တာဝန်ရိုးရိုးလေး တစ်ခု
Vol. 9 Ch. 89
ကလိုင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်ကဲ့... ဒါပေမဲ့ ကျွန်တော် ဘာတာဝန်မှန်း မသိသေးဘူး”
“ဘာအန္တရာယ်မှ မရှိဘူး... အနည်းဆုံးကွာ အန္တရာယ်ရှိတဲ့ အရိပ်အယောင် ငါ မမြင်မိဘူး” ဒန်းစမစ်ဟာ အန္တရာယ်မရှိတာကို အသားပေးပြောပါတယ်။
“ဒီအမှုက ရွှေရောင်စက်မှုန်ဇုန် ရဲဌာနကနေ ငါတို့ဆီ ပို့လာတဲ့ အမှုပဲ... နာမည်ကြီး ပရဟိတသမား လူကြီးမင်း ဒူဝီဗိုက ဒီလထဲမှာ ပုံမှန်မဟုတ်တဲ့ အနှောင့်အယှက်တွေ တွေ့နေရတယ်... သူ့ရဲ့ ကိုယ်ရံတော်တွေရော သူ ခန့်ထားတဲ့ လုံခြုံရေး ဝန်ထမ်းတွေရော ရဲတွေရော... ဘယ်သူမှ လက်သည် တရားခံကို မရှာနိုင်ကြဘူး... ဒီအမှုကို တာဝန်ယူထားတဲ့ ရဲအုပ်ထောလ်က ဒီကိစ္စမှာ သာလွန်သူ စွမ်းအား ပါမယ်ထင်ပြီး ငါတို့ဆီ အမှုလွှဲလိုက်တာပဲ”
‘ငါ တစ်နေ့က လူကြီးမင်းဒူဝီဗိုကို စာကြည့်တိုက်မှာ တွေ့တုန်းက သူ့ခံစားချက် မကောင်းပါဘူးလို့... လက်စသတ်တော့ နှောင့်ယှက်ခံနေရတာကို...’ ကလိုင်းဟာ မျက်မှောင် နည်းနည်း ကြုတ်သွားပါတယ် “ဘယ်လို နှောင့်ယှက်မှုမျိုးလဲ”
‘ရုပ်ပိုင်းဆိုင်ရာ ဘာထိခိုက်မှုမှ မရှိဘူးဆိုတော့ ဒီနှောင့်ယှက်မှုက အန္တရာယ်ရှိတဲ့ အဆင့်ကို မရောက်သေးပါဘူး’
“လူကြီးမင်း ဒူဝီဗိုက ညည်းတွားသံနဲ့ ငိုကြွေးသံတွေကို ညတိုင်း ကြားရတယ်... သူ ဘယ်မှာပဲနေနေ ထင်းဂန်မြို့မှာပဲ ဖြစ်ဖြစ် တခြားမှာပဲဖြစ်ဖြစ် အဲဒီအသံတွေက ရပ်မသွားဘူး... အဲဒီအသံတွေကြောင့် သူ အိပ်ကောင်းချင်း မအိပ်ရတာ ကြာပြီ” ဒန်းစမစ်ဟာ လက်ထဲမှာရှိတဲ့ မှတ်စုကို လှန်ကြည့်ပါတယ်။
“စိတ်ရောဂါကု ဆရာဝန်နဲ့လည်း တွေ့ပြီးပြီ... အိမ်တော်ထိန်းနဲ့ အိမ်စေတွေကို မေးကြည့်ပြီး အထင်မှားတာ မဟုတ်ဘူး ဆိုတာကိုလည်း အတည်ပြုပြီးပြီ... ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်မှန်း အတည်ပြုပြီးလို့ တစ်ယောက်ယောက်က သူ့ကို နှောင့်ယှက်နေတယ်လို့ သံသယဝင်တာပဲ”
ဖိုင်ကို ပိတ်ပြီးနောက် ဒန်းစမစ်ဟာ ကလိုင်းကို မော့ကြည့်ပါတယ်။
“နားနေခန်းမှာ မင်းရဲ့ အစမ်းခန့်ရဲအုပ် ယူနီဖောင်းကို လဲသွား... ပြီးရင် သေနတ်ပစ်ကွင်းမှာ ဒီအမှုကိုင်ထားတဲ့ ရဲအုပ်ထောလ်နဲ့တွေ့... သူက မင်းကို အသေးစိတ် ပြောပြလိမ့်မယ်”
“အစမ်းခန့်ရဲအုပ် ယူနီဖောင်း...” ကလိုင်းဟာ အလိုလို မေးမိလိုက်ပါတယ်။
ဒန်းစမစ်ဟာ နဖူးပွတ်ပြီး ပြုံးပါတယ် “မင်းရဲ့ လစာတစ်ဝက်က ရဲဌာနကနေ လာတယ်... အစမ်းခန့်ရဲအုပ် နာမည်က မှတ်တမ်းထဲမှာပဲ ထည့်ထားဖို့ မဟုတ်ဘူး... မင်း ငါနဲ့ လန်နာ့ဒ်ကို ပထမဆုံးအကြိမ် တွေ့တုန်းကလည်း ငါတို့တွေ ယူနီဖောင်း ဝတ်ထားတာပဲ... ဒါက ပုံမှန်အဖွဲ့ဝင်တိုင်းရတဲ့ အကျိုးခံစားခွင့်ပဲ... ဟုတ်တယ်... ဧကရာဇ်ရစ်ဆဲလ်က ဒါကို အကျိုးခံစားခွင့်လို့ ခေါ်တယ်”
‘ကံဆိုးချင်တော့ ငါ ဒီဝတ်စုံကို ဝတ်ချင်တိုင်း ဝတ်လို့ မရဘူး... မဟုတ်ရင် အပိုတစ်စုံအနေနဲ့ ထားလို့ရတယ်...’ ကလိုင်းဟာ လက်ကိုင်တုတ်နဲ့ ဖိုင်ကို ကောက်ယူပြီး ကပ္ပတိန်ဒန်းကို နှုတ်ဆက်ကာ ရုံးခန်းထဲကနေ ထွက်ခွာပါတယ်။
သူဟာ နားနေခန်းကို ရောက်တဲ့အခါ ဖြူမည်းကွက်ကြား ယူနီဖောင်းနဲ့ သားရေဖိနပ်ကို စားပွဲပေါ် တင်ထားတာ တွေ့လိုက်ရပါတယ်။ ယူနီဖောင်းရဲ့ ဦးထုပ်မှာ ရဲဌာနရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ဓားနှစ်ချောင်း ကြက်ခြေခတ်နဲ့ သရဖူပုံ ထိုးထားပါတယ်။ ပခုံးမှာတော့ ဝင်းလဲ့တောက်ပနေတဲ့ ငွေရောင်ကြယ်တစ်လုံးနဲ့ ပန်းဖွားပါ ပခုံးဒေါက် ရှိပါတယ်။
“ဒါက အစမ်းခန့်ရဲအုပ် ယူနီဖောင်းလား...” ကလိုင်းဟာ ယူနီဖောင်းကို တစ်ချက်ကြည့်ပြီး ငွေရောင်ကြယ်အောက်က နံပါတ်တွေကို သတိထားမိလိုက်ပါတယ် “၀၆-၂၅၄”
သူဟာ လိုအင်နိုင်ငံက ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံကို နည်းနည်းတော့ နားလည်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ထိပ်ဆုံးမှာရှိတာက ဝန်ကြီးနဲ့ အတွင်းရေးမှုချုပ်ပါ။ သူတို့အောက်မှာက ရဲဌာနအသီးသီးရဲ့ ရဲဗိုလ်ချုပ်၊ ရဲမှူးချုပ်နဲ့ အကူရဲမှူးချုပ်တွေ ရှိပါတယ်။ အလယ်မှာတော့ ရဲမှူးနဲ့ ရဲအုပ်တွေ ရှိပြီး အောက်ဆုံးမှာတော့ ရဲတပ်ကြပ်နဲ့ ရဲတပ်သားတွေ ရှိပါတယ်။
တံခါးပိတ်ပြီးနောက် ကလိုင်းဟာ ဦးထုပ်နဲ့ဝတ်စုံ ချွတ်ပြီး ယူနီးဖောင်းကို လဲဝတ်ပါတယ်။ အဲဒီနောက် သူ့ဝတ်စုံကို ချိတ်ပြီး အခန်းထဲက ထွက်ပါတယ်။ ပြီးတဲ့အခါမှာတော့ စာရေး ရုံးခန်းထဲသွားပြီး ကိုယ်လုံးပေါ်မှန်နဲ့ မှန်ကြည့်ပါတယ်။ သူ ဒီမှန်ကို သိနေတာက ရိုဇန်း ပြောပြထားလို့ပါ။
မှန်ထဲက လူငယ်လေးဟာ အနက်ရောင် ဆံပင်နဲ့ သိမ်မွေ့တဲ့ အညိုရောင် မျက်လုံးတွေ ရှိပါတယ်။ သူ့ကိုယ်ပေါ်က ယူနီဖောင်းဟာ သူ့ကို သူရဲကောင်းတစ်ယောက်လို ရဲမာန် ဝင့်ကြွားစေပါတယ်။
“မဆိုးဘူး...” ကလိုင်းဟာ သူ့ကိုယ်သူ ချီးကျူးပါတယ်။ အဲဒီနောက် ရုံးခန်းထဲမှာ လက်ကိုင်တုတ် ထားခဲ့ပြီး ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ ထွက်ခွာပါတယ်။ သူ့အိတ်ကပ်တွေထဲမှာတော့ လက်နက်ကနေ ရဲတံဆိပ်အထိ ပစ္စည်းအပြည့်အစုံ ပါပါတယ်။
...
သေနတ်ပစ်ကွင်းကို ရောက်တဲ့အခါ ကလိုင်းဟာ ရဲအုပ်ထောလ်ကို ချက်ချင်း တွေ့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲယူနီဖောင်းနဲ့မလို့ပါ။
‘ငါလည်း ဝတ်ထားတာပါပဲ...’ ကလိုင်းဟာ သူ့ကိုယ်သူ တွေးပါတယ်။
ရဲအုပ်ထောလ်ရဲ့ ယူနီဖောင်းမှာ ငွေကြယ်နှစ်လုံး ပါပါတယ်။ ရဲအုပ်ထော်လ်ဟာ နှုတ်ခမ်းမွေးထူပြီး သူ့ဗိုက်နားက အင်္ကျီဟာ ရှေ့ကို နည်းနည်း ထိုးထွက်နေပါတယ်။ အရပ်က ထောင်ထောင် မောင်းမောင်း ဆိုပေမဲ့ လူမရှိန်ပါဘူး။ အရင်တုန်းကတော့ လူရှိန်ရင် ရှိန်ခဲ့မှာပေါ့။
“မိုရက်တီ... ကလိုင်း မိုရက်တီလား...” ရဲအုပ်ထောလ်ဟာ ကလိုင်းကို သတိထားမိပြီး အပြုံးနဲ့ ဆီးကြိုပါတယ်။
“မင်္ဂလာပါ ရဲအုပ်ထောလ်... လူမှန်မယ်လို့ ထင်တာပဲ” ကလိုင်းဟာ ခင်ခင်မင်မင် စကားပြန်ပြီး သူ့မှတ်ဉာဏ်ထဲကအတိုင်း ညာလက်မြှောက်ကာ အလေးပြုပါတယ်။
ထောလ်က ရယ်ပါတယ်။
“မင်းက ပေါင်းရသင်းရကောင်းမဲ့ လူငယ်လေးပဲ... ကောင်းတယ်... ငါတို့တွေ လူကြီးမင်း ဒူဝီဗိုရဲ့ အိမ်ကို အခု သွားကြမလား”
သူက ကလိုင်းထက် ရာထူးမြင့်ပေမဲ့ ကလိုင်းရဲ့ သဘောထားကို သိချင်တဲ့ သူ့လေသံက ဖော်ရွေလွန်းပါတယ်။
“သွားမယ်လေ” ကလိုင်းဟာ တစ်ခဏတွေးပြီး ဖြေပါတယ် “မြင်းလှည်းပေါ်မှာ ကျွန်တော်ကို အမှုအကြောင်း အသေးစိတ် ပြောပြပေါ့”
“အင်း... ပြောပြမယ်” ထောလ်ဟာ နှုတ်ခမ်းမွေးထူကို လက်နဲ့သပ်ပြီး ကလိုင်းနဲ့အတူ သေနတ်ပစ်ကွင်းကနေ ထွက်ပါတယ်။ အဲဒီနောက် လမ်းတစ်ဖက်မှာ ရပ်ထားတဲ့ မြင်းလှည်းပေါ် တက်ပါတယ်။
ဒီမြင်းလှည်းမှာလည်း ဓားနှစ်ချောင်း ကြက်ခြေခတ်နဲ့ သရဖူ အမှတ်တံဆိပ် ရှိပါတယ်။ သီးသန့် မြင်းလှည်းမောင်းသမားလည်း ပါပါတယ်။
“လူကြီးမင်းဒူဝီဗိုက နတ်ဘုရားမကို ကိုးကွယ်တယ်... အဲဒါကြောင့် ဒီအမှုကို မင်းတို့ဆီ လွှဲလိုက်တာ” ထောလ်ဟာ မြင်းလှည်းပေါ်မှာ ထိုင်ပြီးတာနဲ့ ချက်ချင်း စပြောပါတယ်။
“ကျွန်တော် သိတယ်... သတင်းစာတွေ မဂ္ဂဇင်းတွေက သူ့အကြောင်းကို အမြဲတမ်းလိုလို ရေးကြတယ်” ကလိုင်းဟာ ဖော်ဖော်ရွေရွေ ပြုံးလိုက်ပါတယ်။
ထောလ်ဟာ သူ့ဘေးမှာရှိတဲ့ စာရွက်အိတ်ကို ကောက်ယူပြီး တံဆိပ်ဖွင်ကာ အထဲက စာရွက်စာတမ်းတွေကို ထုတ်ယူပါတယ်။ ပြီးတဲ့အခါမှာတော့ စာရွက်စာတမ်းတွေကို လှန်ကြည့်ပြီး ရှင်းပြပါတယ်။
“မင်း ဘယ်လောက် သိထားလဲတော့ ငါ မသိဘူး... ဒါပေမဲ့ ငါ့ဘက်ကတော့ အကြမ်းဖျင်း အသေးစိတ် ရှင်းပြပေးမယ်”
“လူကြီးမင်း ဒူဝီဗိုက ထင်းဂန်မြို့မှာ အချမ်းသာဆုံး သူဌေးကြီးပဲ... သူ့လုပ်ငန်းကို ခဲနဲ့ကြွေ စက်ရုံတွေကနေ စတင်ခဲ့တာ... အခုတော့ သံမဏိ၊ ကျောက်မီးသွေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းနဲ့ ငွေးချေးစာချုပ်အထိ ကျယ်ပြန့်သွားပြီ... သူက ဒူဝီဗို ဖောင်ဒေးရှင်း၊ ဒူဝီဗို ယုံကြည်အပ်နှံငွေ၊ ဒူဝီဗို စာကြည့်တိုက် စတဲ့ ပရဟိတတွေ လုပ်ခဲ့လို့ ဘုရင်ကိုယ်တိုင် ချီးကျူးတာ ခံရတဲ့ နာမည်ကျော် ပရဟိတသမား တစ်ယောက်ပဲ... လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက စစ်သူရဲဘွဲ့ ချီးမြှင့်ခံခဲ့ရတယ်... သူသာ မြို့ဝန်ဖြစ်ချင်ရင် ထင်းဂန်မြို့မှာ သူ့ကို ယှဉ်နိုင်တဲ့လူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး”
“ဒါပေမဲ့ သူ့ရဲ့ ပစ်မှတ်က ဘက်ကလင်မှာ... ပါလီမန်အမတ် ဖြစ်ချင်တာ... သူ နှောင့်ယှက်ခံရတာက ဒီကိစ္စနဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါတို့တွေ သံသယတော့ ဝင်မိတယ်... ဒါပေမဲ့ ငါတို့မှာ ဒီနေ့အထိ ဘာသဲလွန်စမှ မရသေးဘူး”
ကလိုင်းဟာ ခေါင်းအသာညိတ်လိုက်ပါတယ် “ဒီဖြစ်နိုင်ခြေကိုလည်း ဖယ်ထားလို့ မရဘူး... ဒါပေမဲ့ အခုအချိန်မှာ ဒီသံသယကို အတည်ပြုစရာ ဘာမှ မရှိသေးဘူး”
ထောလ်ဟာ ဒီနေရာမှာပဲ ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ ဆက်ပြောပါတယ် “လွန်ခဲ့တဲ့လ ခြောက်ရက်ကစပြီး လူကြီးမင်း ဒူဝီဗိုက အိပ်မယ်လုပ်တိုင်း စိတ်မချမ်းသာစရာ ကောင်းတဲ့ ညည်းတွားသံကို ညတိုင်း ကြားရတယ်... အဲဒီအသံက လူနာတစ်ယောက် သူ့အသက်အတွက် တိုက်ခိုက်နေသလိုပဲ... ဘေးပတ်ဝန်းကျင်က အခန်းတွေကို အကြိမ်များစွာ စစ်ဆေးကြည့်ပေမဲ့ ထူးဆန်းတာ ဘာတစ်ခုမှ မတွေ့ရဘူး... အိမ်ထိန်းနဲ့ အိမ်စေတွေကလည်း အဲဒီအသံလို အသံမျိုး ကြားရတယ်လို့ အတည်ပြုကြတယ်... ဒါပေမဲ့ သူတို့တွေက လူကြီးမင်းဒူဝီဗိုလောက် ဆိုးဆိုးရွားရွား မကြားရဘူး”
“ပထမတော့ လူကြီးမင်း ဒူဝီဗိုက ဒီကိစ္စ မြန်မြန် ပြီးသွားမှာပဲလို့ တွေးပြီး သိပ်ဂရုမစိုက်ခဲ့ဘူး... ဒါပေမဲ့ အဲဒီညည်းတွားသံက ပိုပြီးတော့ မကြာမကြာ ပေါ်လာတယ်... နောက်ဆုံး နေ့ဘက်မှာတောင် ကြားရတဲ့အထိပဲ... အဲ့ဒါအပြင် ကြေကွဲစရာကောင်းတဲ့ ငိုသံပါ ထပ်ကြားလာရတယ်”
“အဲဒီအသံတွေကြောင့် လူကြီးမင်း ဒူဝီဗိုက မကြာမကြာ အိပ်ရေးပျက်လာတော့ ရွေးချယ်စရာမရှိဘဲ ထင်းဂန်မြို့ကနေ ထွက်ပြီး ရွာက သူ့စံအိမ်မှာ ပြောင်းနေတယ်... ဒါပေမဲ့ ဘာမှ မထူးဘူး... အဲဒီညည်းတွားသံတွေနဲ့ ငိုကြွေးသံတွေက ဆက်ပေါ်လာနေတုန်းပဲ... နောက်ဆုံး ဘက်ကလင်မှာတောင် ပေါ်လာတယ်... ပြင်းပြင်းထန်ထန် မဖြစ်တာ တစ်ခုပဲ”
“လူကြီးမင်းဒူဝီဗိုက လုံခြုံရေးအစောင့်တွေ ငှားပြီး သူ့ပတ်ဝန်းကျင်ကို စစ်ဆေးပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ဘူး... ငါတို့ရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုမှာလည်း ဘာမှကို မတွေ့ဘူး”
“လူကြီးမင်းဒူဝီဗိုက တစ်လကျော် နှောင့်ယှက်ခံရတော့ အိပ်ရာထဲ လဲခါနီး ဖြစ်နေပြီ... စိတ်ရောကု ဆရာဝန်တွေနဲ့လည်း သွားပြတယ်... ဒါပေမဲ့ သူ့ပြဿနာကို ဘယ်သူမှ မဖြေရှင်းနိုင်ကြဘူး... တကယ်လို့ ဒီပြဿနာကို တစ်လအတွင်း မဖြေရှင်းနိုင်ရင် ထင်းဂန်မြို့ကနေ ထွက်ပြီး ဘက်ကလင်ဆီ သွားတော့မယ်လို့ ငါတို့ကို ပြောတယ်... အဲဒီမှာတော့ သူ့ကို ကူညီပေးနိုင်မဲ့လူ ရှိလိမ့်မယ်တဲ့”
ထောလ်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကလိုင်းဟာ အခြေအနေကို မြန်မြန်ဆန်ဆန် ပိုင်းခြားစိစစ်ကာ ဖြစ်နိုင်ခြေတချို့ကို တွေးမိလိုက်ပါတယ်။
‘သာလွန်သူတစ်ယောက်ကို အပြစ်ပြုမိလို့ ကျိန်စာတိုက်ခံရတာလား...’
‘မဟုတ်ဘူး... ကျိန်စာတိုက်ခံရတာဆိုရင် အိမ်တော်ထိန်းနဲ့ အိမ်စေတွေက သူကြားတာကို ကြားရမှာ မဟုတ်ဘူး’
‘သူ့အိမ်စေနဲ့ ကိုယ်ရံတော်တွေကြားမှာ သာလွန်သူ တစ်ယောက်ယောက် ပုန်းနေတာလား...’
‘ဒါပေမဲ့ ပြဿနာက တစ်လကျော်တာတောင် လူကြီးမင်း ဒူဝီဗိုဆီကို ဘာတောင်းဆိုမှုမှ မလုပ်တာဘဲ...’
‘လူကြီးမင်း ဒူဝီဗိုက အငြိုးကြီးတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေနဲ့ မတော်တဆ ထိတွေ့မိလို့များလား...’
‘ဒီဖြစ်နိုင်ခြေက အခြေအမြစ် မရှိတာတော့ မဟုတ်ဘူး...’
ကလိုင်း အတွေးများနေတုန်းမှာပဲ မြင်းလှည်းဟာ ရွှေရောင်စက်မှုန်ဇုန် မြို့နယ်ထဲ ဝင်သွားပြီး လူကြီးမင်း ဒူဝီဗိုရဲ့ အိမ်တံခါးရှေ့မှာ ရပ်ပါတယ်။
သံမဏိ ခြံစည်းရိုးက စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်တစ်ခုကို ကာရံထားပါတယ်။ သတ္တုဂိတ်ရဲ့ဘေးမှာတော့ ရုပ်တုနှစ်ရုပ် ရှိနေပါတယ်။ ခြံထဲမှာ ခမ်းနားလှပတဲ့ စကျင်ကျောက် ရေပန်း၊ ခမ်းခမ်းနားနား ဆောက်လုပ်ထားတဲ့ နှစ်ထပ်အိမ်တစ်လုံးနဲ့ မြင်းလှည်းသုံးစီး ယှဉ်သွားရအောင် ကျယ်ဝန်းတဲ့ လမ်းတစ်လမ်း ရှိနေပါတယ်။
‘စစ်သူရဲရဲ့အိမ်တောင် နှစ်ထပ်ပဲ မြင့်တယ်... သတင်းစာထဲမှာတော့ ဘက်ကလင်မှာ ဆယ်ထပ် အဆောက်အဦး ဆောက်ဖို့ စမ်းသပ်နေတယ်လို့ ပြောတယ်’
ကလိုင်း မြင်းလှည်းပေါ်က ဆင်းလိုက်တဲ့အခါ သုံးရစ်နဲ့ တပ်ကြပ်သုံးဦး ခပ်သုတ်သုတ် လျှောက်လာတာ တွေ့လိုက်ရပါတယ်။
သူဟာ ကလိုင်းကို ကြည့်ပြီး အလေးပြုပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ဆရာ”
“မင်္ဂလာ မနက်ခင်းပါ” ကလိုင်းဟာ အပြုံးနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
ထောလ်ကလည်း ပြုံးပါတယ်။
“ဒါက တပ်ကြပ်ဂိတ်(ထ်)ပဲ... တစ်ခုခုလိုတာရှိရင် သူ့ကို ခိုင်းလို့ရတယ်”
“ဒါက အစမ်းခန့်ရဲအုပ် မိုရက်တီ... ရဲဌာနာက သမိုင်းနဲ့ စိတ်ပညာ ပါရဂူပဲ” ထောလ်ဟာ ကလိုင်းကို ဂိတ်နဲ့ မိတ်ဆက်ပေးပါတယ်။
‘... ငါ အဲဒီနာမည်နဲ့ မထိုက်တန်ပါဘူး...’ ကလိုင်းဟာ နည်းနည်း မျက်နှာပူသွားပါတယ်။
နှုတ်ဆက်စကား ပြောပြီးနောက် ဂိတ်ဟာ ရေပန်းနောက်က နှစ်ထပ် အဆောက်အဦးကို ထိုးပြပြီး...။
“လူကြီးမင်း ဒူဝီဗိုက ကျွန်တော်တို့ကို စောင့်နေတယ်”
“အင်း...” ကလိုင်းဟာ ခါးက ခြောက်လုံးပြူးကို အသာပွတ်သပ်လိုက်ပါတယ်။ ဒါက ရန်သူကို ရင်ဆိုင်တဲ့နေရာမှာ သူ့အတွက် အကောင်းဆုံး အားထားရာပါ။ ရဲယူနီဖောင်း ဝတ်ထားတော့ သေနတ်ကို ခါးမှာ ချိတ်ထားလို့ရပါတယ်။ အဲဒီတော့ ဆွဲထုတ်ရ လွယ်ပါတယ်။
စကားတပြောပြောနဲ့ သူတို့သုံးယောက်ဟာ ရေပန်းကို ပတ်လျှောက်ပြီး တံခါးရှေ့ ရောက်သွားပါတယ်။ အဲဒီအချိန်မှာ အိမ်စေတစ်ယောက်က တံခါးဖွင့်ပြီး သူတို့ကို စောင့်ဆိုင်းနေပါတယ်။
ကလိုင်းဟာ အိမ်ထဲမဝင်ခင် ဦးထုပ်ကို နည်းနည်း ပြင်စောင်းချင်ယောင် ဆောင်ပြီး နဖူးလယ်ကို နှစ်ချက်တောက်ကာ စိတ်ဝိညာဉ်အာရုံ ဖွင့်ပါတယ်။
လေးထောင့်မျက်နှာနဲ့ လူကြီးမင်းဒူဝီဗိုဟာ ခန်းမထဲမှာ နဖူးကို နှိပ်နေပါတယ်။ သူ စိတ်မရွှင်ဘူးဆိုတာ သိသာလှပါတယ်။ သူ့ရဲ့ ရွှေရောင်ဆံပင်တွေနဲ့ အပြာရောင်မျက်လုံးတွေဟာ ငါးနှစ်လောက် အိုမင်သွားသလိုမျိုး ခြောက်သွေ့ မွဲခြောက်ပြီး မှုန်မှိုင်းနေပါတယ်။
“မင်္ဂလာ မနက်ခင်းပါ လူကြီးမင်း ဒူဝီဗို” ကလိုင်း ထောလ်နဲ့ ဂိတ်ဟာ တစ်ချိန်တည်းမှာ ဦးညွှတ်လိုက်ပါတယ်။
လူကြီးမင်းဒူဝီဗိုဟာ မတ်တတ်ရပ်ပြီး အားယူပြုံးပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ရဲအရာရှိတို့... ကျွန်တော်ရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်”
အဲဒီအချိန်မှာ ကလိုင်းဟာ မျက်စိမှေးပြီး မသိမသာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးမင်း ဒူဝီဗိုဆီမှာ စိတ်ဓာတ် ကျနေတာကလွဲရင် တခြား ဘာပြဿနာမှ ရှာမတွေ့လို့ပါပဲ။
‘ဒါ တော်တော် ထူးဆန်းတယ်...’ သူဟာ တစ်ခဏတွေးပြီး မေးလိုက်ပါတယ် “လူကြီးမင်း... အဲဒီညည်းတွားသံကို လူကြီးမင်း ဘယ်အခန်းမှာ အရင်ဆုံး ကြားရတာလဲ”
“အိပ်ခန်းထဲမှာ...” လူကြီးမင်း ဒူဝီဗိုဟာ ခေါင်းခါပါတယ်။
“ကျွန်တော်တို့ တစ်ချက်လောက် ကြည့်လို့ရမလား” ကလိုင်းဟာ မေးမြန်းကြည့်ပါတယ်။
“ခင်ဗျားတို့တွေ အကြိမ် အများကြီး စစ်ဆေးပြီးပြီ မဟုတ်ဘူးလား...” လူလတ်ပိုင်းအရွယ် အိမ်တော်ထိန်းက ဘေးကနေ ဝင်ပြောပါတယ်။
ဒီအိမ်တော်ထိန်းက ကလိုင်းကို သတိမထားမိတာ သိသာပါတယ်။
ကလိုင်းဟာ အပြုံးမပျက်ပါဘူး။
“အဲဒါက ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ... ကျွန်တော် မဟုတ်ဘူး”
“လူကြီးမင်း... ဒါက ရဲဌာနက လွှတ်လိုက်တဲ့ ပညာရှင်ပါ” ထောလ်ဟာ အခွင့်အရေးယူပြီး ကလိုင်းကို မိတ်ဆက်ပေးပါတယ်။
ဒူဝီဗိုဟာ ပညာရှင်ဆိုတဲ့ လူငယ်လေးကို တစ်ချက်ကြည့်ပြီး သူ့အိမ်တော်ထိန်းကို ပြောပါတယ် “တော်ပြီ ကော်လန်... ရဲအရာရှိကို ငါ့အခန်းထဲ ခေါ်သွားချည်”
“လူကြီးမင်း... လူကြီးမင်းပါ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ” ကလိုင်းက လေးလေးနက်နက် ပြောပါတယ်။
ဒူဝီဗိုဟာ လေးငါးစက္ကန့်လောက် တုံ့ဆိုင်းသွားပြီးမှ “အဲဒါသာ ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင်...” သူဟာ လက်ကိုင်တုတ်ကို လှမ်းဆွဲရင်း ပြောပါတယ်။
အဲဒီနောက် သူဟာ အိမ်တော်ထိန်း ကော်လန်နဲ့အတူ လှေကားထစ်ဆီ လျှောက်သွားပါတယ်။ ကိုယ်ရံတော်တချို့ကလည်း လိုအပ်ရင် အကူအညီပေးဖို့ ဘေးကနေ ဝန်းရံ လိုက်ပါသွားပါတယ်။
ကလိုင်းဟာ သူတို့နောက်ကနေ တိတ်တဆိတ် လိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်ပါတယ်။
ပထမ လှေကားထစ်။
ဒုတိယ လှေကားထစ်။
တတိယ လှေကားထစ်။
သိပ်မကြာခင်မှာပဲ သူတို့တွေဟာ ဒုတိယထပ် ရောက်သွားပြီး ဒူဝီဗိုရဲ့ အိပ်ခန်းထဲ ဝင်ပါတယ်။
ကလိုင်းဟာ ရုတ်တရက် ဆံပင်မွေးညင်းတွေ ထောင်သွားတဲ့အခါ ပတ်ဝန်းကျင်ကို ထောက်လှမ်းဖို့ အချိန်မရှိတော့ပါဘူး။
ဒါ သူ့ စိတ်ဝိညာဉ်ရဲ့ တုံ့ပြန်မှုပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။