ်ဆက်ပါတယ်။

‘သမိုင်းပညာရှင်ငယ်လေး... ဘာဖြစ်လို့ ငါကျတော့ ဂုဏ်သရေရှိ မထည့်တာလဲ...’

ကလိုင်းဟာ စိတ်ထဲမှာ ခွန်းတုံ့ပြန်လိုက်ပေမဲ့ အပြင်မှာတော့ ဦးထုပ်ချွတ်ပြီး အပြုံးနဲ့ ပြန်နှုတ်ဆက်ပါတယ် “မစ္စတာဝုဒ်... မစ္စတာဝုဒ်က ကျွန်တော် ထင်ထားတာထက် ပိုငယ်ပြီး ပိုတက်ကြွတာပဲ”

ဘန်ဆင်ဟာ လက်ထုတ်ပြီး မစ္စတာဝုဒ်နဲ့ လက်ဆွဲ နှုတ်ဆက်ပါတယ်။

“ကျွန်တော် ဘဏ်ဝန်ထမ်း တော်တော်များများကို သိတယ်... သူတို့တွေ အကုန်လုံးက မာနကြီးတစ်ခွဲသားနဲ့ စက်တွေလိုပဲ... စကားပြောရတာ တော်တော် လက်ပေါက်ကပ်တယ်... ဘယ်သူမှ မစ္စတာဝုဒ်လောက် ယဉ်ကျေးမှု မရှိဘူး”

“မင်း ငါ့ကို ဘဏ်မှာသာ တွေ့ဖူးရင် အဲဒီလိုမျိုး ပြောဖြစ်မှာ မဟုတ်ဘူး” ဝုဒ်ဟာ ရယ်ကာမောကာ ပြန်ပြောပါတယ်။

အာလာပသလ္လာပ ပြောပြီးနောက် အင်္ကျီအသစ်နဲ့ ဆယ်လီနာဟာ သူတို့မောင်နှမသုံးယောက်ကို အထဲခေါ်သွားပါတယ်။ တစ်ခါတစ်လေမှာ သူမဟာ သာမန်လေသံနဲ့ “အဲလစ်ဇဘတ် ရောက်နေပြီ” လို့ ပြောပြီး တစ်ခါတစ်လေမှာ အသံအုပ်အုပ်နဲ့ “မလီဆာ... နင့်အစ်ကိုတွေက ငါ ထင်ထားတာထက် ပိုချောသားပဲ” လို့ ပြောပါတယ်။

‘ဟေး... ငါက နားကောင်းတယ်... အကုန်ကြားရတယ်... ငါ့ကို ချီးကျူးတာဆိုပေမဲ့...’ ကလိုင်းဟာ ရှေ့ကနေ လျှောက်သွားတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး နှစ်ယောက်ကို မတတ်နိုင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

‘မဟုတ်သေးပါဘူး... ငါက ရုပ်ချောဖို့ အများကြီး လိုပါသေးတယ်... ကျွတ်... မစ္စဆယ်လီနာ... ငါနဲ့ ဘန်ဆင်ကို ဘယ်လောက်တောင် ရုပ်ဆိုးတယ်လို့ တွေးထားတာလဲ... ခေါင်းတုံပြောင်ပြောင် သုန်သုန်မှုန်မှုန်နဲ့ ဝတုတ်ပြီး အသက်မဲ့တဲ့ မျက်လုံးတွေ ရှိတယ်လို့ ထင်နေတာလား...’ ကလိုင်းဟာ လမ်းလျှောက်ရင်း နဖူးလယ်ကို နှစ်ချက်တောက်ပြီး သူ့စိတ်ဝိညာဉ်အာရုံကို လေ့ကျင့်ပါတယ်။

‘မစ္စဆယ်လီနာဝုဒ်က ကျန်းမာတယ်... စိတ်လှုပ်ရှားပြီး တော်တော်လေး ပျော်နေတယ်... မစ္စတာဝုဒ်ရဲ့ အဆုတ်က နည်းနည်း ပြဿနာရှိတယ်...ဟုတ်သားပဲ... သူက ဆေးတံ သောက်တာကိုး...’ စိတ်ကောင်းဝင်နေတဲ့ ကလိုင်းဟာ လူစုကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။

“အဲလစ်ဇဘတ်... မလီဆာ လာပြီ” အဲဒီအချိန်မှာ ဆယ်လီနာက သွက်သွက်လက်လက် မိတ်ဆက်ပေးပါတယ်။

သူတို့ဆီကို ပြာလဲ့တဲ့အင်္ကျီနဲ့ မိန်းကလေးတစ်ယောက် လျှောက်လာပါတယ်။ သူမဟာ သဘာဝအတိုင်း တွန့်လိမ်နေတဲ့ အညိုရောင်ဆံပင်တွေရှိပြီး ကလေးငယ်လေးလို ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်းပါတယ်။

ကလိုင်းဟာ ဒီမိန်းကလေးကို မြင်တဲ့အခါ မှင်တက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေအောက်ဈေးမှာ သူ လက်ဖွဲ့ရွေးပေးခဲ့တဲ့ မိန်းကလေး ဖြစ်နေလို့ပါ။

အဲလစ်ဇဘတ်ဟာ ပထမဆုံး မလီဆာကို နှုတ်ဆက်ပြီး ဘန်ဆင်နဲ့ ကလိုင်းကို ကြည့်ပါတယ်။ သူမဟာ မှင်တက်သွားပြီး တစ်စုံတစ်ခုကို တွေးနေသလိုမျိုး မသိမသာ မျက်ခုံး ကြုတ်သွားပါတယ်။

မကြာခင်မှာပဲ အဲလစ်ဇဘတ်ဟာ ဘာမှမဖြစ်သလိုမျိုး ပြုံးပြီး ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်ပါတယ်။

ကလိုင်းကလည်း သူမကို မသိချင်ယောင် ဆောင်ပါတယ်။ ဝုဒ်ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့တွေဟာ ဧည့်ခန်းထဲ ရောက်သွားပြီး ဝုဒ်ရဲ့အစ်ကို ခရစ်နဲ့ တခြားဧည့်သည့်တွေကို နှုတ်ဆက်ရပါတယ်။

ကလိုင်းဟာ ဘန်ဆင်က ခရစ်တို့နဲ့ သူတို့ရဲ့ အိမ်နီးနားချင်း မစ္စရှားအကြောင်း စိတ်ပါလက်ပါ ပြောနေတာ ကြည့်ပြီး မနာလို ဖြစ်သွားပါတယ်။

‘ငါ့မှာ အဲဒီလောက် စကားပြောကောင်းတဲ့ အရည်အချင်း မရှိဘူး...’ သူဟာ အခန်းထောင့်မှာရှိတဲ့ စားပွဲပေါ်က ကော့တေးတစ်ခွက် ကောက်ယူပြီး တိတ်တဆိတ် နားထောင်ပါတယ်။ တစ်ခါတစ်လေမှာ သူဟာ အလိုက်သင့် လိုက်ပြုံးပါတယ်။

မကြာခင်မှာပဲ ဧည့်သည်တွေ အကုန်လုံး ရောက်လာပြီး မွေးနေ့ပွဲကို စတင်ကျင်းပပါတယ်။

ဧည့်သည်တွေ အများကြီး ဖိတ်ထားတဲ့အတွက် ဝုဒ်မိသားစုရဲ့ ထမင်းစားဝိုင်းနဲ့ လူတိုင်းကို မဆံ့ပါဘူး။ အဲဒါကြောင့် မွေးနေ့ပွဲကို ဘူဖေးပုံစံမျိုးပဲ ကျင်းပရပါတယ်။

အမျိုးသမီး အစေခံတွေဟာ အကင်ဟင်းလျာတွေ ကြက်ကင်၊ ငါးကြော်၊ အာလူးထောင်း စတဲ့ ဟင်းလျာတွေကို စားပွဲအသီးသီးပေါ် တင်ပါတယ်။ အမျိုးသား အစေခံတွေက အသားတွေ ပိုင်းဖြတ်ပေးပြီး ဧည့်သည်တွေကို သူတို့ကြိုက်တာ ယူစေပါတယ်။

ကလိုင်းဟာ ကြွေပန်းကန်တွေနဲ့ ငွေခက်ရင်း ဓားတွေကို ကြည့်ပြီး ဝုဒ်မိသားစုက လူလတ်တန်းစား မိသားစုအနေနဲ့ သုံးဖြုန်းလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

‘သူတို့တွေ ဒီလောက်ချမ်းသာရင် ခရစ်က မင်္ဂလာဆောင်ဖို့ ဘာဖြစ်လို့ နှစ်အများကြီး ပြင်ဆင်ရတာလဲ’ ကလိုင်းဟာ သူ့ညီမ ပြောခဲ့တာကို ပြန်တွေးပြီး ပ‌‌ဟေဠိ ဖြစ်သွားပါတယ် ‘ဟုတ်သားပဲ... ဒီလိုမျိုး အသုံးအဆောင်တွေဝယ်ဖို့ ပိုက်ဆံစုနေတာ ဖြစ်လိမ့်မယ်... သူတို့လို မိသားစုတွေအတွက်က လေးစားခံရဖို့ အရေးကြီးဆုံးပဲ’

ခံစားချက်မျိုးစုံကြားမှာ ကလိုင်းဟာ ပန်းကန်တစ်ချပ်ယူပြီး ထမင်းစားဝိုင်းဆီ လျှောက်သွားပါတယ်။ သူဟာ ပျားရည်သုတ်ထားတဲ့ အသားကင်တစ်ဖတ်ကို ခက်ရင်းနဲ့ ထိုးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ပါးဖောင်းဖောင်းနဲ့ အဲလစ်ဇဘတ်ဟာ သူ့နား ရောက်လာပါတယ်။ သူမဟာ ဟင်းလျာတွေကို ကြည့်ရင်း တီးတိုးပြောပါတယ်။

“အဲဒီတော့ ရှင်က မလီဆာရဲ့ အစ်ကိုပေါ့... ကျေးဇူးပဲ... ဆယ်လီနာက ကျွန်မပေးတဲ့ လက်ဖွဲ့ကို တော်တော်လေး ကြိုက်တယ်... သူ ပြောတာတော့ လက်ဖွဲ့က ဝတ်လိုက်တယ်ဆိုရင်ကို လန်းဆန်းသွားတယ်လို့ ခံစားရတယ်တဲ့”

‘ဆယ်လီနာ... လက်ဖွဲ့...’ ကလိုင်းဟာ သူ့ဘေးက မိန်းကလေးအတွက် လက်ဖွဲ့ရွေးပေးတဲ့ အကြောင်းရင်းကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘ဂမ္ဘီရနယ်ပယ်ကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပေးမလို့... ဒီတော့ အဲဒီသူငယ်ချင်းက ဆယ်လီနာပေါ့... ဆယ်လီနာက ဂမ္ဘီရနဲ့ ပတ်သက်တာတွေကို ကြိုက်တာလား...’ ကလိုင်းဟာ မသိမသာ မျက်မှောင်ကြုတ်သွားပြီး ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်ပါတယ်။

“အဲဒါက ပလက်ဆီဘို သက်ရောက်မှု ဖြစ်မှာပါ”

အဲဒီနောက် ကလိုင်းဟာ သူမဆီကနေ ဧကရာဇ်ရစ်ဆဲကို ချီးကျူးတဲ့စကား စောင့်ပါတယ်။ သို့ပေမဲ့ အဲလစ်ဇဘတ်က သူ့စကားကို နားမလည်ပုံပါပဲ။

“ပလက်ဆီဘို သက်ရောက်မှု ဆိုတာ ဘာကိုပြောတာလဲ”

“စိတ်ပညာအရ တစ်ခါတစ်လေမှာ ငါတို့တွေက ပိုကောင်းလာလိမ့်မယ်လို့ ယုံကြည်ရင် တကယ်ကို ပိုကောင်းသွားလေ့ရှိတယ်” ကလိုင်းဟာ အကြမ်းဖျင်း ရှင်းပြပါတယ်။

“မဟုတ်ဘူး... သူပြောတာတော့ အရင်က သူဝယ်ဖူးတဲ့ လက်ဖွဲ့တွေနဲ့ လုံးဝ မတူဘူး... ခံစားရတာ လုံးဝ ကွဲပြားတယ်တဲ့” အဲလစ်ဇဘတ်က လေးလေးနက်နက် ပြောပါတယ်။

သူမဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး စပ်စုပါတယ် “မလီဆာရဲ့ အစ်ကိုက ဂမ္ဘီရနယ်ပယ်မှာ ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်မ တစ်ခါမှ အိပ်မက်တောင် မမက်ဖူးဘူး”

“မင်း သိတဲ့အတိုင်းပဲ... ငါက သမိုင်းပညာရှင်လေ... အဲဒီတော့ ဒီလိုမျိုးကိစ္စတွေကို တွေ့နေကျပဲ” ကလိုင်းဟာ ပါးပါးနပ်နပ်ပဲ စကားလမ်းကြောင်း ပြောင်းရင်း မေးလိုက်ပါတယ် “မင်းကလည်း ထင်းဂန် နည်းပညာကျောင်းမှာ တတ်နေတာလား”

“မတတ်ပါဘူး... ဆယ်လီနာနဲ့ ကျွန်မက မလီဆာရဲ့ အတန်းဖော်ဟောင်းလေ... နောက်တော့မှ မလီဆာက နည်းပညာကျောင်း ရောက်သွားတာ... ကျွန်မက အီဗိုကျောင်းမှာပဲ ဆက်တတ်တယ်” အဲလစ်ဇဘတ်ဟာ လေးလေးနက်နက် ရှင်းပြပါတယ်။

လူထုကျောင်းက အစိုးရတည်ထောင်ပြီး အစိုးရ ထောက်ပံ့တဲ့ ကျောင်းမဟုတ်ပါဘူး။ လူအများကို လက်ခံတဲ့ စာသင်ကျောင်းပါ။ သဒ္ဒါသင်ပေးတဲ့ ကျောင်းတွေကနေ ဆင့်ကဲတိုးတက်လာတာ ဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်က တက္ကသိုလ်ဝင်နိုင်အောင် သင်ကြားပေးတာပါ။ အဲဒီကျောင်းတွေက ဈေးကြီးပြီး ကျောင်းသားရဲ့ နောက်ခံကိုပါ ထည့်စဉ်းစားပါတယ်။ သာမန် လူလတ်တန်းစား မိသားစုတွေတောင် ထားနိုင်တဲ့ ကျောင်းမျိုး မဟုတ်ပါဘူး။

သူမဟာ အများကြီး မပြောပါဘူး။ စားစရာ ထည့်ပြီးတာနဲ့ ဆယ်လီနာဘေး ပြန်သွားပါတယ်။

ဒီနေ့ရဲ့ ကြယ်ပွင့်ကို ဂုဏ်ပြုဝမ်းသာစကား ပြောပြီးနောက် မွေးနေ့ပွဲဟာ တဖြည်းဖြည်းနဲ့ ပြီးဆုံးသွားပါတယ်။ ကလိုင်းနဲ့ ဘန်ဆင်လည်း တခြားလူတွေနဲ့ ပိုကာကစားပါတယ်။ အသေးသမားက ပဲနိဝက်လောင်းရပြီး အကြီးသမားက တစ်ပဲနိလောင်းရပါတယ်။

မလီဆာ၊ အဲလစ်ဇဘတ်၊ ဆယ်လီနာနဲ့ သူမတို့ သူငယ်ချင်းတစ်စုကတော့ အပေါ်ထပ် တက်သွားပါတယ်။ သူတို့တွေ အတင်းပဲ တုတ်နေလား ဂိမ်းပဲ ကစားနေလားတော့ ကလိုင်း မသိပါဘူး။

ကလိုင်းကံက တော်တော် မကောင်းပါဘူး။ ပွဲနှစ်ဆယ်မှာ တစ်ပွဲမှ ကဒ်ကောင်းကောင်း မကျပါဘူး။ ဘေးမှာထိုင်ပြီးတော့ပဲ ပွဲကြည့်သမား လုပ်ရပါတယ်။

ကလိုင်းဟာ ကဒ်ကို လှန်ကြည့်လိုက်တဲ့အခါ ဟတ်နှစ်နဲ့ စပိတ်ငါး ကျပါတယ်။

‘ငါ တစ်ခါလောက် လှန့်လုံး ထုတ်ကြည့်မလား...’ ကလိုင်းဟာ တစ်ခဏ စဉ်းစားလိုက်ပေမဲ့ သတ္တိမရှိပါဘူး။ ဗေဒင်တွက်ကြည့်ပြီး ခိုးဆော့ချင်စိတ်ကိုလည်း မနည်းထိန်းထားရပါတယ်။

သူဟာ ကဒ်တွေကို ပြန်မှောက်ပြီး စားပွဲကို တောက်ကာ မခေါ်ကြောင်း ပြပါတယ်။ အဲဒီနောက် သူဟာ မတ်တတ်ရပ်ပြီး စားပွဲက ထကာ ရေချိုးခန်းဆီ လျှောက်သွားပါတယ်။

‘ရစ်ဆဲလ်က တကယ်ကို အစွဲအလန်းကြီးတာပဲ... တက်စ်ပိုကာကို မဟုတ်တဲ့ နာမည်ကြီး ပေးထားတယ်...’ ကလိုင်းဟာ ခေါင်းခါရင်း ရှေ့ဆက်လျှောက်ပါတယ်။

အဲဒီအချိန်မှာ သူဟာ ရုတ်တရက် ခြေလှမ်း တုံ့သွားပြီး မျက်ဆံ ကျဉ်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အာရုံထဲမှာ အပေါ်ထပ်ကနေ ထူးဆန်းတဲ့ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရလို့ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters