← Chapters

သတင်းပို့ခြင်း

Vol. 9 Ch. 88

သတင်းပို့ခြင်း

Vol. 9 Ch. 88

“ဘာကိစ္စမလို့လဲ” ဘန်ဆင်က ဒီအတိုင်း မေးပါတယ်။

မလီဆာကလည်း သူမရဲ့ အစ်ကိုကို လေးလေးနက်နက် ကြည့်ပါတယ်။ သူမအစ်ကိုရဲ့ ဒီနေ့ည အမူအရာက နည်းနည်း ထူးဆန်းပါတယ်။ ပြောရရင် အဲလစ်ဇဘတ်နဲ့ ဆယ်လီနာရဲ့ အမူအရာထက် နည်းနည်း သာမန်ပိုဖြစ်ရုံပါ။

ကလိုင်းဟာ ဆင်ခြေ ရှာထားပြီးပြီမလို့ ရယ်ပြီး ဖြေပါတယ် “စာရွက်စာတမ်း တစ်ခုမှာ အမှားတစ်ခု ပါသွားလို့... အဲဒါ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို မနက်ဖြန်ကျရင် ပေးမယ်လို့ ပြောထားပြီးပြီ... အဲဒီတော့ ကျွန်တော် အခု လမ်းကြုံဝင်ပြီး မပြင်ရင် မနက်ဖြန်ကျ အနည်းဆုံး နာရီဝက်လောက် စောထရလိမ့်မယ်”

“အဲဒီလိုလား... မင်းရဲ့ စိတ်က ဝိုင်းထဲမှာ မရှိတာ အလုပ်အကြောင်း တွေးနေတာကြောင့်ကို” ဘန်ဆင်ဟာ ပြုံးပြီး ရုတ်တရက် သဘောပေါက်သွားပါတယ် “မဟုတ်ဘူး... ငါ ပြောတာ မှားသွားတယ်... ပိုကာက မင်းကို တွေးတောဖို့ အချိန်ပေးလိုက်တာ”

“ဟုတ်ကဲ့ပါ... ကျွန်မတို့ အစ်ကိုကို စောင့်ပါ့မယ်” မလီဆာဟာ ကြားဝင်ပြီး စကားစဖြတ်ပါတယ်။

အခုအချိန်က သံလမ်းမဲ့ မြင်းလှည်းရော သံလမ်းနဲ့ မြင်းလှည်းရော ပြေးဆွဲတဲ့ အချိန်ကို ကျော်သွားပါပြီ။ အဲဒါကြောင့် သူတို့ မောင်နှမ သုံးယောက်ဟာ အိမ်ရှင်တွေကို နှုတ်ဆက်ပြီး အနီးအနားက သီးသန့် မြင်းလှည်းတစ်စီး ငှားပါတယ်။ မြင်းလှည်းငါးခက လေးဆယ့်ငါးမိနစ်ကို နှစ်ဆိုလီပါ။

“မြင်းလှည်းမောင်းသမားတိုင်းက သူတို့မြင်းလှည်းငှားတဲ့ လူကို မတန်တဆ ဈေးတောင်းတယ်လို့ ငါ ကြားထားတာ အမှန်ပဲ” ဘန်ဆင်ဟာ အသံတိုးတိုးနဲ့ စောဒက တက်ပါတယ်။ ဒီနေ့ပွဲမှာ သူနိုင်ခဲ့တာပိုက်ဆံ အများစုက မြင်းလှည်းငှားခ ဖြစ်သွားတယ် မဟုတ်ပါလား။

ကလိုင်းဟာ ပြုံးလိုက်ပါတယ် “ဒီဈေးက မများပါဘူး... အချိန်က ၁၁ နာရီ ထိုးခါနီးနေပြီ”

“ငါက နောက်တာပါကွာ... ငါတို့တွေ တခြားဧည့်သည်တွေနဲ့ မြင်းလှည်းအတူ ငှားလို့ရတာပဲ... ၄၅ မိနစ်က နေရာ တော်တော်များများကို သွားလို့ရတယ်” ဘန်ဆင်ဟာ တခြားလူတွေ မြင်းလှည်းငှားနေတာကို ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ပါတယ်။

‘သူများနဲ့ မြင်းလှည်း ငှားစီးချင်တာလား...’ ကလိုင်းဟာ လက်ကိုင်တုတ်ထိပ်ကို ပွတ်သပ်ရင်း...။

“ကျွန်တော်တို့တွေက စိတ်မရှိပေမဲ့ တခြားလူတွေက စိတ်ရှိလောက်တယ်... သူတို့တွေက သူတို့ရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို တော်တော်လေး ဂရုစိုက်တယ်ဆိုတာ အစ်ကို သတိထားမိလား... ဒါက လူလတ်တန်းစား မိသားစုတွေထဲမှာ ပုံမှန်ပဲနဲ့တူတယ်”

“အင်း...” ဘန်ဆင်ဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ် “ဝုဒ်မိသားစုက ငါ ထင်ထားတာထက် ပိုပြီးတော့ အသုံးအဖြုန်းကြီးတယ်... ဝုဒ်ရဲ့ တစ်ပတ်လစာက လေးပေါင်တည်း... ဟီးဟီး... ဂုဏ်သိက္ခာက လူလတ်တန်းစားနဲ့ အမွှေးထူမျောက်တွေကြားမှာ အကြီးမားဆုံး ကွာဟမှု ဖြစ်နိုင်တယ်”

‘လာပြန်ပြီလား ဒီအမွှေးထူမျောက်...’ ကလိုင်းဟာ အသံထွက် ရယ်လုနီးပါပဲ။

မလီဆာဟာ ဘာမှ ဝင်မပြောဘဲ ကလိုင်းကိုသာ မကြာမကြာ အကဲခတ်နေပါတယ်။ သူမရဲ့အကြည့်က ကလိုင်းကို ကျောရိုးထဲ စိမ့်တက်စေပါတယ်။

နှစ်ဘီးမြင်းလှည်းဟာ အမှောင်ထဲမှာ တိတ်တဆိတ် လျင်မြန်စွာ ခရီးနှင်ပါတယ်။ သူတို့တွေဟာ ၁၂ မိနစ်နဲ့တင် ဇိုးတလန်လမ်းကို ရောက်သွားပါတယ်။

“ခဏစောင့်... ငါးမိနစ်ပါပဲ... ငါးမိနစ်ထက် ပိုမကြာစေရဘူး” ကလိုင်းဟာ ငါးမိနစ်ကို အသားပေးပြောပြီးနောက် ဦးထုပ်ဆောင်း လက်ကိုင်တုတ်ဆွဲပြီး မြင်းလှည်းပေါ်က ဆင်းသွားပါတယ်။

မြင်းလှည်းမောင်းသမားဟာ အကွာအဝေးနဲ့ မဟုတ်ဘဲ အချိန်နဲ့ မြင်းလှည်းခ ယူထားတာ ဖြစ်တဲ့အတွက် စောင့်ရတာကို စိတ်မရှိပါဘူး။

လှေကားကနေ အပေါ်တက်ပြီးနောက် ကလိုင်းဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီရှေ့ ရောက်သွားကာ တံခါး ခေါက်လိုက်ပါတယ်။

ဆယ်စက္ကန့်အတွင်းမှာပဲ တံခါးပွင့်သွားပြီး စွပ်ကျယ်နဲ့ ရှပ်အင်္ကျီ ဝတ်ထားတဲ့ လန်နာ့ဒ်မစ်ချယ် ပေါ်လာပါတယ်။

“မင်း ဒီနေ့ တာဝန်မကျပါဘူး” လန်နာ့ဒ်ဟာ ကလိုင်းကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားပါတယ်။

ကလိုင်းဟာ ချန်စီဂိတ်ကို တစ်ပတ်မှာ တစ်ရက်ပဲ စောင့်ကြပ်ရတာပါ။ ကျန်တဲ့အချိန်မှာက ပုံမှန်အလုပ်ချိန်တိုင်းပါပဲ။ ညဘက် အရေးပေါ် ဖြစ်လာရင်တော့ ညမှာပျော်တဲ့ အအိပ်မဲ့တွေက ဖြေရှင်းပါတယ်။ ဒါပေမဲ့ တစ်ရက်ကို ၂ နာရီ ၃ နာရီပဲ အိပ်တာက ကတုံးပြောင်ပြီး မှတ်ဉာဏ် ဆုံးရှုံးစေပါတယ်။

ကလိုင်းဟာ ဒါကို တွေးမိတိုင်း ကပ္ပတိန်ဒန်းကို စိတ်ထဲမှာ ရယ်မိပါတယ်။

“အစီရင်ခံစရာ ရှိလို့...” ကလိုင်းဟာ ရိုးရိုးရှင်းရှင်းပဲ ဖြေပါတယ်။

“တာဝန်လား...” လန်နာ့ဒ်ဟာ သာမန်ကာလျှံကာ မေးပြီး လမ်းဖယ်ပေးပါတယ်။

ကလိုင်းဟာ ဧည့်ကြိုခန်းထဲ ဝင်လိုက်တဲ့အခါ အနက်ရောင် လေကာအင်္ကျီနဲ့ ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။ ကပ္ပတိန်ဒန်းရဲ့ မီးခိုးရောင် မျက်လုံးတွေက ထုံးစံအတိုင်း နက်မှောင်နေပါတယ်။

“ကပ္ပတိန်... ကျွန်တော် သဘာဝလွန်ကိစ္စတစ်ခုနဲ့ တိုးခဲ့တယ်”

“အသေးစိတ်ပြော...” ဒန်းစမစ်ဟာ တန်းမေးပါတယ်။

ကလိုင်းဟာ စောစောက ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောင်း ပြောပြပါတယ်။ သူ ဘယ်လို ဖြေရှင်းခဲ့တယ် ဆိုတာလည်း ပါပါတယ်။

“... အဲဒါကြောင့် ဟန်းနစ်ဗင်းဆင့်ကို စုံစမ်းသင့်တယ်လို့ ကျွန်တော် ထင်တယ်”

အဲဒီတုန်းက မှော်မှန်ဗေဒင်နဲ့ ဖိတ်ခေါ်ထားတဲ့ မကောင်းဆိုးဝါး တည်ရှိမှုဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးရသေးပါဘူး။ အန္တရာယ် အရမ်း ကြီးတယ်လို့လည်း မပြပါဘူး။ အဲဒါကို ကြည့်ခြင်းအားဖြင့် သူ့မှာ အချိန်လိုတယ်ဆိုတာ သိသာပါတယ်။ သူက အချိန်မတိုင်ခင် မနိုးထချင်သလို ဆယ်လီနာကိုလည်း ဝင်မပူးချင်ပါဘူး။ အဲဒါကြောင့် သူ့ရည်ရွယ်ချက်သာ မပေါ်ဘူးဆိုရင် မကောင်းဆိုးဝါး တည်ရှိမှုက အခြေအနေကို စောင့်ကြည့်ပါတယ်။ အဲဒီလို အခြေအနေကြောင့်ပဲ အဲလစ်ဇဘတ်က မလီဆာကို အိပ်ခန်းတံခါးဝဆီ ရောက်အောင် ခေါ်လာနိုင်ခဲ့တာပါ။

“မင်းလုပ်တာ ကောင်းတယ်... မကောင်းဆိုးဝါး စိတ်ဝိညာဉ် သူမကို လုံးဝ ဝင်မပူးနိုင်ခင် အခွင့်ကောင်း ယူနိုင်ခဲ့တယ်” ဒန်းစမစ်ဟာ ခေါင်းမော့ပြီး ပြောါတယ် “ကျန်တာကို ငါတို့ ဆက်စုံစမ်းလိုက်မယ်.. မင်း အိမ်ပြန်ပြီး နားလို့ရပြီ”

ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

“ကျွန်တော်က ဒါကို ကျွန်တော်ရဲ့ ပထမဆုံးတာဝန်အဖြစ် ပေးမယ် မှတ်နေတာ”

‘အဲလစ်ဇဘတ် ပေးထားတဲ့ မန္တန်အရဆိုရင် ဟန်းနစ်ဗင်းဆင့်က အတိုင်းအတာ တစ်ခုထိတော့ အန္တရာယ်ရှိတယ်’

“မင်းကို ဒီတာဝန် မပေးတာက မင်းအတွက် တာဝန်တစ်ခု ရှိနေပြီမလို့ပဲ” ဘေးမှာရှိတဲ့ လန်နာ့ဒ်က အပြုံးနဲ့ ဝင်ပြောပါတယ်။

“ဟမ်...” ကလိုင်းဟာ လန့်သွားပါတယ်။

ဒန်းစမစ်ဟာ ဟန်လုပ်ပြုံးပြီး လေသံအေးအေးနဲ့ ရှင်းပြပါတယ် “ဒီနေ့ည ၇ နာရီလောက်မှာ ရဲဌာနက ငါတို့ဆီကို အမှုတစ်ခု ပို့လာတယ်... ကနဦး အကဲဖြတ်မှုအရ အန္တရာယ်လည်း မရှိသလို အလျင်လည်း မလိုဘူး... အဲဒါကြောင့် မနက်ဖြန်ကျရင် မင်းကို ပေးမယ်လို့ ဆုံးဖြတ်ထားတယ်”

“တော်ပြီ... အမှုအကြောင်း မမေးနဲ့... ဒီနေ့ည ကောင်းကောင်းနား... မင်းရဲ့ အားလပ်ရက်ကို အင်္ဂါနေ့ဖြစ်ဖြစ် ဗုဒ္ဓဟူးနေ့ဖြစ်ဖြစ် ရွှေ့လိုက်...”

‘ကပ္ပတိန်... အဲဒါက ကျွန်တော်ရဲ့ အိပ်စက်မှုကိုပဲ ထိခိုက်စေတာပါ... နောက်ပြီး တနင်္လာနေ့က တဲရော့တွေ့ဆုံပွဲလုပ်ရမှာ... ငါ တရားမျှတမှုနဲ့ လူဇောက်ထိုးကို ဆိုင်းငံတာ ကြိုပြီး သတိပေးရမှာလား...’

ကလိုင်းဟာ ခေါင်းခါပြီး မချိုပြုံး ပြုံးလိုက်ပါတယ်။ အဲဒီနောက် သူတို့ကို နှုတ်ဆက်ပြီး ကုမ္ပဏီကနေ ထွက်လာခဲ့ပါတယ်။

သူဟာ လှေကားအပြင်ကို ခြေချလိုက်တယ်ဆိုရင်ပဲ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် ခေါင်းမော့ပြီး သူတို့ငှားလာတဲ့ မြင်းလှည်းကို လှမ်းကြည့်လိုက်တဲ့အခါ မလီဆာက ပြတင်းပေါက်ကနေ သူ့ကို တိတ်တဆိတ် ကြည့်နေတာ တွေ့လိုက်ရပါတယ်။

မျက်လုံးချင်း ဆုံသွားတဲ့အခါ မလီဆာဟာ အကြည့်လွဲပြီး ကိုယ်ကို ပြင်ထိုင်ပါတယ်။

ကလိုင်းရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ်။ သူဟာ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်ပြီး မြင်းလှည်းပေါ် တက်ပါတယ်။

ကြက်သွေးရောင်လနဲ့ ညအမှောင်ထုအောက်မှာ မြင်းလှည်းဟာ တစ်လမ်းပြီး တစ်လမ်း လျင်လျင်မြန်မြန် ဖြတ်ကျော်သွားပါတယ်။

သူတို့တွေ အိမ်ပြန်ရောက်တော့ ကလိုင်းဟာ ရေချိုးချင်တဲ့ ဘန်ဆင်ကို ရေချိုးခန်း ပေးပြီး သူကတော့ မလီဆာရဲ့ အိပ်ခန်းဆီသွားကာ တံခါးနှစ်ချက် ခေါက်လိုက်ပါတယ်။

ရေချိုးခန်းဝင်ဖို့ ပြင်နေတဲ့ မလီဆာဟာ တံခါးဖွင့်ပြီး သူမရဲ့အစ်ကိုကို သံသယနဲ့ ကြည့်ပါတယ်။

“မလီဆာ... အစ်ကိုကို မေးချင်တဲ့ မေးခွန်းတွေ ရှိနေတယ်မလား” ကလိုင်းဟာ ပွင့်ပွင့်လင်းလင်း မေးပါတယ်။

‘ငါ့ကို တိတ်တဆိတ် အကဲမခတ်နဲ... ငါ ခံစားနိုင်တယ်’

မလီဆာရဲ့ နှုတ်ခမ်းဟာ တုန်သွားပြီး သူမရဲ့ မျက်ခုံးဟာလည်း တွန့်သွားပါတယ် “အစ်ကို... အစ်ကို အဲလစ်ဇဘတ်ကို ဘာလုပ်လိုက်တာလဲ... သူ့ကြည့်ရတာ မူမမှန်သလိုပဲ”

“ပြီးတော့ ဆယ်လီနာလည်း တော်တော် ထူးဆန်းတယ်”

ကလိုင်းဟာ ဒီလိုမေးခွန်းကို ဘယ်လို ပြန်ဖြေရမလဲဆိုတာ စဉ်းစားထားပြီးပါပြီ။

“အဲလစ်ဇဘတ်နဲ့ ဆယ်လီနာက ဂမ္ဘီရဝါသနာအိုးတွေဆိုတာ ညီမ သိလား”

“... သိတယ်လေ... ဒါပေမဲ့ ညီမတော့ မကြိုက်ပါဘူး... ဒီလောကမှာ ရှင်းပြလို့ မရတဲ့အရာတွေ ရှိတယ်လို့ ညီမတော့ မထင်ဘူး” မလီဆာဟာ တစ်ခဏ ကြောင်သွားပြီးနောက် လေးလေးနက်နက် ပြန်ဖြေပါတယ် “ဖြေရှင်းလို့မရဘူးလို့ ထင်ရတဲ့အရာတွေက ညီမတို့ဆီမှာ အသိပညာ လုံလုံလောက်လောက် မရှိလို့ပဲ”

“ဟုတ်တယ်... အစ်ကိုလည်း အဲဒီလိုပဲ တွေးတယ်” ကလိုင်းဟာ မျက်နှာပူပူနဲ့ သံယောင်လိုက်ပါတယ်။

‘ငါလည်း အရင်တုန်းက အဲဒီလို တွေးခဲ့တာပဲ... ကိုယ့်သေတွင်း ကိုယ်မတူးမိခင်ကပေါ့...’

သူဟာ ချောင်းအသာ ဟန့်ပြီး ဆက်ပြောပါတယ် “ဂမ္ဘီရနယ်ပယ်မှာ ရှေးဟောင်း ဝတ်ပြုပွဲတွေနဲ့ ဆုတောင်းပွဲတွေမှာ အထူးတလည်သုံးတဲ့ ဟာမီးဘာသာစကား ရှိတယ်... အဲလစ်ဇဘတ်က အစ်ကို အဲဒီဘက်မှာ ကျွမ်းကျင်မှန်းသိတယ်... အဲဒါက သမိုင်းပညာရှင်ရဲ့ နယ်ပယ်ထဲမှာလေ... အဲဒါကြောင့် သူက တချို့စာလုံးတွေရဲ့ အသံထွက်နဲ့ ဘာအဓိပ္ပာယ်ရှိလဲဆိုတာ အစ်ကိုကို လာမေးတာ”

မလီဆာဟာ ကလိုင်းရဲ့ ရှင်းပြချက်ကို လက်ခံကြောင်း အသာ ခေါင်းညိတ်ပြပါတယ်။ ဒီအချက်က ကျိုးကြောင်းဆီလျော်ပါတယ်။

“နောက်ပိုင်း အဲလစ်ဇဘတ်နဲ့ ဆယ်လီနာ ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ဖြစ်လာလဲတော့ အစ်ကိုလည်း သေချာ မသိဘူး” ကလိုင်းဟာ သူ့ကိုယ်သူ ပြဿနာထဲက အရင်ဆုံး ဆွဲထုတ်ပါတယ် “ဒါပေမဲ့ အစ်ကို ခန့်မှန်းလို့ရတယ်”

“အစ်ကို ခန့်မှန်းလို့ရတယ်...” မလီဆာဟာ လွှတ်ခနဲ မေးမိလိုက်ပါတယ်။

“အဲလစ်ဇဘတ် မေးတဲ့ စာသားတွေကနေ ခန့်မှန်းလိုက်တာ... အဲဒီဟာမီး စကာလုံးတွေက ဗေဒင်တွက်တာနဲ့ ပတ်သက်တယ်... ပြီးတော့ မကောင်းဆိုးဝါး တည်ရှိမှုကို ရှိခိုးတာလည်း ပါတယ်... အင်း... ဆယ်လီနာ မှော်မှန်ဗေဒင် တွက်တုန်းက သူ ဟာမီးနဲ့ ရွတ်တာမလား”

ကလိုင်းဟာ နောက်ကျရင် သူ့ညီမ ဒီလို အခြေအနေမျိုးတွေကို သတိထား စောင့်ကြည့်အောင် တမင်ပြောလိုက်ပါတယ်။ ဆယ်လီနာ၊ အဲလစ်ဇဘတ်တို့နဲ့ အဆက်အသွယ် ဖြတ်လိုက်ရင်တော့ အကောင်းဆုံးပါ။

“ဟုတ်တယ်” မလီဆာဟာ ခဏကြာမှ အဖြေပေးပါတယ် “အဲလစ်ဇဘတ်နဲ့ ဆယ်လီနာက ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ဖြစ်လာလဲဆိုတာ ညီမ သိပြီ”

“အဲလစ်ဇဘတ်က ဆယ်လီနာသုံးတဲ့ မန္တန်ရဲ့ အဓိပ္ပာယ်ကို သိပြီးနောက်မှာ ဆယ်လီနာရဲ့ မှော်မှန်ဗေဒင်က မကောင်းဆိုးဝါး တည်ရှိမှုနဲ့ ပတ်သက်နေတာ သိတော့ ဆယ်လီနာကို အခွင့်အရေးရှာ ဝေဖန်ပြီး လမ်းမှန်ရောက်အောက် တည့်ပေးတာ ဖြစ်လိမ့်မယ်”

“ညီမလည်း အဲဒီလို ထင်တာပဲ” မလီဆာဟာ သူ့အစ်ကိုရဲ့ ကောက်ချက်ကို သံသယ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမကိုယ်တိုင်လည်း အဲဒီလို စဉ်းစားထားလို့ပါ။

ကလိုင်းဟာ စကားလမ်းကြောင်းကို အောင်မြင်စွာ ပြောင်းလိုက်နိုင်တဲ့အတွက် စိတ်အေးသွားပါတယ်။

“နောက်ကျရင် ဆယ်လီနာကို လမ်းမှန် နတ်ဘုရားတွေပဲ ကိုးကွယ်ဖို့ အကြံပေး...”

အဲဒီနောက် သူဟာ ဂိုဏ်းဘုန်ကြီးလိုမျိုး ရင်ဘက်မှာ လေးချက် တို့လိုက်ပါတယ်။

“ဟုတ်ကဲ့... ညီမ အကြံပေးဖြစ်အောင် ပေးလိုက်မယ်”မလီဆာရဲ့ အသံဟာ ပြတ်သားမှုအပြည့်ပါပဲ။

“အဲလစ်ဇဘတ်နဲ့ ဆယ်လီနာကို အစ်ကိုပြောတာတွေ ပြန်မပြောနဲ့နော်... အစ်ကို အဲလစ်ဇဘတ်ကို ဒီအကြောင်း ညီမဆီ ပြန်မပြောပါဘူးလို့ ကတိပေးခဲ့မိတယ်”

“ညီမ သိပါတယ်” မလီဆာဟာ ခေါင်းအသာ ညိတ်ပါတယ်။

...

တနင်္လာနေ့ မနက်ခင်း ရှစ်နာရီ၊ ဆူးနက်လုံခြုံရေး ကုမ္ပဏီအတွင်း။

ကလိုင်းဟာ ဦးထုပ်ချွတ်ပြီး ရိုဇန်းနဲ့ ဘရက်ကို နှုတ်ဆက်ပါတယ်။ အာလာပသလ္လာပ ပြောပြီးနောက် သူဟာ ကပ္ပတိန်ဒန်းစမစ်ရဲ့ ရုံးခန်းထဲ ဝင်ပါတယ်။

တံခါးတွန်းဖွင့်ပြီး အထဲကို ကြည့်လိုက်တဲ့ ကလိုင်းဟာ ရုတ်တရက်ဆိုသလို လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒန်းစမစ်ရဲ့ မျက်နှာက ဖျော့တော့ပြီး သူ့ရဲ့ မီးခိုးရောင်မျက်လုံးတွေက ပုံမှန်လို မနက်ဘဲ ဝေဝါးနေလို့ပါ။

“ဘာဖြစ်တာလဲ... ဟန်းနစ်ဗင်းဆင့်ကြောင့်လား...” ကလိုင်းဟာ စိုးရိမ်စိတ်နဲ့ မေးပါတယ်။

ဒန်းစမစ်ဟာ နဖူးပွတ်ပြီး ကောက်ဖီ တစ်ငုံသောက်ကာ မချိပြုံး ပြုံးပါတယ် “ဟန်းနစ်ဗင်းဆင့် သေသွားပြီ”

“ဘယ်သူက သူ့ကို ကြိုသတ်သွားတာလဲ” ကလိုင်းဟာ လက်ကိုင်တုတ်ကိုင်ရင်း ဒန်းစမစ်ရှေ့မှာ ဝင်ထိုင်ပါတယ်။

ဒန်းစမစ်ဟာ ချက်ချင်း ပြန်မဖြေဘဲ သက်ပြင်းချလိုက်ပါတယ်။ ပြီးတော့မှ...။

“မနေ့ညက လန်နာ့ဒ်နဲ့ ငါ သူ့ကို သွားရှာတယ်... သူရဲ့ ပုံမှန်အပြုအမူက ဘာမှထူးဆန်းတာ မရှိဘူး.. သူ့အိမ်ကလည်း ပုံမှန်ပဲ... အဲဒါနဲ့ ငါ သူ့အိပ်မက်ထဲ ဝင်ကြည့်ပြီး သဲလွန်စရှာဖို့ ဆုံးဖြတ်လိုက်တယ်”

“သူ့အိပ်မက်ထဲမှာ... သူ့အိပ်မက်ထဲမှာ...”

ဒန်းစမစ်ရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှု ပေါ်လာပါတယ်။

“သူ့အိပ်မက်ထဲမှာ ငါ လက်ဝါးကပ်တိုင် တွေ့တယ်... ကောင်းကင်ကို ထိုးထွက်နေတဲ့ ဧရာမ လက်ဝါးကပ်တိုင်ကြီး... အဲဒီလက်ဝါးကပ်တိုင်မှာ ကိုယ်တီးလုံး လူတစ်ယောက်ကို သံနက်တွေနဲ့ ဇောက်ထိုးဆွဲပြီး ကားစင်တင်ထားတယ်... သူ့ခန္ဓာကိုယ်ပေါ်မှာ သွေးစီးကြောင်းတွေလည်း ရှိတယ်”

“အဲဒါကိုမြင်ပြီး ငါ သတိလစ်သွားတယ်... ဟန်းနစ်ဗင်းဆင့်ရဲ့ အိပ်မက်ထဲက ထွက်ပြီး ငါ နိုးလာတော့ လန်နာ့ဒ်က ဟန်းနစ် အိပ်နေရင်းနဲ့ သေသွားပြီလို့ ပြောတယ်”

“ဧရာမ လက်ဝါးကပ်တိုင်ကြီး... ဇောက်ထိုးဆွဲထားတယ်... သွေးစသွေးနတွေနဲ့လူ... အဲဒါက လျှို့ဝှက်အဖွဲ့အစည်း တချို့ ယုံကြည်ကြတဲ့ ဖန်တီးရှင်အစစ်နဲ့ ဆင်တယ်... ဒါပေမဲ့ မတူတာတွေလည်း ရှိတယ်...” ကလိုင်းက သံသယနဲ့ ပြောပါတယ်။

ဖန်တီးရှင်အစစ်ကို ယုံကြည်ကြတဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေက လွန်ခဲ့တဲ့ နှစ် ၂၀၀၊ ၃၀၀ ကမှ ပေါ်လာတာပါ။ ဥပမာပေးရရင် အော်ရိုရာဂိုဏ်းနဲ့ သံနဲ့သွေးကြက်ခြေခတ်ဂိုဏ်းလိုမျိုးပါ။ ဒါပေမဲ့ ဒီလိုမျိုးသရုပ်ဖော်ပုံက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်မှာ တစ်ခါမှ ပျောက်ကွယ် မသွားခဲ့ပါဘူး။

ဒန်းစမစ်ဟာ နဖူးကို ထပ်ပွတ်ပါတယ် “ငါတို့တွေ ဒီကိစ္စကို ဆက်လိုက်မယ်... မင်းက မင်းရဲ့ ပထမဆုံး တာဝန်ကိုပဲ ပြီးအောင်လုပ်..”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters