← Chapters

အကျွင်းမဲ့နှောက်ယှက်ခြင်း

Vol. 3 Ch. 37

အကျွင်းမဲ့နှောက်ယှက်ခြင်း

Vol. 3 Ch. 37

“မြန်မြန်ပြောစွမ်းကွာ…. ဘာဖြစ်တာလဲ ငါ့ကို ပြောစမ်း”

“ဒီလိုကွ… ဒီနေ့ ဝူကေ့ နိုင်မယ်လို့ အားလုံးကတွက်ထားတာ။ ဒါပေမယ့် သူတို့စင်ပေါ်ရောက်တာနဲ့ အတန်း(ဃ)က ကောင်မလေးက ငါတို့မသိတဲ့ ရေစွမ်းအင်မန္တန်ကိုသုံးလိုက်တာ။ တားမြစ်မန္တန်တစ်ခုဖြစ်လောက်တယ်။ ဝူကေ့ ကို အဲဒီအပြာရောင် စက်လုံးတွေက ဖမ်းထားလိုက်တာ သူဘယ်လို ကျိုးစားကျိုးစား လွတ်အောင်ရုန်းမထွက်နိုင်ဘူး။ ပြီးတော့ အတန်း(ဃ)က ကောင်မလေးက ရေမြှားနဲ့ပစ်လိုက်တာ စင်ပေါ်ကနေ ပြုတ်ကျသွားပါလေရော။ ငါလေ့လာမိသလောက်တော့ အဲအပြာရောင်စက်လုံးတွေက ဝေါ်ခယ်ရဲ့ မှော်ပညာတွေ သုံးလို့မရအောင် ထိန်းချုပ်ထားတာ ဖြစ်နိုင်တယ်။ သူရှုံးသွားတာလဲ တကယ်ကို တရားသဖြင့်ပဲကွ”

“မတရားဘူး”

ဟုတ်တယ်လေ ကျွန်တော်အောင်ပွဲခံဖို့မှ မသေချာနိုင်တော့တာ။

“ကျန်းကုန်း မနက်ဖြန် မင်းရှုံးလို့မရဘူးနော်။ ငါတို့ အခန်း(က)က အခန်း(ဃ)ကို ချန်ပီယံဖြစ်ခွင့်မပေးနိုင်ဘူး”

“မင်းတို့ စိတ်အေးအေးထားစမ်းပါ။ ငါသေချာပေါက် နိုင်မှာပါဟ”

သူတို့ကို အဲလိုသာပြောလိုက်မိတာ တကယ်တမ်းကျ ကျွန်တော့အတွက် အခွင့်အရေးက သိပ်သေချာတာ မဟုတ်ဘူးရယ်။ မဖြစ်သေးဘူး။ ဆရာတိဆီ အမြန်သွားမေးရမယ်။

လမ်းလျှောက်ထွက်အုံးမယ် ဆင်ခြေပေးပြီး ဆရာတိ အဆောင်ကို ပြေးရတော့တာ။ ဟိုရောက်တော့ သူက မှော်စာအုပ်တစ်အုပ် ဖတ်နေတာဗျ။ ကျွန်တော်ရောက်လာတာ မြင်တော့ ခပ်ယဲ့ယဲ့ ပြုံးပြပြီး ..

“ဝူကေ့ ရှုံးသွားတယ်ဆိုတာ ကြားတာနဲ့ ငါ့ဆီလာတော့မယ်ဆိုတာ ကြိုသိနေသားပဲ”

“ဒါဆိုလဲ ဝူကေ့ဘယ်လိုရှုံးသွားတယ်ဆိုတာ ကျေးဇူးပြုပြီး မြန်မြန်ပြောပြပါလားဆရာ။ မပိတ်မိအောင် ဘယ်လိုရှောင်ရမလဲ”

“မနက်ဖြန် မင်းသေချာပေါက် ဝန်ခံရလိမ့်မယ်”

ဆရာတိ သက်ပျင်းချရင်း ပြောလိုက်တဲ့စကားက ကျွန်တော့ နားထဲတော့ ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုပဲ။

“အဲ့ကောင်မလေးက အရမ်းကို အစွမ်းထက်နေလို့လား”

“အဲလိုလဲ မဟုတ်ဘူးကွ။ သူ့မိသားစုက အစွမ်းထက်တယ်လို့ပဲ မင်းပြောလို့ရမယ်။ အဲ့ကောင်မလေးက ဟိုင်ရီရဲ့ ညီမလေ။ သူ့နာမည်က ဟိုင်ယွဲ့ရှင်းတဲ့။ မင်းမသိသေးတာက ငါတို့ အိုက်ရှားဘုရင့်နိုင်ငံတော်ကြီးထဲမှာဆိုရင် ရီ၊ ယွဲ့၊ ရှင်း ဆိုတဲ့မိသားစုကြီး (၃)ခုက ရှေးအကျဆုံး မိသားစုတွေပဲ။ မိသားစုတိုက်မှာ သူတို့ဘိုးဘေးတွေကနေ တိုက်ရိုက် လက်ဆင့်ကမ်း အမွေဆက်ခံလာတဲ့ မန္တန်တွေကိုယ်စီ ရှိတယ်ကွ။ ဒီနေ့ သူသုံးသွားတဲ့ ဟိုင်ရွှေဆိုတာ ရှင်းမိသားစုရဲ့ အထင်ကရ မန္တန်တစ်ခုဖြစ်တဲ့ အကျွင်းမဲ့နှောက်ယှက်ခြင်း လို့ခေါ်တယ်။ ဒီတားမြစ်မန္တန်က တော်တော်ထူးဆန်းတယ်။ မျိုးဆက်တစ်ခုမှာ မိသားစုဝင်တစ်ယောက်ပဲ အမွေဆက်ခံနိုင်တယ်။ မင်းရဲ့ မှော်စွမ်းအား ဘယ်လောက် အစွမ်းထက်ထက် မန္တန်ကိုတစ်ခါသုံးရင် သုံးတဲ့သူက မှော်စွမ်းအား သုံးပုံတစ်ပုံသုံးရတယ်ကွာ။ အဓိပ္ပါယ်ကတော့ တစ်ရက်ကို သုံးကြိမ်ပဲသုံးနိုင်တာဖြစ်ပေမယ့် ပြိုင်ပွဲထဲမှာဆို လိုတာထက်တောင် ပိုနေသေးတယ်။”

ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ တော်တော်ဇယားရှုတ်တဲ့ ဇာတ်လမ်းမျိုး ရှိနေသေးတာပဲ။

“ဒီတားမြစ်မန္တန်ကို ဆရာမချိုးဖျက်နိုင်ဘူးလို့တော့ မပြောနဲ့နော်”

“တကယ်ကို ငါမချိုးဖေါက်နိုင်ဘူး။ ဒါပေမယ့် အဆင့်(၈)တိုက်ခိုက်ရေး မန္တန်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်၊ ဒါမှမဟုတ် ခံစစ်စွမ်းအားနဲ့ မောင်းထုတ်လို့ရနိုင်တယ်။ အဆင့်(၈)တိုက်ခိုက်ရေး မန္တန်တွေ မင်းသုံးနိုင်ပြီလား။ သူ့ပြိုင်ဘက်ကို ချုပ်ထားတဲ့အချိန် သူက တိုက်ခိုက်ရေးအနေအထားနဲ့ ပြိုင်ဘက်က ပြင်းပြင်းထန်ထန် အတိုက်ခံရမှာပဲ။ သူ့မှာ မှော်စွမ်းအား မကုန်မချင်း တောင့်မခံနိုင်ဘူးဆိုရင်တော့ မနက်ဖြန် မင်းအနိုင်ရစရာ အကြောင်းမရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အကျွင်းမဲ့နှောက်ယှက်ခြင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ခုခံကာကွယ်ရေးမန္တန်တွေကို အမြန်နှုန်းနဲ့လိုက်ပြီးသုံးရမှာ ဆိုတော့ မန္တန်တွေ အကုန်မမှန်နိုင်တော့ဘူး။ အကျွင်းမဲ့နှောက်ယှက်ခြင်း နဲ့ ထိပ်တိုက်တွေ့မိပြီဆိုတာနဲ့ အဲဒီတစ်နေ့လုံး မှော်ပညာ မသုံးနိုင်တော့ဘူး။ ဒါတွေကြောင့် မင်းအပေါ်မှာ ငါမျှော်လင့်ထားခဲ့သမျှ လက်လျှော့လိုက်တာ အမှန်ပဲဟေ့။ မင်းကိုငါက အနိုင်မရစေချင်ဘူးလို့များ ထင်နေလား။ သူ့ရဲ့ အကျွင်းမဲ့နှောက်ယှက်ခြင်း ကိုချိုးဖျက်နိုင်တဲ့ ကျောင်းသား ဒီကျောင်းမှာ တစ်ယောက်မှ မရှိသေးလို့ဟေ့”

ဆရာတိဆီက ပြန်လာကတည်းက ခေါင်းထဲမှာ ရှုတ်ထွေးနောက်ကျိနေရောပဲ။ ဘာကိုဂရုစိုက်ရမှာလဲ။ မနက်ဖြန် ငါရှုံးမယ်ဆိုရင်တောင် အနည်းဆုံးတော့ ကျိုးစားကြည့်ခြင်သေးတယ်။ အံ့ဩလောက်အောင်ကို အပြောင်းအလဲတစ်ခု ဖြစ်နိုင်မဖြစ်နိုင် ဘယ်သူကြိုပြောနိုင်မှာမို့လဲ။

ကျွန်တော် အဆောင်ကိုပြန်ရောက်တော့ သန်းခေါင်ချိန်တောင်ကျနေပြီ။ ခေါင်းခြောက်နေတာကို ဖြေရှင်းဖို့လဲ နည်းလမ်းလုံးဝကို မတွေ့သေးဘူး။ နောက်ဆုံးတော့လဲ မှေးကနဲ အိပ်ပျော်သွားတာပါပဲ။ အိပ်ယာကနိုးတော့ နေဖင်ထိုးနေပြီ။ ခေါင်းစိမ်းက ကျွန်တော့ကို လှုပ်နှိုးနေတာလေ။

“ကျန်းကုန် အမြန်ထကွ၊ ပြိုင်ပွဲချိန်ရောက်တော့မယ်ဟ”

ကျွန်တော် မျက်လုံးမဖွင့်နိုင်သေးဘူး။

“အာ… မင်းဘာလုပ်နေတာလဲကွာ။ ခဏလေးလောက်တော့ အိပ်ပါရစေအုံးဟ”

“ဟေ့ကောင်.. မင်းပြိုင်ပွဲအချိန်ရောက်တော့မယ်ဟ။ ဆက်အိပ်နေရင် မမှီတော့ဘူးနော်”

ကျွန်တော် လန့်နိုးသွားတယ်။ ကျွန်တော် ကုတင်ပေါ်ကနေ ချက်ခြင်းပြေးဆင်းလိုက်ရင်း…

“အာ… ဟုတ်သားပဲ။ ဒီနေ့ ပြိုင်ပွဲရှိတာပဲ။ ခေါင်းစိမ်းရေ ကျေးဇူးပဲဟ။ မင်းကို အကြွေးတင်သွားပြီ”

အဲ့ကောင် ခေါင်းစိမ်း ဂရုမစိုက်ဘူးဆိုတာ သိနေတယ်လေ။ နောက်ပြန်ဆုတ်ရင်း သူ့ဟာသူ တိုးတိုးလေး ပြောသံထွက်လာတယ်။

“တကယ်ကြီး သူငါ့ကို ကျေးဇူးတင်တယ်လို့ ပြောသွားတာလား။ ဒီအသက်အရွယ်ထိ ဘယ်သူမှ ကျေးဇူးတင်တယ်လို့ မပြောခဲ့ဖူးသေးဘူး။ သူပထမဆုံးပဲ။ လူတွေကို အကူအညီပေးရတာ ပျော်စရာကောင်းမယ့်ပုံပဲ”

ပြီးတော့ သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတော့တာပဲ။ ကျွန်တော့ရဲ့ မရည်ရွယ်ပဲ ပြောလိုက်မိတဲ့စကားလုံး တစ်လုံးက လူတစ်ယောက်ကို ပြောင်းလဲသွားနိုင်ခဲ့မယ်ဆိုတာ တကယ်ကို မသိခဲ့မိဘူး။

ပြိုင်ပွဲကွင်းလယ်ထိရောက်အောင် ကျွန်တော် လျှပ်စီးလက်သလို အပြေးသွားလိုက်ရတာ။ ပထမဆုံးမြင်လိုက်ရတာက #လုံတိအန် နဲ့ ရှုရန်မင်း တို့နှစ်ယောက်ဗျ။ သူတို့ကို တွေ့မှ ကျွန်တော် သက်ပျင်းချလိုက်မိတာ။

“ကျန်းကုန်း မင်းရောက်လာပြီလား”

ကျွန်တော် ရှက်ရှက်နဲ့ပဲ…

“ကျွန်တော် အိပ်ရေးပျက်ပြီး အိပ်ပျော်နေမိတာ။ တော်သေးတယ် ခေါင်းစိမ်းကျေးဇူးကြောင့် နိုးလာတာ”

“ကဲကွာ.. ဒါတွေထားလိုက်တော့။ စင်ပေါ်ကို မြန်မြန်သွား ပွဲစတော့မယ်”

စင်ပေါ်ကိုကြည့်တော့ အကြီးအကဲတွေနဲ့ ပြိုင်ဖက်က သူ့နေရာနဲ့သူ ရောက်နေကြပြီ။ စင်မြင့်ပေါ်ကို ခရီးတိုရွှေ့ပြောင်းခြင်း သုံးပြီး တက်သွားလိုက်ရတယ်။ ပထမဆုံး အကြီးအကဲကို နှုတ်ဆက်ပြီး ပြိုင်ဖက်ဆီ ခေါင်းလှည့်ကြည့်လိုက်မိတယ်။

ကောင်မလေးက ချစ်စရာတော်တော်ကောင်းတာပဲ။ အင်း ဟိုင်ယွဲ့ရှင်းပဲလေ။ တကယ်ကို ဟိုင်ရီနဲ့ မျက်နှာပေါက် တော်တော်တူတာဗျ။ ဒါပေမယ့် ဒီကောင်မလေးက အေးဆေးတည်ငြိမ်ပြီး ချစ်စရာလေး။ သူ့ကိုကြည့်နေတာ သတိထားမိတော့ သူကလဲ ကျွန်တော့ကို သေချာပြန်ကြည်လာတယ်။

တကယ်ဆိုရင် ဒုတိယတန်းကျောင်းသားအကုန်ဒီနေရာမှာရောက်နေကြတဲ့အပြင် ဆရာတိတောင် အထူးခန်းထဲမှာ ကျွန်တော်နိုင်ဖို့ မျှော်လင့်ချက်မရှိပေမယ့် အားပေးနေတုန်းပေး။

“ကောင်းပြီ… ပြိုင်ပွဲဝင်နှစ်ဦးလုံးစုံပြီဆိုတော့ ပြိုင်ပွဲစတင်ကြောင်း ကြေငြာအပ်ပါတယ်”

ပြောပြီးတာနဲ့ အကြီးအကဲက စင်ပေါ်ကနေ ဆင်းသွားရော။ စကာတင်အဆင့်တွေ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိထားတော့ တစ်ခုခုဆိုရင် ကာကယ်လို့ရအောင် ဒီနေ့ အကြီးအကဲ (၅)ယောက်တောင် အဖွဲ့တစ်ခု ဖွဲ့ထားတာ။

ဟိုင်ရှင်းနဲ့ကျွန်တော်တို့ အရင်ဆုံး အကြီးအကြတွေနဲ့ ပရိသတ်တွေကို ဦးညွှတ်လိုက်ရင်း…

“မင်းက ဟိုင်ရှင်းပေါ့။ မင်္ဂလာပါနော်။ ငါက ကျန်းကုန်းပါ။”

“မင်္ဂလာပါ”

ကောင်မလေးက ငယ်သေးတော့ မျက်နှာတွေ ရဲတွတ်လာတယ်ဗျ။ သူ့မှော်စွမ်းအင် အတက်အကျတွေက ကျွန်တော်နဲ့ နည်းနည်းလေး ဝေးနေသေးတယ်ဆိုတော့ စတိုက်လို့ ရမယ့်ပုံပဲ။

“နင့်မှာ ထူးခြားတဲ့ မန္တန်တစ်ခု ရှိတယ်ဆိုတာ ငါသိတယ်။ ဒီနေ့ ပွဲကြီးပွဲကောင်း နွဲလိုက်ကြရအောင်”

သူခေါင်းငြိမ့်တာ မြင်လိုက်တာနဲ့ ကျွန်တော် မှော်တိုက်ခိုက်မှု ချက်ချင်းစလုပ်ပစ်လိုက်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အကျွင်းမဲ့နှောက်ယှက်ခြင်းကိုသုံးဖို့ သူအချိန်ဘယ်လောက်မှ မယူရဘူးဆိုတာ ကျွန်တော်ကြိုသိထားတယ်လေ။ အဆင့်မြင့် တိုက်ခိုက်ရေးမန္တန်တွေကို ကျွန်တော်မသုံးရဲဘူး။ ကျွန်တော် သူ့နောက်ကို လေဟာနယ်ရွှေ့ပြောင်းခြင်းလုပ်ပြီး အလင်းမြှားနဲ့ ချက်ချင်းပစ်လိုက်တယ်။ ဒီအလင်းမြှားက စွမ်းအားကောင်းတဲ့အပြင် သူ့ထိချက်က အလယ်အလတ် မန္တန်တွေအောက် မနိမ့်ဘူးလေ။

သူ နည်းနည်းလေး ရှိန်နေတဲ့ပုံပေါ်နေပေမယ့် တုန့်ပြန်ချက်တွေကတော့ မြန်နေတုန်းပဲဗျ။ ကျွန်တော့ တိုက်ခိုက်ချက်တွေကို တားဖို့ ရေဒိုင်းကို သုံးထားတယ်။ လောလောဆယ်တော့ ကျွန်တော့သူကို နားချိန်ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် ကျွန်တော် ကိစ္စပြတ်သွားမှာလေ။ ကျွန်တော် အလင်းမြှားကိုပဲ အရှိန်အဟုန်နဲ့ ဆက်တိုက်သုံးနေတယ်ဆိုတာက အကျွင်းမဲ့နှောက်ယှက်ခြင်းမသုံးနိုင်အောင်၊ အချိန်ခိုးလို့ရမယ့် တစ်ခုတည်းသော မန္တန်ဖြစ်နေလို့ပါ။ သူ့ကို တားမြစ်မန္တန်သုံးဖို့ အချိန်လုံလုံလောက်လောက်ပေးလို့မဖြစ်ဘူး။

ပရိသတ်အနေနဲ့ ကျွန်တော် နေရာအနှံ့လျှောက်ပတ်သွားနေတာပဲ မြင်ကြတာ။ တခါတလေ သူ့ဘယ်ဘက်၊ တခါတလေ သူ့ညာဘက်၊ အိုဗျာ ရှေ့၊ နောက်၊ ဘေး ဘယ်ညာ ရောက်တဲ့နေရာတိုင်းကနေ အလင်းမြှားနဲ့ ချက်ချင်းပစ်ရတာ။ လောလောဆယ်တော့ ဟိုင်ရှောင်လေးခမြှာ တိုက်ပွဲအခြေအနေကို ထိန်းထားနိုင်ဖို့ တော်တော် ရုန်းကန်နေရလေရဲ့။ ပရိသတ်ထဲကနေ ဆရာတိက ကျွန်တော့ကို ကျေနပ်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေတာ။ ကျွန်တော် မြင်ခွင့်မရတာတော့ စိတ်မကောင်းစရာပဲ။

============= (*^*)=============

အပိုင်း(၃၈)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters