← Chapters

အတားအဆီးမရှိ တက်လှမ်းခြင်း

Vol. 3 Ch. 34

အတားအဆီးမရှိ တက်လှမ်းခြင်း

Vol. 3 Ch. 34

ပြိုင်ပွဲကတော့စပြီ။ ပြိုင်ပွဲစင်မြင့် အခု(၂၀) ရှိတယ်ဗျ။ စင်မြင့် တစ်ခုစီတိုင်းမှာ တာဝန်ခံ ဆရာ နှစ်ယောက်နှုန်းနဲ့ တစ်ယောက်က စင်မြင့် အကာအကွယ် ဝင်္ကပါကို ထိန်းချုပ်ဖို့၊ နောက်တစ် ယောက်က အနိုင်အရှုံး ဆုံးဖြတ်ချက်ချဖို့လေ။

မှော်ပြိုင်ပွဲတွေက အရမ်းမြန်တယ်။ တိုက်ပွဲရလဒ် တွေဆုံးဖြတ်ရတာလဲ အရန်းမြန်ချက်ပဲ။

မကြာပါဘူးဗျာ ကျွန်တော့အလှည့် ရောက်လာပါရော။ တျန်းဖုန် နဲ့ကျွန်တော် စင်မြင့် အလယ်ကို လျှောက်သွားပြီး တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ကြတာပေါ့။

“ ကဲကွာ .. မင်းဘယ်လောက်စွမ်းအားကောင်းတယ် ဆိုတာ အလုပ်နဲ့ သက်သေပြစမ်းပါ .. “

ကျွန်တော် ဒင်းကို ပြုံးပြုံးလေးနဲ့ စကား စလိုက်တယ် ..

“ ကောင်းတယ် .. ဒါဆို ငါထိန်းချုပ်မထားတော့ဘူး .. ”

ထျန်းဖုန် သူ့ခန္ဓာကိုယ်ပတ်လည်က လေထုကို စုစည်းလိုက်ပြီး ကျွန်တော့ ပတ်ဝန်းကျင်မှာ စလှည့်ပတ် လိုက်တယ်။ သူက ကျွန်တော့ဘက်ကို လျှပ်စီးလက်သလို အရှိန် ပြင်းပြင်းနဲ့ တက်လာပြီး တိုက်ခိုက်ရေး မန္တန်ကို စရွတ်တော့တာပဲဗျို့။

ကျွန်တော် စိတ်ထဲမှာ ကြိတ်ရယ်လိုက်မိတယ်။ ကျွန်တော့ အကောင်းဆုံး ရွေးချယ်မှုက အရှိန်ဆိုတာ သိလောက်အောင် ဒီကောင် ဦးနှောက်မရှိဘူးဗျ။ ကျွန်တော့ သူ့ကို လွယ်လွယ်လေးနဲ့ ထိုးလို့ရတယ်။ ကျွန်တော် ခန္ဓာကိုယ် ဘက်ပေါင်းစုံမှာ အလင်းတံတိုင်း ဖန်တီးထားလိုက်တယ်။ သူကျွန်တော့ကို ဘယ်လိုမန္တန်တွေနဲ့ တိုက်ခိုက်ရမလဲဆိုတာ အာရုံ စိုက်အောင် လုပ်ပေးလိုက်တာ။

“ လွတ်လပ်သော လေစွမ်းအားတို့၊ ကျွန်နုပ် ဆင့်ခေါ်မှုကို နာခံလော့။ ကြမ်းတမ်းတဲ့ လေဆင်နှာမောင်းတစ်ခုအဖြစ် ပြောင်းလိုက်စမ်း ”

ဟွင့်။ ဒါ အလယ်တန်းအဆင့် တိုက်ခိုက်ရေး မန္တန် ဖြစ်တဲ့ လေဆင်နှာမောင်း မန္တန်ပဲ။ ဒါ ကျွန်တော့ကို သေးတိုးစမ်းတဲ့အနေနဲ့ တိုက်တာဗျ။

လေဆင်နှာမောင်းလေး နောက်ကနေကပ်ပြီး စင်မြင့် အလယ်မှာရှိတဲ့ ကျွန်တော့ဆီကို ပျံလာချင်နေတာဗျ။

ကျွန်တော် အသာရယ်လိုက်ပြီးတော့ ...

“ မင်းတတ်ထားတဲ့အထဲမှာ ဒီအလယ်အလတ်ဆင့် တိုက်ခိုက်ရေးမန္တန် လောက်ပဲဆိုရင်တော့ မင်းသေချာပေါက် ရှုံးပြီ။ ”

ကျွန်တော် မှော်စွမ်းအားကို အသာပဲ ထုတ်လွှတ်လိုက်ပြီးတော့ ..

“ သင်၏ ရှေ့မှောက်ရှိ လေဟာနယ်ကို ဆုတ်ဖြဲပြီး အရာအားလုံး ဝါးမျိုလိုက်ပါ ... ”

ဒါက လေဟာနယ်မန္တန် တွေထဲက တစ်ခုဖြစ်တဲ့ လေဟာနယ်ပါးကွက်သား မန္တန်လို့ ခေါ်တယ်ဗျ။ ခုချိန်မှာ ဒီမန္တန်ကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ် နိုင်နေပြီလေ။

ကျွန်တော်နဲ့ လေဆင်နှာမောင်းကြားမှာ အနက်ရောင် တွင်းပေါက်ကြီးတစ်ခု ပေါ်လာတယ်ဗျ။ မကြာပါဘူးဗျာ လေဆင်နှာမောင်းကို အမြစ်ပြတ် စုပ်ယူပစ်လိုက်တော့တာ။ အဲ့လိုဖြစ်သွားတော့ ထျန်းဖုန် ခမြှာ သက်ပျင်းရှည်ကြီးချရင်း သူ့အရှိန်က သိသိသာသာကို အရမ်းနှေးသွားကရော။

ပရိတ်သတ်ထဲက ကျောင်းသားတစ်ယောက်က အံအားသင့်တဲ့ လေသံနဲ့ ထပြီး ..

“ လေဟာနယ် တိုက်ခိုက်ရေး မန္တန်ပဲဟ .. ”

ကျွန်တော် လေဟာနယ်ပါးကွက်သား မန္တန်ကို ပြန်ရုတ်သိမ်းချင်တော့ ..

“ မင်း ရှေ့ဆက်တိုးချင်သေးလား .. ”

ထျန်းဖုန် ခြေလှမ်းရပ်လိုက်ပြီး ကျွန်တော့ကို ကူကယ်မဲ့ အကြည့်တွေနဲ့အတူပဲ ..

“ ထားလိုက်တော့ … ငါအရှုံးပေးတယ် ... ”

လေဟာနယ်ပါးကွက်သားက အဆင့်မြင့် တိုက်ခိုက်ရေး မန္တန်တွေနဲ့ ယှဉ်နိုင်ပေမယ့် ထိန်းချုပ်ဖို့ တော်တော်ခက်တာဗျ။ လေဟာနယ်ပါးကွက်သားကို ကျွန်တော်က လွယ်လင့် တကူ သုံးနေတာမြင်တော့ ကျွန်တော်တို့ကြားမှာ ခွန်အားအရမ်းကွာတာကို သူသိသွားပြီလေ။ အရှုံးပေးတယ် ဆိုတာထက် သူကိုယ်တိုင် အရှုံးကို အသိအမှတ်ပြု လက်ခံ သွားတာ။

“ မင်းက တော်တော်သန်မာပါတယ်ကွာ။ ကံမကောင်းလို့ ငါနဲ့ တည့်တည့်တွေ့ရတာပဲ။ ဆက်ပြီး အကောင်းဆုံးလုပ်ကွာ

“ အနာဂတ်မှာ ငါ မင်းကို ပြန်ပြီး စိန်ခေါ်မယ်။ ”

“ အင်းပါ ။ အချိန်မရွေးပဲ။ ”

အခုဆို ကျွန်တော် ဘယ်ကောင်ကပဲ စိန်ခေါ်ခေါ် မကြောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့ စွမ်းအားကို ကျွန်တော် အပြည့်အဝ ယုံတယ်လေ။

ပဏာမ ပြိုင်ပွဲရဲ့ စည်းကမ်းတွေအရ ကျောင်းသားတိုင်း နေ့စဉ် တစ်ရက် နှစ်ပွဲ ပြိုင်ရမှာ။ ဒါကြောင့် ကျွန်တော် အဆောင်ကို ခဏ ပြန်တော့ မာခယ်လဲ မကြာပါဘူး ပြန်လာတယ်။

“ မာခယ်။ အခြေအနေ ဘယ်လိုလဲကွ။ ”

သူ့ မှော်ဝတ်ရုံ အသစ်စက်စက်ကိုကြည့်ပြီး ကျွန်တော် ပြုံးစစနဲ့ မေးလိုက်တာ။

“ ပြောစရာတောင် မလိုဘူး။ ကောင်းကင်ဘုံရဲ့ ဒေါသမီးတောက်က အကုန်လုံးကို ရှင်းပြီးသားပဲ။ ”

မာခယ်လဲ မှော်ပညာမှာ ပါရမီ ရှိတယ်လေ။ သူ့ဆရာရဲ့ ဗဟုသတတွေနဲ့ သူ့ရဲ့ ကိုယ်တိုင် ကြိုးစားအားထုတ်မှုတွေက ဒုတိယနှစ် ကျောင်းသားတွေထဲမှာဆိုရင် ပြိုင်ဖက်ကောင်း တွေ့ဖို့တောင်မလွယ်ဘူး။

“ ဒိုးရအောင်ကွာ။ အရင်းဆုံး ပြန်ပြီးအိပ်ကြတာပေါ့။ နေ့လည်ကျ ပွဲဆက် ကျန်သေးတယ်။ ”

နေ့လည်ပိုင်းပြိုင်ပွဲကျ ကျွန်တော်စိုးရိမ်ထားတာ ထက်တောင် လွယ်နေသေးတယ်။ ဒီဒုတိယနှစ် ကျောင်းသားတွေ အကုန်လုံးရဲ့ ခွန်အားက ထျန်းဖုန် နဲ့ သိပ်မကွာဘူးလေ။ နည်းနည်းလောက် ထိုးပြီးတာနဲ့ အရှုံးပေးသွားကြရော။

ပဏာမပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာ အစွမ်းတော်တော် ထက်တဲ့ မီးမှော်သမားနဲ့ တွေ့တာဗျ။

“ မင်းက (A) ခန်းကလား။ ”

“ ဟုတ်တယ်။ ငါ မင်းရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိပေမယ့် မင်းနဲ့ နည်းနည်းတော့ တိုက်ကြည့်ချင် သေးတယ်။ ”

သူက အရင်ပွဲတွေမှာ ရှုံးပွဲ လုံးဝမရှိသေးဘူးဗျ။

“ ဒါဆိုလဲ စလိုက်ကြတာပေါ့ …. ”

ထျန်းဖုန်နဲ့ မတူတာက ဘာဆို ဘာတိုက်ကွက်မှကို စမထုတ်ဘူး။ ပထမဆုံးသူလုပ်တာက အကာအကွယ် မန္တန်ကို စရွတ်ပြီးမှ ချက်ချင်းကို အဆင့်မြင့် တိုက်ခိုက်ရေး မီးမန္တန်ကို ရွတ်တာ။

“ တက်ကြွလွန်းတဲ့ မီးတောက်တွေ၊ ငါ့ခေါ်သံအောက်မှာ အမိန့်နာခံကြစမ်း။ အဆုံးမဲ့ လောင်မြိုက်ခြင်းမီးတောက်အဖြစ် သင့်ရှေ့က အရာအားလုံး လောင်ကျွမ်းပစ်လိုက်စမ်း။ ”

ဒါ ကောင်းကင်ဘုံရဲ့ ဒေါသမီးတောက်ပဲ။ အမြဲတမ်း ဒီမန္တန်အိုနဲ့ပဲ တွေ့တွေ့နေရတာ။ တော်တော် စိတ်ဒုက္ခပေးတာဟာ။

ကျွန်တော့ လက်တွေကို ခေါင်းအပေါ်ဘက်အထိ ခပ်မြင့်မြင့် မြှောက်လိုက်ပြီးတော့ ..

“ အို ကျွန်တော့မိတ်ဆွေ မဟာအလင်းစွ မ်းအားအပေါင်း ရှေ့မှောက်မှာရှိတဲ့ အရာအားလုံးကို သန့်စင်ပစ်ဖို့ ခင်းဗျားတို့ နူးညံ့လွန်းတဲ့ အလင်းရောင်ကို အသုံးချပေးကြပါ။ ”

ကျွန်တော်သုံးလိုက်တာက သန့်စင်ခြင်းအလင်းရောင် မန္တန်လေ။ ဒီ သန့်စင်ခြင်းအလင်းရောင် မန္တန်က အရင်ကနဲ့ မတူဘူး။ ကျွန်တော်ကိုယ်တန် ဖန်တီးထားတာလေ။ သန့်စင်ခြင်းအလင်းရောင် မန္တန်ရဲ့ မူလက နတ်ဘုရား အကာအကွယ် မှော်မန္တန်ဗျ။ အနှောက်အယှက် အမျိုးမျိုးကို ဖယ်ရှားဖို့ နယ်မြေကြီးတစ်ခု ဖန်တီးအသုံးချဖို့ ရည်ရွယ်ထားတာ။ ကျွန်တော် အသစ်ဖန်တီးလိုက် တဲ့ဟာကကျတော့ အဲဒီရလဒ်အပြင် ထုထည် ပိုထူသွားပြီး အကာကွယ်တံတိုင်းပုံစံနဲ့ အဆင့်မြင့် ကာကွယ်ရေးမန္တန် ဖြစ်သွားရော။

သူက အလျှံတညီးညီး တောက်လောင်နေတဲ့ မီးတောက်တွေနဲ့ ကျွန်တော့ သန့်စင်ခြင်းအလင်းရောင် အကာအကွယ်တံတိုင်းထဲကို အဆက်မပြတ်ထိုးဖောက်ဖို့ အစွမ်းကုန် ကြိုးစား နေတာဗျ။ ကျွန်တော်လဲ ခံစစ်စည်းထဲကနေ သူ့ကို အေးအေးဆေးဆေးပဲ ကြည့်နေလိုက်တယ်။ တစ်ယောက်ယောက်ကို စင်ပေါ်က မနေ မောင်းချတာက သူတို့အတွက် တော်တော်ရှက်စရာကိစ္စတစ်ခုလို့ ကျွန်တော် အမြဲ တွေးထားတာ။ ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာ သူ့တို့ သိကြတယ်လေ။ အခုလဲ သူ့မှော်စွမ်းအားတွေ ကုန်တဲ့အထိ ကျွန်တော် စောင့်နေလိုက်ရင် သူလက်မြှောက် သွားရမှာပဲလေ။ ငိငိ။

ဒီအချိန်မှာ အပြောင်းအလဲတစ်ခု ပေါလာတယ်။ အနီရောင်ဆံပင်နဲ့ကောင်က ခေါင်းမော့လာပြီးတော့ ..

“ ငါ့ အသက်မီးတောက်တွေ လောင်ကျွမ်းလိုက်စမ်း။ ”

ပရိတ်သတ်ထဲမှာရိနေတဲ့ ကိုယ်စားလှယ်တွေ အားလုံး သူ့ကိုဝိုင်းကြည့်လိုက်ပြီး ..

“ ဒီကျောင်းသား ဘာကြောင့်များ သူ့အသက်စွမ်းအင်တွေ လောင်ကျွမ်းပစ်လိုက် ပါလိမ့်။ ဒါ သူ့သက်တမ်းတွေ လျော့ကျသွားမှာ လေ။ ဘယ်လောက်တောင် အနိုင်ယူလိုစိတ် ပြင်းပြလိုက်တဲ့ ကလေးလဲ။ ”

အသက်စွမ်းအားမီးတောက် ဆိုတာ မှော်စွမ်းအား ပိုမြင့်လာဖို့အတွက်နဲ့ ကိုယ့်သက်တမ်းကို မီးစာ တစ်ခုလို လောင်ကျွမ်းပေးရတဲ့ မှော်ပညာတစ်မျိုးဗျ။ နောက်တစ်မျိုး ပြောရရင် ကောင်းကင်ဘုံရဲ့ ဒေါသမီးတောက်က အရင်က အဆင့်(၆)ဗျာ။ အသက်စွမ်းအား မီးတောက်ကို လောင်ကျွမ်းလိုက်တာကြောင့် အဆင့်(၇)က် ချက်ချင်းကြီး ခုန်တက်သွားတာ။

အကာအကွယ် အပြင်က မီးတောက်က နဂို အနီရောင်ကနေ တဖြည်းဖြည်း မဲမှောင်လာတယ်။ တခါ နက်မှောင် နေတာကနေ အပြာရောင် ပြောင်းသွားရော။ ကျွန်တော့ အပေါ်ကိုလဲ ဖိအား တွေ ချက်ချင်းတိုးတာလာပေါ့။

“ တကယ်ကို မျှော်လင့်မထားဘူး။ မင်းမှာ ဒီလို အရည်အချင်းတွေရှိတာပဲ။ မင်းက လက်မခံနိုင်သေးဘူးလား။ ဒါဆိုရင် ကဲ ကြည့်ထားလိုက်.. ငါ့ခွန်အား အစစ်အမှန်တွေကို ”

သူဆီကခံစားရတဲ့ ဖိအားက ဟိုင်ရီထက် မနိမ့်ဘူးဗျ။

“ ကြီးကျယ်မြင့်မြတ်သော အလင်းဒြပ်စင်တို့။ ကျေးဇူးပြုပြီး ထိတ်လန့်စရာကောင်းလောက်တဲ့ အစွမ်းသတ္တိတွေ ငှားသုံးခွင့်ပေးပါ။ မဟာပထဝီရဲ့ အလင်းရောင် အဆုံးမဲ့ ထွန်းလင်းလိုက်စမ်းပါ။ ”

အဆင့်(၇) တိုက်ခိုက်ရေး အလင်းမှော်မန္တန် တစ်ခု ဖြစ်တဲ့ အတောက်ပဆုံး အင်ပါယာ မန္တန်ဗျ။ ဒါက လက်ရှိ ကျွန်တော် သုံးနိုင်တဲ့ မန္တန်တွေထဲမှာ အစွမ်း အထက်ဆုံးမန္တန်ပဲ။

ကျွန်တော် မန္တန်ရွတ်ပြီးတာနဲ့ အဖြူရောင် အလင်းတန်းတွေ မြေပြင်ကနေ တဖြည်းဖြည်း မြင့်လာပြီး ကျွန်တော့ တစ်ကိုယ်လုံးကို ဖုံးသွား တယ်။ ကျွန်တော့ မှော်ဝတ်ရုံက နောက်ကျောဘက်မှာ တဖျတ်ဖျတ်ကို လွင့်လို့။ ကျွန်တော့ မှော်ဝတ်စုံပေါ်မှာရှိတဲ့ မှော်ကျောက်တုံးကနေ ရွှေရောင်အလင်းတန်း တစ်ခု ထွက်လာတယ်။ ကျွန်တော် ထုတ်ထွှတ်ထားတဲ့ အဖြူရောင် အလင်းတန်းက စင်မြင့်တစ်ခုလုံးကို တောက်ပနေရော။ ပြီးတော့ ကျွန်တော် ခေါင်းမော့လိုက်တယ်။ ကျွန်တော့ အထက်ပိုင်း ဒန်တျန်ထဲမှာ ရွှေအမြူတေက ကျွန်တော့ တစ်ကိုယ်လုံးကို ဖြန့်ကျက်ဖို့ မှော်စွမ်းအား (၃)ပုံ(၁)ပုံ ထုတ်ပေးတယ်။ စောစောက ကျွန်တော့ကို ဖုံးထားတဲ့ အလင်းတန်းတွေ တစ်စက္ကန့်လောက်မှိန်သွားပြီး ရုတ်တရက် တောက်ပလာတယ်။ အပြာရောင် မီးတောက်တွေ ကျွန်တော့ အဖြူရောင် အလင်းတန်းကြောင့် အမြန်လောင်ကျွမ်းပျက်စီး သွားတယ်။ စဉ်ဆက်မပြတ်ကို ခံနိုင်ရည်ရှိလှပါတယ်ဆိုတဲ့ စင်မြင့်အကာအကွယ် ဝင်္ကပါတောင် အက်ကြောင်းတွေ စပေါ်လာပါရော။

“ ဒီိကျောင်းသားလဲ တော်တော် နိုင်လိုစိတ်ပြင်တာပဲ။ သူ အခုမှ ဒုတိယနှစ်ပဲ ရှိသေးတာတောင် အဆင့်(၇) မန္တန်ကို သုံးနိုင်နေပြီ။ ဒီနှစ် ဒုတိယနှစ် ကျောင်းသားတွေ အစွမ်းထက် မှော်ပညာရှိတွေလို အဆင်(၇)မှော် မန္တန်ကိုတောင် သုံးနေကြတယ်။ မှော်ပညာရှင် အဆင့်တွေကိုများ ရောက်နေကြပြီလားဟ။ ”

အကာအကွယ် ဝင်္ကပါကို ထိန်းသိမ်းဖို့ တာဝန်ခံ နှစ်ယောက်လုံး သူတို့မှော်စွမ်းအားတွေ ချက်ချင်း ထုတ်သုံးလိုက်ရတယ်။

အကာအကွယ် ဝင်္ကပါလဲ တည်ငြိမ်သွားရော ကျွန်တော့ပြိုင်ဘက်လဲ ပြန်မထနိုင်အောင်ကို မှောက်နေပြီ။ ကျွန်တော် ထုတ်လွှတ်ထားတဲ့ အဖြူရောင်အလင်းတန်းက ခမ်းနားလွန်းတော့ ရှိနေတဲ့သူတွေအားလုံး ခဏလေး အမြင်အာရုံပျောက်သွားတယ်။

အမှန်အတိုင်းပြောရရင် ဒီမန္တန်အစွမ်းရဲ့ (၃)ပုံ(၁)ပုံ ပဲရှိသေးတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကျွန်တော့ မှော်စွမ်းအားရဲ့ (၃)ပုံ(၁)ပုံပဲ သုံးနိုင်သေးတယ်လေ။ ဒါပေမယ့် အဆင့်(၇)မန္တန် ဖြစ်နေတုန်းပဲ မို့လား။ ဒါတောင် သူက သူ့မန္တန်ကို ခက်ခက်ခဲခဲနဲ့ အဆင့်မြှင့်လိုက်သေးတာ။ ကျွန်တော်က ပြင်ပအကူအညီမပါဘဲ မန္တန်သုံးနိုင်တယ်လေ။ တိုက်ခိုက်ရေး အလင်းမှော် မန္တန်က သာမာန်အဆင့်(၇)မန္တန် တွေထက် ပိုအစွမ်းထက်တယ်ဗျ။ ပြောချင်တာက အမှောင်နဲ့ ဟင်းလင်းပြင် တိုက်ခိုက်ရေး မန္တန်တွေက တခြားအမျိုးအစားတွေထက် နည်းနည်းလေး ပိုပြီးအားကောင်းပေမယ့် သုံးဖို့ကျ စွမ်းအားပိုလိုတယ်။ သူ့အသက်မီးတောက်က ကုန်ရုံတင်မဟုတ်ဘူး မှိန်စတောင်ပြုလာပြီ။

“ ကြီးကျယ်မြင့်မြတ်သော အလင်းဒြပ်စင်တို့ရေ ခင်ဗျားတို့ မိတ်ဆွေအတွက် အကူအညီပေးပါအုံး။ ကျွန်တော့ ရေ့က အဖြစ်အပျက်ကို ကယ်တင်ပေးဖို့ ရိုသေစွာဖြင့် မေတ္တာရပ်ခံပါတယ်။ ”

ကျွန်တော် သူ့အပေါ် စိတ်ဝိညာဉ်ပြန်လည်ကုသရေး မန္တန် အမြန်ရွတ်ပေးလိုက်တယ်။ ကျွန်တော့ရဲ့ စိတ်ဝိညာဉ် ပြန်လည်ကုသရေး မန္တန်က လုံးဝကို အဆင့်မြင့် မှော်ဆရာတွေရဲ့ ပြန်လည်ကုသရေး မန္တန်လောက်ကို အစွမ်းရှိတာ။

သူတို့ မြင်အာရုံတွေ ပြန်ရလာတာနဲ့အမျှ ကျွန်တော်သာ အောင်နိုင်သူဖြစ်ကြောင် ရှိနေတဲ့ သူတိုင်း အထင်အရှားမြင်လာကြတယ်လေ။

========(*^*)========

အပိုင်း(၃၅) မျှော် ...

မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်

ဘာသာပြန်သူ- ငတက်ပြား

All Chapters