← Chapters

ကံကောင်းလာခြင်း

Vol. 9 Ch. 87

ကံကောင်းလာခြင်း

Vol. 9 Ch. 87

“တကယ် ပြီးသွားပြီလား” အဲလစ်ဇဘတ်က မယုံတယုံ မေးပါတယ်။

ကလိုင်းဟာ ပြုံးပြီး သာမန်ကာလျှံကာ ခေါင်းညိတ်ပါတယ် “ဟုတ်တယ်... ပြီးသွားပြီ... သိပ်မခက်ပါဘူး”

‘နောက်ဆုံစကားက လိမ်ပြောတာ...’ ကလိုင်းဟာ စိတ်ထဲကနေ ပြောလိုက်ပါတယ်။

ကလိုင်းက တစ်ချိန်လုံး တည်ငြိမ်အေး‌ဆေးနေလို့ ဒါမှမဟုတ်လည်း သူမရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အဲလစ်ဇဘတ်ဟာ သူ့စကားကို ယုံသွားပါတယ်။ သူမဟာ ရင်ဘတ်ကို ပုတ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

“ကျေးဇူးပဲ... ရှင်က တကယ်ကို ယုံကြည်ရတဲ့ လူကြီးလူကောင်းပဲ... ကျွန်မ အကြောက် နည်းနည်း လွန်သွားတယ်”

“ဆယ်လီနာရော ဘယ်လိုနေလဲ... အဆင်ပြေရဲ့လား...”

“လေးငါးမိနစ်လောက်တော့ သတိမေ့နေလိမ့်မယ်... အဲဒါပြီးရင်တော့ အဆင်ပြေသွားမှာပါ... အင်း... နောက်ပြီး ဒီနှစ်ရက်သုံးရက်တော့ အားနည်းနေလိမ့်မယ်” အဲဒီနောက် ကလိုင်းရဲ့ မျက်နှာဟာ ရုတ်တရက်ဆိုသလို တင်းမာသွားပါတယ် “ဘယ်သူက သူ့ကို ဂမ္ဘီရပညာ သင်ပေးတာလဲ... ဂမ္ဘီရနယ်ပယ်မှာ လုံးဝ မလုပ်ရမဲ့အရာတွေကို မပြောပြဘူးလား”

အဲလစ်ဇဘတ်ဟာ ဆရာဆူတာခံရတဲ့ ကျောင်းသားလေးလို ဖြစ်သွားပါတယ်။ သူမဟာ တစ်ခဏ တွေးပြီးမှ အဖြေပေးပါတယ်။

“ဆယ်လီနာ တစ်ခါပြောဖူးတာတော့ သူ့ဆရာက ဟန်းနစ်ဗင်းဆင့်တဲ့... လွန်ခဲ့တဲ့ တစ်နှစ်က ဟောက်စ်လမ်း ဗေဒင်ကလပ်မှာ တွေ့ခဲ့တယ်လို့ ပြောတယ်”

‘ဟန်းနစ်ဗင်းဆင့်... အပေါ်ယံမှာတော့ သူက မှော်မှန်ဗေဒင်ကို ကောင်းကောင်း သင်တယ်... မေးခွန်းထုတ်စရာ ဘာမှ မရှိဘူး... ဒါပေမဲ့ နောက်ကွယ်မှာတော့ အမှောင်ဗေဒင်ကို သင်ပေးနေတယ်... ငါသာ ဒါကို စောစောကသိရင် ကပ္ပတိန်ကို စောစောသတင်းပေးပြီး သူ့နေရာ ဝင်စီးပါတယ်...’ ကလိုင်းဟာ နောင်တနည်းနည်း ရသွားပြီး အသံနက်နဲ့ မေးပါတယ် “သူက ဆယ်လီနာကို မှော်မှန်ဗေဒင် သင်ပေးတာလား”

ကလိုင်းဟာ အခုထိ အကြောက် မပြေချင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စက သူ့ညီမ မလီဆာကို ထိခိုက်လုနီးနီး မလို့ပါ။

အဲလစ်ဇဘတ်ဟာ ဂရုတစိုက် ခေါင်းညိတ်ပါတယ်။

“ဟုတ်တယ်... ဒါပေမဲ့ ဆယ်လီနာက မှော်မှန်ဗေဒင်ကို အရင်က လေးငါးကြိမ် စမ်းဖူးတယ်... ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး... ဒီနေ့ သူပြောတာတော့ သူ့ဆရာ ဖွက်ထားတဲ့ မန္တန်ကို ခိုးကြည့်လာလို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူးတဲ့”

‘ကိုယ့်သေတွင်း ကိုယ်တူးတဲ့နေရာမှာ တကယ်ကို ဆရာကျတယ်...’ ကလိုင်းဟာ ခေါင်းကိုက် သက်သာအောင် နားထင်ကို နှိပ်ပါတယ်။

“သူ ဘယ်မန္တန်ကို ရွတ်လဲဆိုတာ မှတ်မိသေးလား”

‘အင်း... ဟန်းနစ်ဗင်းဆင့်က ဒီအန္တရာယ်ရှိတဲ့ပညာကို ဆယ်လီနာဆီ တိုက်ရိုက် မသင်ပေးခဲ့ပေမဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးအမည်မသိတဲ့ တည်ရှိမှုကို ဖိတ်ခေါ်ဖို့ စမ်းသပ်မှုတွေ လုပ်နေတယ်ဆိုတာ သိသာတယ်... ဒါက မကြာခင်မှာ ပြဿနာ ဖြစ်လာလိမ့်မယ်... အဲဒီတော့ ဒီကိစ္စပိုဆိုးလာပြီး တခြား လူတစ်ယောက်အတွက် ပြဿနာမဖြစ်ခင် မြန်မြန် ရှင်းပစ်ဖို့ လိုတယ်’

“ကျွန်မ တချို့စာလုံးတွေတော့ မှတ်မိတယ်” အဲလစ်ဇဘတ်ဟာ ပြန်တွေးပြီး ပြောပါတယ် “သူက ဟာမီးလို ရွတ်တာ... ရှင်သိတဲ့အတိုင်းပဲ... ကျွန်မက ဟာမီးနဲ့ ထိတွေ့တာ ဘယ်လောက်မှ ကြာသေးတာ မဟုတ်ဘူး... ကျွန်မ မှတ်မိတာဆိုလို့ သူသုံးတဲ့ စာလုံးတွေထဲမှာ ‘လှည့်ပတ်တာ’ ‘စိတ်ဝိညာည်’ ‘ဖန်တီးရှင်’ နဲ့ ‘ကျေးဇူးတော်’ တို့ပဲ”

‘ဖန်တီးရှင်... ဖန်တီးရှင်အစစ်... မြေအောက် ဂမ္ဘီရဝါသနာအိုး တော်တော်များများက ဒီရှေးဟောင်းတည်ရှိမှုကို ယုံကြည်ကြတယ်... လျှို့ဝှက်အဖွဲ့အစည်း တော်တော်များများကလည်း သူ့ကို ကိုးကွယ်ကြတယ်... ဟုတ်တယ်... ဒီတည်ရှိမှုက လွန်ခဲ့တဲ့ နှစ်တစ်ထောင် ပဥ္စမယုဂ်ရဲ့ ကနဦးမှာ ပေါ်လာခဲ့တာပဲ...’

ကလိုင်းဟာ အတွေးတွေကြားထဲမှာ ခေါင်းညိတ်လိုက်ပြီး...။

“ဆယ်လီနာ နိုးလာရင် မန္တန်တစ်ခုလုံးကို မေးဖို့ မမေ့နဲ့... ပြီးရင် အခွင့်အရေးရှာပြီး ငါ့ကို ပြောပြ...”

“ဟုတ်ကဲ့” အဲလစ်ဇဘတ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ်။ ဒါပေမဲ့ သူမဟာ ချက်ချင်းဆိုသလို ခေါင်းရှုပ်သွားပါတယ် “မစ္စတာမိုရက်တီ... ရှင်ကိုယ်တိုင် သူ့ကို ဘာလို့ မမေးတာလဲ”

“ငါ ဂမ္ဘီရပညာ တက်တာကို မလီဆာ မသိစေချင်ဘူး... မင်း ဒီကိစ္စကို ငါ့အတွက် လျှို့ဝှက်ထားပေးနိုင်မလား” ကလိုင်းဟာ ပြန်မေးလိုက်ပါတယ်။

အဲလစ်ဇဘတ်ဟာ နှုတ်ခမ်းကိုက်ပြီး မျက်လုံးတွေ ရွှန်းရွှန်းတောက်သွားပါတယ်။

“ရတယ်... မလီဆာက ဂမ္ဘီရထက် စက်ကို ပိုကြိုက်တယ်... ဆန်းကြယ်မှုထက် ယုတ္တိဗေဒကို ပိုသဘောကျတယ်”

ကလိုင်းဟာ ဦးထုပ်ကို ရင်ဘက်ရှေ့ထားပြီး လူကြီးလူကောင်းလို ဦးညွှတ်ပါတယ်။

“နားလည်ပေးတဲ့အတွက် ကျေးဇူးပဲ... ဆယ်လီနာကိုတော့ မပြောနဲ့... သူက လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တဲ့လူ မဟုတ်ဘူး”

“ပိုပြီးတော့ တိတိကျကျ ပြောရရင် သူက လျှို့ဝှက်ချက်ကို တခြားသူတွေဆီ ဝေမျှရတာ ကြိုက်တယ်” အဲလစ်ဇဘတ်ဟာ ကလိုင်းစကားကို သဘောတူပါတယ်။

ကလိုင်းဟာ ဦးထုပ်ဆောင်းပြီး တစ်ခဏတွေးကာ ပြောပါတယ် “ဆယ်လီနာ နိုးလာရင် ရုတ်တရက် သတိမေ့ပြီး မှန်ကွဲသွားတယ်လို့ပဲ ပြောလိုက်... မှော်မှန်ဗေဒင် စသုံးတဲ့အချိန်ကစပြီး အဲဒီနောက်ပိုင်း အဖြစ်အပျက်တွေကို သူ မှတ်မိမှာ မဟုတ်ဘူး”

အဲလစ်ဇဘတ် ခေါင်းညိတ်တာ တွေ့ရတဲ့အတွက် ကလိုင်းဟာ သူ့မျက်နှာ အမူအရာကို ပြန်တင်းလိုက်ပါတယ်။

“မှတ်ထား... ဗေဒင်ပဲဖြစ်ဖြစ် တခြား ဂမ္ဘီရအစီအရင်တွေပဲ ဖြစ်ဖြစ် လမ်းမှန် နတ်ဘုရား ၇ ပါးကလွဲပြီး တခြားတည်ရှိမှုတွေကို လုံးဝ လုံးဝ ဆုမတောင်းမိစေနဲ့... အဲဒီလို မန္တန်မျိုးတွေကို ချက်ချင်း မီးရှို့ပြီး အဲဒါတွေပေးတဲ့လူနဲ့ ခပ်ဝေးဝေးမှာနေ”

“ဒီကိစ္စကို ငါသာ အချိန်မီ သတိမထားမိခဲ့ရင် ဆယ်လီနာက ဆယ်မိနစ်အတွင်း မွန်းစတား ဒါမှမဟုတ် မကောင်းဆိုးဝါး စိတ်ဝိညာဉ်အဖြစ် ပြောင်းသွားနိုင်တယ်... အဲဒါဆိုရင် ဒီမှာရှိတဲ့လူအားလုံး အသတ်ခံရလိမ့်မယ်... အဲဒီထဲမှာ ငါလည်း ပါတယ်”

မှန်ထဲက ရေခဲလို အေးစက်တဲ့ ဆယ်လီနာကို ပြန်တွေးပြီး အဲလစ်ဇဘတ်ဟာ ကလိုင်းရဲ့ စကားကို သံသယ လုံးဝ မရှိပါဘူး။ သူမဟာ ကြောက်စိတ် မပြေသေးဘဲ သက်ပြင်းချလိုက်ပါတယ်။

“ကျွန်မ နားလည်ပါပြီ... ရှင်ပြောတာတွေကိုလည်း ကျွန်မ မှတ်ထားပါ့မယ်... ဆယ်လီနာကိုလည်း ကျွန်မ စောင်ကြည့်လိုက်ပါ့မယ်”

“အင်း... အထဲဝင်... ဆယ်လီနာကို ဂရုစိုက်လိုက်ဦး...” ကလိုင်းဟာ လက်ကိုင်တုတ်ကို မြှောက်ပြီး လှေကားထစ်ဆီ လျှောက်သွားပါတယ်။

လမ်းလျှောက်ရင်းနဲ့ သူ့မျက်လုံးတွေဟာ မည်းနက်သွားပါတယ်။ သူဟာ ညာလက်နဲ့ အကြွေစေ့တစ်စေ့ကို ထုတ်ယူပြီး လေထဲ ကောက်လှန်လိုက်ပါတယ်။

“ဆယ်လီနာ အခု အဆင်ပြေသွားပြီ”

“ဆယ်လီနာ အခု အဆင်ပြေသွားပြီ”

...

ကလိုင်းဟာ ဒီစာကြောင်းကို မြန်မြန်ဆန်ဆန် ထပ်ခါထပ်ခါ ပြောပြီး ကျလာတဲ့ အကြွေစေ့ကို ဖမ်းလိုက်ပါတယ်။ အဲဒီနောက် ဖွင့်ကြည့်လိုက်တဲ့အခါ ဂျော့ချ်သုံးရဲ့ မျက်နှာကို တွေ့လိုက်ရပါတယ်။ ခေါင်းကျပါတယ်။

ဒါက စိတ်ဝိညာဉ်တုတ်ဗေဒင်ကို အလွယ်သုံးတာ မဟုတ်ပါဘူး။ အိပ်မက်ဗေဒင်ကို အလွယ်သုံးတာပါ။ အဲဒီအချိန်မှာ ကလိုင်းဟာ တွေးခေါ်မှုရဲ့ အကူအညီနဲ့ သူ့ကိုယ်သူ အိပ်စက်တဲ့ အခြေအနေထဲ ဝင်အောင် အတင်းလုပ်ပြီး စိတ်ဝိညာဉ်လောကကို ပတ်ကြည့်လိုက်ပါတယ်။ အကြွေစေ့ရဲ့ ခေါင်းနဲ့ပန်းက နိမိတ်ပါ။

ခေါင်းက မှန်ကန်တာကို ကိုယ်စားပြုပြီး ပန်းက မမှန်ကန်တာကို ရည်ညွှန်းပါတယ်။

‘ကောင်းတယ်... အခု အားလုံး ပြီးသွားပြီ...’ ကလိုင်းဟာ အကြွေစေ့ကို လက်ချောင်းတွေနဲ့ ကစားလိုက်ပါတယ်။

ဒီလို ဗေဒင်တွေကို အလွယ်သုံးတာက အမြင်ဆရာပဲ လုပ်နိုင်ပါတယ်။

...

အဲလစ်ဇဘတ်ဟာ ကလိုင်း ထွက်သွားတာကို စိုက်ကြည့်နေတာမလို့ အကြွေစေ့မြှောက်ပြီး ပြန်ဖမ်းလိုက်တာကို မြင်ပါတယ်။

ကလိုင်း လှေကားထစ်ကနေ လုံးဝ ပျောက်ကွယ်သွားတော့မှ အဲလစ်ဇဘတ်ဟာ အိပ်ခန်းထဲ ဝင်ပါတယ်။ သူမ အိပ်ခန်းထဲ ရောက်တဲ့အခါ ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဆယ်လီနာနဲ့ သူမဘေးမှာ တစ်စစီ ကွဲကြေနေတဲ့ မှန်ကွဲစတွေကို တွေ့လိုက်ရပါတယ်။

သူမဟာ အသက်အောင့်ပြီး အခန်းထဲ ခြေဖျားထောက်ဝင်ကာ မှန်ကွဲစတွေကို ကြည့်ပါတယ်။ ရေခဲလိုအေးစက်တဲ့ ဆယ်လီနာက မှန်ထဲမှာ ရှိမနေတော့ပါဘူး။ မျက်နှာကြက်ပဲ ပေါ်နေပါတယ်။

“ဟူး...”

စိတ်လုံးဝ သက်သာရာ ရသွားတဲ့ အဲလစ်ဇဘတ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

ဒါပေမဲ့ သူမ ဘယ်လိုပဲ ကြိုးစားကြိုးစား ဆယ်လီနာကို ခုတင်ပေါ်ရောက်အောင် မရွှေ့နိုင်ပါဘူး။ အဲဒီကြောင့် အသာလှုပ်ပြီး ဆယ်လီနာကို နှိုးပါတယ်။

“အဲလီဇဘတ်... ငါ ဘာဖြစ်သွားတာလဲ... အမူး လွန်သွားတာလား” ဆယ်လီနာက လေသံပျော့နဲ့ မေးပါတယ်။ တောက်ပတဲ့ သူမရဲ့ မျက်လုံးတွေဟာ သိသိသာသာ ဖျော့တော့ပြီး ဝေခွဲမရမှုတွေနဲ့ ပြည့်နေပါတယ်။

အဲလစ်ဇဘတ်ဟာ တစ်ခဏတွေးပြီး လေးနက်တဲ့ လေသံနဲ့...။

“မဟုတ်ဘူး ဆယ်လီနာ... နင် တစ်ခုခု ဖြစ်သွားတယ်... နင့်ရဲ့ မှော်မှန်ဗေဒင်က မကောင်းဆိုးဝါး တည်ရှိမှုကို ဖိတ်ခေါ်မိခဲ့တယ်”

“ဟုတ်လား...” ဆယ်လီနာဟာ အဲလစ်ဇဘတ်ရဲ့ အကူအညီနဲ့ ခုတင်ဆီ လျှောက်သွားပါတယ်။ သူမဟာ နားထင်ကို နှိပ်နယ်ရင်း...။

“ငါ မှတ်မိတာဆိုလို့ မှော်မှန်ဗေဒင်ကို စတွက်တာပဲ ရှိတယ်”

အဲလစ်ဇဘတ်ဟာ မှန်တစ်ဝက်မှားတစ်ဝက် ရောပြောပါတယ် “အဲဒီမှာ နင်က တခြားလူတစ်ယောက်လို လုံးဝ ဖြစ်သွားတယ်... မှန်ထဲမှာ ပေါ်နေတဲ့ နင်က အပြင်ကနင်နဲ့ လုံးဝ တခြားစီပဲ... ငါ တော်တော် ကြောက်သွားတယ်... အဲဒါနဲ့ နင့်ကို အံ့ဖွယ်လက်ဆောင် ပေးစရာရှိတယ်ဆိုပြီး နင့်အိပ်ခန်းထဲ ခေါ်လာခဲ့တာ... ပြီးတော့ နင့်ဆီက မှန်ကိုလုပြီး ခွဲလိုက်တာပဲ... အဲဒါပြီးတော့... အဲဒါပြီးတော့ နင် သတိလစ်သွားတာပဲ”

“နင် အခုလို အဆင်ပြေသွားတာ အရှင်မကို ကျေးဇူးတင်ရမယ်”

“ငါ ဘာမှ မမှတ်မိဘူး...” ဆယ်လီနာရဲ့ မျက်နှာဟာ သွေးဆုတ်သွားပါတယ်။

ဆယ်လီနာဟာ မှတ်မိဖို့ ပိုကြိုးစားလေလေ ပိုပြီးတော့ စဉ်းစားမရလေလေပါပဲ။ အဲဒါကြောင့် သူမဟာ ပိုကြောက်လာပါတယ်။

သူမဟာ သူမရဲ့ စားပွဲကို ဘာသိဘာသာ တစ်ချက်ကြည့်မိလိုက်တဲ့အခါ ပစ္စည်းတွေ ထားပုံက နေရာပြောင်းနေတာကို တွေ့လိုက်ရပါတယ်။

‘တကယ်ပဲ ဘာတွေ ဖြစ်သွားခဲ့တာလဲ...’ ဆယ်လီနာဟာ မှတ်မိဖို့ ကြိုးစားပေမဲ့ ထက်စီဒိုဝတ်စုံနဲ့ ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားတစ်ယောက်ကိုပဲ ခပ်ယဲ့ယဲ့ မှတ်မိပါတယ်။ အဲဒီအမျိုးသားက အရပ်လည်း မရှည်ပါဘူး။ ခန္ဓာကိုယ်လည်း မတောင့်တင်းပါဘူး။ ဒါပေမဲ့ မားမားမတ်မတ် ရှိပါတယ်။

“ဆယ်လီနာ...” အဲလီဇဘတ်ဟာ လေးလေးနက်နက် ပြောပါတယ် “ငါ နင့်အတွက် မြေအောက်ဈေးမှာ လက်ဖွဲ့ သွားဝယ်တုန်းက ဂမ္ဘီရပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူပြောတာတော့ ငါတို့တွေ လမ်းမှန် နတ်ဘုရား ၇ ပါးကလွဲပြီး တခြားတည်ရှိမှုတွေဆီမှာ ဆုမတောင်းသင့်ဘူးတဲ့... မဟုတ်ရင် ငါတို့တွေ ကပ်ဘေးကို ဖိတ်ခေါ်မိလိမ့်မယ်တဲ့... ငါ့ကို ကတိပေး... နောက်ကို ဒီလိုမျိုး ထပ်မလုပ်ပါဘူးလို့... ခုနက ငါ ဘာလုပ်လိုက်လို့ နင့်ကို ကယ်နိုင်လိုက်လဲဆိုတာ ငါ တကယ် မသိဘူး”

ဆယ်လီနာဟာ ကြောက်သွားပြီး ငေးကြောင်ကြောင်နဲ့ ခေါင်းညိတ်ပါတယ်။

“မလုပ်တော့ဘူး... ငါ အဲဒါကို ဘယ်တော့မှ ထပ်မလုပ်တော့ဘူး”

“ဒါနဲ့... နင် ရွတ်လိုက်တဲ့ မန္တန်က ဘာအဓိပ္ပာယ်လဲ... ငါ အဲဒီဂမ္ဘီရပညာရှင်နဲ့ ပြန်တွေ့ရင် နင့်အတွက် မေးကြည့်ပေးမယ်” အဲလစ်ဇဘတ်ဟာ အမှုမထားသလိုနဲ့ မေးပါတယ်။

ဆယ်လီနာဟာ နားထင်ကို နှိပ်နယ်ရင်း ဖြေပါတယ် “ဤလောကကို လှည့်လည်နေသော စိတ်ဝိညာဉ်တော်... ဖန်တီးရှင်အစစ်၏ ကျေးဇူးတော်... ကံကြမ္မာကို ကြည့်သော မျက်လုံများ...”

...

“ရှပ်... ရှပ်... ရှပ်...”

ကလိုင်းဟာ အဝတ်အစားပေါ်က ဖုန်မှုန့်တွေကို ရိုက်ချပြီး သပ်ရပ်အောင် ပြုပြင်ကာ လှေကားကနေ အောက်ဆင်းပါတယ်။

အဲဒီနောက် သူဟာ ဦးထုပ်ချွတ်ပြီး ထမင်းစားခန်းက စားပွဲရှည်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားပါတယ်။

“ဘယ်သွားတာတုန်း... ဆယ်မိနစ်လောက် ရှိပြီ” ဆယ်လီနာရဲ့အစ်ကို ခရစ်က လက်ချိုးရင်း မေးပါတယ်။

ကလိုင်းဟာ အပြုံးနဲ့ ပြန်ဖြေပါတယ် “သန့်စင်ခန်း... ပြီးတော့ အပေါ်ထက်တက်ပြီး မိန်းမပျိုတွေနဲ့ မိတ်ဆွေဖွဲ့တာ”

“မင်းရဲ့ ရိုးသားမှုကိုတော့ သဘောကျတယ်ကွာ” ခရစ်ဟာ ရယ်ရယ်မောမောနဲ့ ချီးကျူးပါတယ်။ သူ့မှာလည်း သူတို့တစ်မိသားစုလုံး ပိုင်ဆိုင်တဲ့ ဆံပင် အနီရောင်တွေ ရှိပါတယ်။ သူဟာ ရွှေကိုင်းနဲ့ မျက်မှန် တပ်ထားပြီး သူ့စရိုက်ကလည်း ရှေ့နေလို့ မပြောရပါဘူး။

‘ငါ အပေါ်ထပ်မှာ မင်းညီမကို သတိလစ်အောင် လုပ်လိုက်မှန်းသာသိရင် မင်း အဲဒီလို ပြောမှာ မဟုတ်ဘူး...’ ကလိုင်းဟာ ကျိုးကျိုးနွံနွံပဲ ပြန်ဖြေပါတယ် “ကျွန်တော်တို့တွေက ဒီအတိုင်း ပညာရပ်အကြောင်း ဆွေးနွေးကြတာပါ”

‘ဂမ္ဘီရနယ်ပယ်မှာပေါ့...’

ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး သူ့နေရာမှာ ပြန်ထိုင်ပါတယ်။ နောက်တစ်ပွဲစတာနဲ့ သူ့အတွက် ကဒ်နှစ်ကဒ် ရပါတယ်။ ကဒ်ထောင့်ကို လှန်ကြည့်လိုက်တဲ့အခါ စပိတ်ကင်းနဲ့ ထောင့်တစ် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

‘ငါ ကံပိုကောင်းလာပုံပဲ... ဒါ ကောင်းတာ လုပ်လိုက်လို့လား...’ ကလိုင်းဟာ အကြွေစေ့တစ်စေ့ထုတ်ပြီး လောင်းဖို့ ပြင်ပါတယ်။

‘ဟန်းနစ်က ဆယ်လီနာကို ရည်ရွယ်ချက်ရှိရှိနဲ့ သင်ပေးခဲ့တာ မဟုတ်တော့ ငါ ကပ္ပတိန်ကို အရေးတကြီး သတင်းပေးစရာ မလိုဘူး...’

နောက်ပိုင်း ပွဲတွေမှာလည်း ကလိုင်းဟာ ကဒ်ကောင်းကျမှ လောင်းပါတယ်။ တစ်ခါမှ လှန့်လုံးမထုတ်တဲ့အတွက် သိပ်တော့ မနိုင်ပါဘူး။ ဆယ်နာရီခွဲလို့ ဝိုင်းရပ်တဲ့အခါ ခြောက်ပဲနိပဲ နိုင်ပါတယ်။

“ငါ နှစ်ဆိုလီနဲ့ ရှစ်ပဲနိ နိုင်တယ်” ဘန်ဆင်ဟာ လက်ထဲက ပိုက်ဆံနဲ့ အကြွေစေ့တွေကို ကစားရင်း ပြောပါတယ်။

“အစ်ကိုက ပိုကာ ကစားတာ တော်လိမ့်မယ်လို့ ထင်မထားဘူး” ကလိုင်းဟာ ရယ်ရင်း ချီးကျူးပါတယ်။

“မတော်ပါဘူးကွာ... ငါက ဖဲသိပ်ကစားတာ မဟုတ်ဘူး... ဒါပေမဲ့ ဒါက ညှိနှိုင်းတာနဲ့ အတူတူပဲ... မင်းရဲ့ ကဒ်တွေကို ဖွက်ထားပြီး တခြားလူတွေရဲ့ ဝှက်ဖဲတွေကို စဉ်းစားရတယ်... ပြီးတော့မှ နည်းအမျိုးမျိုးသုံးပြီး သူတို့ကို ခြောက်ရတယ်... မြှားရတယ်...” ဘန်ဆင်ဟာ စကားကို ဆုံးအောင် မပြောလိုက်ရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလီဆာနဲ့ ကျန်တဲ့လူတွေ ဒုတိယထပ်က ဆင်းလာတာ တွေ့လိုက်ရလို့ပါ။

“အိပ်ပြန်ဖို့ အချိန်ကျပြီ” ကလိုင်းဟာ သူ့ညီမနဲ့ သူ့ညီမ သူငယ်ချင်းတွေကို တစ်ချက်ကြည့်ပြီးနောက် နားထင်ကို နှိပ်နယ်ပါတယ်။ သူ့ခေါင်းက အခုထိ ကိုက်နေတုန်းပါ။

အဲဒီနောက် ကလိုင်းဟာ သန့်စင်ခန်း နောက်တစ်ခေါက်သွားပြီး အဲလစ်ဇဘတ်နဲ့တွေ့ကာ မန္တန်အပြည့်အစုံကို ယူပါတယ်။

ဘန်ဆင်နဲ့ မလီဆာနားကို ပြန်ရောက်တဲ့အခါမှာတော့ သူဟာ အပြုံးနဲ့ ပြောပါတယ် “အို အခုမှ အမှတ်ရတယ်... ကျွန်တော် ကုမ္ပဏီကို ခဏ သွားစရာ ရှိသေးတယ်... ကျွန်တော်တို့တွေ ဇိုးတလန်လမ်းဆီ အရင်သွားကြရအောင်... ပြီးတော့မှ အိမ်ပြန်ကြတာပေါ့... ကျွန်တော်ကိစ္စက မြန်ပါတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters