← Chapters

မာခယ်နှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 3 Ch. 31

မာခယ်နှင့် ပြန်လည်ဆုံတွေ့ခြင်း

Vol. 3 Ch. 31

ကျွန်တော် ရှောင်ကျင်းကို လျှပ်တပျက် နှမ်းလိုက်တယ်။ အမ် .. ဘာလဲဟ။ မမျှော်လင့်ဘဲ သူ့ခန္ဓာကိုယ်ကနေ အချွန်အတက်ကြီးတွေ ထွက်လာတာလေ။ အဲဒါဘာလဲဆိုတာ ရှောင်ကျင်းကို စိတ်ထဲကနေပဲ မေးလိုက်တယ်။ ရှောင်ကျင်းက သူလည်း မသိဘူးတဲ့။ ဒါတင်လားဆိုတော့ အဲ့တစ်ခုတည်း မဟုတ်ပြန်ဘူး။

ရှောင်ကျင်းကို ဖက်ထားတာကနေ ချက်ချင်း လွှတ်ပြီး သေသေချာချာ ကြည့်လိုက်တယ်။

ဟုတ်ပဗျာ။ သူ့ဗိုက်အောက်မှာ အချွန်လေး (၅)ခုတောင်။ သူ့ အရိုးတွေကနေ ထွက်လာတာ ထင်တာပဲ။ သူ့ နောက်ကျောပေါ်က ရွှေရောင်စင်းကြောင်း (၃)ခုကြားထဲမှာလဲ ပုံစံတူ (အတောင်ပုံစံ) ပြားပြားအရွက်ကြီး (၂)ခု။ အာ… အဲဒါဘာတွေလဲဟ။ ရှောင်ကျင်းက မြွေမဟုတ်ဘူးလို့ လာမပြောနဲ့နော်။ မဟုတ်သေးပါဘူး၊ ဆရာ့ကို မေးကြည့်အုံးမှ ဖြစ်မှာပါ။

ကျွန်တော် ရှောင်ကျင်းနဲ့ ဆက်ဆော့နေလိုက်တယ်။ တဖြည်းဖြည်း အရှေ့ဘက် ကောင်းကင်မှာ ရောင်နီသန်း လာတော့မှ ရှောင်ကျင်းကို ပြန်သိမ်းထားလိုက်တယ။

ရှောင်ကျင်းရဲ့ တိုးတက်လာချက်ကလဲ အံ့မခန်းပဲဗျ။ သူ့ မှော်စွမ်းအား အတိမ်အနက်ကို ကျွန်တော် ခံစားမိနေတယ်။ ဒါတင်မကသေးဘူး၊ ရှောင်ကျင်းမှာ ကျွန်တော်မသိသေးတဲ့ ထူးထူးဆန်းဆန်း ပြောင်းလဲမှုတွေ ရှိနေတုန်းပဲ။ သူ့စွမ်းအား တိုးလာတာနဲ့ အမျှ ထူးခြားတဲ့ အစွမ်းတစ်ချို့ ရလာတယ်။ အဲ့အစွမ်းတွေက ဘာတွေလဲဆိုတာ ရှောင်ကျင်းတောင် မသိသေးဘူး။ ဒါ့အပြင် သူနဲ့ ကျွန်တော့ကြားက ဆက်နွယ်မှုက အရင်ကနဲ့ယှဉ်ရင် ပိုပိုပြီး ခိုင်မာရင်းနှီးလာသလို ခံစားရတယ်။

မိုးလဲ စင်စင်လင်းရော ဆရာတိရောက်လာတယ်။ ဆရာတိ သူ့လက်ထဲက စားစရာတွေချပေးရင်းနဲ့..

“ ကျန်းကုန်း။ မနေ့က ကောင်းကောင်း နားပြီးပြီမို့လား။ ”

“ ဟုတ်ကဲ့။ ”

စားလိုက်တာ တော်တော်အရသာရှိတာပဲ။ ဆရာတိကိုတောင် မေ့ပြီး အစားထဲပဲ စျာန်ဝင်သွားပါရော။

“ ဆရာတိ။ ဒီလောက်ကောင်းတဲ့ စားစရာတွေယူလာပြီး ဘာဖြစ်လို့ ဘာမှမပြောတာလဲ။ ”

“ ဟွင့် ။ မင်းဆိုတဲ့ ကောင်က စားသောက်ပြီးမှ ကျန်တာ ခိုင်းလို့ရမယ့်ကောင်လေ။ ”

“ အဲလိုတော့ မပြောပါနဲ့ဗျာ … ကျွန်တော် မှော်ပညာ သင်တဲ့နေရာမှာတော့ ပါရမီရှိတယ် ဟုတ်ဘူးလား။ ”

“ အော .. အေးအေး မင်းကြွားပဲ ကြွားနေလိုက်။ မင်းမှာ တကယ် အရည်အချင်း ရှိ/မရှိိဆိုတာ ဒီနေ့ မင်းလုပ်ဆောင်ချက်အပေါ် မူတည်လိမ့်မယ်။ အချိန်မသိပ်မရှိဘူး တစ်ပါတ်လောက်ပဲရမှာ။ ဒီကာလထဲမှာ အသုံးတဲ့မယ့် မှော်ပညာတွေ မင်းသင်ယူ နိုင်လောက်မယ်တော့ မျှော်လင့်ရတာပဲ။ ဒါကို အာရုံစိုက်ထားဖို့ လိုမယ်။ ”

တကယ်ကြီး ပြတ်ပြတ်သားသား ပြောလာတော့လဲ..

“ ဟုတ်ကဲ့ ဆရာ။ ”

“ မင်းလဲ အပြင်မထွက်တာ တော်တော်ကြာပြီဆိုတော့ မြက်ခင်းပေါ် လမ်းလေးဘာလေး လျှောက်ကြတာပေါ့။ ”

“ ဟုတ်ကဲ့ ”

ဒီလောက် လတ်ဆတ်တဲ့ လေမရှူရတာ တော်တော်ကြာပြီ။ ကျွန်တော် အကြောဆန့်ပြီး လေတွေ တစ်ဝကြီးရှူလိုက်တယ်။ အပြင်မှာ နေရောင်ခြည် မပြင်း သေးတာတောင် ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်မျိုး ရနေသေးတယ်။ ဆရာကလဲ အချိန်ပေးတဲ့အနေနဲ့ ကျွန်တော် အနားယူနေတာကို အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေတယ်။

“ ကောင်းပြီ။ အခု သင်ခန်းစာ စလိုက်ကြတာပေါ့။ ငါမင်းကို အဆင့်မြင့် မှော်အယူအဆ အကြောင်း အသေးစိတ် ပြောပြမယ်။ လက်ရှိ ငါ့အဆင့်မှာ သုံးတဲ့ မှော်ပညာကို မင်းသိလား။ ”

“ အဆင့်တွေ အဆင့်တွေတိုင်းမှာ မှော်ပညာ သုံးနည်းတွေ မတူဘူးလား။ မှော်ပညာသုံးဖို့အတွက်ဆို မန္တန်ရွတ်ဖို့ပဲ လိုတာလေ။ တခြားနည်းတွေ ရှိသေးတာလား။ ”

ဆရာတိ ကျွန်တော့ကို တစ်ချက်ကြည့်ပြီး ..

“ ကြည့်လိုက် မှော်ပညာ စစ်စ်ဆိုတာ ဒါပဲ... ”

သူ့လက်ကို တစ်ချက်ရမ်းလိုက်တာနဲ့ အဖြူရောင် အလင်းတန်းတွေ သူ့လက်က ထွက်လာပါရော။ တော်တော်ကို ထက်မြတဲ့ ဓားသွားလိုပဲ အရမ်းကြီးတဲ့ ကျောက်တုံးကြီးကို ကျွန်တော့ရှေ့မှာတင် ခွဲချလိုက်တယ်။ ကျောက်တုံးကြီးရဲ့ အပေါ်ပိုင်းက မြေကြီးပေါ် လျှောကျသွားတယ်လေ။

“ ဘာလဲဟ။ တကယ့် မှော်ပညာဆိုတာ ဒါလား။ ဘာမှလဲ မရွတ်ဘူး။ လက်လေးတစ်ဖက် ရမ်းလိုက်ယုံနဲ့ ရလဒ်က အသိသာကြီး။ ဆရာတိ .. အဲဒါ ဘယ်လို လုပ်လိုက်တာလဲ။ ”

“ အဟေး။ ဒါ ထိပ်သီး တစ်ယောက်ရဲ့ အစွမ်းပေါ့ကွ။ ငါနားလည်ထားသမျှ မန္တန်မှန်သမျှ ဒီလိုသုံးလို့ရတယ်။ မှော်ဒြပ်စင်တွေကို တကယ်နားလည်ဖို့ မင်းစေ့စေ့စပ်စပ် လေ့လာမှရမယ်။ ဒြပ်စင်အကြောင်း ဂဃနဏ နားလည်မှ ဒီလိုလုပ်နိုင်မယ်။ ငါ ခုနက သုံးလိုက်တာက ပိုင်းဖြတ်ခြင်းအငြိုး နဲ့ နည်းနည်းတူတယ်။ တကယ်တမ်းကျ အဆင့်မြင့်မြင့်သွားရင် မှော်ပညာနဲ့ အငြိုးက တော်တော်လေး တူလာတယ်။ နောက်ဆို မင်းကောင်းကောင်းလေ့လာ၊ သေသေချာချာလေ့ကျင့်ပြီး ကျောင်းမပြီးခင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တိုက်ရိုက်သုံးနိုင်တဲ့ နည်းလမ်းတွေ ကျွမ်းကျင်နေအောင် ကြိုးစားထားမှ ဖြစ်မယ်။ ဒါတွေပြောနေပေမယ့် ဒီနေ့အတွက် သင်ခန်းစာက ဒါမဟုတ်သေးဘူး။ ဒါက မင်းလွယ်လွယ်နဲ့ သင်နိုင်တဲ့ဟာမဟုတ်ဘူး။ အချိန်အများကြီးယူပြီး စိတ်ဝိညာဉ်ကို သေချာ ထိန်းချုပ်နိုင်မှ တတ်မယ့်ကိစ္စတွေ။ အခု မင်းမှာ တိုက်ခိုက်ရေး အဆင့်မြင့် အလင်းမန္တန် နည်းနည်းပဲ သိသေးတာ။ တကယ် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ကာကွယ်ရေး မန္တန်တွေက ပိုအရေးကြီးတယ်။ ပြိုင်ပွဲ ပြီးတဲ့အထိတော့ စောင့်လိုက်အုံး။ ပြီးရင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ထိန်းချုပ်ဖို့နည်းတွေ လေ့ကျင့်ပေးမယ်။ ”

“ ဆရာတိ။ ဆရာက အရမ်းသန်မာတာပဲ။ မှော်ပညာကို ဒီလို နည်းလမ်းတွေနဲ့တောင် သုံးနိုင်နေပြီ။ ”

“ ဒါ ပုံမှန်ပါပဲ။ ငါက မှော်သခင်တစ်ယောက်လေ။ ဒီလို အသုံးမဝင်တာတွေ ပြောမနေနဲ့တော့။ ကဲ ဒီမန္တန်နဲ့ သင်ခန်းစာ စလိုက်ရအောင် .. ”

===============

တစ်ပတ်ဆိုတဲ့အချိန်က အကုန်မြန်လိုက်တာ။ ဆရာတိလက်အောက်မှာ မှော်ပညာထိန်းချုပ်ခြင်းကို အဓိကထားတဲ့ပညာတွေ နည်းနည်းတတ်ခဲ့တယ်။ ကျွန်တော့ရဲ့ ပြည့်လျှံနေတဲ့ မှော်စွမ်းအင်တွေရဲ့ ပံ့ပိုးမှုကြောင့် မှော်ပညာထိန်းချုပ်ခြင်းအပိုင်းမှာ တော်တော်တိုးတက်လာပါရော။ ကျွန်တော့ ခန္ဓာကိုယ်ထဲက မှော်ရွှေအမြူတေကလဲ နည်းနည်းလေး တည်ငြိမ်လာပြီ။

ရှောင်ကျင်းရဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုနဲ့ပတ်သက်ပြီး ဆရာတိကို ကျွန်တော်မေးလိုက်သေးတယ်။ တော်တော်ကြာကြာကြီး စဉ်းစားပြီးမှ သူဖြေတာက ဒီလိုမှော်သားရဲမျိုး တခါမှမမြင်ဖူးဘူးတဲ့လေ။ ဖြစ်နိုင်တာကတော့ နှစ်ကိုယ့်တစ်စိတ် မန္တန်ကြောင့် ပြောင်းလဲသွားတယ် ထင်တာပဲ။ ဘာပဲဖြစ်ဖြစ်ပါ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်လုပ်နိုင်တာ ဘာမှမရှိဘူးလေ။

စိတ်သက်သာရာ ရခဲ့တာတော့ အသေအချာပဲ။ ရှောင်ကျင်း အသက်ရှင်နေသေးသရွေ့ သူ့ဟာသူ ဘယ်လိုပုံစံပဲ ပြောင်းပြောင်း ကျွန်တော်ဂရုမစိုက်ဘူးလေ။

ဒီတစ်ပတ်အတွင်း သတင်းကောင်းတစ်ခု ရောက်လာတယ်။ ပြီးခဲ့တဲ့ ရက်(၂၀)လောက်က မာခယ့်ကို ဒုကျောင်းအုပ်ကြီးက တပည့်အဖြစ် လက်ခံလိုက်တယ်လို့ ဆရာတိပြောပြတယ်။ ဒီတစ်ခါတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး အဆင့်လွန်အတန်းကို အတူတူ တက်လို့ရပြီးပေါ့။ ဒုကျောင်းအုပ်ကြီးဆိုတာကလဲ ထိပ်သီးမှော်ပညာရှင် တစ်ယောက်ဆိုတာ သိထားရလိမ့်မယ်။

ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် ကျွန်တော် အရင်တုန်းက အခြေအနေအတိုင်း ပြန်နေရတော့မယ်။ ဆရာတိ ထွက်မသွားခင် ရှောင်ကျင်းပြန်ရှင်လာတယ် ဆိုတဲ့ကိစ္စ၊ ကျွန်တော်ဟာ သူ့တပည့်ဆိုတဲ့ကိစ္စတွေ ဘယ်သူမှ ပြန်မပြောဖို့ သတိပေးခဲ့သေးတယ်။ သေချာတာတော့ ဆရာတိက တော်တော်ရယ်ရတဲ့ လူအိုကြီးပဲ။ သူပညာသင်ပေးတဲ့ပုံက သာမန်ဆိုတာထက်ကို ပိုရိုးရှင်းတယ်ဗျ။ သူက ရှင်းပြမယ်၊ ပြီးရင် ကိုယ်တိုင်သုံးသပ်ခွင့်ပေးတယ်။ အဲလိုမဟုတ်ရင်လဲ မန္တန်တစ်ခု သင်ပေးပြီဆိုရင်လဲ အဲဒီမန္တန်ကို ကိုယ်လက်တွေ့ စမ်းခိုင်းသေးတာ။ အဲလိုမျိုးတွေအပြင် ထူးထူးခြားခြား လွတ်လပ်ခွင့်တွေလဲ ပေးသေးတယ်။ အသက်အရွယ်ကိုထည့်မတွက်ရင်တောင် သူက ကျွန်တော့ အဘိုးတစ်ယောက်လို ဂရုစိုက်တယ်ဗျ။ တစ်ခါတလေတော့ ကလေးလေးတစ်ယောက်လို ဆူချိတ်နေပြီး ကျွန်တော့ကို ပူညံပူညံနဲ့ ဆူတတ် မာန်တတ်သေးတာ။ အင်းပေါ့လေ အဲလိုရယ်စရာ ကောင်းတဲ့ လူအိုကြီးနောက်လိုက်ရတာ ကျွန်တော် သဘောကျနေတာတော့ အသေအချာပဲ။

*******************

စာသင်ခန်းထဲ ဝင်သွားတော့ အားလုံးရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့ကို ဝိုင်းကြည့်နေကြပါရော။ ကျွန်တော်ကတော့ ဘာဆိုဘာမှ ပြန်တုန့်ပြန်မနေဘဲ ကိုယ့်ထိုင်ခုံ နေရာကိုပဲ သွားလိုက်တယ်။

“ ဟာ .. အကိုကြီး ... ”

အရမ်းရင်းနှီးနေတဲ့ အသံတစ်သံ ကျွန်တော်ကြားလိုက်ရတယ်။

“ မာခယ် .. ”

ကျွန်တော့ ပြန်လည့်ကြည့်လိုက်ပြီး မတွေ့ရတာကြာပြီဖြစ်တဲ့ ကျွန်တော့ သူငယ်ချင်းကောင်းကို ပြန်နှုတ်ဆက်လိုက်တယ်။

ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ခဏကြာအောင် အပြန်အလှန်ကြည့်ပြီး တင်းကြပ်နေအောင်ကို ဖက်ထားလိုက်ကြရော။

မာခယ် ကျွန်တော့ နားနားကိုကပ်ပြီး တိုးတိုးလေးနဲ့ ..

“ အကိုကြီး။ မင်းကိစ္စတွေအကုန် ငါသိပြီးသွားပြိ။ ပြိုင်ပွဲမှာသာ အကောင်းဆုံးကြိုးစားကွာ ... ”

“ အင်းပါ .. မင်းလဲ ကြိုးစားအုံး .. ”

အတန်းစပြီဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံ ထွက်လာတယ်။ အကုန်လုံး ကိုယ့်နေရာကိုယ် ယူကြတာပေါ့။ ဒီနေ့ အတန်းပြီးရင် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းတွေ ကြေငြာပေးမှာလေ။

မနက်ဖြန်ဆို အကြိုပဏာမ ပြိုင်ပွဲတွေစတော့မှာ။ ဆရာတိ သတိပေးထားတာတွေ ပြန်စဉ်းစားမိတိုင်း အရမ်းခေါင်းကိုက်တာပဲဗျာ။

========(*^*)========

အပိုင်း(၃၂) မျှော် ...

မူရင်းစာရေးသူ- ထန်ကျားစန်းရှောက်

ဘာသာပြန်သူ- ငတက်ပြား

All Chapters