မထင်ထားတဲ့ အန္တရာယ်
Vol. 9 Ch. 86
သာလွန်သူတွေရဲ့ ဆိုင်းငံအစီအရင်ဆိုတာက အစီအရင်တစ်ခုကို စထားပြီး တခြားလုပ်စရာရှိတဲ့ ကိစ္စတွေကို အရင်ပြီးအောင် ပြောင်းလုပ်၊ ပြီးတော့မှ အစီအရင် ဆက်လုပ်တာကို ပြောတာပါ။ အဲဒီလို အစီအရင်ကို အလယ်မှာ ခဏရပ်လိုက်ပေမဲ့ ဆိုင်းငံအစီအရင်က အကျိုးပေးပါသေးတယ်။
ဒီနည်းလမ်းက အစီအရင်ပညာရပ် နှစ်တစ်ထောင်ကျော် တိုးတက် ပြောင်းလဲရာကနေ ထွက်ပေါ်လာတာပါ။ ဘာဖြစ်လို့လဲဆိုတော့ အဆင့်မြင့်အစီအရင်တွေက အဆင့်တွေ အများကြီး လုပ်ရတဲ့အတွက် တချို့အစီအရင်တွေဟာ တစ်နာရီကနေ နေ့ဝက်ထိ ကြာမြင့်ပါတယ်။ အဲဒီအချိန်အတွင်းမှာ လုံးဝ နှောင့်ယှက်မခံရဖို့ မတော်တဆ မဖြစ်ဖို့က တော်တော်လေး မသေချာပါဘူး။
ရှေးလူတွေရဲ့ သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့ သင်ခန်းစာတွေကို ရယူပြီးနောက်မှာ နောက်လူတွေက ကျရှုံးမှုတိုင်းဆီကနေ သင်ခန်းစာ ထပ်ယူခဲ့တဲ့အတွက် နောက်ဆုံး ဆိုင်းငံ့အစီအရင်က အဆင့်မြင့် အစီအရင်တွေကြားထဲမှာ တွင်ကျယ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ ဆိုင်းငံအစီအရင်က အဆင့်နိမ့် အစီအရင်တွေကြားမှာပါ ရေပန်းစားလာခဲ့ပါတယ်။
သို့ပေမဲ့ ဆိုင်းငံအစီအရင်က ကြိုက်တဲ့အချိန် ဆိုင်းငံ့လို့ မရပါဘူး။ ဂမ္ဘီရသီအိုရီတွေကို နားလည်ပြီး သက်ဆိုင်တဲ့ ပညာရပ်ကို ပိုင်နိုင်ရပါတယ်။ မဟုတ်ရင် အစီအရင် မအောင်မြင်ဖို့က သေချာပါတယ်။ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးကိုတောင် တန်ပြန် ခံစားရနိုင်ပါတယ်။
ကလိုင်း နားလည်ထားသလောက် ပြောရရင် စီရင်သူက စွမ်းအားကြီး တည်ရှိမှုတစ်ခုခုရဲ့ အာရုံစိုက်မှုကို ရပြီးလို့ အဲဒီတည်ရှိမှုက တောင်းဆိုတာကို စောင့်ဆိုင်းနေချိန်မှာ သန့်စင်ခန်း ခဏသွားဦးမယ်လို့ ရုတ်တရက် သွားပြောလိုက်ရင် ဟိုက နောက်တစ်ခါ သန့်စင်ခန်းသွားစရာ မလိုအောင် လုပ်ပေးလိုက်မှာပါ။
“ဟူး...” ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး စိတ်ငြိမ်အောင် ထိန်းပါတယ်။
သူဟာ ကံကောင်းစေတဲ့ အစီအရင်ကို အကြိမ်အများကြီး လုပ်ခဲ့ဖူးပါတယ်။ တရားမျှတမှုနဲ့ လူဇောက်ထိုး စမ်းသပ်နိုင်အောင် အစီအရင်တစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ ဂမ္ဘီရနယ်ပယ်က စည်းမျဉ်းစည်းကမ်းတွေ အတိုင်း စီရင်တာတော့ ဒါ ပထမဆုံးအကြိမ်ပါ။
ခုတင်ဘေးမှာ ထောင်ထားတဲ့ သူ့လက်ကိုင်တုတ်ကို ကြည့်ပြီးနောက် ကလိုင်းဟာ တတိယမြောက် ဖယောင်းတိုင်ကို ကောက်ယူကာ စားပွဲရဲ့ အလယ်မှာ ထားပြီး သူ့ကို ရည်ညွှန်းပါတယ်။
ပြီးတဲ့အခါမှာတော့ ဆယ်လီနာ အစီအရင်အတွက် သုံးတဲ့ ငွေပန်းကန်လုံးကို တတိယ ဖယောင်းတိုင်ရှေ့မှာ ထားပြီး ပုဆိန်နေရာမှာ တံဆိပ်တော်ကို အစားထိုးပါတယ်။ ဘယ်ဘက်မှာတော့ ရေစင်နဲ့ လပန်း၊ ညအိပ်ပန်းနဲ့ တခြားအပင်တွေက ထုတ်ထားတဲ့ ပန်းအဆီ ရှိပါတယ်။ ညာဘက်မှာတော့ ဆားတစ်ပန်းကန်၊ ငွေဓားမြှောင် တစ်ချောင်း၊ သိုးသားရေတု တစ်ရွက်နဲ့ မှင်စွတ်ထားတဲ့ ငန်းကလောင်တံ တစ်ချောင်း ရှိပါတယ်။
ကံကောင်းထောက်မစွာပဲ ဆယ်လီနာဆီမှာ ပစ္စည်း အစုံအလင် ရှိနေပါတယ်။ မဟုတ်ရင် သူ ဘယ်လိုနည်းလမ်းနဲ့မှ ဒီပြင်ဆင်မှုကို ပြီးအောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ လူအိုကြီးနီးလ် စီရင်တဲ့ အတော်အတန်မြန်တဲ့ အစီအရင်မျိုးက သူ့လိုအမြင်ဆရာ စီရင်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။
ကြည့်ရသလောက်တော့ ဆယ်လီနာက တော်တော်လေး အတွေ့အကြုံရှိတဲ့ ဂမ္ဘီရဝါသနာအိုးပါ။ ဟုတ်ပါတယ်။ အတွေ့အကြုံမရှိရင် ဘယ်လိုလုပ်ပြီး ဒီလိုပြဿနာမျိုး တက်မှာလဲ။ သူမက ၁၆ နှစ်ပဲ ရှိသေးပေမဲ့ ဂမ္ဘီရနယ်ပယ်ထဲကို ထဲထဲဝင်ဝင် ရောက်လာတာ အနည်းဆုံး တစ်နှစ်ကျော်လောက်ပါပြီ။ ဘယ်သူက သူမကို လမ်းညွှန်ပေးတာလဲ။
ကလိုင်းဟာ အတွေးများရင်း ခုတင်ပေါ်ကနေ ဆယ်လီနာရဲ့ခွက်ကို ယူလိုက်ပါတယ်။ အဲဒီနောက် သာမန်ရေ ထည့်ပြီး ဆားကြမ်းဘေးမှာ ထားပါတယ်။
အဲဒီနောက် သူဟာ အိတ်ဆောင်နာရီကို ထုတ်ပြီး ဖွင့်ကြည့်ပါတယ်။ တစ်ချက်ကြည့်ပြီးတာနဲ့ စိတ်ထဲမှာ အလင်းစက်လုံးပုံ မြင်ယောင်ကာ စိတ်ငြိမ်အေးချမ်းတဲ့ အခြေအနေထဲ ခပ်မြန်မြန် ဝင်သွားပါတယ်။
ပန်းရနံ့နဲ့ ပြည့်သွားတဲ့ အခန်းထဲမှာ သဏ္ဍာန်မဲ့ လေပွေတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပါတယ်။ အိတ်ဆောင်နာရီကို သိမ်းပြီးနောက် ကလိုင်းရဲ့ မျက်လုံးတွေဟာ ရုတ်တရက်ဆိုသလို မည်းနက်သွားပါတယ်။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို မြင်နိုင်သလိုမျိုး အညိုရောင်ကနေ အနက်ရောင် ပြောင်းသွားပါတယ်။
သူဟာ လက်ဖဝါးကို ဆန့်ထုတ်ပြီး အပေါ်ဘက် ညာထောက်က ဖယောင်းတိုင်ရှေ့မှာ ထားပါတယ်။ အဲဒီနောက် စိတ်ထဲကနေ ရွတ်ဆိုလိုက်ပါတယ် “ထာဝရညနတ်ဘုရားမ... အရှင်မဟာ ကြက်သွေးရောင် မိန်းမပျိုပါ”
ကလိုင်းဟာ ရွတ်ဆိုပြီးတဲ့အခါ စိတ်ဝိညာဉ်စွမ်းအား ထုတ်ပြီး ဖယောင်းတိုင်ကို မီးညှိပါတယ်။ တစ်ခဏအကြာမှာ ဖယောင်းတိုင်ဟာ ရုတ်တရက် မီးထတောက်ပါတယ်။ ဖယောင်းတိုင်ရဲ့ အဝါရောင်ဖျော့ဖျော့ အလင်းရောင်ထဲမှာ အေးချမ်းငြိမ်သက်တဲ့ အပြာရောင် ရှိနေပါတယ်။
“ထာဝရညနတ်ဘုရားမ... အရှင်မဟာ ကပ်ဘေးဒုက္ခနဲ့ ချောက်ချားမှုတို့ရဲ့ ဧကရီပါ”
ခုနကလိုပဲ ကလိုင်းဟာ အပေါ်ဘက် ဘယ်ဘက်ထောင့်က ဖယောင်းတိုင်ကို အောင်အောင်မြင်မြင် မီးညှိလိုက်ပါတယ်။
“ကျွန်တော်မျိုးက အရှင်မရဲ့ သစ္စာရှိ အစောင့်စစ်သည်ပါ... ညအမှောင်ထုထဲက အန္တရာယ်တွေကို ခုခံကာကွယ်တဲ့ ဒိုင်းပါ... တိတ်ဆိတ်နေတဲ့ မကောင်းဆိုးဝါးတွေကို ထိုးစိုက်ဖယ်ရှားတဲ့ လှံရှည်ပါ”
“ဝှစ်...”
ကလိုင်းကို ကိုယ်စားပြုတဲ့ တတိယမြောက် ဖယောင်းတိုင်က မီးထတောက်ပါတယ်။
အဲဒီနောက် သူဟာ ငွေဓားကို ကောက်ယူပြီး လူအိုကြီးနီးလ် လုပ်တဲ့အတိုင်း လိုက်လုပ်ပါတယ်။ သန့်စင်ဖို့အတွက် မန္တန်၊ ဆားကြမ်းနဲ့ သာမန်ရေကို သုံးပါတယ်။ ပြီးတဲ့အခါမှာတော့ သူ စုစည်းထားတဲ့ စိတ်ဝိညာဉ်စွမ်းအားကို ငွေဓားမြှောင်ရဲ့ ဓားဦးကနေ အန်ထွက်စေပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းစေပါတယ်။
ကလိုင်းဟာ ငွေဓားမြှောင်ကို ကိုင်ပြီး အိပ်ခန်းပတ်လည် လျှောက်ပါတယ်။ ခုတင်နေရာ ရောက်တော့ သူဟာ ဒူးထောက်ပြီး သွားပါတယ်။ အဲဒီလိုနဲ့ သူဟာ တစ်ခန်းလုံးကို သဏ္ဍာန်မဲ့ အရံအတားနဲ့ ချိပ်ပိတ်လိုက်ပါတယ်။
ပြတင်းပေါက် အပြင်ဘက်က လမ်းမီးရောင်ဟာ ရုတ်တရက် ပျောက်ကွယ်သွားပေမဲ့ ကြက်သွေးရောင် လရောင်ကတော့ အခန်းထဲမှာ တိတ်တဆိတ် သာနေတုန်းပါ။
ကလိုင်းဟာ စားပွဲဆီ ပြန်သွားပြီး ငန်းကလောင်တံကို ကောက်ယူပါတယ်။ အဲဒီနောက် စိတ်ဝိညာဉ်စွမ်းအားနဲ့ မှင် ရောသုံးပြီး ကပ်ဘေးကို နှင်ထုတ်တဲ့ မန္တန်တွေ သင်္ကေတတွေ ရေးဆွဲပါတယ်။
အဲဒါတွေ အကုန်လုံး ပြီးသွားတဲ့အခါ သူ ကိုင်ထားတာတွေကို အောက်ချပြီး ရေစင်၊ ပန်းအဆီနဲ့ ရေမွှေးအဆီတွေကို ဖယောင်းတိုင်သုံးတိုင်ပေါ် တစ်မျိုးတစ်စက်စီ ချပါတယ်။
“ရှဲ... ရှဲ... ရှဲ...”
အခန်းထဲမှာ မြူခိုးခပ်ယဲ့ယဲ့ ပေါ်လာပြီး ရုတ်တရက်ဆိုသလို နည်းနည်း လျှို့ဝှက်ဆန်းကြယ် သွားစေပါတယ်။
အဲဒီနောက် သူဟာ ဆေးပင်အချို့ကို မီးရှို့ပြီး ရောထွေးတဲ့ရနံ့တွေကနေ ခြေတစ်လှမ်းဆုတ်ကာ ဆိုင်းငံအစီအရင်နဲ့ သက်ဆိုင်တဲ့ မန္တန်ကို စတင် ရွတ်ဆိုပါတယ်။
“ကြယ်တကာတို့ထက် မွန်မြတ်တော်မူပြီး အနှိုင်းမဲ့ခြင်းထက် အနှိုင်းမဲ့တော်မူပါသော ထာဝရညနတ်ဘုရားမ...”
“အရှင်မ၏ မေတ္တာတော်အတွက်...”
“အရှင်မ၏ သက်ဝင်ယုံကြည်သူတို့ အပေါ် ထားရှိသော ကရုဏာတော်အတွက်...”
“အရှင်မ၏ ကြက်သွေးရောင်လ စွမ်းအားအတွက်...”
“အရှင်မ၏ ကပ်ဘေးဒုက္ခနှင့် ချောက်ချားမှုတို့၏ စွမ်းအားအတွက် ဆုတောင်းပါတယ်”
“အရှင်မအား သက်ဝင်ယုံကြည်ပါသော ဆယ်လီနာဝုဒ်အား မကောင်းဆိုးဝါး ဖမ်းစားခြင်း ဘေးအန္တရာယ်မှ လွတ်မြောက်အောင် ကူညီမစတော်မူပါ”
“ထိုကံမကောင်း အကြောင်းမလှသော မိန်းကလေးအတွက် ခေတ္တခဏ စောင့်ဆိုင်းပေးတော်မူပါ”
...
“လနီက ပိုင်ဆိုင်တဲ့ လပန်း... သင်ရဲ့ စွမ်းအားကို ကျွန်တော်မျိုးရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ”
“လနီက ပိုင်ဆိုင်တဲ့ ညအိပ်ပန်း... သင်ရဲ့ စွမ်းအားကို ကျွန်တော်မျိုးရဲ့ မန္တန်ဆီ ပေးသနားတော်မူပါ”
...
မန္တန်ကို ရွတ်ဆိုပြီးတဲ့အခါ ကလိုင်းဟာ မျက်လုံးမှိတ်ပြီး စိတ်ထဲမှာ ၇ ခေါက် ရွတ်ဆိုပါတယ်။
ယဇ်ခုံပေါ်မှာ ဘာမှ ပြောင်းလဲတာ မတွေ့ရတဲ့အတွက် သူဟာ ငွေဓားမြှောင်ကို ထပ်မြှောက်ပြီး ဆယ်လီနာ အိပ်ခန်းရဲ့ တံခါးဆီ ခြေလှမ်းအနည်းငယ် ဆုတ်ပါတယ်။
သူဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ လေးချက် ထိပြီးနောက် တစ်ဖက်လှည့်ကာ ငွေဓားမြှောင်ကို မြှောက်လိုက်ပါတယ်။
သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားဟာ ဓားဦးကနေ ထပ်အန်ထွက်လာပြီး သဏ္ဍာန်မဲ့နံရံမှာ တံခါးပုံစံ ပိုင်းဖြတ်ပါတယ်။ ဒီအချိန်မှာ သူ တံခါးကို ဖွင့်ရင်တောင် ယဇ်ခုံရဲ့ ငြိမ်သက်အေးချမ်းမှုနဲ့ မြင့်မြတ်မှုတို့က ပြောင်းလဲတော့မှာ မဟုတ်ပါဘူး။
အဲဒီနောက် သူဟာ အိတ်ဆောင်နာရီ ထုတ်ပြီး နာရီကြည့်ပါတယ်။
...
ဒုတိယထပ်က ဧည့်ခန်းထဲမှာ အဲလစ်ဇဘတ်ဟာ နံရံမှာချိတ်ထားတဲ့ နာရီကို မကြာမကြာ ခေါင်းမော့ကြည့်ရင်း သူ့ခန္ဓာကိုယ်က တုန်တုန်သွားပါတယ်။ သူမဟာ ဓာတ်ငွေ့မီးအိမ်နှစ်လုံးရဲ့ အလင်းရောင်အောက်မှာ အချိန်ပြည့်မှာကို တိတ်တဆိတ် ရေတွက်နေပါတယ်။
“အချိန်ကျတော့မယ်...” သူမဟာ အသာရေရွတ်ရင်း သူမဘေးက ဆံပင်နီရဲနဲ့ မိန်းကလေးကို ကြည့်လိုက်ပါတယ်။ သူမရဲ့ ပါးချိုင့်လေးတွေက ထင်ပေါ်လွန်းပြီး သူမရဲ့အပြုံးက တောက်ပလွန်းပါတယ်။ သူငယ်ချင်းတွေနဲ့ အတင်းပြောတာလည်း ပနံသင့်လွန်းပါတယ်။
ဒါပေမဲ့ အဲဒီလိုမျိုး ပိုပြီးတော့ ဘာမှမဖြစ်လေလေ အဲလစ်ဇဘတ်ဟာ ပိုပြီးတော့ ကြောက်လေလေပါပဲ။ မှန်ထဲက အေးစက်ပြီး ကြောက်စရာကောင်းတဲ့ ဆယ်လီနာရဲ့ပုံရိပ်ဟာ သူမရဲ့ခေါင်းထဲမှာ သံမှိုရိုက်ထားသလို စွဲနေပါတယ်။ သူမဟာ အဲဒီပုံရိပ်ကို ဘယ်လိုမှ ဖျက်ပစ်လို့ မရပါဘူး။
‘ငါ ထပ်စောင့်လို့ မဖြစ်ဘူး... ငါ အခု လှုပ်ရှားရမယ်...’ အဲလစ်ဇဘတ်ဟာ ရုတ်တရက် မတ်တတ် ကောက်ရပ်လိုက်ပါတယ်။ လူတိုင်းရဲ့ လန့်သွားတဲ့ အကြည့်အောက်မှာ သူမဟာပြုံးပြီး အထစ်ထစ်ငေါ့ငေါ့ ပြောပါတယ်။
“ဆယ်လီနာ... ငါ... ငါ နင့်အတွက် အံ့ဖွယ်လက်ဆောင်... ပြင်... ပြင်ထားတယ်... ငါနဲ့ ခဏလောက် လိုက်ခဲ့ချည်...”
“တကယ်လား... နင် ငါ့ကို မွေးနေ့လက်ဆောင် ပေးပြီးသွားပြီ မဟုတ်ဘူးလား...” ဆယ်လီနာဟာ မှန်ကိုင်ရင်း တအံ့တဩ မတ်တတ်ရပ်ပါတယ်။
“အရိပ်အယောင်တောင် မ... မသိမှ... အံ့ဩစရာ ကောင်းမှာပေါ့” အဲလစ်ဇဘတ်ဟာ သူမ သရုပ်ဆောင်တာ တော်တော်ညံတယ်လို့ ခံစားလိုက်ရပါတယ်။
သူမဟာ နောက်ထပ် စကားမဆိုဘဲ အိပ်ခန်းတံခါးဆီ လျှောက်သွားပါတယ်။ ဆယ်လီနာလည်း ဝေခွဲမရတဲ့ အပြုံးနဲ့ နောက်ကနေ လိုက်သွားပါတယ်။
မလီဆာဟာ သူမရဲ့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက် ထွက်သွားတာကို ကြည့်ပြီး မသိမသာ မျက်မှောင်ကြုတ်သွားပါတယ်။
‘အဲလစ်ဇဘတ်က ဒီနေ့ တော်တော် ထူးဆန်းတယ်...’
‘ကလိုင်းနဲ့ တွေ့ပြီးတော့ ပိုထူးဆန်းလာတယ်...’
‘စောစောတုန်းကလည်း သန့်စင်ခန်း သွားမလို့ဆိုပြီး ထွက်သွားတယ်... ဒါပေမဲ့ သူက ဘာဖြစ်လို့ အဲဒီလောက်တောင် အလောသုံးဆယ် ဖြစ်နေရတာလဲ...’
...
ဆယ်လီနာ အိပ်ခန်း တံခါးဝ။
အဲလစ်ဇဘတ်ဟာ အသက်အရှည်ကြီး ရှူသွင်းပြီး သူမရှေ့က မိန်းကလေးကို ပြောပါတယ် “နင့်အခန်းကို သွားရအောင်...”
“အဲလစ်ဇဘတ် နင့်ကြည့်ရတာ တော်တော်လေး လန့်ပြီး ကြောက်နေပုံပဲ... ဘာဖြစ်လို့လဲ...” ဆယ်လီနာဟာ သူမ သူငယ်ချင်းရဲ့ ခန္ဓာကိုယ်က ဆက်တိုက် တုန်ယင်နေတာကို သတိထားမိပြီး ပဟေဠိနဲ့ မေးပါတယ်။
“စိတ်လှုပ်ရှားလို့... ဟုတ်တယ်... စိတ်လှုပ်ရှားပြီး တုန်နေတာ...” အဲလစ်ဇဘတ်ဟာ ဆယ်လီနာလက်ထဲက မှန်ကို တစ်ချက်ကြည့်ပြီး သူမခန္ဓာကိုယ်ကို တစ်ဝက်လှည့်ကာ အိပ်ခန်းတံခါးကို အရှည်တစ်ချက် အတိုနှစ်ချက် ခေါက်လိုက်ပါတယ်။
“ဘာဖြစ်လို့ တံခါးခေါက်တာလဲ...” ဆယ်လီနာဟာ ပိုပြီးတော့ နားမလည်နိုင်အောင် ဖြစ်သွားပါတယ်။
“ကျွီ...”
အိပ်ခန်းတံခါး ပွင့်သွားပြီး ထက်စီဒိုဝတ်ကာ သက္ကလပ်ဦးထုပ် ဆောင်းထားတဲ့ ကလိုင်း ပေါ်လာပါတယ်။
“အံဖွယ်လက်ဆောင်... ဒါက အံဖွယ်လက်ဆောင်လား...” ဆယ်လီနာဟာ ပါးစပ်အဟောင်းသားဖြစ်ပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာပဲ ကလိုင်းဟာ ရုတ်တရက် လက်ဆန့်ပြီး သူမရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ အခန်းထဲ ဆွဲသွင်းပါတယ်။ အဲလစ်ဇဘတ်ကတော့ နေရာမှာပဲ အမြစ်တွယ်သလို ရပ်နေပါတယ်။
အဲဒီနောက် ချက်ချင်း ကလိုင်းဟာ ငွေဓားမြှောင်ကနေ စိတ်ဝိညာဉ်စွမ်းအား ထပ်မံထုတ်လွှတ်ပြီး တံခါးပုံစံလမ်းကြောင်းကို အလျင်အမြန် ဖာထေးလိုက်ပါတယ်။
မမြင်ရတဲ့ စိတ်ဝိညာဉ်နံရံဟာ အခန်းကို ချိပ်ပိတ်ပြီး ဆယ်လီနာရဲ့ အော်သံကိုပါ လှောင်ပိတ်လိုက်ပါတယ်။
“ဒုန်း...”
ကလိုင်းဟာ ဆယ်လီနာကိုတောင် မကြည့်ဘဲ တံခါးကို ရုတ်တရက် ပိတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ယဇ်ခုံဆီ သုတ်ခြေတင် သွားပါတယ်။
ဆံပင်နီရဲနဲ့ မိန်းကလေးဟာ အော်တာရပ်ပြီး သူမအခန်းကို လျှောက်ကြည့်ပါတယ်။ သူမရဲ့အကြည့်ဟာ အေးစက်သွားပြီး သူမရဲ့ အသားအရေမှာလည်း ဖြူဖတ်ဖြူရော် အစက်အပြောက်တွေ ပေါ်လာပါတယ်။ သူမရဲ့ လက်သည်းတွေဟာလည်း အလျင်အမြန် ရှည်ထွက်လာပါတယ်။
အဲဒီအချိန်မှာ ကလိုင်းဟာ တွေးခေါ်မှု အခြေအနေထဲ ဝင်ပြီး လပန်းနဲ့ ရေမွှေးဆီ တစ်စက်စီကို ဖယောင်းတိုင် တစ်တိုင်ဆီမှာ ချပြီး ကျယ်လောင်စွာ ရွတ်ဆိုပါတယ်။
“မြင့်မြတ်သော ကြက်သွေးရောင် မိန်းမပျို... ကပ်ဘေးဒုက္ခနဲ့ ချောက်ချားမှုတို့ရဲ့ ကြီးမြတ်သော ဧကရီ...”
“အရှင်မရဲ့ ချစ်ခြင်းမေတ္တာကို ချီးမြှင့်တော်မူပါ”
“အရှင်မရဲ့ ချစ်ခြင်းမေတ္တာအား ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားသော ဆယ်လီနာဝုဒ်ဟာ ပေးသနားတော်မူပါ”
မန္တန်ရွတ်ဆိုရင်းနဲ့ သူဟာ သိုးသားရေတုကို ကောက်ယူပြီး တောင်းဆိုသူကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင်နား ထားလိုက်ပါတယ်။
“ဟူး...”
ကလိုင်းဟာ သူ့နောက်ကျော အေးစက်သွားပြီး အားကောင်းတဲ့ စွမ်းအင်တစ်ခု တိုက်ခိုက်လာတာကို ခံစားမိလိုက်ပါတယ်။
သူဟာ မီးစွဲသွားပြီဖြစ်တဲ့ သိုးသားရေတုကို ငွေပန်းကန်လုံးထဲ ပစ်ထည့်ပြီးနောက် သူပြင်ဆင်ထားတဲ့အတိုင်း အောက်ဝပ်ကာ သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ရှောင်ရှားပါတယ်။
“ဟူး... ဟူး... ဟူး...”
အေးစက်တဲ့လေပြင်းဟာ တဟူးဟူး တိုက်ခိုက်ပါတယ်။ ကလိုင်းဟာ သူ့စိတ်ဝိညာဉ်စွမ်းအားက ရေစီးကြောင်းလိုမျိုး အထိန်းအချုပ်မဲ့ စီးထွက်သွားတာကို ခံစားလိုက်ရပါတယ်။
သူဟာ သိုးသားရေက ငွေပန်းကန်လုံးထဲမှာ လောင်ကျွမ်းနေတာကို မြင်လိုက်ရပါတယ်။ တိတ်ဆိတ်တဲ့ အမှောင်ထုထဲမှာ လောင်ကျွမ်းနေတာပါ။ အဲဒီနောက် သူ့နောက်က ကြမ်းပြင်ပေါ်ကို လေးလံတဲ့ပစ္စည်းတွေ ကျသွားသံကို ကြားလိုက်ရပါတယ်။
“ဒုန်း... ခွမ်း...”
အဲဒီနောက် အသံနှစ်သံဟာ ကြားမှမရပ်ဘဲ အစဉ်လိုက် ထွက်ပေါ်လာပါတယ်။ နက်မှောင်တဲ့ အစိမ်းရင့်ရောင် အခိုးအငွေ့တွေဟာ ငွေပန်းကန်လုံးထဲ ထိုးဝင်သွားပြီး ဝိုးတိုးဝါးတား အမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါတယ်။
ကလိုင်းဟာ ဘေးကိုလိမ့်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။ ချိုင်းသေနတ်အိတ်ထဲက ခြောက်လုံးပြူးကိုလည်း ဆွဲထုတ်လိုက်ပါတယ်။ သို့ပေမဲ့ သူဟာ ဆံပင်နီရဲနဲ့ မိန်းကလေး ဆယ်လီနာက ကြမ်းပြင်ပေါ် လဲကျနေပြီး ငွေသုတ်ထားတဲ့ မှန်ကလည်း ကော်ဇောပေါ်မှာ တစ်စစီ ကွဲကြေနေတာကို တွေ့လိုက်ရပါတယ်။
အဲဒီကွဲကြေနေတဲ့ အပိုင်းအစတွေထဲမှာ ဆယ်လီနာရဲ့ပုံ မပေါ်တော့ပါဘူး။ မျက်နှာကြက်နဲ့ ကလိုင်းရဲ့ပုံ ပေါ်နေပါတယ်။
အဲဒီနောက် ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံကို ဖွင့်ကြည့်လိုက်တဲ့အခါ ဆယ်လီနာရဲ့ မှောင်မိုက်တဲ့ အစိမ်းရင့်ရောင်က လုံးဝ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။ အကုန်လုံး သာမန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဆယ်လီနာက သူ ထင်ထားတာထက် ပိုပြီးတော့ နုနယ်ပုံပါပဲ။
“ဟူး...” ကလိုင်းဟာ စိတ်အမော ပြေသွားချိန်မှာပဲ သူ့နဖူးလယ်နဲ့ ခေါင်းကနေ စူးရှတဲ့ တဆစ်ဆစ်ကိုက်ခဲတဲ့ နာကျင်မှုကို ခံစားလိုက်ရပါတယ်။ ဒီနာကျင်မှုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး ကလိုင်းကို ကြမ်းပြင်ပေါ် လူးလိမ့်ချင်စိတ် ပေါက်သွားစေပါတယ်။
ကလိုင်းဟာ လက်သီးကို တင်းတင်းဆုပ်လိုက်ပါတယ်။ သူ့လက်ပေါ်က အကြောတွေဟာ ထင်းခနဲ ပေါ်လာပြီး အနက်ရောင် ပြောင်းသွားပါတယ်။ သူတို့တွေက ပိုးကောင်တွေ လျှောက်သွားနေသလိုပါပဲ။
အဲဒီနောက် ဆက်တိုက်ဆိုသလို အော်သံတွေနဲ့ တီးတိုးသံတွေက သူ့စိတ်ကို ဂယက် ထသွားစေပါတယ်။ ကလိုင်းဟာ ဒီဟာကို ကျော်ဖြတ်ဖို့ စက္ကန့် ၂၀ လောက် အချိန်ယူလိုက်ရပါတယ်။ သူ့နဖူးနဲ့ စွပ်ကျယ်ဟာ ချွေးတွေ စိုရွှဲပြီး အေးစက်သွားပါတယ်။
‘ငါ စီရင်တဲ့ အစီအရင်က ငါ့စိတ်ဝိညာဉ်စွမ်းအား အကုန်လုံးကို စုပ်ယူပြီး သာလွန်သူစွမ်းအားကို မထိန်းချုပ်နိုင်လုနီးနီး ဖြစ်သွားစေတာပဲ’ ကလိုင်းဟာ အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းလိုက်ပါတယ်။
ဒီအချက်ကနေ သူဟာ ဆေးရည်ရဲ့ စွမ်းအင် လက်ကျန်နည်းနည်းကို ချေဖျက်ပြီးပြီဆိုတာလည်း သိလိုက်ပါတယ်။ သူ့တွက်ချက်မှုအရဆိုရင် သူ ဆေးရည် သောက်ပြီးခါစတုန်းက စွမ်းအားနဲ့ ဒီအခက်အခဲကို ဘယ်လိုနည်းနဲ့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ခါတည်း မွန်းစတား တန်းဖြစ်သွားမှာပါ။
သရုပ်ဆောင်တာက တကယ်ကို အကျိုးရှိပါတယ်။ ကလိုင်းဟာ နဖူးလယ်ကို တောက်ပြီး ချွေးတွေကို သုတ်လိုက်ပါတယ်။
အဲဒီနောက် ယဇ်ခုံဆီ ပြန်သွားပြီး ရင်ဘက်မှာ လေးချက်တို့ကာ ကျယ်လောင်စွာ ပြောပါတယ် “အရှင်မအား ချီးကျူးကြလော့”
ပြီးတဲ့အခါမှာတော့ သူဟာ ဖယောင်းတိုင်တွေကို မီးသတ်ပြီး ယစ်ခုံကို မြန်မြန်ဆန်ဆန် ရှင်းလင်းပါတယ်။
နောက်ဆုံးမှာတော့ ပစ္စည်းတွေကို စားပွဲပေါ် ပြန်ထားပြီး ငွေဓားမြှောင်နဲ့ စိတ်ဝိညာဉ်နံရံကို ဖျက်ပါတယ်။
“ဟူး...”
လေတဟူးဟူး တိုက်ခိုက်ပြီး နောက်ဆုံးမှ ငြိမ်သက်သွားပါတယ်။
ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူ့ရင်ထဲမှာ အခုထိ အကြောက် မပြေချင်သေးပါဘူး။
‘ငါ ဖြစ်လာမှာတွေကို ကြိုတွေးပြီး အစီအရင်ကို အောင်မြင်အောင် လုပ်နိုင်ခဲ့လို့သာ... မဟုတ်ရင် ဒီကိစ္စက တော်တော် ပြဿနာတက်မှာ... နောက်ပြီး ငါ့ပြိုင်ဘက်က ဘယ်သူလဲဆိုတာကို အခုထိ မသိရသေးဘူး... ကံကောင်းတယ် ပြောရမယ်... ဟုတ်တယ်... ကံကောင်းတယ်... အခန်းထဲမှာ ကော်ဇောခင်းထားလို့ မဟုတ်ရင် ငါလိမ့်လိုက်တုန်းက ငါ့အင်္ကျီ အကောင်းပကတိ ရှိနေဖို့က မသေချာဘူး...’
သူဟာ ခေါင်းခါပြီး သစ်သားတံခါးဆီ လျှောက်သွားပါတယ်။ အဲဒီနောက် တံခါးဖွင့်လိုက်တဲ့အခါ...။
“အခြေအနေ ဘယ်လိုလဲ” အဲလစ်ဇဘတ်ဟာ နောက်ခြေနှစ်လှမ်း ဆုတ်ပြီး ရင်တထိတ်ထိတ်နဲ့ မေးပါတယ်။
ကလိုင်းဟာ သူမရဲ့ တုန်လှုပ် ချောက်ချားနေတဲ့ အမူအရာကို ကြည့်ပြီး ဘာမှမပြောခင် အရင်ဆုံး သက္ကလပ်ဦးထုပ် ချွတ်လိုက်ပါတယ်။ ပြီးတော့မှ နွေးထွေးတဲ့ အပြုံးနဲ့...။
“မှော်မှန်ဗေဒင်ရဲ့ အမှားအယွင်းကို ပြင်ပြီးပြီ... အခု ဘာမှ မဖြစ်တော့ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။