← Chapters

ဟေးလီ

Vol. 9 Ch. 90

ဟေးလီ

Vol. 9 Ch. 90

လူကြီးမင်း ဒူဝီဗိုရဲ့ အိပ်ခန်းဟာ ကလိုင်းအိမ်က ဧည့်ခန်းနဲ့ ထမင်းစားခန်း နှစ်ခန်းပေါင်းထက် ပိုကျယ်ဝန်းပါတယ်။ အိပ်စက်တဲ့နေရာ အဝတ်အစားလဲတဲ့နေရာ နေထိုင်တဲ့နေရာ ရေချိုးခန်း စတဲ့အခန်းတွေ ခွဲထားပြီး စာရေးစားပွဲနဲ့ စာအုပ်စင်လည်း ရှိပါတယ်။ ပရိဘောဂတွေကလည်း လက်ရာမြောက်လှပြီး တော်တော်လေး တန်ဖိုးကြီးမှာပါ။

ဒါပေမဲ့ ကလိုင်းအတွက်တော့ အလင်းရောင်က ပိုမှိန်ပြီး အပူချိန်ကလည်း အပြင်ကထက် လေးငါး ဒီဂရီလောက် ပိုအေးနေပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ နောက်ဆုံး ရုန်းကန်မှုလိုမျိုး ရှိုက်သံနဲ့ ညည်းတွားသံကို ကြားလိုက်ရပါတယ်။

ကလိုင်းဟာ တဒင်္ဂ မိန်းမောသလိုမျိုး ဖြစ်သွားပြီး အဲဒီနောက် ရုတ်တရက်ဆိုသလို အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ‌တောက်ပတဲ့ နေအလင်းရောင်ဟာ ပြတင်းပေါက်ကို ဖြတ်သန်းပြီး အိပ်ခန်းထဲ အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။ အပူချိန်ကလည်း ပုံမှန်အတိုင်းပါပဲ။ ပူလည်း မပူသလို အေးလည်း မအေးပါဘူး။ ဘေးနားက ရဲတွေ ကိုယ်ရံတော်တွေနဲ့ အိမ်တော်ထိန်းဟာလည်း တိတ်ဆိတ်နေပါတယ်။ ဘယ်သူမှ စကားမပြောပါဘူး။

‘ဒါ...’ သူဟာ ဇိမ်ခံအိပ်ရာ မဖြစ်ရုံတမယ် ခုတင်ရဲ့ဘေးကို တစ်ချက် ကြည့်မိလိုက်တဲ့အခါ ဝိုးတိုးဝါးတား မျက်လုံးတစ်စုံက အရိပ်ထဲမှာ ရှိနေသေးတယ်လို့ ခံစားလိုက်ရပါတယ်။ မီးကိုမကြောက်တဲ့ ပိုးဖလံလိုပါပဲ။

သေချာကြည့်ချင်လို့ အနားတိုးသွားတဲ့အခါ စောစောက မြင်ကွင်းဟာ ကလိုင်းရဲ့ စိတ်ဝိညာဉ်အာရုံကနေ ပျောက်ကွယ်သွားပါတယ်။

‘တစ္ဆေလည်း မဟုတ်ဘူး... မကောင်းဆိုးဝါး စိတ်ဝိညာဉ်လည်း မဟုတ်ဘူး... ဒါဆို ဒါက ဘာလဲ...’ ကလိုင်းဟာ မျက်မှောင်ကြတ်သွားပြီး သူ သင်ထားတာတွေကို ပြန်တွေးပါတယ်။

သူ မြင်ထားသလောက် ပြောရရင် ဒီကိစ္စက အလောင်းစုသမား၊ ဒွန်းစဏ္ဍားနဲ့ နတ်ဝင်သည်ဆိုရင် လွယ်ကူမှာပါ။ ဒါပေမဲ့ ဒါက သူ ကျွမ်းကျင်တဲ့ နယ်ပယ် မဟုတ်ပါဘူး။

ဗေဒင်နဲ့ ထောက်လှမ်းချင်တဲ့စိတ်ကို မျိုသိပ်ရင်း ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ဖြည်းဖြည်းချင်း လိုက်ကြည့်ကာ သူ့စိတ်ထဲက ခန့်မှန်းချက်ကို အတည်ပြုဖို့ သဲလွန်စတွေ ရှာဖွေပါတယ်။

“ရဲအုပ်...” လူကြီးမင်း ဒူဝီဗိုဟာ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မေးပါတယ် “တစ်ခုခု ရှာတွေ့လို့လား”

“အဲဒီလောက်သာ လွယ်ရင် ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒီအချိန်ထိ စောင့်နေမှာ မဟုတ်ဘူး” ကလိုင်းဟာ ပြန်ဖြေရင်း ပရဟိတသမားကြီးကို တစ်ချက် ကြည့်မိလိုက်ပါတယ်။

သူ့အကြည့်ကို ပြန်ရုပ်သိမ်းမလို့ လုပ်လိုက်တဲ့အခါမှာပဲ လူကြီးမင်း ဒူဝီဗိုနောက်က မှန်ထဲမှာ ပုံပန်းမကျတဲ့ ဝိုးတိုးဝါးတား လူသားရုပ်သွင်တစ်ခု ပေါ်လာတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။

မဟုတ်ပါဘူး။ တိတိကျကျ ပြောရရင် ရုပ်သွင်တွေ တစ်ခုနဲ့တစ်ခု ထပ်နေလို့ ပုံပန်းမကျတဲ့ ရုပ်သွင်တစ်ခုလိုမျိုး ဖြစ်နေတာပါ။

လက်ခနဲ ပေါ်လာတဲ့ ရုပ်သွင်ကနေ သူဟာ ငိုရှိုက်သံ ခပ်ယဲ့ယဲ့ကို ကြားလိုက်ရသလိုပါပဲ။

“ဟူး...” သူဟာ လေပူတစ်ချက် မှုတ်ထုတ်ပြီး စိတ်လျှော့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်လန့်ပြီး သေနတ်ဆွဲထုတ်လုနီး ဖြစ်သွားလို့ပါ။

‘စိတ်ဝိညာဉ်အာရုံ စူးရှတာက တစ်နေ့မှာ ငါ့ကို ဒိလိုမျိုး ကြောက်လန့်စေလိမ့်မယ်လို့ မထင်မိဘူး...’ ကလိုင်းဟာ စိတ်လျှော့ရင်း သူ့ကိုယ်သူ ရယ်စရာပြောကာ လူကြီးမင်း ဒူဝီဗိုကို အာရုံပြန်စိုက်ပါတယ်။

ဒီတစ်ခါမှာတော့ သူဟာ အရင်ကနဲ့ မတူတာကို တွေ့လိုက်ရပါတယ်။

အခု သူ အိပ်ခန်းထဲ ရောက်နေတော့ လူကြီးမင်းဒူဝီဗိုရဲ့ ဘေးနားမှာ ပုံပန်းမကျဘဲ ဝင်းခနဲလက်ခနဲ ဖြစ်သွားတဲ့ ဝိုးတိုးဝါးတား ရုပ်သွင်တစ်ခု ရှိနေပါတယ်။ အဲဒီရုပ်သွင်ဟာ သူ့ဘေးနား ပတ်ဝန်းကျင်က အလင်းရောင်ကိုတောင် မှေးမှိန်စေပါတယ်။

သူ ဝင်းခနဲ လက်ခနဲ ဖြစ်သွားတိုင်းမှာ အထင်မှား အမြင်မှား ငိုသံနဲ့ ညည်းတွားသံတွေပါ တစ်ပါတည်း လိုက်ပါလာပါတယ်။ သာမန်လူတွေ ဒါကို ကြားရဖို့က မဖြစ်နိုင်သလောက်ပါပဲ။

‘သာမန်အခြေအနေမှာ သာမန်လူတွေ ကြားဖို့ ခက်တယ်... နေ့ခင်းဘက်မလို့နဲ့ တူတယ်...’ ကလိုင်းဟာ တွေးရင်း ခေါင်းညိတ်လိုက်ပါတယ်။

သူဟာ ဒီကိစ္စအတွက် ကနဦး ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

လူကြီးမင်း ဒူဝီ‌ဗိုကို ခြောက်လှန့်နေတာက မကျေနပ်မှုပါ။ လူသားတစ်ယောက် မသေဆုံးခင် ဖြေရှင်းခွင့်မရတဲ့ ခံစားချက်တွေရဲ့ လက်ကျန် စိတ်ဝိညာဉ်ပါ။

အဲဒီလို မကျေနပ်တဲ့ ခံစားချက်မျိုးက ဒီလောကမှာ အချိန်တစ်ခုထက် ကြာသွားပြီဆိုရင် စွမ်းအားပိုကြီးလာပြီး ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ်တွေ ဖြစ်သွားတက်ကြပါတယ်။ ဒေါသလည်း အရမ်းကြီးပါတယ်။

ဒါပေမဲ့ လူကြီးမင်း ဒူဝီဗိုက နာမည်ကျော် ပရဟိတသမား တစ်ယောက်ပါ။ ဂျီးများတဲ့ ဘန်ဆင်တောင် သူ့ကို သိပါတယ်။ အဲဒါကို ဘာဖြစ်လို့ လူသေရဲ့ မကျေနပ်ချက်ထဲကနေ ရုန်းမထွက်နိုင်ရတာလဲ။ သူက မျက်နှာနှစ်ဖက်နဲ့ လူလား။ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ သာလွန်သူ တစ်ယောက်ယောက်ရဲ့ လက်ချက်လား။

ကလိုင်းဟာ ဖြစ်နိုင်ခြေတွေကို သံသယနဲ့ ခန့်မှန်းကြည့်ပါတယ်။

တစ်ခဏ တွေးတောပြီးတဲ့ နောက်မှာတော့ သူဟာ ဒူဝီဗိုကို ကြည့်ပြီး မေးပါတယ် “လူကြီးမင်း... ကျွန်တော် မေးခွန်း နည်းနည်းလောက် မေးလို့ရမလား”

“မေးပါ” ဒူဝီဗိုဟာ ပင်ပန်းတာကြောင့် ထိုင်လိုက်ပါတယ်။

ကလိုင်းဟာ ခေါင်းထဲမှာ စာလုံးတွေစီပြီး စမေးပါတယ် “လူကြီးမင်း ဒီနေရာကနေ ထွက်ပြီး နေရာသစ်တစ်ခုကို ပြောင်းသွားရင်... ရွာမှာပဲဖြစ်ဖြစ် ဘက်ကလင်မှာပဲဖြစ်ဖြစ်... အနည်းဆုံး ညဝက်လောက်တော့ အေးချမ်းတယ်မလား... ပြီးတော့မှ အရင်အတိုင်း ပြန်ဖြစ်ပြီး တဖြည်းဖြည်း ပိုဆိုးသွားတာမလား... နေ့ခင်းဘက် အိပ်ရင်တောင် ညည်းသံနဲ့ ရှိုက်သံတွေကို ကြားရတယ်မလား...”

ဒူဝီဗိုရဲ့ မှေးနေတဲ့ မျက်စိတွေဟာ ရုတ်တရက် ပြူးကျယ်သွားပြီး သူ့ရဲ့ အပြာရောင် မျက်လုံးတွေမှာ မျှော်လင့်ချက်ရောင်ခြည် ပေါ်လာပါတယ်။

“ဟုတ်တယ်... ရဲအရာရှိ ပြဿနာရဲ့ ရင်းမြစ်ကို ရှာတွေ့ပြီလား”

အဲဒီတော့မှပဲ ဒူဝီဗိုဟာ အိပ်ရေး ဆက်တိုက်ပျက်ပြီး စိတ်အခြေအနေ မကောင်းတာကြောင့် ဒီလိုမျိုး အရေးကြီးတဲ့ သဲလွန်စကို ရဲတွေဆီ ပေးဖို့ လုံးဝ မေ့နေတယ်ဆိုတာ သတိရလိုက်ပါတယ်။

ကလိုင်းရဲ့ မေးခွန်းက အသုံးဝင်တာတစ်ခုကို ဖော်ထုတ်လိုက်တဲ့အတွက် ရဲအုပ်ထောလ်ဟာ စိတ်မောပြေသွားပါတယ်။ ညသိမ်းငှက်က သဲလွန်စ ရှာတွေ့သွားပြီဆိုတော့ ဒီပြဿနာက ဖြေရှင်းလို့ မရတဲ့ ပြဿနာ မဟုတ်တော့ပါဘူး။

ရဲတပ်ကြပ်ဂိတ်ဟာ အံ့အားလည်း သင့်သလို စပ်လည်း စုချင်ပါတယ်။ သူဟာ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကလိုင်းကို သေသေချာချာ မကြည့်ဘဲ မနေနိုင်ပါဘူး။

ဒီအချက်တွေက ဖြည်းဖြည်းချင်း ရစ်ပတ်မိပြီး စုပုံလာတဲ့ လက္ခဏာနဲ့ တစ်ထည်တည်း ကျပါတယ်။ လူကြီးမင်း ဒူဝီဗိုရဲ့ အဖြေကြောင့် ကလိုင်းဟာ ပြဿနာရဲ့ အခြေခံ အကြောင်းရင်းကို အတည်ပြုလိုက်နိုင်ပါတယ်။

သူ့မှာ လူကြီးမင်း ဒူဝီဗိုကို ကူညီဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ တစ်ခုက သူ့ဘေးမှာ ယဇ်ခုံပြင်ပြီး အစီအရင်မှော်နဲ့ လူသေရဲ့ မကျေနပ်ချက်တွေကို ဖယ်ရှားတာပါ။ ဒုတိယနည်းလမ်းကတော့ တခြားဂမ္ဘီရပညာ သုံးပြီး ပြဿနာရဲ့ ရင်းမြစ်ကို ရှာဖွေက, အဲဒီကနေ စ,ဖြေရှင်းတာပါ။

သာမန်လူတွေ သာလွန်သူတွေအကြောင်း မသိအောင် ကာကွယ်ရမဲ့ စည်းကမ်းရှိသလို သူကလည်း အဲဒီပိုင်းမှာ ကျွမ်းကျင်တာမလို့ ကလိုင်းဟာ ဒုတိယနည်းလမ်းကို ပထမဆုံး စမ်းကြည့်ဖို့ စီစဉ်ပါတယ်။ ဒီနည်းလမ်း မအောင်မြင်မှပဲ နတ်ဘုရားမကို ဆုတောင်းပြီး အစီအရင် လုပ်မှာပါ။

“လူကြီးမင်း... လူကြီးမင်းရဲ့ ပြဿနာက စိတ်ပိုင်းဆိုင်ရဲ့ ပြဿနာတစ်ခုပဲ” သူဟာ ဒူဝီဗိုကို မျက်နှာတည်ကြီးနဲ့ ကြည့်ပြီး မဟုတ်တာ ပြောပါတယ်။

လူကြီးမင်းဒူဝီဗိုဟာ မျက်မှောင်ကြုတ်သွားပြီး ပြန်မေးပါတယ် “ရဲအရာရှိ ပြောချင်တာက ကျွန်တော်က စိတ်မနှံ့လို့ စိတ္တဇဆေးရုံ သွားဖို့ လိုတာလား”

“မဟုတ်ဘူး... အဲဒီလောက်ထိ မဆိုးပါဘူး... တကယ်တော့ လူအများစုမှာ အနည်းနဲ့အများ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိကြတယ်” ကလိုင်းဟာ ဒီအတိုင်း နှစ်သိမ့်ပေးပါတယ် “ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီးတော့ မိတ်ဆက်ပေးပါရစေ... ကျွန်တော်က အာဝါခရိုင် ရဲဌာနက စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်ပဲ”

“စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်...” ဒူဝီ‌ဗိုနဲ့ သူ့အိမ်တော်ထိန်းဟာ သူတို့နဲ့ ရင်းနှီးတဲ့ ရဲအုပ်ထောလ်ကို ကြည့်ပါတယ်။

ထောလ်ဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး မှန်ကန်ကြောင်း အတည်ပြုပါတယ်။

“ကောင်းပြီလေ... အဲဒါဆို ကျွန်တော်ရဲ့ ကုသမှုအတွက် ရဲအရာရှိ ဘာလို့လဲ... နောက်ပြီး ကျွန်တော်ရဲ့ အိမ်တော်ထိန်း၊ ကိုယ်ရံတော်တွေနဲ့ အိမ်စေတွေပါ အဲဒီညည်းသံ ရှိုက်သံတွေကို ဘာလို့ ကြားရတာလဲ...”

ဒူဝီဗိုဟာ လက်ကိုင်တုတ်ကို လက်နှစ်ဖက်နဲ့ကိုင်ရင်း ခေါင်းရှုပ်သွားပါတယ်။

ကလိုင်းဟာ ပရော်ဖက်ရှင်နယ်ကျကျ ပြန်ဖြေပါတယ် “ပြီးသွားရင် ရှင်းပြပေးမယ်”

“အခုတော့ လူကြီးမင်းရဲ့ အိမ်တော်ထိန်း၊ အိမ်စေတွေနဲ့ ကိုယ်ရံတော်တွေကို ထွက်သွားဖို့ ပြောပေးပါ... ရဲအုပ်ထောလ်နဲ့ ရဲတပ်ကြပ်ဂိတ်လည်း ထွက်သွားပေးပါ... ဒီအခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ ချန်ထားခဲ့ပေးပါ... ကနဦး ကုသမှုအတွက် တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို လိုအပ်တယ်”

‘မှော်ပညာနဲ့ ကုသမှာ...’ ရဲအုပ်ထောလ်ဟာ စိတ်ထဲမှာ ပေါင်းပြောပြီး လူကြီးမင်း ဒူဝီဗိုလ်ကို ခေါင်းညိတ်ပြပါတယ်။

ဒူဝီဗိုဟာ ဆယ်စက္ကန့်ကျော် တိတ်ဆိတ်သွားပြီးမှ...။

“ကော်လန်... သူတို့ကို ဒုတိယထပ်က ဧည့်ခန်းထဲ ခေါ်သွားချည်”

“ဟုတ်ကဲ့ပါ သူဌေးမင်း...” စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြစ်တဲ့ အစမ်းခန့် ရဲအုပ်အရာရှိက တောင်းဆိုတာဆိုတော့ အိမ်တော်ထိန်း ကော်လန်ဟာ မငြင်းဆန်ပါဘူး။

သူတို့တွေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကာ တံခါးပိတ်လိုက်တာကို ကြည့်ပြီးနောက် ကလိုင်းဟာ ဒူဝီဗိုကို ပြောပါတယ် “လူကြီးမင်း... အိပ်ရာမှာ လှဲအိပ်ပါ... ပြီးရင် ခန္ဓာကိုယ်ကို ဖြေလျှော့ပြီး အိပ်ကြည့်ပါ”

“...အင်း...” ဒူဝီဗိုဟာ ကုတ်အင်္ကျီကို အဝတ်စင်မှာ ချိတ်ပြီး ခုတင်ဘေးနားကို ဖြည်းဖြည်းချင်း လျှောက်သွားကာ ခုတင်ပေါ်မှာ လဲလျောင်းပါတယ်။

ကလိုင်းဟာ လိုက်ကာတွေ အကုန်လုံး ဆွဲပိတ်ပြီး အခန်းကို မှောင်သွားစေပါတယ်။

အဲဒီနောက် သူဟာ စိတ်ဝိညာဉ်ချိန်သီးဗေဒင်နဲ့ အန္တရာယ် ရှိမရှိ တွက်ကြည့်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခုတင်ခြေရင်းက လှုပ်ကုလားထိုင်မှာ ထိုင်ပြီး အလင်းစက်လုံးပုံ မြင်ယောင်ကာ တွေးခေါ်မှု အခြေအနေထဲ ဝင်ပါတယ်။ စိတ်ဝိညာဉ်လောက,က သူ့မျက်စိရှေ့မှာ ကျယ်ပြန့်သွားပါတယ်။

အဲဒီနောက် လှုပ်ကုထားထိုင်ကို မှီပြီး သူ့ကိုယ်သူ အိပ်မောကျစေကာ သူ့လိပ်ပြာကို ပြင်ပလောကနဲ့ ထိတွေ့စေပါတယ်။

သူဟာ အိပ်မက်ဗေဒင်သုံးပြီး အိပ်မက် မက်နေသလိုမျိုးနဲ့ လူကြီးမင်း ဒူဝီဗိုနားက မကျေနပ်မှုတိုင်းနဲ့ ဆက်သွယ်ပါတယ်။ ဒီလို ဆက်သွယ်မှပဲ အဖြေသိရပြီး ပြဿနာကို ဖြေရှင်းနိုင်မှာပါ။

ငိုရှိုက်သံ။

ဝမ်းနည်းစရာကောင်းတဲ့ ငိုရှိုက်သံဟာ ကလိုင်းရဲ့ နားထဲကို ဝင်လာပြီး အဖြူရောင် ရုပ်သွင်တစ်ခုက သူ့ဘေးမှာ ပေါလော‌မျောနေတာ တွေ့လိုက်ရပါတယ်။

နာကျင်ဖွယ် ညည်းညူသံဟာ ကလိုင်းရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ပြန်တွေးနိုင်ရုံ ရှိသေးတဲ့ ကလိုင်းဟာ လက်ဆန့်ပြီး တစ်ခုကို ထိလိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ရုပ်သွင်တွေဟာ ပိုးဖလံ မီးကို တိုးသလိုမျိုး သူ့နား ဝိုင်းအုံလာပါတယ်။

ကလိုင်းရှေ့က ပုံရိပ်တွေဟာလည်း ရုတ်တရက်ဆိုသလို ဝေဝါးသွားပြီး သူ့ဦးနှောက်က နှစ်ပိုင်း ဖြစ်သွားသလိုပါပဲ။ သူ့စိတ်တစ်ဝက်က တည်တည်ငြိမ်ငြိမ် စောင့်ကြည့်နေပြီး ကျန်တဲ့တစ်ဝက်က မှန်တစ်ချပ်ကို မြင်လိုက်ရပါတယ်။

မှန်ထဲမှာ ပေါ်နေတာက အလုပ်သမား ဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေး တစ်ယောက်ပါ။ သူမဟာ ကျန်းမာကြံ့ခိုင်ပုံ ပေါ်ပါတယ်။ ဒါပေမဲ့ ဖုန်မှုန့်တွေ ပြည့်နေတဲ့ စက်ရုံထဲ ဝင်သွားတဲ့အခါ ခေါင်းတဆစ်ဆစ် ကိုက်သွားပါတယ်။

သူမရဲ့ အမြင်အာရုံဟာ မကြာမကြာ ဝေဝါးပြီး သူမရဲ့ ခန္ဓာကိုယ်ဟာလည်း တစ်နေ့ထက်တစ်နေ့ ပိန်ချုံးလာပါတယ်။

သူမဟာ တစ်ယောက်ယောက်က သူမကို ရှားလက်လို့ခေါ်တာ ကြားလိုက်ရပြီး အဲဒီအသံက သူမမှာ စိတ်ကစဉ့်ကလျား ဖြစ်တဲ့ ရောဂါ ရှိတယ်လို့ ပြောပါတယ်။

‘စိတ်ကစဉ့်ကလျား ဖြစ်တဲ့ ရောဂါလား...’ သူမဟာ မှန်ထဲကို ကြည့်လိုက်တဲ့အခါ သူမရဲ့ သွားဖုံးမှာ အပြာရောင် ရေးရေးရှိတဲ့ အကြောင်းတွေ တွေ့လိုက်ရပါတယ်။

...

မှန်ထဲက မြင်ကွင်းဟာ ပြောင်းလဲသွားပြီး ကလိုင်းဟာ မေရီလို့ခေါ်တဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူမဟာလည်း ခဲစက်ရုံထဲ ဝင်သွားပါတယ်။ သူမဟာ ငယ်ရွယ်နုပျိုပြီး လန်းဆန်း တက်ကြွပါတယ်။

ရုတ်တရက်ဆိုသလို သူမရဲ့ မျက်နှာတစ်ခြမ်းဟာ ဆန့်ငင်ဆန့်ငင် ဖြစ်သွားပါတယ်။ အဲဒီနောက် အဲဒီခန္ဓာကိုယ်ဘက်ခြမ်းက လက်တွေ ခြေထောက်တွေလည်း ဆန့်ငင်ဆန့်ငင် ဖြစ်ကုန်ပါတယ်။

“နင့်မှာ ဝက်ရူးပြန်ရောဂါ ရှိတယ်” သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အကြောဆွဲနေတုန်းမှာ တစ်ယောက်ယောက်ရဲ့ စကားပြောသံကို ကြားလိုက်ရပါတယ်။

သူမဟာ ဆန့်ငင်ဆန့်ငင်နဲ့ လဲကျသွားပြီး ပိုပြင်းထန်လာကာ နောက်ဆုံး သတိလစ်သွားပါတယ်။

...

အဲဒီနောက် နောက်ထပ် မိန်းကလေးတစ်ယောက် ပေါ်လာပါတယ်။ သူမဟာ စိတ်ဓာတ်ကျနေပါတယ်။ သူမဟာ လမ်းထဲမှာ ငေးကြောင်ကြောင်နဲ့ ဆွံ့အနေတဲ့လူ တစ်ယောက်လိုမျိုး လျှောက်သွားနေပါတယ်။

သူမဟာ တော်တော်လေး ခေါင်းကိုက်နေပြီး သွားဖုံးမှာလည်း အပြာရောင်ကြောင်းတွေ ရှိနေပါတယ်။ မကြာမကြာ ဆိုသလိုလည်း အကြောဆွဲပါတယ်။

သူမ ဆရာဝန်ဆီ သွားပြတော့ ဆရာဝန်က ပြောပါတယ် “လာဖ်ဖီးယက်... ဒါက ခဲဆိပ်မိလို့ ဖြစ်တာ”

ဆရာဝန်ဟာ သူမကို ကရုဏာမျက်လုံးနဲ့ ကြည့်ပြီး သူမ အကြောထပ်ဆွဲတာကို တွေ့သွားပါတယ်။ သူမဟာ ဆက်တိုက် ဆန့်ငင်ဆန့်ငင် အကြောဆွဲပြီး မျက်လုံးထဲက အလင်းရောင်ဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။

…

ကလိုင်းရဲ့ရှေ့မှာ ပုံရိပ်အများကြီး ပေါ်လာပါတယ်။ သူဟာ ဒီထဲမှာ စိတ်နှစ်ပြီး တည်တည်ငြိမ်ငြိမ် ကြည့်ရှုပါတယ်။

ရုတ်တရက်ဆိုသလို သူဟာ မိန်းကလေးတွေရဲ့ ဒုက္ခကို စာနာမိသွားပါတယ်။ သူတို့တွေအကုန်လုံးဟာ ဖုန်မှုန်နဲ့ ခဲမှုန့်တွေကြားမှာ အချိန်အကြာကြီး အလုပ်လုပ်တဲ့အတွက် ခဲဆိပ်မိပြီး သေဆုံးကုန်တာပါ။

လူကြီးမင်း ဒူဝီဗိုရဲ့ လက်အောက်မှာ ခဲစက်ရုံနဲ့ ကြွေစက်ရုံ နှစ်ရုံ ရှိပါတယ်။ ဒီစက်ရုံသုံးရုံလုံးက ဈေးချိုချိုနဲ့ရတဲ့ အမျိုးသမီး အလုပ်သမားတွေကိုပဲ ငှားရမ်း အသုံးပြုပါတယ်။

ကလိုင်းဟာ အဖြစ်အပျက် အကုန်လုံးကို တိတ်တဆိတ် ကြည့်ရင်းနဲ့ မရှင်းလင်းတာ တစ်ခုရှိသေးတယ်လို့ ခံစားလိုက်ရပါတယ်။

ဒီလိုမျိုး လူသေရဲ့ မကျေနပ်ချက်တွေက ပမွှားလေးပါ။ သူတို့တွေက လက်တွေ့လောကကို သက်ရောက်နိုင်စွမ်း မရှိသလို ဒူဝီဗိုဆီမှာ စုပုံလာရင်တောင် ဘာသက်ရောက်မှုမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

စွမ်းအားပိုကြီးပြီး ခေါင်းမာတဲ့ မကျေနပ်ချက်တစ်ခုက သူတို့အကုန်လုံးကို စုစည်းလိုက်ရင်တော့ တစ်မျိုးပေါ့။

အဲဒီအချိန်မှာပဲ သူဟာ နောက်ထပ် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီမိန်းကလေးဟာ အသက် ၁၈ နှစ်ထက် မကျော်ပါဘူး။ ဒါပေမဲ့ သူမဟာ စက်ရုံထဲမှာ ကြွေရည်သုတ်နေပါတယ်။

“ဟေးလီ... ဒီရက်ထဲမှာ ဘယ်လိုနေလဲ... ခေါင်းကိုက်သေးလား... ဆိုးလာရင် ငါ့ကိုပြော... လူကြီးမင်း ဒူဝီဗိုက ခေါင်းကိုက်တာ ပြင်းထန်တဲ့လူတွေ ခဲနဲ့ ထပ်မထိဘဲ စက်ရုံကနေ ထွက်ရမယ်လို့ အမိန့်ထုတ်ထားတယ်” အသက်ကြီးကြီး မိန်းမတစ်ဦးက စိုးရိမ်စိတ်နဲ့ မေးပါတယ်။

ဟေးလီဟာ နဖူးကိုထိပြီး အပြုံးနဲ့ ပြန်ဖြေပါတယ် “နည်းနည်းပါ... အဆင်ပြေပါတယ်”

“ပိုဆိုးလာရင် မနက်ဖြန်ကျ ငါ့ကိုပြော” အသက်ကြီးကြီးမိန်းမက လေးလေးနက်နက် ပြောပါတယ်။

ဟေးလီဟာ သဘောတူပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ သူမဟာ နဖူးကို မကြာမကြာ နှိပ်ပါတယ်။ သူမဟာ သူမရဲ့ မိဘတွေ အစ်ကိုတွေ စပြန်ရောက်နှင့် နေတာကို တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာက ကူကယ်ရာမဲ့နေပါတယ်။

“နင့်အဖေနဲ့ အစ်ကို အလုပ်ပြုတ်သွားပြီ...” သူမရဲ့အမေက မျက်ရည်သုတ်ရင်း ပြောပါတယ်။

သူမရဲ့အဖေနဲ့ အစ်ကိုဟာ ခေါင်းငိုက်စိုက်ချ ထားပါတယ် “ငါတို့တွေ ဆိပ်ကမ်းမှာ အလုပ်ရအောင် ကြိုးစားကြည့်မယ်”

“ဒါပေမဲ့ ကျွန်မတို့မှာ သန်ဘက်ခါအတွက် ပေါင်မုန့်ဝယ်ဖို့တောင် ပိုက်ဆံ မရှိတော့ဘူး... ကျွန်မတို့တွေ အောက်လမ်းကို ပြောင်းကြရအောင်...” ဟေးလီရဲ့ အမေက သူမကို နီရဲနေတဲ့ မျက်လုံးတွေ ကြည့်ပြီး မေးပါတယ် “နင့်ရဲ့ လုပ်အားခကရော ဘယ်တော့ ရမှာလဲ... ၁၀ ဆိုလီမလား”

ဟေးလီဟာ နဖူးကို ထပ်နှိပ်လိုက်ပါတယ်။

“ဟုတ်တယ်... စနေနေ့... စနေနေ့ကျရင် ရမှာ”

သူမဟာ ဘာမှ ထပ်မပြောတော့ဘဲ ပုံမှန်လိုပဲ တိတ်တိတ်နေပါတယ်။ နောက်နေ့မှာ သူမဟာ စက်ရုံဆီ ပြန်သွားပြီး ခေါင်းကိုက်တာ သက်သာသွားပြီလို့ သူမရဲ့ ကြီးကြပ်ရေးမှူးကို ပြောပါတယ်။

သူမဟာ ပြုံးပြီး နေ့စဉ် စက်ရုံနဲ့အိမ် ငါးကီလိုမီတာ လမ်းလျှောက်ကာ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ သူမ ခေါင်းကို နှိပ်တာက ပိုပိုပြီးတော့ စိပ်လာပါတယ်။

“အလုပ်မရသေးဘူးလား...” ဟေးလီဟာ ပေါင်မုန့်နက်နဲ့ ဆူပွက်နေတဲ့ စွပ်ပြုတ်ကို ကြည့်ရင်း သူမရဲ့အဖေနဲ့ အစ်ကိုကို မနေနိုင်ဘဲ မေးပါတယ်။

သူမရဲ့အဖေက စိတ်ပျက်လက်ပျက်နဲ့ ဖြေပါတယ် “စီးပွားရေးက ကျနေတာ... နေရာတော်တော်များများမှာ အလုပ်သမား လျှော့တာချည်းပဲ... ဆိပ်ကမ်းအလုပ်တောင် အချိန်ပြည့် မရဘူး... တစ်ပတ်ကို သုံးဆိုလီနဲ့ ခုနစ်ပဲနိပဲ ရတယ်”

ဟေးလီဟာ သက်ပြင်းချပြီး ထုံးစံအတိုင်း တိတ်ဆိတ်သွားပါတယ်။ ဒါပေမဲ့ သူမဟာ ရုတ်တရက် အကြောဆွဲသွားတဲ့ ဘယ်လက်ကို ဖွက်လိုက်ပါတယ်။

ဒုတိယနေ့မှာ သူမဟာ အလုပ်ဆီ ခြေလျင်သွားပါတယ်။ နေမင်းဟာ တောက်ပစွာ သာနေပြီး လမ်းမှာလည်း လမ်းသွားလမ်းလာတွေ ပြည့်နေပါတယ်။ ရုတ်တရက်ဆိုသလို သူမရဲ့ တစ်ကိုယ်လုံး အကြောဆွဲသွားပါတယ်။

သူမဟာ လမ်းဘေးကို လဲကျသွားပြီး ပါးစပ်ကနေ အမြှုပ်တွေ ထွက်လာပါတယ်။ သူမဟာ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ အကြည့်တွေက ဝေဝါးသွားပါတယ်။ သူမဟာ လူတွေ သူမကို ကျော်ဖြတ်သွားတာ တွေ့လိုက်ရသလို လူတချို့ သူမနား ကပ်လာတာလည်း တွေ့လိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ ပျံသန်းဖို့ ဟန်ပြင်နေတဲ့ ချိုးငှက်ဖြူ တောင်ပုံဖြန့်ထားတဲ့ ဒူဝီဗို အမှတ်တံဆိပ်ပါ မြင်းလှည်းတစ်စီး ဖြတ်သွားတာကို သူမ တွေ့လိုက်ရပါတယ်။

သူမဟာ ပါးစပ်ဟဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဘာအသံမှ ထွက်မလာပါဘူး။

အဲဒါကြောင့် သူမဟာ ဘာမှမပြောတော့ဘဲ အရင်လိုပဲ တိတ်တိတ်နေပါတယ်။

ဒါပေမဲ့ အရင်တုန်းကနဲ့ မတူတာက ဒီတစ်ခါ သူမ အသက်ဆုံးသွားတာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters