ဝေါ်ခယ်ကို ဖယ်ထုတ်ခြင်း
Vol. 3 Ch. 36
သူ့မှော်ပညာ စွမ်းအားမြှင့်လိုက်တဲ့အကျိုးဆက်က တော်တော်ကို အစွမ်းထက်မယ့်ပုံဗျ။ ကျွန်တော်ပြောနိုင်တာက သူ့လက်ရှိအဆင့်နဲ့ ဒီလောက်သန့်စင်လွန်တဲ့ စွမ်းအင်ဘောလုံးကို ဘယ်လိုမှ ဖန်တီးနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ဆိုရင်တောင် တော်တော် ခက်မှာသေချာတယ်။
မာခယ့် မှော်ဘောလုံး ထင်ရှားလာလေလေ မီးနဂါးက တဖြည်းဖြည်း မှုံမှိုင်းလာလေပဲ။ စွမ်းအင်လုံလောက်အောင် ထောက်ပံ့နိုင်ဖို့အတွက် တော်တော်ကြီး ကြိုးစားဖို့လိုအုံးမယ်။ ဖိအားနည်းနေတာကို အခွင့်ကောင်းယူပြီး မန္တန်တစ်ခုကို ကျွန်တော်မြန်မြန်ရွတ်လိုက်တယ်။ “အတောက်ပဆုံးအင်ပါယာ” ကို နောက်တစ်ကြိမ် သုံးဖို့ကလွဲရင် ရွေးစရာမရှိတော့ဘူးလို့ ထင်ရတဲ့အပြင် ရပ်တန်နိုင်ပါ့မလားဆိုတာ မသေချာဘူးဗျ။ တကယ်ဆို ကျွန်တော်လဲ စွမ်းအင်ဘောလုံး သုံးချင်ပေမယ့် ကျွန်တော့ မှော်စွမ်းအင်ထိန်းချုပ်နိုင်စွမ်းက မာခယ့်နဲ့ ယှဉ်လို့မရဘူးဆိုတာ သိနေတယ်လေ။ သူ့ကို ထိခိုက်မိသွားလိမ့်မယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ထိခိုက်အောင် မလုပ်ပါဘူး။ “တိုက်ပွဲဝင်နယ်မြေ” တစ်ခုပဲ အဆင်ပြေဆုံး ဖြစ်လိမ့်မယ်။
“အို အလင်းဓါတ်ကြီး။ ကြောက်စရာကောင်းလောက်တဲ့ ခွန်အားတွေ ငှားပေးပါအုံး။ ကမ္ဘာကြီးရဲ့ အဆုံးမရှိတဲ့ အလင်းရောင်တွေ လင်းလက်လိုက်စမ်းပါ”
ခေါင်းအစခြေအဆုံး အဖြူရောင်အလင်းတွေနဲ့ စူးရှတောက်ပပြီး ဖုံးလွှမ်းနေတဲ့အချိန် ကျွန်တော် မြေပြင်ကနေ တဖြည်းဖြည်း ပျံတက်လာတယ်။ မှော်ဝတ်ရုံက ကျွန်တော့နောက်နားမှာ တလွင့်လွင့်ပေါ့။ ဝမ်းဗိုက်အထက်နားမှာ မှော်ရွှေတုံးလေးက ရွှေရောင်အလင်းတန်းတွေထုတ်လွှတ်လာတာနဲ့အမျှ ကျွန်တော့ အဖြူရောင် လင်းရောင်စဉ်တွေ ပိုပြီး တဖျတ်ဖျတ်တလက်လက် ဖြစ်နေတော့တာပဲ။ အပေါ်ပိုင်း ဒန်တျန်ထဲက ရွှေအမြူတေက ကျွန်တော့ရှိရှိသမျှ မှော်စွမ်းအားတွေရဲ့ သုံးပုံတစ်ပုံကိုသုံးပြီး တကိုယ်လုံးကို ဖုံးပစ်လိုက်ပါလေရော။ ဒီတခါ အရင်တုန်းကနဲ့ ကွာခြားချက်က ကျွန်တော်သုံးထားတဲ့ မှော်စွမ်းအင် သုံးပုံတစ်ပုံ ရဲ့စွမ်းအားက မာခယ်ရဲ့ မီးဘော်လုံးစွမ်းအားထက် အားနည်းစရာအကြောင်းမရှိဘူးဆိုတာ သိနေလို့ စွမ်းအင် သုံးပုံတစ်ပုံပဲ သုံးလိုက်တာလေ။ ကျွန်တော့ရဲ့ “အတောက်ပဆုံးအင်ပါယာ”ကို အလယ်မှာ သိပ်သည်းဖို့နဲ့ မာခယ့်ကို ရိုက်ပစ်ဖို့သေချာအောင် စင်မြင့်ရဲ့ အရွယ်အစားအတိုင်း အလင်းတိုင်လုံးလုပ်ဖို့ မှော်စွမ်းအင်တွေ သုံးပစ်လိုက်တယ်။
“အာ အကိုကြီး မင်းတော်တော် ရက်စက်တာပဲ။ အေးပါ အေးပါ ငါသေချာပေါက် မှတ်ထားလိုက်ပြီ”
မာခယ် လက်ကို ဝှေ့ယမ်းပြီး မှော်တောင်ဝှေးထိပ်က စွမ်းအင်ဘောလုံးကို ကျွန်တော့အလင်းတိုင်လုံးဆီ လွှတ်လိုက်ပါရော။
“အတောက်ပဆုံးအင်ပါယာ” မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ စွမ်းအင်တွေ ပြန့်ကျဲနေတော့ စွမ်းအင်ဘောလုံးကို ရပ်သွားတောင်မလုပ်နိုင်ဘဲ နှေးယုံပဲတတ်နိုင်တယ်ဗျ။
နှစ်ထပ်အလင်းတံတိုင်းကို ဖန်တီးဖို့ ကျွန်တော့ လက်ကျန် မှော်စွမ်းအားတွေအကုန်သုံးရင်း ရဲရဲတင်းတင်းပဲ ရှေ့ကို တိုးသွားလိုက်တယ်။ မီးစွမ်းအင်ဘောလုံး ရောက်လာပြီး ကျွန်တော့ရဲ့ နှစ်ထပ်အလင်းတံတိုင်းကို ချေမွပစ်လိုက်ပါလေရော။ နှစ်ထပ်အလင်းတံတိုင်း ဖြိုခွဲခံလိုက်ရတာ ဒါပထမဆုံးပဲ။
ကျွန်တော့ တကိုယ်လုံး ငရဲအိုးထဲရောက်သွားသလိုမျိုး အပူဒဏ်ခံလိုက်ရတော့ ကိစ္စတော့ပြတ်ပြီလို့ ကျွန်တော် ထင်လိုက်တယ်။ ဒီအချိန်လေးမှာ ပေါင်တစ်ထောင်လောက်လေးတဲ့ ကြိုးနဲ့ အချုပ်ခံလိုက်ရသလိုမျိုး ထင်မှတ်မထားလောက်အောင် ပြောင်းလဲသွားပါရော။ ကျွန်တော့မှော်ဝတ်စုံရဲ့ အဓိကမှော်ကျောက်တုံးကနေ လက်လက်ထအောင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာတော့တာဗျို့။ ရွှေအလင်းတန်းက ကျွန်တော့ တကိုယ်လုံးကို ဖုံးထားပြီး မီးစွမ်းအင်ဘောလုံးကနေ ကာကွယ်ဖို့ တိုးလျှိုပေါက် မြင်နိုင်တဲ့ အမြှေးပါးလေးလိုမျိုး ဖြစ်လာတယ်လေ။
ဒီအချိန်မှာ “မှော်စွမ်းအားတွေကို မင်းရဲ့ ဗိုက်ပေါ်က မှော်ကျောက်တုံးထဲကို မြန်မြန်ထည့်ကြည့်လိုက်” ဆိုတဲ့ ဆရာတိရဲ့စကားတစ်ခွန်းကို ကျွန်တော့နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ပြန်သတိရလိုက်တယ်ဗျ။
အဲ့စကားအတိုင်း မသိစိတ်ကနေ ချက်ချင်းကို လုပ်လိုက်တော့တာ။
မီးစွမ်းအင်ဘောလုံးနှင့် ကျွန်တော့စွမ်းအင်အကာအကွယ် ထိပ်တိုက်တွေ့တာကြောင့် ပေါက်ကွဲအားပြင်းပြင်းက ကြောက်စရာလှိုင်းလုံးတွေလို ဖိအားပြင်းပြင်းနဲ့ ကျွန်တော့ကို နောက်ပြန်တွန်းနေတော့တာ။ တစ်လှမ်းပြီးတစ်လှမ်း ပြန်ဆုတ်လိုက်ရတာ စင်မြင့်အစပ်နားထိကို ရောက်ကရောပဲ။
ကျွန်တော် နောက်ဆုတ်လို့ မရတော့ဘူး။
မှော်တုတ်တံကို ရင်ဘတ်ပေါ်မှာ ကန့်လတ်ဖြတ်ကိုင်းထားရင်း ကျွန်တော် အော်ပစ်လိုက်မိတယ်။
“ငါမရှုံးနိုင်ဘူး…. ငါရှုံးကို မရှုံးရဘူး….. အား……………………”
ပေါက်ကွဲသံထွက်လာပြီးတပြိုင်နက်တည်းပဲ ခန္ဓာကိုယ်ထဲကနေ အရမ်းနွေးတဲ့ စွမ်းအင်စီးကြောင်းတစ်ခု ပေါ်လာပြီး ကျွန်တော့လက်မောင်းကနေတဆင့် မှော်တုတ်တံထဲကို ရောက်သွားတယ်။ တကိုယ်လုံးလဲ ပေါ့ပါးသွားသလိုခံစားလိုက်ရတယ်ဗျ။ နောက်ဆုံးတော့ မီးစွမ်းအင်ဘောလုံးက အလင်းစွမ်းအင်တွေကြောင့် နိဂုံးချုပ်သွားပြီ။
ကျွန်တော် ကြမ်းပြင်ပေါ်ထိုင်ကျသွားပြီး ဝင်သက်ကို ခပ်ပြင်းပြင်းရှုထုတ်လိုက်မိတယ်။ နှုတ်ခမ်းဒေါင့်ကလဲ သွေးတွေ စီးကျနေပြီလေ။ ဒီအချိန်မှာပဲ စွမ်းအင်နွေးနွေးတွေက ကျွန်တော့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြည်းဖြည်းချင်း လွှမ်းခြုံပြီး မရီဒန်မှာ ပျက်စီးသွားသမျှ ပြန်ကုစားနေတော့တာ။
“ဟိုက် ….. ဒါ.. ဒါ.. ရှောင်ကျင်းပဲ။ အရေးအကြီးဆုံးအချိန်မှာ ငါ့ကို ကူညီလိုက်တာဟ။ မာခယ်ရော..မာခယ်ဘယ်ရောက်သွားပါလိမ့်… ”
ဖြေးဖြေးချင်း ကျွန်တော် မာခယ့်ကို ရှာနေမိတယ်။
“ကျောင်းသား ကျန်းကုန်း။ (၅)စက္ကန့်အတွင်း မထနိုင်ရင် မင်းရှုံးတယ်လို့ ငါကြေငြာရလိမ့်မယ်”
အာ…. မာခယ်လဲ အခြေအနေကောင်းပုံမရဘူးပဲ။ ဟာ..ဟ။ ကျွန်တော် ချက်ချင်းကို ထရပ်လိုက်တာ။
မာခယ်ရဲ့ မီးစွမ်းအင်ဘောလုံးက ကျွန်တော့ကို တိုက်မိတဲ့အချိန် “အတောက်ပဆုံးအင်ပါယာ”နဲ့ ထိပ်တိုက် တွေ့သွားတာလေ။ ကျွန်တော့ “အတောက်ပဆုံးအင်ပါယာ” နဲ့အတိုက်ခံလိုက်ရမှတော့ သူမှာ မှော်စွမ်းအား ကျန်စရာအကြောင်းကို မရှိတော့ဘူး။ အခုဆို သူ့ကို ဆရာတိ ပြန်ကုပေးနေလေရဲ့။ ကျွန်တော်သူကို တွယ်လိုက်တာက ခပ်ပေါ့ပေါ့မှမဟုတ်တာကြီးကို။
အောင်ပွဲက ဒီလောက်ထိခက်လိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားဘူး။ နောက်ဆုံးအချိန်လေးမှာ ရှောင်ကျင်းရဲ့ စွမ်းအားအထောက်အပံ့က အောင်ပွဲခံနိုင်ခြင်းရဲ့ အသက်ပဲ။ အဟီး… ကျွန်တော်စည်းမျဉ်းတစ်ခု ချိုးဖောက်ခဲ့သလို ဖြစ်ပေမယ့် ပုံမှန်ဆိုရင် မှော်သားရဲတွေက သခင်ရဲ့ ခန္ဓာကိုယ်ထဲမှာရောက်နေချိန်ဆိုရင် စွမ်းအား မထုတ်နိုင်ဘူးဆိုတော့ ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူးလေ။ တစ်ခုခုလုပ်စေချင်တိုင်း သူတို့ကို အရင်ဆင့်ခေါ်ရတာကိုး။
တကိုယ်လုံးမှာ ခွန်အားလေးတစ်စက်တောင်မကျန်တော့ဘူးဆိုတော့ အခန်းဖော်(၂)ယောက်က ကျွန်တော့ကို တွဲပြီး အခန်းပြန်ဖို့ အကူအညီပေးရတယ်ဗျ။ အိပ်မလို့ပြင်တုန်း ဆရာတိအသံကြားလိုက်ရတယ်။
“ကောင်လေး မင်းကဘာသဘောလဲဟ။ မင်းအဆင့်ထက် အများကြီးနိမ့်တဲ့ မာခယ်ကို ဒီလိုမျိုး အနိုင်ယူလိုက်တယ်ပေါ့။ တော်တော်မိုက်မဲတာပဲ.”
ဆရာတိ ဘာကိုဆိုလိုချင်မှန်းမသိလို့ ကျွန်တော်ဘာမှ ပြန်မဖြေမိလိုက်ဘူး။ (အခုအချိန်ဆိုရင်တောင် ကျွန်တော် နား လည်ချင်မှ နားလည်မှာဗျ။) ဆရာတိလဲ ကျွန်တော် ပြန်မဖြေနိုင်မှန်းသိတာနဲ့ အရူးတစ်ယောက်လို သင်ခန်းစာတွေ တောက်လျှောက်ပေးတော့တာဗျို့။
သူပြောသမျှရဲ့ အဓိကအချက်တွေက ကျွန်တော်သာ တိုက်ပွဲစကတည်းက သေသေချာချာ ဂရုတစိုက်လုပ်ခဲ့မယ်ဆိုရင် အနိုင်ရဖို့အတွက် ဒီလောက်ဆိုးဆိုးရွားရွား ခံလိုက်ရမှာမဟုတ်ဘူး။ ကျွန်တော် သတိလွတ်လိုက်တာက မှော်ပညာမှာ ဟာကွက်တွေ ဖြစ်သွားတာလေ။
ဆရာတိရဲ့ စကားလုံးဗုံးတွေကို မခံစားနိုင်တော့လို့ ကျွန်တော့ စိတ်ကိုကာကွယ်ဖို့ နည်းနည်းလေးပြန်ရလာတဲ့ မှော်စွမ်းအင်လေးကို သုံးလိုက်ရတယ်။ သိမ်သိမ်မွေ့မွေ့လေး အိပ်မက်ကမ္ဘာထဲ ဝင်ခဲ့လိုက်တာပေါ့ အဟီး…..။
မှော်စွမ်းအင် အလွန်အကျွံသုံးလိုက်မိတာကြောင့် နောက်တနေ့ ဝေါ်ခယ် နဲ့ (d)ခန်း မိန်းကလေးရဲ့ ပွဲစဉ်ကိုတောင် မကြည့်လိုက်ရတော့ဘူး။ ဘယ်သူအလေးအထားနေမှာလဲလို့ ဝေါ်ခယ် ပဲ သေချာပေါက်နိုင်မှာ ကြီးကို။ ဝေါ်ခယ် အစွမ်းထက်ပေမယ့် သူ့မှာ မာခယ်ရဲ့ မီးစွမ်းအင်ဘောလုံးလောက် အစွမ်းအစရှိမှာမဟုတ်ဘူးလေ။ ဆိုတော့ နက်ဖြန်ပွဲက အေးဆေးပေါ့။
နေ့လည်စာစားပြီးတာနဲ့ မာခယ့်အဆောင်ကို ကျွန်တော်ရောက်နေပြီ။ သူဘယ်လိုအခြေအနေရှိလဲဆိုတာ ကျွန်တော်သိချင်သေးတယ်လေ။ ဒီကောင်လဲ သိပ်တော့ အခြေအနေကောင်းမယ့်ပုံမပေါ်ဘူးဗျ။ နှိုင်းယှဉ်ကြကြေးဆို သူက အိပ်ယာပေါ်ကထဖို့တောင် တော်တော် အားစိုက်နေရတာဆိုတော့ ကျွန်တော် တော်တော် ပိုကောင်းနေသလိုပဲ ဟာဟ။
“အကိုကြီး။ မင်းတော်တော် ရက်စက်တဲ့ကောင်ပဲ။ မင်း ငါ့ကို တော်တော်တွယ်ပစ်လိုက်တာဟ”
“မင်းကပဲ ပြောရတယ်ရှိသေး။ မင်းကျတော့ မရက်စက်ဘူးပေါ့လေ။ လဲသေလိုက်လေ။ ငါလဲ မင်းတွယ်တာ တော်တော်ခံလိုက်ရတာပဲဟ။ မင်းတော်တော် တိုးတက်လာတယ်နော။ ပွဲမစခင် မင်းနဲ့ငါရဲ့ ကွာခြားချက် အဲလောက်ပဲရှိလိမ့်မယ်လို့ ငါထင်မထားမိလိုက်ဘူး။ ငါတော်တော် ကြိုးစားရတော့မယ်ပုံပဲ။ မဟုတ်ရင် မင်းကိုတောင်ပြန်ပြီး အကိုကြီးလို့ ခေါ်ရတော့မယ့်ပုံဟ။”
ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ပြိုင်တူ ရယ်လိုက်မိကြတယ်။ ခဏလောက် အလာပ သလာပ ပြောပြီးမှ ပြန်လာခဲ့လိုက်တာ။ မနက်ဖြန် ပြိုင်ပွဲအတွက် အချိန်ရသလောက် မှော်စွမ်းအားတွေ သေသေချာချာ သိပ်သည်းဖို့ ပြင်ဆင်ရအုံးမယ်လေ။
အိပ်ယာက နိုးတော့ ညနေတောင်စောင်းနေပြီ။ ခေါင်းစိမ်းနဲ့ အခန်းဖော်(၂)ယောက်တောင် ပြန်ရောက်နေပေါ့။
“ကျန်းကုန်း… မင်းက ငါ့ရင်ထဲကစံပြပုဂ္ဂိုလ်ပဲ။ ငါမင်းကို ဘယ်လောက်ထိ လေးစားသလဲဆိုရင် မြစ်ကြီးတစ်ခုရဲ့ မကုန်ဆုံးနိုင်တဲ့ ရေစက်တွေလိုပါပဲ”
“တိတ်စမ်း။ ငါ့အစွမ်းအစ ကောင်းလွန်းလို့သာ မင်းသွားရေယိုနေတာကို။ လာမရှုတ်စမ်းနဲ့ သွားစမ်းပါကွာ…”
“ကျန်းကုန်း။ ငါ့မှာ သတင်းထူးတစ်ခုရှိတယ်။ ဘယ်လိုလဲ မင်းကြားချင်လား”
“မင်း…. မင်းဟာက ဘယ်လိုသတင်းကောင်းမျိုးမို့လဲ”
ကျွန်တော် သူ့ကို သံသယတွေတဲ့ မေးလိုက်တယ်။
“ဒါ မင်းအတွက် သေချာပေါက်ကို အသုံးတည့်မှာ။ မင်းသိလား ဒီနေ့ ဝေါ်ခယ် မထင်ဘဲရှုံးသွားတယ်ဟ။ ရှုံးတာမှ ချက်ချင်းကြီးကို ရှုံးတာ”
ဒီကောင် ခေါင်းစိမ်း ထူးထူးဆန်းဆန်းကိုပြောနေတာ။
“ဘာလဲဟ။ မင်းဘာပြောလိုက်တာ။ ဟိုကောင် ဝေါ်ခယ် မထင်မှတ်ဘဲ ရှုံးသွားတယ် ဟုတ်လား။”
မဖြစ်နိုင်ဘူး။ အဲ့ကောင် ဝေါ်ခယ် (D)ခန်းက ကောင်မလေးကို ရှုံးသွားတယ်တဲ့လား။ ကျွန်တော် သူနဲ့ မတွေ့ဘူးပေမယ့် ဒုတိယတန်း ကိုယ်စားပြု ဖြစ်လာဖို့ဆိုတာ လွယ်တာမှတ်လို့။ ဒါတွေ သိထားတော့ ဝေါ်ခယ့် ခွန်အားက အသိသာကြီးကို။
“မင်းငါ့ကို လာရွှီးနေတာလား။ ငါ့လာရွှီးရင် မင်းအသေပဲ”
ခေါင်းစိမ်းကို ခြိမ်းခြောက်ဖို့ မှော်စွမ်းအားတွေ လက်မှာစုလိုက်တယ်။
“အကိုကြီး ကျန်းကုန်း….. မလုပ်.. မလုပ်နဲ့နော်။ ကျွန်တော် အမှန်တွေပြောနေတာ။ မယုံရင် ဟိုကောင်တွေ မေးကြည့်ဗျာ”
ကျွန်တော် သံသယမျက်လုံးတွေနဲ့ ကျန်တဲ့ အခန်းဖော်(၂)နောက်ဘက်ကို လှည့်ကြည့်လိုက်မိတယ်။
လောင်တိအန် ကပဲ…
“ဟုတ်တယ် ကျန်းကုန်း။ ခေါင်းစိမ်း မလိမ်ဘူး။ ဝေါ်ခယ် ဒီနေ့ ရှုံးတာ စိတ်တောင်မကောင်းဘူး။ သူကိုယ်တိုင်က လွဲရင် ဘာကြောင့်ရှုံးတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးကွ။”
============= (*^*)=============
အပိုင်း(၃၇)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား