ပြိုင်ပွဲစတင်ခြင်း
Vol. 3 Ch. 33
ကျွန်တော် အိပ်ဆောင်ကိုရောက်တော့ ခေါင်းစိမ်းကောင် တစ်ယောက်ပဲရှိတယ်။
“ ကျန်းကုန်း … အရင်ရက်တွေက မင်းဘယ်လျှောက် ဒိုး နေတာတုန်း ။ ”
ကျွန်တော် ဒင်းကို အေးစက်စက်နဲ့ တစ်ချက်ကြည့်လိုက်ပြီး သွားကြားထဲက ထွက်တဲ့လေသံနဲ့ ..
“ ဒါ လျှို့ဝှက်ချက်ကွ .. ”
“ လာစမ်းပါကွာ မင်းကလဲ။ မင်းဘာတွေ လျှောက်လုပ်နေတာလဲ။ လူတွေကတော့ မင်းနဲ့ ဟိုင်ရီ တိုက်တုန်းက မင်းမှော်သားရဲကို သတ်လိုက်တယ်လို့ ပြောနေကြတယ်။ ”
ခင်ဗျားဆိုလဲ ဒီခေါင်းစိမ်းကောင်ရှေ့မှာ ကိုယ့် လျှို့ဝှက်ချက်တွေ ဖွင့်မပြောမိစေနဲ့ဗျို့။
“ မင်းက အကိုကြီးဖြစ်ချင်နေတာလား။ ငါစိတ်တိုလာရင် ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်။ ”
ခေါင်းစိမ်းကောင် ကျွန်တော် ဒေါသထွက်တာမြင်တော့ အမြန်ကုတင်ပေါ်တက်သွားပြီး အမြီးတောင် မလှုပ်ရဲတော့ဘူး။
အဲ့အချိန်မှာပဲ တခြားအခန်းဖော် နှစ်ယောက် ပြန်ရောက် လာကြတယ်။ သူတို့နှစ်ယောက်နဲလဲ တစ်တန်းတည်းဖြစ်ပေမယ့် သူတို့နာမည်တွေတောင် ကျွန်တော် မသိသေးဘူး။
အမှန်အတိုင်း ပြောရရင် ဒီကျောင်းမှာ တစ်နှစ် တက်ခဲ့ပေမယ့် ကျွန်တော်သိတဲ့ နာမည်တွေဆိုတာ လက်ချိုးရေလိုတယ်ဗျ။ လူတိုင်းက လေ့ကျင့်နေရတာနဲ့တင် တိုင်ပတ်နေတော့ တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့ အချိန် မရှိသေလောက်ပဲလေ။
“ မင်းက ကျန်းကုန်းလား။ မနက်ဖြန်အတွက်ရော ဘာတွေစီစဉ်ထားလဲ ။ ”
မနက်ဖြန် စမယ့်ပြိုင်ပွဲက လူတိုင်းစိတ်ထဲ စိုးမိုးထားလို့ ဖြစ်နိုင်သလို၊ သူတို့ထဲက တစ်ယောက်က ကျွန်တော့ ကို နှုတ်ဆက်ဖို့ အလာဘသလာဘ ပြောတာလဲ ဖြစ်နိုင်တာပဲ။
“ နှုတ်ဆက်ပါတယ်ကွာ … ငါ့မှာ အစီအစဉ် ဆွဲထားတာ တော့မရှိဘူး။ ငါ့တစ်ခုတည်းသော ရည်မှန်းချက်က ဒုတိယနှစ်ရဲ့ ချန်ပီယံ ဖြစ်ချင်တာပဲ။ ”
ကျွန်တော် ပြတ်ပြတ်သားသားနဲ့ နောက်ဆုံးပြောတဲ့စကားကို ကြားတော့ ...
“ အာ .. ဒုတိယနှစ်ရဲ့ ချန်ပီယံ ... ”
အခန်းဖော်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါရော။ ဟိုကောင် ခေါင်းစိမ်းလဲ ပါလာပြီး ..
“ ကျန်းကုန်း။ မင်းမှားများမှားနေလား။ တစ်နှစ်တာရဲ့ ချန်ပီယံဆိုတာ အလှမ်းမဝေးလွန်းဘူးလားကွာ။ မင်း ခေါင်းဆောင်ကို ကျော်နိုင်ဖို့ဆိုတာ ရယ်စရာကြီးဟ။ ”
ကျွန်တော် စိုက်ကြည့်လိုက်တော့ ခေါင်းစိမ်းကောင် ရှိန်သွားတယ်။
“ ဒါမင်းနဲ့ ဘာဆိုင်လို့လဲ။ သွားစမ်းပါကွာ။ ”
“ လူတိုင်းမှာ ပန်းတိုင်ကိုယ်စီရှိတယ်။ ကြိုးစား ရုန်းကန်နေသရွေ့ မဖြစ်နိုင်တာမရှိဘူး။ ”
“ ကျန်းကုန်းမှန်တယ်။ အော် ငါ့နာမည်က လုံတိအဲ၊ သူကတော့ ရွှေယန်းမင်တဲ့။ နွဲလိုက်ကြစို့ ပေါ့ကွာ။ ”
“ ဟုတ်တယ်။ ပွဲကြမ်းလိုက်ကြတာပေါ့။ ”
“ ကျန်းကုန်း။ ဒီကိလာခဲ့အုံး .. ”
ဆရာတိအသံ ကျွန်တော့စိတ်ထဲမှာ ကြားလိုက်ရတယ်။ သူကတော့ စိတ်ဝိညာဉ်အာရုံနဲ့ လှမ်းပြောတာဗျ။ ကျွန်တော်တော့ အဲလို မလုပ်နိုင်သေးဘူးလေ။
“ ကဲ .. ကဲ မင်းတို့ ကောင်တွေ နားနှင့်ကြအုံး။ ငါ အပြင် ခဏသွားလိုက်အုံးမယ်။ ”
အခန်းဖော်တွေကို မှာခဲ့ပြီး အဆောင်ကထွက်လာလိုက်တယ်။ ကျောင်နောက်ဘက်က အဆောင်ရှေ့မှာ စောင့်နေတဲ့ ဆရာတိဆီ တန်းတန်းမတ်မတ်ပဲ သွားလိုက်တာပေါ့။
ဆရာတိက မြက်ခင်းပြင်ပေါ်မှာ စောင့်နေတာဗျ။
“ ဆရာ။ အရေးတကြီးခေါ်တာ ကိစ္စရှိလို့လား။ ”
“ မနက်ဖြန်စမယ့်ပွဲအတွက် မင်းမှာ ယုံကြည်ချက်ရှိလား။ ”
“ ကျွန်တော့ဘက်ကတော့ စိတ်ချ။ အခုဆို ကျွန်တော့ မှော်စွမ်း အားတွေ အရမ်းသန်မာနေပြီလေ။ ”
“ မနက်ဖြန်ဆို မဲတွေစနှိုက်ရတော့မှာ။ မင်း ဒါတွေပဲအမြဲ ဝတ်ထားလို့တော့ မရတော့ဘူး။ လာ .. ငါ့နောက် လိုက်ခဲ့။ ”
ဆရာတိနောက်ကနေ သူ့အိပ်ခန်းလေးထဲ လိုက်ဝင်သွားတော့၊ သူ ဗီရိုထဲကနေ မှော်ဝတ်စုံတစ်ခုထုတ်ပြီး ကျွန်တော့ကို ပေးတယ်။
“ ရော့ ဒါကိုယူလိုက် .. ”
“ ဒါ ကျွန်တော့ကို ပေတာလား။ ”
တအားမိုက်တဲ့ မှော်ဝတ်စုံကိုကြည့်ပြီး ကျွန်တော် ဝမ်းသာအံ့ဩ ဖြစ်သွားတာပေါ့။
“ ဟုတ်တယ်။ မင်းက ငါ့တပည့်လေ။ ဒီလောက် စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ ဘယ်သင့်တော်ပါ့မလဲဟ။ ခုချိန်ကစပြီး အဲ့ဝတ်စုံ မင်းအပိုင်ပဲ။ ”
“ ကျေးဇူးတင်ပါတယ် ဆရာတိ။ ”
ချက်ချင်းဖြန့်ကြည့်လိုက်တော့ တော်တော်လှတာဗျ။ ရွှေနဲ့ယက်ထားပြီး အဖြူရောင်တော့ အဖြူရောင်၊ ဘယ်လိုအစမျိုးလဲ ကျွန်တော်မသိဘူး။ မှော်ဝတ်စုံက တော်တော်ကြီးတာဗျ။ (တကယ်တန်းကျ ခြုံထည်ကြီး လိုပဲ။) ဝမ်းဗိုက် အပေါ်ပိုင်းမှာ တွဲထားတယ်။ ဘေးတစ်ဘက်ဆီမှာတော့ မှော်ကျောက်တုံး တစ်ခုစီကနေ အရောင်ဖျော့ဖျော့တွေ ဖြာထွက်လို့။ မှော်ဝတ်စုံနောက်ကျောက်မှာကျ ရွှေရောင် မှော်ဆဋ္ဌဂံကြီး တစ်ခု။
“ ဒါအရမ်းလှတာပဲဗျာ။ ဟိုလေ .. နည်းနည်းတော့ ကြီးမနေဘူးလား။ ”
“ ငတုံးလေး။ ဝတ်ပဲကြည့်စမ်းပါအုံး။ ကဲပါ လာလာ၊ ငါကူလုပ်ပေးမယ်။ ”
ဆရာတိ လျှောက်လာပြီး မှော်ဝတ်ရုံကို ဆွဲထုတ်ပြီး ရင်ဘတ်ပေါ်က အဖြူရောင် မှော်ကျောက်တုံး နှစ်တုံးကို တွဲခြည်လိုက်တယ်။ တွဲခြည်လဲပြီးသွားရော ကျောက်တုံးနှစ်တုံးက ပေါင်းစည်းပြီး ရွှေရောင်တွေ တမ်းထွက်လာတာ။
“ ဒါ .. ဒါ .. ဘယ်လိုဖြစ်တာလဲ။ ”
“ လူလေး။ ဒီမှော်ဝတ်စုံကို ငါ့ဆရာက ငါ့ကိုပေးထားတာ။ ဟော အခု ငါမင်းကို ပြန်ပြီး လက်ဆင့်ကမ်းတာပေါ့ကွာ။ ဒါက ငါတောင်မသိသေးတဲ့ နည်းလမ်းတစ်ခု သုံးထားတယ်။ ဆောင်တွင်းဆို မင်းကို အနွေးဓါတ်ပေးမယ်။ နွေဆို အေးနေလိမ့်မယ်ကွ။ ဒါ့တင်မကသေးဘူး။ မင်းဗိုက်ပေါ်က မှော်ကျောက်တုံးက မင်းမှော်စွမ်းအား စုတ်ယူတာ ပိုမြန်အောင် လုပ်ပေးသေးတယ်။ ခရမ်းရောင် မှော်ကျောက်တုံးထက် အဆင့်မနိမ့်ဘူးကွ။ နောက်ပြီးတော့ သုံးတဲ့သူ အရွယ်အစားအလိုက် အချိုးအစားလဲ ပြောင်းနိုင်သေးတယ်။ ရတနာတစ်ခု လို့တောင် သတ်မှတ်လို့ရတယ်ကွာ။ ဒါကိုဝတ်ပြီး အောင်မြင်မှုတွေ အများကြီးရအောင် မင်းကြိုးစားလိမ့်မယ် လို့တော့ မျှော်လင့်တာပေါ့ကွာ။ ”
“ လုပ်မယ် … လုပ်မယ် .. ”
နုအိနေတဲ့ မှော်အင်္ကျီကို ဖွဖွလေး ပွတ်ကြည့်လိုက်တယ်။ ဒီလောက်လှ၊ ဒီလောက်ကောင်းတဲ့ ဝတ်စုံကို ဝတ်ဖူးတာ တစ်သက်လုံးမှာ ဒါပထမဆုံးအကြိမ်ပဲဗျ။ ရင်သပ်ရှုမော စရာကြီး။ ဆရာတိရဲ့ မှော်လင့်ချက်ကြီးတွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ဒီလောက် အံ့အားသင့်စရာ လက်ဆောင်ကို အရှက်မရဖို့ အတွက် ကျွန်တော် နိုင်မှဖြစ်မယ်။ ဟုတ် ကျွန်တော် နိုင်ကိုနိုင်ရမယ်။
**************************
“ ကောင်ပြီ။ အခု ပြိုင်ပွဲတွေအတွက် မဲနှိုက်ကြရမယ်။ ဒုတိယနှစ် ကျောင်းသားတွေ မင်းတို့ရှေ့မှာ ရှိတဲ့ ပုံးထဲကနေ ကိုယ့်နှစ်အလိုက် မဲတွေနှိုက်ကြ။ ”
မဲနှိုက်တာက ခပ်မြန်မြန်ပါပဲ။ ကျွန်တော်က ၁၁/၄ ကျတယ်။ ဆိုတော့ အုပ်စု(၁၁)၊ အဖွဲ့ဝင်အမှတ်(၄) ပေါ့။ ဒါ အုပ်စုပြိုင်ပွဲတွေအတွက်လေ။ နံပါတ်(၁)က နံပါတ်(၂)နဲ့ပြိုင်၊ နံပါတ်(၃)က နံပါတ်(၄)နဲ့ပြိုင်ပေါ့။ အဲဒါ ပထမ အကျော့။ ဒုတိယ အကျော့ကျ နံပါတ်(၁)က နံပါတ်(၆)နဲ့ပြိုင်၊ နံပါတ်(၂)က နံပါတ်(၇)နဲ့ပြိုင်၊ နံပါတ်(၃)ကျ နံပါတ်(၉)နဲ့ပြိုင် အဲလိုပေါ့ဗျာ။ ဒီလိုနည်းနဲ့ ပြိုင်ပွဲကို တစ်ဆင့်ချင်းသွားရမယ်။ အဖွဲ့ဝင် (၉)ယောက်အတွက် တစ်ပွဲနိုင်ရင်(၃)ရမယ်၊ ရှုံးရင် (၀)ပေါ့။ သတ်မှတ်ချိန်ကုန်တဲ့အထိ သရေဆိုရင် (၁)မှတ်စီရလိမ့်မယ်ဗျ။
လူတိုင်းတော့ မဲကိုယ်စီ နှိုက်ပြီးသွားပြီ။ ဆရာညွှန်ကြား ချက်အတိုင်း ကိုယ်ကျတဲ့ နံပါတ်စဉ်အလိုက် တန်းစီကြရရော။ မာခယ်က အုပ်စု(၅)မှာ။ ဝေါ်ခယ်က အုပ်စု(၉)။ ကျွန်တော်က အုပ်စု(၁၁) အမှတ်စဉ်(၄) နေရာမှာ ရပ်ရတာပေါ့။ အခုပြိုင်ပွဲမှာ ကျွန်တော့ ရှေ့ရပ်တဲ့သူက ကျွန်တော့ ပထမဆုံးပြိုင်ဘက် အသေအချာပဲ။ ကျွန်တော် သူ့ကို အရင်က မတွေ့ဖူးသေးဘူး။ ကြည့်ရတာ အခန်းမတူဘူးနဲ့ တူပါတယ်။ (တစ်နှစ်မှာ အခန်း(၄)တန်ရှိပြီး တစ်ခန်းချင်းမှာ ကျောင်းသား(၅၀)ရှိတယ်ဗျ။) သူကအရင်လှည့်လာပြီး ကျွန်တော့ကို စနှုတ်ဆက်တယ်။
“ မင်းက မနက်ဖြန် ငါ့ပြိုင်ဘက်ပဲ။ ငါ့နာမည်က ထျန်းဖုန်ယန်၊ (B)ခန်း၊ လေမှော်အဓိကဘာသာရပ်။ ”
“ ဟုတ်ကဲ့။ ငါက ကျန်းကုန်းဝေ၊ အလင်းမှော် အဓိက ဘာသာရပ်။ ”
သူလဲ ကျွန်တော် ဘယ်သူလဲဆိုတာ သေချာမသိသေးဘူးရယ်။ ယဉ်ယဉ်ကျေးကျေးပဲ အလာဘသလာဘ နည်းနည်း ပြောဖြစ်ကြတယ်ပေါ့။ သူ့မှော်စွမ်းအားတွေက တော်တော်လေး အားပြင်းတယ်လို့တော့ ခံစားရတယ်။ သူလဲ မှော်ပညာကို သေသေချာချာ လေ့ကျင့်ခဲ့တယ်နဲ့ တူပါတယ်။ တစ်ခုရှိတာက ကျွန်တော်နဲ့ ထိပ်တိုက်လာတွေ့တာ သူ့အတွက် ကံဆိုးတာပဲ။
“ အကိုကြီး။ ဒီနေ့ မင်းဝတ်စုံက အရမ်းမိုက်တာပဲ။ အရင်က မင်းဝတ်တာ မမြင်ဖူးသေးပါဘူး။ ”
လူခွဲလိုက်ကြတော့ မာခယ်ရောက်လာပြီး ပြောတာဗျ။
ဆရာတိ ပေးထားတာဆိုပြီး သူ့ကို တိုးတိုးလေး တုတ်ထိုးပေးလိုက်တယ်။ ဒီကောင် ထတောင် ခုန်ပြီး သူ့ဆရာလဲ သူ့ကို ပေးစေချင်နေပြီ။ ကျွန်တော့ကို ထားခဲ့ပြီး သူ့ဆရာကို သွားရှာပါလေရော။ အဟီး .. ကျွန်တော်တော့ ခေါင်းလေး အသာခါလိုက်တာပေါ့။
မနက်ဖြန် ပြိုင်ပွဲစတော့မယ်။ ဗိုက်ပေါ်က ရွှေရောင် မှော်ကျောက်တုံးကို ကြည့်လိုက်တော့ ယုံကြည်မှုတွေ ပြည့်လာတယ်။ ဒုတိယနှစ် ချန်ပီယံ ဖြစ်ကိုဖြစ်ရမယ်။ ဟိုကောင် ဟိုင်ရီကိုလဲ စိန်ခေါ်ရမယ်။ ကျွန်တော် အငြိုး မထားပေမယ့် တရားမျှတတဲ့ သူတင်ကိုယ်တင် တိုက်ပွဲ တစ်ပွဲတော့ နွှဲချင်သေးတယ်လေ။
========(*^*)========
အပိုင်း(၃၄) မျှော် ...
မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်
ဘာသာပြန်သူ- ငတက်ပြား