← Chapters

အရေးပေါ်

Vol. 9 Ch. 85

အရေးပေါ်

Vol. 9 Ch. 85

ထူးဆန်းမှောင်မိုက်တဲ့ လှုပ်ရှားမှုက တဒင်္ဂလေးပါ။ ကလိုင်းဟာ သူ သွေးလေချောက်ချားတယ်လို့တောင် သံသယ ဝင်သွားပါတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်အမြင်ကသာ မစူးရှရင် ဒီသာမန်မဟုတ်တဲ့ လှုပ်ရှားမှုကို ခံစားမိမှာ မဟုတ်ပါဘူး။

ကလိုင်းဟာ အပေါ်ထပ်က သူ့ညီမကို တွေးမိသွားပါတယ်။ သူဟာ လက်ကိုင်တုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ရေချိုးခန်းကို ကွေ့ကာ ဝုဒ်အိမ်ရဲ့ လှေကားထစ်ဆီ လျှောက်သွားပါတယ်။

အဲဒီနောက် သူ့ရဲ့ စိတ်ဝိညာဉ်အမြင်နဲ့ သဲလွန်စရှာပြီး လသာဆောင်ဘေးက အခန်းတစ်ခန်းဆီ ရောက်သွားပါတယ်။

‘ဒီအခန်းဖြစ်မယ်...’ ကလိုင်းဟာ လက်မြှောက်ပြီး နဖူးလယ်ကို နှစ်ချက် တောက်လိုက်တဲ့အခါ ရောင်ဝါတွေဟာ နံရံနဲ့ သစ်သားတံခါးကို ဖြတ်ပြီး သူ့မြင်ကွင်းထဲ ဝင်လာပါတယ်။ အရောင်အများစုက မှုန်ဝါးဝါး ကောက်ကြောင်းနဲ့ သာမန်ပဲ ရှိပါတယ်။

သို့ပေမဲ့ တစ်ရောင်ကတော့ အပေါ်ယံမှာ မှောင်မိုက်ပြီး အစိမ်းရင့်ရောင် သမ်းကာ တဖြည်းဖြည်း အတွင်းပိုင်းကို တိုက်စားနေပါတယ်။

‘ငါ ထင်တဲ့အတိုင်းပဲ... တစ်ခုခု မှားနေတယ်’ ကလိုင်းရဲ့ မျက်နှာဟာ လေးနက်သွားပြီး ဘယ်ဘက်လက်ကောက်ဝတ်မှာ ဝတ်ထားတဲ့ ငွေချိန်းကြိုးကို ညာလက်နဲ့ ဖြုတ်ပါတယ်။ အဲဒီနောက် ငွေချိန်းကြိုးကို ဘယ်လက်မှာ ကိုင်ပြီး ဥဿဖရားကို တွဲလောင်းချကာ ငြိမ်တဲ့အထိ စောင့်ပါတယ်။

ဥဿဖရား လှုပ်ရှားတာ ရပ်သွားတဲ့အခါ စိတ်ထဲမှာ ရွတ်ဆိုလိုက်ပါတယ် “ငါ့ရှေ့က အခန်းထဲမှာ သဘာဝလွန် အန္တရာယ် ရှိတယ်”

ပုံမှန်အားဖြင့် စိတ်ဝိညာဉ်တုတ်ဗေဒင်က သူနဲ့ သက်ဆိုင်တာ သူ့ဘေးပတ်လည်က နယ်ပယ်လေး တစ်ခုအတွက်ပဲ သင့်လျော်ပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ သူ့ရှေ့က အခန်းထဲမှာ သူ့ကို သက်ရောက်နိုင်တဲ့ အန္တရာယ်ရှိနေသလိုမျိုး ရွတ်ဆိုတာပါ။

...

“ငါ့ရှေ့က အခန်းထဲမှာ သဘာဝလွန် အန္တရာယ်ရှိတယ်”

ခုနစ်ခေါက် ရွတ်ဆိုပြီးလို့ ဥဿဖရားကို ကြည့်လိုက်တဲ့အခါ ကလိုင်း မျက်လုံး ပြူးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥဿဖရားက နာရီလက်တံအတိုင်း ခပ်မြန်မြန် လည်သွားလို့ပါပဲ။

ဒါက ဒီအခန်းထဲမှာ သဘာဝလွန် အန္တရာယ်ရှိနေပြီး အန္တရာယ်က သေးသေးလေး မဟုတ်ဘူးဆိုတာ ပြနေပါတယ်။

‘ဆယ်လီနာက ဂမ္ဘီရပညာကို စိတ်ဝင်စားတဲ့လူဆိုတော့ အစီအရင် တစ်ခုခုလုပ်ရင်း တစ်ခုခုများ မှားသွားတာလား... ငါ ဘာလုပ်ရမလဲ...’ ကလိုင်းဟာ နဖူးကို နှိပ်ပြီး ချိန်းကြိုး ပြန်ဝတ်ပါတယ်။ ပြီးတဲ့အခါမှာတော့ တံခါး ခေါက်လိုက်ပါတယ်။

“ဒေါက်... ဒေါက်... ဒေါက်...”

သူဟာ စည်းချကျကျ တံခါးခေါက်ပြီး မျက်နှာမှာလည်း ပြုံးလိုက်ပါတယ်။

ကျွီခနဲ တံခါးပွင့်သွားပြီး အဝတ်အစားသစ် ဝတ်ထားတဲ့ မလီဆာဟာ ကလိုင်းရှေ့မှာ ပေါ်လာပါတယ်။

“ကလိုင်း... ဘာဖြစ်လို့လဲ...” မလီဆာဟာ သူ့အစ်ကိုက ဒီကို ရောက်လာလိမ့်မယ်လို့ ထင်မထားတဲ့အတွက် တစ်ခဏ အံ့အားသင့်သွားပါတယ်။

ကလိုင်းဟာ အပြုံးမပျက်...။

“ညီမတို့တွေ ပျော်နေသံကြားလို့ လာကြည့်တာပါ”

“အစ်ကိုတို့ကို အနှောင့်အယှက် ပေးမိလို့ တောင်းပန်ပါတယ်” မလီဆာဟာ ‌ခေါင်းငုံ့ပြီး တောင်းပန်ကာ ကသိကအောက် မျက်နှာနဲ့ ပြောပါတယ် “ညီမတို့တွေ မှော်မှန်ဗေဒင် တွက်နေတာ... ဆယ်လီနာက တော်တော်လေး ကျွမ်းတယ်... ပျော်စရာလည်း ကောင်းတယ်”

‘မှော်မှန်ဗေဒင်... ငါ့ညီမရယ် ချာလီနဲ့ သရဲကဒ်ဂိမ်းကို ဘာလို့ မကစားတာလဲ’ ကလိုင်းဟာ ခေါင်းခါလိုက်ပြီး စိတ်တိုရခက် ရယ်ရခက် ဖြစ်သွားပါတယ်။

သူဟာ မလီဆာနောက်က အခန်းထဲကို ကြည့်လိုက်တဲ့အခါ ပါးချိုင့်ပေါ်အောင်ပြုံးပြီး ပီတိဖြာနေတဲ့ ဆယ်လီနာကို တွေ့လိုက်ရပါတယ်။

သို့ပေမဲ့ သူ့စိတ်ဝိညာဉ်အာရုံထဲမှာတော့ ငွေမှန် ကိုင်ထားတဲ့ ဆံပင်နီရဲ ကောင်မလေးကို မှောင်မိုက်တဲ့ အစိမ်းရင့်ရောင်က တဖြည်းဖြည်းချင်း တိုက်စားနေပါတယ်။

ကလိုင်းဟာ အမြန်ကောက်တွေးပြီး...။

“ဟီးဟီး... အစ်ကို မင်းတို့ ပျော်နေတာကို မနှောင့်ယှက်တော့ပါဘူး... အင်း... ဒါနဲ့ အဲလစ်ဇဘတ်ရော... ခုနတုန်းက သူနဲ့ အစ်ကိုနဲ့ ဖေးဆက်သဒ္ဒါအကြောင်း ပြောဖြစ်တယ်... သူက အစ်ကိုကို မေးခွန်းတချို့ မေးချင်တယ်လို့လည်း ပြောသွားသေးတယ်”

“အဲလစ်ဇဘတ်...” မလီဆာဟာ သူ့အစ်ကိုကို တစ်ချက် အကဲခတ်ပြီး လေးလေးနက်နက် ပြောပါတယ် “သူက ၁၆ နှစ်ပဲ ရှိသေးတယ်”

‘ဟေး... နင် ဘာတွေ တွေးနေတာလဲ...’ ကလိုင်းဟာ ချက်ချင်း ရှင်းပြပါတယ် “ဒီအတိုင်း သာမန်ဆွေးနွေးတာပါ... အဲလစ်ဇဘတ်က သမိုင်းနဲ့ ရှေးဟောင်း ဘာသာစကားကို တော်တော် စိတ်ဝင်စားတယ်”

မလီဆာဟာ အသက်ရှည်ရှည် ရှူပြီး ပြောပါတယ် “သူ အထဲမှာ ရှိတယ်... ညီမ သူ့ကို ပြောလိုက်မယ်”

“အင်း...” ကလိုင်းဟာ ခြေတစ်လှမ်း နောက်ဆုတ်ပြီး တံခါးကနေ ဘေးရွှေ့လိုက်ပါတယ်။

သူညီမ တစ်ဖက်လှည့်သွားတာကို ကြည့်ရင်း သူဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် မလီဆာ ဒုက္ခမရောက်လို့ တော်ပါသေးတယ်။

ကလိုင်း ဆယ်စက္ကန့်လောက်ပဲ စောင့်လိုက်ရပါတယ်။ အဲလစ်ဇဘတ်ဟာ ဇဝေဇဝါနဲ့ ထွက်လာပြီး...။

“မစ္စမိုရက်တီ... ဘာကိစ္စရှိလို့လဲ... ကျွန်မ သမိုင်းနဲ့ ရှေးဟောင်း ဘာသာစကားကို စိတ်ဝင်စားတယ်လို့ မပြောမိပါဘူး”

အဲဒီအချိန်မှာ ကလိုင်းရဲ့ လေးနက်တဲ့ မျက်နှာထားကို တွေ့လိုက်ရတာကြောင့် အဲလစ်ဇဘတ်ဟာ စကားရပ်သွားပြီး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပါတယ်။

ကလိုင်းဟာ ထောင့်ဖြတ် ခြေလှမ်းသုံးလေးလှမ်း လှမ်းပြီး မလီဆာကို တံခါးနောက်မှာ ပုန်းဖို့ အချက်ပြပါတယ်။ ပါးဖောင်းဖောင်းနဲ့ အဲလစ်ဇဘတ်ဟာ သူ့ရဲ့ လေးနက်တဲ့ မျက်နှာထားရဲ့ လွှမ်းမိုးမှုကြောင့် သူပြောတဲ့အတိုင်း လိုက်လုပ်ပါတယ်။

“မင်း သိတဲ့အတိုင်းပဲ... ငါက ဂမ္ဘီရဝါသနာအိုး...” ကလိုင်းဟာ တုံ့ခနဲရပ်ပြီး အဲလစ်ဇဘတ်ဘက် လှည့်ကာ လိုရင်းကို တန်းပြောပါတယ်။

အဲလစ်ဇဘတ်ဟာ ခေါင်းညိတ်ပါတယ် “ကျွန်မ သိတယ်... ရှင်က ဂမ္ဘီရနယ်ပယ်မှာ ဆရာမလား”

“မဟုတ်ဘူး... ငါက ဝါသနာအိုးအဆင့်ပဲ ရှိတယ်... ဒါပေမဲ့ မင်းတို့ မှော်မှန်ဗေဒင်က ပြဿနာရှိနေတာကို ငါ သတိထားမိတယ်” ကလိုင်းဟာ အသံလေးကြီးနဲ့ ပြောပါတယ်။

“ပြဿနာရှိတယ်...” အဲလစ်ဇဘတ်ဟာ အသံကျယ်သွားတဲ့အတွက် သူမပါးစပ်ကို လက်နဲ့ အမြန်အုပ်လိုက်ပါတယ်။

ကလိုင်းဟာ တစ်ခဏ တွေးပြီး...။

“စကားချည်းပဲ ပြောနေလို့ မင်း ငါ့ကို ယုံမှာ မဟုတ်ဘူး... အခန်းထဲကို ပြန်သွားပြီး ဆယ်လီနာ အာရုံမစိုက်တုန်းမှာ ဆယ်လီနာ တစ်ချိန်လုံးဖွက်ထားတဲ့ မှန်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်...”

“ဆယ်လီနာ မှန်မျက်နှာပြင်ကို တစ်ချိန်လုံး ဖွက်ထားတယ်ဆိုတာ ရှင် ဘယ်လိုလုပ် သိတာလဲ” အဲလစ်ဇဘတ်ဟာ လွှတ်ခနဲ မေးမိလိုက်ပါတယ်။

‘ညသိမ်းငှက်တွေရဲ့ သတင်းအချက်အလက်အရ မကောင်းဆိုးဝါးနဲ့ ပတ်သက်တဲ့ မှော်မှန်ဗေဒင်တွေမှာ ၉၀ ရာခိုင်နှုန်းကျော်က အဲဒီလိုမျိုးပဲ...’ ကလိုင်းဟာ အပြုံးနဲ့ ဖြေပါတယ် “အထွေထွေ ဗဟုသုတ”

သံသယတစ်ဝက် ကြောက်ရွံ့ခြင်းတစ်ဝက်နဲ့ အဲလစ်ဇဘတ် အခန်းထဲ ပြန်ဝင်သွားတဲ့အခါ ကလိုင်းရဲ့ မျက်နှာပေါ်က အပြုံးဟာ ရုတ်ခြည်း ပျောက်ကွယ်ပြီး စိုးရိမ်စိတ် ယှက်သမ်းသွားပါတယ်။

‘ငါတို့တွေက မြောက်ပိုင်းမြို့နယ်ထဲမှာ ဆိုပေမဲ့ ဖေးနီယာလမ်းကနေ ဇိုးတလန်လမ်းကို သွားဖို့ဆိုရင် အများသုံးမြင်းလှည်းနဲ့တောင် အနည်းဆုံး ၁၅ မိနစ်ကြာမှာ... အဲဒီတော့ ကပ္ပတိန် ရောက်လာတဲ့အချိန်ကျရင် အခြေအနေက အဖတ်ဆယ်မရဖို့ များတယ်...’

‘ဘန်ဆင်နဲ့ မလီဆာသာ ဒီမှာ မရှိရင်... ဒါပေမဲ့ ငါ အဲဒီ ပုန်းလျှိုးနေတဲ့ အမျိုးအမည်မသိ တည်ရှိမှုတွေကို ရင်မဆိုင်နိုင်ဘူး... အဲဒါကို ဟန့်တားဖို့ ငါ့မှာ ဘာနည်းလမ်းရှိလဲ... ဟုတ်ပြီ... ဆယ်လီနာက ဂမ္ဘီရဝါသနာအိုးပဲ... အဲဒီတော့ သူ့အခန်းမှာ ရေသန့်၊ အမွှေးဆီ၊ ‌ဆေးပင်တွေနဲ့ တခြားပစ္စည်းတွေ ရှိလောက်တယ်...’

ကလိုင်း ဦးနှောက်ခြောက်အောင် ဖြေရှင်းချက် စဉ်းစားနေတုန်းမှာ အဲလစ်ဇဘတ်ဟာ ဆယ်လီနာနဲ့ ပြောစရာရှိတယ်ဆိုပြီး ဆယ်လီနာရဲ့ဘေးမှာ ထိုင်ပါတယ်။

သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မိန်းကလေးဟာ လူတိုင်းရဲ့ စ,နောက်မှုအောက်မှာ ရှက်သွေးဖြာနေပေမဲ့ ဝိုင်တစ်ငုံစာ သောက်လိုက်ပါတယ်။ သူမဟာ တစ်ကိုယ်လုံးမှာရှိတဲ့ သတ္တိကို စုစည်းပြီး မေးပါတယ် “ငါ့ကို တွက်ပေးဦး... ဘယ်အချိန်ကျရင် ရုပ်ချောပြီး အချစ်ကြီးတဲ့ အမျိုးကောင်းသားနဲ့ တွေ့ရမလဲဆိုတာ...”

ဆယ်လီနာဟာ ချောင်းနှစ်ချက် အသာဟန့်ပြီး မှန်ရဲ့ကျောဘက်ကို ပွတ်ပါတယ် “မှန်လေး မှန်လေး... ငါ့ကို ပြောစမ်းပါ... ယိုနီနာရဲ့ ရင်ထဲက အမျိုးကောင်းသား ဘယ်တော့ ပေါ်လာမလဲဆိုတာ...”

ဒီလိုမျိုး သုံးခါ ရွတ်ဆိုပြီးနောက် ဆယ်လီနာဟာ မှန်ကို ကောက်ယူပြီး သူမရှေ့ မြှောက်လိုက်ပါတယ်။

အဲလစ်ဇဘတ်ဟာ အဲဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ကိုယ်ကို ရုတ်တရက်လှည့်ပြီး ခေါင်းဆန့်ကာ တစ်ချက် ကြည့်လိုက်ပါတယ်။ သူမ ထင်ထားတာက ဆယ်လီနာရဲ့ မျက်နှာနဲ့ သူမရဲ့ မျက်နှာတစ်ဝက်ကို မြင်ရမယ်လို့ပေါ့။

ဒါပေမဲ့ သူမ မြင်လိုက်ရတာက ဆယ်လီနာ တစ်ယောက်တည်းပါ။ မှန်သေးသေးလေးထဲမှာ ဆယ်လီနာပဲ ရှိပြီး ဆယ်လီနာရဲ့ တစ်ကိုယ်လုံး ပေါ်နေပါတယ်။

မှန်ဟာ လုံးဝ မည်းနည်နေပြီး ဆယ်လီနာက အေးစက်တဲ့မျက်နှာနဲ့ အလယ်မှာ ရပ်နေပါတယ်။

အဲလစ်ဇဘတ်ဟာ တစ်ကိုယ်လုံး တုန်ယင်ပြီး ဆိုဖာပေါ် ပစ်လှဲလိုက်ပါတယ်။ သူမဟာ အသက်ရှူဖို့တောင် တဒင်္ဂ မေ့သွားပါတယ်။

သူမဟာ ဘာအကြောင်းပြချက်မှ မပေးဘဲ ချက်ချင်း မတ်တတ်ထပြီး ယိုင်တိယိုင်တိုင်နဲ့ တံခါးဆီ လျှောက်သွားပါတယ်။ သူမဟာ ပြုံးနေတဲ့ ဆယ်လီနာကို တစ်ချက်ကလေးတောင် လှည့်မကြည့်ရဲပါဘူး။

“ယိုနီနာရဲ့ အမျိုးကောင်းသားက နှစ်ဝက်နေရင် ဒုတိယအပတ်ရဲ့ တနင်္ဂနွေနေ့မှာ ပေါ်လာလိမ့်မယ်...”

တခစ်ခစ် ရယ်သံတွေကြားမှာ အဲလစ်ဇဘတ်ဟာ တံခါးဖွင့်ပြီး အခန်းထဲက ထွက်လိုက်တဲ့အခါ အရိပ်ထဲမှာ ရပ်နေတဲ့ ကလိုင်းကို တွေ့လိုက်ရပါတယ်။

“မစ္စတာ မိုရက်တီ... ကျွန.. ကျွန်မ...” သူမဟာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားပါတယ်။

ကလိုင်းဟာ တည်တည်ငြိမ်ငြိမ် ပြုံးလိုက်ပါတယ်။

“အထဲကလူတွေကို မနှောင့်ယှက်နဲ့”

သူ့ရဲ့ အပြုံးကြောင့် အဲလစ်ဇဘတ်ဟာ သိသိသာသာ တည်ငြိမ်သွားပြီး တံခါးပိတ်ကာ ကလိုင်းနားကို ခပ်သွက်သွက် လျှောက်သွားပါတယ်။

“ကျွန်မ ကြည့်ပြီးပြီ... မှန်ထဲမှာ ဆယ်လီနာပဲ ရှိတယ်... နတ်ဆိုးလို ဆယ်လီနာ...” သူမဟာ အသံဩဩနဲ့ တိုးတိုးပြောပါတယ်။

‘ငါထင်တဲ့ အတိုင်းပဲ...’ ကလိုင်းရဲ့ မျက်နှာဟာ လေးနက်သွားပြီး အသံနက်နဲ့ မေးပါတယ်။

“ဆယ်လီနာရဲ့ အိပ်ခန်းကို သိလား... သူ့ရဲ့ ဂမ္ဘီရပစ္စည်းတွေ ဘယ်နားမှာထားလဲ ဆိုတာကိုရော သိလား”

“အဲဒီမှာ... ဂမ္ဘီရပစ္စည်းတွေလည်း အဲဒီမှာပဲ...” အဲလစ်ဇဘတ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ထောင့်ဖြတ်က အခန်းတစ်ခန်းကို ထိုးပြပါတယ်။

ကလိုင်းဟာ လက်ကိုင်တုတ်ကိုင်ရင်း လျှောက်သွားပြီး သစ်သားတံခါးကို ဖွင့်လိုက်ပါတယ်။ လမ်းမီးနဲ့ ကြက်သွေးရောင်လရောင် အောက်မှာ သူဟာ ဓာတ်ငွေ့မီးအိမ်ကို ထွန်းလိုက်ပါတယ်။

အဝါရောင်ဖျော့ဖျော့ တောက်ပလာတဲ့အခါ ကလိုင်းဟာ ရေသန့်လေးပုလင်း၊ ပန်းဆီ၊ ဆေးပင်မှုန့်သေတ္တာတွေ၊ ဖယောင်းတိုင်တွေနဲ့ လက်ဖွဲ့တွေကို တွေ့လိုက်ရပါတယ်။

ဒီပစ္စည်းတွေကို စားပွဲပေါ်နဲ့ စင်တစ်ခုပေါ်မှာ သေသေသပ်သပ် စီထားပါတယ်။ နာမည်တွေကိုလည်း စတစ်ကာနဲ့ကပ်ပြီး ရေးထားပါတယ်။

သူလိုချင်တဲ့ ပစ္စည်းတွေရှိတယ်ဆိုတာ အတည်ပြုပြီးနောက် ကလိုင်းဟာ သူ့နောက်ကလိုက်လာတဲ့ အဲလစ်ဇဘတ်ကို မေးပါတယ် “မင်း ဆယ်လီနာကို ကယ်ချင်လား”

“ကယ်ချင်တယ်” အဲလစ်ဇဘတ်ဟာ အလိုလို ခေါင်းညိတ်လိုက်ပြီးနောက် တွေဝေဝေနဲ့ မေးပါတယ် “အန္တရာယ်ရှိမှာလား”

“နည်းနည်းတော့ ရှိတယ်... ငါက ဂမ္ဘီရဝါသနာအိုးအဆင့်ပဲ ရှိတာလေ” ကလိုင်းဟာ ပွင့်ပွင့်လင်းလင်း ဖြေပါတယ်။

“အန္တရာယ် နည်းနည်း ရှိတယ်...” အဲလစ်ဇဘတ်ဟာ နှုတ်ခမ်းကို သုံးလေးစက္ကန့်ကြာအောင် တင်းတင်းစေ့ထားပြီးမှ...။

“ကျွန်မ ဘာလုပ်ပေးရမှာလဲ”

ကလိုင်းဟာ နွေးထွေးစွာ ပြုံးပြီး သူမကို နှစ်သိမ့်ပေးပါတယ် “မကြောက်နဲ့... အခု မင်းလုပ်ရမှာက ဘာမှမဖြစ်သလိုမျိုး ဆယ်လီနာရဲ့ဘေးကို ပြန်သွားချည်... ငါးမိနစ်ကြာရင်... သေချာမှတ်ထား ငါးမိနစ်နော်... ဆယ်လီနာကို အံ့ဖွယ်လက်ဆောင် ပေးစရာ ရှိတယ်ဆိုပြီး ငါ့ဆီ ခေါ်လာခဲ့ချည်... တံခါးကို ညင်ညင်သာသာခေါက်... အရှည်တစ်ချက် အတိုနှစ်ချက်... ပြီးရင် ကျန်တာကို ငါ့တာဝန်ထား...”

အဲလစ်ဇဘတ်ဟာ တိတ်တဆိတ် စဉ်းစားပြီးမှ အလေးအနက် ခေါင်းညိတ်ပါတယ်။

“ရတယ်”

သူမ ပြန်သွားတာကို တွေ့ရတဲ့အတွက် ကလိုင်းဟာ အိတ်ဆောင်နာရီကို တစ်ချက် ကြည့်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ဆယ်လီနာရဲ့ အိပ်ခန်းတံခါးကို ပိတ်ပြီး စားပွဲကို ခပ်မြန်မြန် ရှင်းပါတယ်။ ပြီးတဲ့အခါမှာတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ကောက်ယူပြီး ကုလားထိုင်ပေါ် တင်လိုက်ပါတယ်။

အဲဒီနောက် သူဟာ ချက်ချင်းဆိုသလို အနံ့သိပ်မပြင်းတဲ့ ဖယောင်းတိုင်နှစ်တိုင်ကို ယူပြီး စားပွဲရဲ့ အပေါ်ဘက် ဘယ်ဘက်ထောင့်နဲ့ ညာဘက်ထောင့်မှာ ထားပါတယ်။

ဒီဖယောင်းတိုင်နှစ်တိုင်က ကြက်သွေးရောင် မိန်းမပျိုနဲ့ ကပ်ဘေးနဲ့ ချောက်ချားမှုတို့ရဲ့ ဧကရီကို ကိုယ်စားပြုတဲ့ သင်္ကေတတွေပါ။

ကလိုင်းဟာ ဒီနေရာမှာ အစီအရင်တစ်ခုလုပ်ပြီး ထာဝရညနတ်ဘုရားမရဲ့ စွမ်းအားကို ငှားယူကာ ဆယ်လီနာကို သက်ရောက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးအမည်မသိ တည်ရှိမှုကို ဖယ်ရှားဖို့ စီစဉ်ထားပါတယ်။

သူက ဆုံမှတ် ၉ ပဲ ရှိသေးတဲ့အတွက် သူသိတဲ့ အစီအရင်တွေက စွမ်းအား သိပ်မကြီးပါဘူး။ အဲဒါကြောင့် သူ့အစီအစဉ် အောင်မြင်ဖို့အတွက် အဲလစ်ဇဘတ်က ဆယ်လီနာကို ချိပ်ပိတ်စက်ဝိုင်းထဲ ယဇ်ပလ္လင်နား ခေါ်လာဖို့ လိုအပ်ပါတယ်။

အဲဒါကြောင့် သူဟာ ဆယ်လီနာ သတိထားမိပြီး ခုခံမဲ့ အခြေအနေကို ထည့်စဉ်းစားဖို့ လိုပါတယ်။

ဒီအကြောင်းရင်းတွေကြောင့် ကလိုင်းဟာ ဆိုင်းငံ့လို့ရတဲ့ အစီအရင်ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters