အိမ်ပြန်ချင်တယ်ဗျာ
Vol. 3 Ch. 40
“ဒီလိုစဉ်းစားကြည့်ရအောင်ကွာ… ရှောင်ကျင်းရဲ့ ကြီးထွားပုံက စာအုပ်ထဲမှာမှတ်တမ်းတင်ထားသလို ပုံမှန်မဟုတ်ဘဲ အရှိန်အဟုန်နဲ့ကို မြန်မြန်ကြီးလာတာ။ တစ်နှစ်ဆိုတဲ့ ကာလအတွင်းလေးမှာကိုပဲ အကောင်ပေါက်စအရွယ်ကို လွန်လုနီးပါဖြစ်နေပြီ။ တကယ်ဆို အကောင်ပေါက်စအရွယ်က နှစ်ပေါင်း(၆၀၀)လောက်တောင် ကြာတယ်လို့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားတာလေ။ ရှောင်ကျင်း မွေးလာတာဖြင့် တစ်နှစ် မပြည့်သေးဘဲ အကောင်ပေါက်စ အဆင့်ကိုကျော်ပြီး မတမ်း(နွားမတမ်း၊ ဆိတ်မတမ်း၊ နဂါးပျို၊ လူပျိုပေါက်၊) အဆင့်ကိုတောင် မကြာခင်ရောက်တော့မယ့်ပုံ။ ရှောင်ကျင်း အခုလို မြန်မြန်ဆန်ဆန် ကြီးထွားလာက မင်းနဲ့သူရဲ့ နှစ်ကိုယ့်တစိတ် ဆက်ဆံရေးကြောင့်ဖြစ်မယ်ထင်တယ်ကွ။ အဲ့ကိစ္စမဖြစ်ခင်ကနဲ့ အဲ့နောက်ပိုင်း သူထွားလာတာ ဘယ်လိုကွာခြားလဲ”
“အဟုတ်ပဲ။ မတော်တဆမှု ဖြစ်ပြီးမှ ရှောင်ကျင်းရဲ့ မှော်စွမ်းအား စုပ်ယူနိုင်တဲ့နှုန်းက အရင်ကထက် ပိုပိုပြီး ပြင်းထန်လာတာ”
“ကျန်းကုန်း မင်းတယ်ကို ရတနာတစ်ခု ကောက်ရလာတာကွ။ ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျင်းက နဂါးဆိုတာကို ဘယ်သူ့မှ အသိပေးလို့မရဘူးနော်။ ရှောင်ကျင်း အရွယ်ရောက်လာပြီဆိုရင်တော့ စိတ်ပူစရာမလိုတော့ပါဘူးကွာ။ အဲ့အချိန်လောက်ဆို သူ့မှာ အတောင်တွေ၊ ခြေသည်းတွေနဲ့ မင်းအတွက်တောင် အကူအညီ ကြီးကြီးမားမား ဖြစ်လိမ့်မယ်ကွ”
“ဟုတ်။ အဲဒါကောင်းတယ်။ ငါ့ မှော်သားရဲက နဂါးကွ … ဟား ဟား”
“အဲလောက်လဲ ပျော်မနေနဲ့အုံး။ အရင်ဆုံး ဒီစာအုပ်ကို မင်းကိုပေးလိုက်မယ်။ ဒီစာအုပ်က တည်ထောင်သူကနေ တဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာတဲ့စာအုပ်ဆိုတော့ သေချာတော့ ထိန်းသိမ်းစောင့်ရှောက်ရမယ်ကွ။ နောင်တချိန် မင်းအတွက် တော်တော်အသုံးဝင်လိမ့်မယ်။ စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာမှာ နဂါးမျိုးနွယ်နယ်မြေကို သွားနိုင်တဲ့ လမ်းကြောင်းမြေပုံတစ်ခုပါတယ်။ အဆင့်မြင့် မှော်ကျောင်းတော်ကြီးကနေ ဘွဲ့ရပြီးရင် မင်းသွားလည်ပတ်သင့်တယ်။ လက်ရှိနဂါးဘုရင်က ရှောင်ကျင်းကို ပြန်ခေါ်ဖို့ ဆန္ဒရှိခဲ့ရင် သူ့ကို ပြန်လွှတ်ပေးသင့်တယ်။ ရှောင်ကျင်းက သူတို့နယ်မြေထဲကနေ ဘယ်လိုထွက်လာတာလဲဆိုတာတော့ ငါတို့လဲ မသိနိုင်တော့ဘူးကွာ”
“သူ့ကို ပြန်လွှတ်ပေးရမှာလား”
ရှောင်ကျင်းက နဂါးအစစ်မဟုတ်ရင်တောင် ကျွန်တော့ကို မထားခဲ့စေချင်ဘူးဗျာ။
“မင်း ခွင့်ပြုပေးမှဖြစ်မယ်ကွ။ ကျန်းကုန်းလေး မင်းနှလုံးသားထဲက ဆန္ဒအတိုင်းသာလုပ်ကွာ။ သားသမီးတွေကို ဆုံးရှုံးရတာ မိဖတွေအတွက်တော့ အဆုံးမရှိ နာကျင်ခံစားရတယ်ဆိုတာတော့ မင်းသိထားသင့်တယ်။ ရှောင်ကျင်း ဘက်ကလဲ မင်းထည့်စဉ်းစားရအုံးမယ်လေ”
ဟုတ်သားပဲ။ အဖေအမေတွေနဲ့ မတွေ့ရရင် တော်တော်ဝမ်းနည်းနေမှာဗျ။ ကျောင်းပြီးတာနဲ့ အခွင့်အရေးရရင် နဂါးမျိုးနွယ် နယ်မြေကို သွားလည်ရမယ်။ တကယ့်ကို အဆိုးဆုံးအခြေအနေနဲ့ ကြုံခဲ့ရရင်တောင် ရှောင်ကျင်းနဲ့ အတူနေရဖို့ သူတို့ကို စည်းရုံးကြည့်ရမှာပဲ။
အာ. ကျွန်တော်လဲ အဖေအမေတို့နဲ့ မတွေ့ရတာ တော်တော်ကြာပြီ။ နောက်ဆုံးတော့ ကျောင်းပိတ်ရက်မှာ အိမ်ပြန်ပြီး သူတို့နဲ့ တွေ့ချင်လိုက်တာ။ ကျွန်တော် မှော်ဆန်ဆန် ပြောင်းလဲမှုတွေ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ သူတို့မြင်သွားရင် အရမ်းဝမ်းသာသွားကြမှာ အသေအချာပဲ။
“ဆရာတိ။ ကျွန်တော် ဘယ်တော့အိမ်ပြန်လို့ရမလဲ။ အဖေနဲ့ အမေတို့ကိုလွမ်းတယ်ဗျာ”
ကျွန်တော့မှာ စိတ်အားငယ်စရာတွေမရှိပေမယ့် ရုတ်တရက်ကြီးဆိုသလို အိမ်ပြန်ချင်စိတ်တွေ တဖွားဖွားပေါ်လာတာဗျ။
“အိမ်ကို လွမ်းလို့လား။ နှစ်ရက်လောက်အနားယူပြီး မင်းခန္ဓာကိုယ် လုံးဝပြန်ကောင်းလာတဲ့အထိစောင့်ပြီးမှ ပြန်လေကွာ။ သဘက်ခါဆို တရားဝင် ကျောင်းပိတ်ရက်စပြီပဲကို”
“အာဟ.. ဒါဆို တော်တော်ကောင်းတယ်။ ကျွန်တော် အထက်တန်းကျောင်းသားတွေကို ထပ်ပြီး စိန်မခေါ်ချင်တော့ဘူး။ ပညာလိုနေသေးတယ်လို့ ခံစားနေရတယ်။ ကျွန်တော့ မှော်ပညာကို ပြင်းပြင်းထန်ထန် ထပ်လေ့ကျင့်လို့ ပိုပြီးသန်မာလာမှ သူတို့ကို စိန်ခေါ်ဖို့ စဉ်းစားတော့မယ်ဗျာ”
“မင်းတွေးတာ တော်တော်ကောင်းတယ်။ မင်း အခုလက်ရှိ တိုးတက်မှုလောက်လေးနဲ့တင် ကျေနပ်ရောင့်ရဲနေမှာပဲ ငါကြောက်တာကွ။ ရှောင်ကျင်းသာမရှိရင် မင်းချန်ပီယံဖြစ်စရာအကြောင်းမရှိဘူး။ ဒါကြောင့် လုံ့လဝီရိယ ရှိရှိနဲ့ ဆက်ပြီး လေ့ကျင့်စေချင်တယ်။ အဆင့်မြင့် မှော်သင်တန်းကျောင်းတက်တဲ့အချိန်ထိ မင်းစောင့်လိုက်ကွာ။ ပြီးရင် ဘွဲ့တောင် စောစောရနိုင်သေးတယ်။ ကဲကဲ မင်းသွားအနာယူလိုက်တော့။ ငါလုပ်စရာအလုပ်တွေရှိသေးတယ်”
ပြိုင်ပွဲက ဒီလောက်ထိအောင် ကြီးကျယ်ခမ်းနားသွားလိမ့်မယ် မထင်ခဲ့မိတာအမှန်ပဲဗျ။ ဒါပေမယ့် ဆိုးတော့ မဆိုးပါဘူး။ အနည်းဆုံးတော့ ရှောင်ကျင်း အကြောင်းသိလိုက်ရတယ်လေ။ ကျွန်တော် သိုင်းလောကထဲ ခြေဆန့်တဲ့အချိန်ကျရင်တော့ ရှောင်ကျင်းကို သူ့မိဘတွေ ရှာတွေ့ဖို့ ကျွန်တော်သေချာပေါက်ကို အကူအညီပေးမှာပါလေ။
ကျွန်တော် ရှောင်ကျင်းကို နွေးနွေးထွေးထွေးကြည့်ရင်း သူ့ခေါင်းကြီးကို ပွတ်သပ် ပေးနေလိုက်မိတယ်။ ရှောင်ကျင်းတောင် တစ်ခုခုခံစားမိလို့လားတော့မသိဘူး ကျွန်တော့ကို ငပျင်းကြည့် ပြန်ကြည့်နေပါရောလား။
ဆရာတိ သွားတာကြာပြီဆိုတော့ သူချထားတဲ့ အတားအဆီးတွေလဲ ပျောက်သွားလောက်ပြီ။ ရှောင်ကျင်းကို ကျွန်တော့ ခန္ဓာကိုယ်ထဲ ပြန်ထည့်ထားလိုက်တယ်။
အိပ်ချင်လို့ ကုတင်ပေါ် လှဲနေပေမယ့် အိပ်လို့ကို မရဘူး။ ဆရာရှို့ မနက်ဖြန်၊ သဖက်လောက်ဆို လာကြိုလောက်မယ် ထင်တယ်။ ကျွန်တော့အပေါ် သူအများကြီး မျှော်လင့်ထားတာမို့ ကျွန်တော့တိုးတက်မှုတွေကိုသာမြင်လိုက်ရင် သူတော်တော်ပျော်သွားမှာဗျ။ အဖေ အမေတို့အကြောင်းမသိပေမယ့် သူတို့လဲ ကျွန်တော့ကို လွမ်းနေမှာပါလေ။ ကျွန်တော်လဲ သူတို့ကိုလွမ်းတာပဲ။
အလွမ်းဓါတ်ခံနဲ့ ပြတင်းပေါက်ကနေပြီး ကောင်းကင်ကြီးပေါ်က အရောင်စုံနေတဲ့ ကြယ်တွေကို ကြည့်နေမိလိုက်တယ်။ ကျွန်တော် အိပ်ပျော်သွားတာနဲ့ ကျွန်တော့ ခန္ဓာကိုယ်က မှော်စွမ်းအင်တွေ ပြန်ပြီး စုပ်ယူနေလေရဲ့။ ကျွန်တော့ မှော်စွားအားတွေ ပြန်ပြည့်အောင်လုပ်ဖို့ကလဲ အရေးကြီးတာပဲလေ။ အလင်းဓါတ် အဆီအနှစ်တွေ စုပ်ယူတော့တာပေါ့။ အလင်းဒြပ်စင်တွေကို ရွှေအမြူတေထဲ မစုပ်ခင် ဘောလုံးပုံစံဖြစ်လာတဲ့အထိ စုဝေးလာကြပါလေရော။ ကျွန်တော့ ရွှေအမြူတေက ဖြည်းဖြည်းချင်း စုပ်ယူနေတာထက်ကို အခုပုံစံ ပိုမြန်တယ်ဗျ။
---------------------
နောက်(၂)ရက်ကြာတော့ ဆရာတိဆီကို အစောကြီးထသွားလိုက်တယ်။
“ဆရာတိ။ ကျွန်တော့ မှော်စွမ်းအား လုံးဝကို အပြည့်အဝ ပြန်ကောင်းသွားပြီဗျ။ ကျွန်တော် အိမ်ပြန်လို့ရပြီလား”
စာအုပ်ဖတ်နေတာကနေ ခေါင်းမော့ပြီး သူပြုံးပြရင်း
“ကောင်ဆိုးလေး၊ ဘာလို့ ဒီလောက်အသဲအသန်ဖြစ်နေတာလဲဟ၊ ဘာလဲ၊ စောစောထွက်ပြီး ဒီအဖိုးကြီးနဲ့ တွေ့စရာ မလိုတော့အောင် ရှောင်ပြေးတော့မလို့လား”
“အာ… မဟုတ်ရပါဘူးဗျာ။ ဆရာနဲ့ခွဲရတာ ကျွန်တော်အရမ်းမုန်းတာ။ ဆရာက ကျွန်တော်တွေ့ဖူးသမျှဆရာတွေထဲမှာ အကောင်းဆုံးပဲ”
ဒီစကားတွေက တကယ်ကို ကျွန်တော့ နှလုံးသားထဲက လာတဲ့စကားတွေပါဗျာ။ ဆရာတိ လမ်းညွှန်သင်ကြားပေးလို့သာ ကျွန်တော် ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတယ်ဆိုတာ အမှန်တရားပဲလေ။ တစ်နှစ်အတွင်းမှာကို ဒုတိယတန်းရဲ့ ကိုယ်စားလှယ်ဖြစ်လာတာသာ ကြည့်ပေတော့။
ကျွန်တော် စိုးရိမ်တဲ့အမူအရာကိုပြင်တော့ ဆရာတိ အပြုံးတွေက ပိုပြီးအသက်ဝင်လာတယ်။
“ငါ မင်းကို စနေတာပါကွာ။ ပစ္စည်းတွေ ထုပ်ပိုးပြီးတာနဲ့ အိမ်ပြန်လို့ရပါပြီ။ လမ်းမှာသာ ဂရုစိုက်သွား။ မင်းကို လာကြိုမယ့်သူရှိလား။”
“ရှိတော့ ရှိတယ်။ ဒါပေမယ့် သူရောက် မရောက်မသိသေးဘူး။ သူက မှော်ပညာအခြေခံကျောင်းတုန်းက ကျွန်တော့ လက်ဦးဆရာပါ။”
“အိုး …. အခွင့်အရေးရရင် သူနဲ့တွေ့ချင်လိုက်တာကွာ။ ဒီလိုခိုင်မာတဲ့ အခြေခံအုတ်မြစ်ရဖို့အတွက် သူသုံးခဲ့တဲ့ နည်းလမ်းတွေ မေးကြည့်ချင်လိုက်တာ။”
“အာ.. မလိုပါဘူး။ မလိုအပ်ပါဘူး။”
မရပါဘူး။ ကျွန်တော် ချက်ချင်းကို ငြင်းပစ်တာ။ ကျွန်တော့ကို သင်ပေးဖို့ ဆရာရှို့ရဲ့ နည်းလမ်းတွေသာ အသုံးချခွင့်ပေးလိုက်ရင် ရှေ့ဆက် ဖြတ်သန်းရမယ့်နေ့ရက်တွေက ငရဲဆန်နေတော့မှာပေါ့။
“ဆရာ့ လက်ရှိ သင်ကြားရေးစနစ်က တခြားဆရာတွေထက် သာနေပြီးသားပါ။ ဒါကြောင့် နည်းလမ်းတွေ နှိုင်းယှဉ် ကြည့်နေစရာကို မလိုပါဘူးဗျာ”
ကျွန်တော့ စကားကြားတော့ ဆရာတိ တော်တော် ပြုံးသွားတာ။
“တကယ်လား။ အဲ့တုန်းက မင်းကို သင်ပေးခဲ့တာတွေက အလဟသ မဖြစ်ဘူးပဲ၊ ဟား.. ဟား.. ကောင်းပြီလေ။ အခု မင်းသွားတော့မှာဆိုတော့ မင်းကို တစ်ခုခုပေးရမှာပေါ့”
“ဆရာ ကျွန်တော့ကို ဘာမှ ပေးစရာမလိုပါဘူး။ ကျွန်တော့ကို နောက်ဆုံးပေးခဲ့တဲ့ မှော်ဝတ်ရုံတွေနဲ့တင် လုံလောက်နေပါပြီ။
အကျွင်းမဲ့နှောက်ယှက်ခြင်းရဲ့ ချိပ်ပိတ်တာ ခံရတုန်းက မှော်ဝတ်စုံရဲ့ အာနိသင်က ထိထိရောက်ရောက်ကြီးမဟုတ်ဘူး ဆိုပေမယ် ပုံမှန် မှော်စွမ်းအင်တိုက်ကွက်တွေအပေါ်တော့ ထိရောက်နေတုန်းပဲလေ။
“ဒီတစ်ခါပေးမှာက ငါ့လက်ဆောင်မဟုတ်ဘူးကွ။ မင်းပစ္စည်း မင်းကိုပေးမှာ”
အဖိုးတန် ခရမ်းရောင်ကဒ်ပြားလေးတစ်ခု ရင်ဘတ်ထဲက ထုတ်ပေးတယ်။
“ဒီဟာလား”
“ဒီ ခရမ်းရောင်ကဒ်ထဲမှာ စိန်ဒင်္ဂါးတွေပါတယ်။ တိုက်ကြီးတစ်ခုလုံးမှာ ဒီလိုကဒ်မျိုး ကိုင်နိုင်တဲ့သူ ဆိုလို့ နည်းနည်းလေးပဲရှိတယ်။ မင်းရဲ့ အချက်အလက်တွေ ထည့်ပေးထာပြီးသာဆိုတော့ မင်းကလွဲရင် ဘယ်သူမှသုံးလို့မရဘူး။ နောင်လဲ ပြောင်းလဲလို့မရတော့ဘူး။ မင်းချန်ပီယံ ဖြစ်လို့ ဆုရတဲ့ စိန်ဒင်္ဂါး (၁၀၀) အဲ့ထဲမှာရှိတယ်။ သုံးဖို့ လုံလောက်မှာပါ။ တချိန်ချိန် မင်းသုံးချင်တဲ့အခါ သွားထုတ်ယုံပဲ။ သူ့ရဲ့ အကြီးမားဆုံး အားသာချက်က မင်းတစ်ယောက်ပဲ သုံးလို့ရတာဆိုတော့ ဆုံးရှုံးနစ်နှာမှာ မပူရတော့ဘူးလေ။ မင်းမှော်ပညာနဲ့ ခရမ်းရောင်ကဒ်ကို ဆင့်ခေါ်လို့ရတယ်။ ဒါကြောင့် သာမန်အချိန်တွေဆို မင်းခန္ဓာကိုယ်ထဲမှာ သိမ်းထားတာ အကောင်းဆုံးပဲ။
အရမ်းမိုက်တယ်။ အဲဒါကို ယူပြီး ချမ်းသာလာပြီလို့ ခံစားရတယ်။ ဒါနည်းနည်းနောနော ကုသိုလ်ကံလားဗျာ။ အရမ်းကိုကောင်းတယ်။
“ဆရာတိ။ ဒါဆို ကျွန်တော်သွားတော့မယ်။ ကိုယ်ကိုကိုယ် ဂရုစိုက်ပါ။ ကျောင်းဖွင့်ရက်အမှီ ကျွန်တော်ပြန်လာခဲ့ပါမယ်”
ဒီလိုပြောပြီးတာနဲ့ အိမ်ဆောင်ဘက် ကျွန်တော် တမ်းပြေးတော့တာ။ ဟုတ်တယ်လေ ကျွန်တော့ပစ္စည်းတွေ ထုပ်ပိုးပြီး အိမ်ပြန်လို့ရပြီပဲကို။ ဟေ.. ဟေ့။ ယေ့ ယေ့။
“လမ်းမှာ ဘေးကင်းဖို့ သေချာဂရုစိုက်သွား။ မင်းအိမ်ရောက်နေတုန်း မင်းမှော်အစွမ်းတွေ ကျမသွားစေနဲ့အုံး”
ဆရာတိရဲ့ သတိပေးစကားတွေက ကျွန်တော့ နားဆီကို ထပ်ကာထပ်ကာ လွင့်ပျံလိုက်လာတယ်ဗျ။
============= (*^*)=============
အပိုင်း(၄၁)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား