လက်သည်း(၅)ချောင်း ရွှေနဂါး
Vol. 3 Ch. 39
နောက်ဆုံး အနိုင်ရလိုက်ပြီဆိုတော့ စိတ်လျှော့လိုက်တာ အရမ်းပင်ပန်းလွန်းနေတာကြောင့် စင်ပေါ်မှာပဲ ငုတ်တုတ်ထိုင်ချလိုက်မိတော့တေယ်။
အခန်းဖော် (၂)ယောက်နဲ့ ခေါင်းစိမ်းတို့ စင်ပေါ်ပြေးတက်လာပြီး ကျွန်တော့ကို ဝိုင်းဖက်ပြီး..
“အကိုကြီး မင်းနိုင်သွားပြီ။ မင်းနိုင်သွားပြီးကွ”
“ငါ့ကိုချစ်ရင် မလှုပ်ကြပါနဲ့ကွာ။ သွားကြစမ်းပါ။ ငါအရမ်းအိပ်ချင်နေလို့ပါဟ”
ကျွန်တော် အရမ်းပင်ပန်းလွန်းနေတာကြောင့် ဒါပဲပြောနိုင်ပြီး သူတို့ကြားထဲမှာပဲ မူးလဲကျသွားပါရော။ ကျွန်တော့ မှော်စွမ်းအားတွေကို အလွန်အကျွံသုံးလိုက်တဲ့အပြင် တခြားသူရဲ့ စွမ်းအားတွေပါ သုံးမိတာ ဒါပထမဆုံးပဲလေ။ ခန္ဓာကိုယ်က တောင့်မခံနိုင်တော့တဲ့အဆုံးတော့ လဲကျသွားတဲ့အချိန် တစ်ယောက်ယောက်က ပွေ့ထားလိုက်တယ်ဆိုတာ နောက်ဆုံးသိလိုက်ရတာပဲ။
“အာ… ဆရာ့အခန်းထဲကို ငါဘယ်လိုရောက်နေပါလိမ့်”
အိပ်ယာကနိုးတွေ့ အားပြတ်နေပြီး တစ်ကိုယ်လုံးလဲ ကိုက်ခဲနေတာပဲ။ မှော်စွမ်းအင် ပြန်ဖြည့်ဖို့ ကြိုးစားကြည့်တော့လဲ ရတယ်ဆိုယုံလေးပဲ ပြန်ရလိုက်တယ်။ ကျွန်တော့ ရွှေမှော်အမတေလေးကတော့ သနားစရာပုံစံနဲ့ ချိနဲ့နဲ့လေး လည်ပတ်နေရင်း စွမ်းအားတွေ အဆက်မပြတ် ပြန်စုပ်ယူနေလေရဲ့။ ဒီပုံစံအတိုင်းဆိုရင် (၂)ရက်(၃)ရက်လောက်ဆို ပြန်ကောင်းလာမယ့်ပုံပဲဗျ။
အခန်းထဲမှာတော့ ကျွန်တော် တစ်ယောက်ထဲရယ်။ နေထွက်နေမှန်းသိပေမယ့် ဘယ်နေ့ရဲ့ ဘယ်အချိန်ရောက်နေပြီလဲတော့ အတိအကျမသိတော့ဘူး။
အဲဒီအချိန် ဆရာတိ တံခါးဖွင့်ဝင်လာပြီး…
“ကောင်လေး နိုးလာပြီလား။ မင်းခန္ဓာကိုယ်အခြေအနေကရော ဘယ်လိုနေသေးလဲ”
“ကောင်းပါတယ်။ အားနေနေတာ တစ်ခုပဲ။ ဆရာတိ ကျွန်တော် ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲဗျ”
“မင်းနိုးနိုးချင်း မင်းကိုငါမေးစရာတစ်ခုရှိလို့ ဒီကိုခေါ်လာတာလေ။ ပြိုင်ပွဲ အဆုံးသတ်မှာ ဖျက်စီးရေးမှော်မန္တန်ကို မင်းဘယ်လို သုံးနိုင်လိုက်တာတုန်း”
ဆရာတိ အရေးတကြီးပုံစံကြီးနဲ့ မေးတာဗျ။
“အာ.. ကျွန်တော်မသိဘူးလေ။ အဲ့ဖျက်စီးရေးမှော်မန္တန်ဆိုတာ ဘာကြီးလဲ”
တကယ်ရိုးရိုးသားသားနဲ့ကို မသိတာဗျ။ လောလောဆယ် အဲ့နေ့ အောင်ပွဲနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေက မိုက်နေရော။ ကျွန်တော် အနိုင်ရခဲ့တာက အဓိကလေ။
“အင်း.. မင်းဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒါပေမယ့် မင်းသေသေချာချာကြီးကို သုံးခဲ့တာ။ ခက်တာက မင်းသိနိုင်စရာ အကြောင်းမရှိဘူးလေ။”
ဆရာတိကတော့ စိတ်တွေအရမ်းလှုပ်ရှားနေပုံနဲ့ အရူးတစ်ယောက်လို ပတ်ချာလည်နေတယ်။
“ဆရာ စိတ်မလှုပ်ရှား မနေပါနဲ့။ အခုဘာတွေဖြစ်နေတယ်ဆိုတာ တိတိကျကျလေးကို ဖြည်းဖြည်းချင်း ရှင်းပြပေးပါလား။”
ဆရာတိပုံကြည့်ရတာ အဲ့ ဖျက်စီးရေးမှော်မန္တန် ကတော်တော်အရေးကြီးမယ့်ပုံဗျ။
ကျွန်တော့စကားကြားတော့ စိတ်လှုပ်ရှားနေတာက ဘယ်လိုမှ မဖြေရှင်းနိုင်ဘူးဆိုတာ ဆရာတိ သဘောပေါက်သွားတယ်။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်လိုက်ပြီးမှ…
“ဒီလိုကွ.. အဲဒီနေ့က မင်းမဖြစ်နိုင်ဘူးဆိုတာ ငါတို့သိထားပေမယ့် မင်းကို အကျွင်းမဲ့နှောက်ယှက်ခြင်းနဲ့ ချိတ်ပိတ်လိုက် တဲ့အခါ၊ မင်းဆီကနေ နဂါးမျိုးနွယ်ရဲ့ အထင်ကရ မန္တန်ဖြစ်တဲ့ ဖျက်စီးရေးမှော်မန္တန် ပေါ်လာတယ်။ အင်း သေချာတာကတော့ မင်းဘေးပတ်ပတ်လည်မှာ ပေါ်လာတဲ့ ရွှေရောင်အလင်းနယ်မြေနဲ့ အတူတူပဲ”
“ရွှေရောင်အလင်းနယ်မြေလား.. ခဏလေးနော် ကျွန်တော်ပြန်စဉ်းစားကြည့်အုံးမယ်…”
အဲဒီနေ့က အဖြစ်အပျက်တွေကို အသည်းအသန်စဉ်းစားရတော့တာဗျို့။
“ရွှေရောင်အလင်းနယ်မြေပေါ်လာပြီး ပေါင်းစပ်သွားတဲ့အချိန်မှာ ဟိုင်ရှင်းရဲ့ အကျွင်းမဲ့နှောက်ယှက်ခြင်းကို ဖျက်စီးပစ်လိုက်တယ်။ ဒါပေမယ့် အဲဒါက ဘယ်လိုဖြစ်သွားတာလဲ မသိသေးဘူး။ အဲဒါ တော်တော် အရေးကြီးလားဆရာ”
“အမှန်ပဲ။ ဒါအရေးကြီးတာမှ အရမ်းကို အရေးကြီးတာ။ မင်းသုံးလိုက်တဲ့ ရွှေရောင်နယ်မြေက နဂါးမျိုးနွယ်ရဲ့ အထင်ကရ မှော်မန္တန်ဆိုတာရော မင်းသိရဲ့လား။ မဟာနဂါးမျိုးနွယ်တွေပဲ ဒါကိုသုံးနိုင်တာ။ မင်းလို လူသားမျိုးနွယ် တစ်ယောက်က နဂါးတွေရဲ့ ဖျက်စီးရေးမှော်မန္တန်ကို သုံးလိုက်တဲ့ကိစ္စမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးဘူး။ မင်းသေသေချာချာ ပြန်စဉ်းစားကြည့်စမ်းပါအုံး။ နဂါးတစ်ကောင်ကောင်နဲ့များ ဝိညာဉ်စာချုပ် ချုပ်ထားပြီးပြီလား။
“ကျွန်တော် မလုပ်ပါဘူး။ ရှောင်ကျင်းကလွဲရင် ဘယ်သူနဲ့မှကို ဝိညာဉ်စာချုပ် မချုပ် ခဲ့ဖူးသေးဘူး။ ဟုတ်သားပဲ.. ရှောင်ကျင်း….”
ကျွန်တော့မျက်လုံးတွေ ဝင်းကနဲဖြစ်သွားတယ်။ အဲ့နေ့က ရှောင်ကျင်းရဲ့ မထင်မှတ်ထားတဲ့ လှုပ်ရှားမှုက ကျွန်တော့ ခေါင်းကို တော်တော်နာကျင်သွားတာ။ ပြီးတော့ ရွှေရောင်နယ်မြေ ပေါ်လာတယ်။ ရှောင်ကျင်းနဲ့ ပတ်သက်နေတာ ဖြစ်မယ်။
“ရှောင်ကျင်းရော ဘယ်လိုလဲ”
ဆရာတိ အရေးတကြီးမေးတော့တာ။
ဖြစ်ပုံ အသေးစိတ် ဆရာတိကို ရှင်ပြပေးလိုက်တယ်။
“ဒီအတိုင်းဆိုရင် ရှောင်ကျင်းက မြွေမျိုးအစား မှော်သားရဲမဟုတ်ပေမယ့်…..”
ဆရာတိ ရေရွတ်နေပြန်ပါရောလား။
ဆရာတိနဲ့ကျွန်တော် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင် တစ်ပြိုင်နက်ထဲပဲ…
“နဂါး… ရှောင်ကျင်းက နဂါးများလား… ဒါ ဖြစ်နိုင်လား….”
“ရှောင်ကျင်းကို မြန်မြန်ထုတ်လိုက်”
ရှောင်ကျင်းက တကယ်ပဲ နဂါးလား ဆိုတာကိုလဲ ကျွန်တော် အရမ်းသိချင်နေပြီ။ နောက်ပြီးတော့ ကျွန်တော်သူ့ကို နောက်ဆုံးလွှတ်ပေးခဲ့တာလဲ အရမ်းကြာနေပြီလေ။ ဘယ်လောက်တောင် ပြောင်းလဲနေပြီလဲဆိုတာ ကျွန်တော်လဲ မသိသေးဘူး။
ဆရာတိ တစ်ခန်းလုံးကို အတားအဆီးတွေချထားပြီးတဲ့အခါ…
“ငါ့သူငယ်ချင်းလေး ရှောင်ကျင်း၊ ငါ့ရှေ့မှာ ထွက်လာခဲ့ကွာ…”
ကျွန်တော့ ရိုးရိုးရှင်းရှင်း ရွတ်ဆိုသံဆုံးတာနဲ့ အဖြူရောင်အလင်း လက်ကနဲဖြစ်သွားပြီး ရှောင်ကျင်းပေါ်လာပါရော။
ရှောင်ကျင်းကို နောက်ဆုံးတွေ့ဖူးခဲ့တဲ့ အချိန်ကနဲ့ ယှဉ်ကြည့်မယ်ဆိုရင် နည်းနည်းလေး အရွယ်ထွားလာပေမယ့် ငပျင်းကြည့်နဲ့ ကြည့်နေတုန်းပဲ။ ပြိုင်ပွဲထဲမှာ သူ့မှော်စွမ်းအားတွေသုံးခဲ့ရတာဆိုတော့ ပြန်ကောင်းမလာသေးတာကို စိတ်ဝိညာဉ်ကနေတဆင့် သိလိုက်ရတယ်။ သူ့ဦးချိုနှစ်ချောင်းက ခေါင်းအလယ်ဘက်ကို ကြီးလာတဲ့ပုံပဲ။ ရွှေရောင် အစင်ကြောင်းတွေကတော့ ခေါင်းကနေ အမြီးအထိ တကိုယ်လုံးပဲ။ သူ့ကျောရိုးပေါ်က ဆူးတောင်တွေဆိုရင် သတ္ထုတွေလိုမျိုး ပိုမာလာတဲ့အပြင် ပိုလဲရှည်လာတယ်။ တကယ်ဆို ဆူးတောင်တွေက သူ့ကျောရိုး တစ်ဝက်လောက်အထိကို နေရာယူထားတာ။ သူ့အောက်နားမှာတော့ ခြေသည်း(၅)ခုဆို နည်းနည်းလေးပိုထွားလာယုံတင်မကဘူး တစ်ချောင်းစီတိုင်းရဲ့ အရင်းမှာ အဝိုင်းပုံစံလေးတွေ တစ်ခုစီရှိနေတဲ့ပုံဗျ။
“သူတောင် ဒီလောက်ထိ ကြီးနေပြီလားဟ”
ရှောင်ကျင်းရဲ့ ပုံစံကို ဆရာတိမမြင်ဖူးသေးဘူးလေ။
“ဟုတ်တယ်။ ကျွန်တော့ဆီက သဘာဝစွမ်းအင်တွေ မျှပေးလိုက်ပြီးကတည်းက သူပိုထွားလာတာမှန်ပေမယ့် အခုလောက်ထိတော့ အကောင်မကြီးသေးဘူး။ ဆရာတိ ဒီကောင်က နဂါးလား”
“ငါ သေချာတော့ မပြောနိုင်သေးဘူး။ နဂါးဆိုတာ ဘယ်လိုမျိုးမှန်း တခါမှ ငါမတွေ့ဖူးသေးဘူးလေကွာ။ ဒါပေမယ့် နဂါးတွေက ခြေသည်း(၂)ချောင်းရှိတယ်လို့တော့ မှတ်တမ်းတွေထဲကနေ မှတ်ထားဖူးတယ်။ သူ့အောက်နားက အဖုအထစ်တွေက ခြေသည်းတွေသာဆိုရင် နည်းနည်းများလွန်းနေသလိုပဲ။ နေအုံးကွာ ငါ့စာအုပ်သွားကြည့်အုံးမယ်။ ဖတ်ခဲ့တာက နှစ်တော်တော်ကြာနေပြီလေ”
စကားပြောရင်းနဲ့ သူ့စာအုပ်စင်ကြီးပေါ်က စာအုပ်တစ်အုပ်ကို ယူလိုက်တာတွေ့တယ်။ လှမ်းကြည့်လိုက်တော့ စာအုပ်နာမည်က “အထင်ကရ အစစ်အမှန် နဂါး ဘုရင်များ” တဲ့။ နဂါးတွေ အကြောင်း အထူးမှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်မယ့်ပုံပဲ။
“ကြည့်ရအောင်၊ ကြည့်ရအောင်”
ဆရာတိ စာအုပ်ကို လှန်ရင်း တတွတ်တွတ်နဲ့။ သူ့စာအုပ်ကို ခပ်သွက်သွက်ဖတ်သွားတာဖြစ် တကယ်တမ်းဆိုရင် စာမျက်နှာတစ်မျက်နှာကို ဖျတ်ကနဲ့ ကြည့်မိယုံလောက်ပဲကြာတယ်။ ရုတ်တရက် ရပ်လိုက်ပြီး ရှောင်ကျင်းကို ပြန်ကြည့်လိုက်၊ စာအုပ်ကို ပြန်ကြည့်လိုက်နဲ့ တစ်ခုခုကို တိုက်စစ်နေသလိုပဲ။
“တွေ့ပြိလား။ ရှောင်ကျင်းက နဂါးလား”
ဆရာတိလက်ထဲက စာအုပ်ကိုဖတ်ကြည့်ချင်လွန်းလို့ ခြေဖျားထောက်လိုက်မိတယ်။
“ကျန်းကုန်း… စာအုပ်ထဲက အချက်အလက်တွေသာ အမှန်ဆိုရင် မင်းတော့ တကယ့်ရတနာကြီးတစ်ခု ကောက်ရထားတာပဲဟ”
“စာအုပ်က ဘာပြောထားလို့လဲ”
“ရော့ ဒီမှတ်တမ်းကို မင်းကိုယ်တိုင် ဖတ်ကြည့်လိုက်”
ဆရာတိက စာအုပ်ကို ကျွန်တော့ဆီ လွှဲပေးပြီးတာနဲ့ ရှေးခေတ်ကတည်းက မျိုးတုန်းသွားတဲ့ ရတနာ တစ်ခုကို ကြည့်နေသလိုမျိုး ရှောင်ကျင်းကို စစ်စစ်ပေါက်ပေါက် ကြည့်နေပါလေရော။
စာအုပ်ကိုဖတ်ကြည့်လိုက်မိတယ်။ စာအုပ်ထဲမှာ ရေးထားတာက ဒီလိုဗျ…
ခေါင်းစဉ် -- နဂါးတို့ရဲ့ ဘုရင် (ခြေသည်း(၅)ခု နဂါး)
နိဒါန်း --- ခြေသည်း(၅)ချောင်းရှိသော ရွှေနဂါးသည် နဂါး ဘုရင်ဟုသိထားကြသော နဂါးမျိုးနွယ်၏ အုပ်စိုးသူ ဘုရင်များဖြစ်ကြသည်။ မျိုးဆက်တစ်ခုစီ၏ နဂါးဘုရင်သည် ၎င်းမျိုးဆက်အတွင်း အစွမ်းအထက်ဆုံးဖြစ်ပြီး ပုံမှန်ထက် ထူးကဲ့သည့် ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။ ခြေသည်း(၅)ခု ရွှေနဂါး၏ သက်တမ်းသည် နှစ်ပေါင်း(၂၀၀၀၀)ခန့် ရှိသည်။ ၎င်းသည် နှစ်ပေါင်း(၁၅၀၀၀)ပြည့်ပြီးနောက် သူ၏သက်တမ်း ကုန်ဆုံးတော့မည်ဟု ခံစားမိသည့်အချိန်ကျမှသာလျှင် အလှဆုံးသော နဂါးမနှင့် နှီးနှောဆက်ဆံလေ့ရှိကြသည်။ ကိုယ်ဝန်ဆောင်ချိန် နှစ်ပေါင်း(၁၀၀၀)ခန့်ကြာပြီးမှသာ မျိုးဆက်သစ်များ မွေးဖွားလာမည် ဖြစ်၏။ ခြေသည်း(၅)ခု ရွှေနဂါးငယ်သည် အသက်(၃၀၀၀)ခန့်ထိ ကြီးပြင်းလာသည့်အခါ လက်ရှိ နဂါးများ၏ ဘုရင်ဖြစ်သော သူ့ဖခင်၏ နေရာတွင် အစားထိုး၍ အစစ်အမှန် နဂါးဘုရင် ဖြစ်လာပေလိမ့်မည်။ ထိုအချိန်၌ နဂါးအိုကြီး၏ ခန္ဓာကိုယ်မှာ အိုမင်းယိုယွင်းစပြုနေပြီး ဖြစ်သည့်အတွက် မျိုးနွယ်စုအတွင်း အနားယူသွားမည်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်တိုင်းတွင် ခြေသည်း(၅)ခု ရွှေနဂါး တစ်ကောင်တည်းကသာလျှင် အစစ်အမှန် နဂါးဘုရင်ဖြစ်ပေ၏။ ခြေသည်း(၅)ခုရွှေနဂါးသည် ပုံမှန်မဟုတ်သော ကြံ့ခိုင်လွန်းသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်သာမက လွန်စွားအစွမ်းထက်မြက်ကြောင်းပြသသည့်အနေဖြင့် နဂါးမျိုးနွယ်၏ ဘာသာစကားနှင့် မန္တန်များတွင်လည်း အထူးကျွမ်းကျင်သူဖြစ်သည်။
“ဆရာတိ ဒါမဖြစ်နိုင်ဘူး မို့လား။ ရှောင်ကျင်းက ခြေသည်း(၅)ခု ရွှေနဂါးလား။ ဒါဆိုရင် သူရင့်ကျက်ဖို့ နှစ်(၃၀၀၀)လောက် လိုမယ်။ အဲ့အချိန်ဆို ကျွန်တောဖြင့် ပြာပုံဘဝ ရောက်နေလောက်ပြီလေ။ ဒီကောင်က အခု အသက်(၁)နှစ်တောင် မပြည့်သေးဘူးလေ”
စိတ်ထဲမှာ ပေါ်လာတာတွေပဲ မေးလိုက်မိတော့တယ်။
============= (*^*)=============
အပိုင်း(၄၀)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား