ကျောင်းတော်ကြီးမှာ (၅)နှစ်တာ
Vol. 3 Ch. 42
ကျန်နေတဲ့ အိမ်ပြန်လမ်းခရီးကတော့ သာသာယာယာပဲဗျ။ တဖြည်းဖြည်း လူတွေနဲ့ပတ်သက်ပြီး စိတ်ပျက်လာမိတယ်။ ကျွန်တော် လူတွေမသတ်ချင်ပေမယ့် ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက် သူတို့သတ်တာတော့ ထိုင်စောင့်မနေနိုင်ဘူးလေ။ နောက်ဆို အတတ်နိုင်ဆုံး ပြန်တိုက်ခိုက်ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ သက်ရှိသတ္တဝါတွေအားလုံး၊ လူသားတွေအားလုံး အသက်ရှင်နေထိုင်ခွင့်ရှိတယ်လို့တော့ ဆရာတိကပြောတာပဲ။ ဘယ်သူမှ ကိုယ့်စိတ်နဲ့ကိုယ် အသက်အသေခံချင်တဲ့စိတ် ရှိမှာမဟုတ်ဘူးလေ။ ကိုယ့်ဘဝနဲ့ကိုယ် ငြိမ်းချမ်းနေသရွေ့တော့ အေးဆေးပေါ့။ ဒါကြောင့် ဒီလမ်းကြောင်းကို ကျွန်တော် ရွေးလိုက်မိတာပါ။ တကယ်တော့ ဆရာတိရဲ့ သွန်သင်ဆုံးမမှု တွေက ကျွန်တော့အပေါ် အများကြီး လွှမ်းမိုးထားတာဗျ။
နောက်ဆုံးတော့ ကျွန်တော် အိမ်ပြန်ရောက်ပါပြီ။ ရွာထဲဝင်လိုက်တာနဲ့ အရင်းနှီးဆုံးခံစားချက်တွေ တမ်းရောက်လာတယ်။ ကျွန်တော့ ဇာတိချက်ကြွေ မွေးရပ်မြေကို ပြန်ရောက်ပြီလေ။
မွေးရပ်မြေရဲ့ သင်းရနံ့တွေကို အသက်ပြင်းပြင်းရှူရှိုက်ပစ်လိုက်တယ်။ နွေးထွေးဖော်ရွှေမှု၊ ပျော်ရွှင်မှုတွေ ကျွန်တော့ တကိုယ်လုံးကို ပျံ့သွားပါလေရော။ ဆရာရှို့ ကျွန်တော့ အိမ်တံခါးထိ လိုက်ပို့တာဗျ။ ပြီးတော့ တရင်းတနှီး ရှိလွန်းတဲ့ အိမ်ခြံစည်းရိုးတွေ ကျွန်တော်မြင်နေရပြီ။
“အမေ.. အမေရေ.. ကျွန်တော်ပြန်လာပြီဗျ”
“ကောင်ဇိုးလေး။ ဒီအချိန်ဆို သူတို့တွေ အလုပ်ထဲမှာပဲရှိအုံးမှာပေါ့။”
ဆရာရှို့ ကျွန်တော့ကို သတိပေးတယ်။ အင်း၊ ဟုတ်သားပဲ။ မနက်ပိုင်းဆိုတော့ အလုပ်သွားလောက်တယ်။ ကျွန်တော် အိမ်ထဲကို လေဟာနယ်ရွှေ့ပြောင်းလိုက်တယ်။ ဘာမှာ ပြောင်းလဲမသွားဘူးပဲ။ ကျွန်တော့ အခန်းဆို ထူးထူးခြားခြားကို တောက်ပြောင်နေရော။ အမေ မကြာခဏ သန့်ရှင်းရေး လုပ်ပေးထားတယ်ဆိုတာ အသိသာကြီး။ ဆရာရှို့ကို အိမ်ထဲ ဖိတ်လိုက်တယ်။
“နောက်ဆုံးတော့ ငါပြန်ရောက်လာပြီ၊ ဆရာရှို့ ဒီမှာ ခဏလေးစောင့်ပေးနော်။ ကျွန်တော် သူတို့ကို သွားရှာလိုက်အုံးမယ်”
အဖေနဲ့ အမေကိုလဲ တွေ့ချင်နေပြီလေ။ ပြောပြီးတာနဲ့ အမေအလုပ်လုပ်နေတဲ့ ကျေးရွာအဖွဲ့အစည်းဆီကို တန်းလစ်တော့တာ။
ကျေးရွာအဖွဲ့အစည်း အပေါက်ဝရောက်တာနဲ့ အရင်းနှီးဆုံး ပုံသဏ္ဍာန်တစ်ခု တမ်းမြင်လိုက်ရတယ်ဗျ။
“အမေ ………………”
အမေ ကျွန်တော့ကို လှည့်မကြည့်နိုင်ခင်လေးမှာကိုပဲ ကျွန်တော် ဖက်ထားလိုက်မိတယ်။
“ကျန်းအာလေး မင်းပြန်လာပြီပေါ့… မှန်းစမ်း အမေကြည့်ရအောင်၊ ငါ့သားအရမ်း အစွမ်းထက်လာတာပဲ”
အမေကျွန်တော့မျက်နှာကို ပွတ်သပ်ကိုင်ကြည့်နေရင်း မျက်ရည်တွေလဲ စီးကျနေရော။
နောက်ဆုံး အမေ့ရင်ခွင်ထဲ ပစ်ဝင်ပြီး ကျွန်တော်ငိုချပစ်လိုက်တယ်။
“အမေ… သားအမေ့ကို အရမ်းလွမ်းတာပဲ”
ရွာသားတွေလဲ စုစု စုစုနဲ့ ရောက်လာပြီး အတော်လေးကြာမှ ထွက်သွားကြတယ်ဗျ။ အမေ့ကို ပြန်တွေ့ရမှ အမေ့အပေါ် သံယောဇဉ်တွေ ပိုပိုနက်ရှိုင်းသာသလိုလို။ ကျွန်တော် အမေ့လက်ကို တင်းတင်းကြပ်ကြပ်ကိုင်ထားတာ။ အမေနဲ့ ထပ်ခွဲရမှာကြောက်လို့ နည်းနည်းမှကို ပြန်လွှတ်မပေးချင်တော့ဘူး။
ရွာက သူကြီးလဲရောက်လာတယ်ဗျ။
“တကယ်ကို အရည်အချင်းရှိတဲ့ ကျောင်းသားလေး ကျောင်းပိတ်ရက်မှာ ပြန်လာပြီပေါ့။ မြို့တော်ကြီးမှာ စာသင်ရတာ ဘယ့်နှယ့်လဲကွ”
“သူကြီး ဦးလေး။ တော်တော်လေး အဆင်ပြေပါတယ်ဗျ။ အောင်းတိ ရောဘယ်နှယ့်လဲ။ သူဘယ်သွားလဲဗျ”
“အဲ့ခလေးက မင်းလိုအလားအလာမကောင်းပါဘူးကွာ၊ သူလဲ ကျောင်းပိတ်ရက်ဆိုတော့ ရှိတယ်ဟေ့။ လောလောဆယ်တော့ အပြင်ထွက် စကားနေလေရဲ့။”
ရွာသားတွေ ကျွန်တော့ကို တစ်ယောက်ပြီးတစ်ယောက် မေးခွန်းတွေ ပလုံစီနေအောင်ကို မေးနေကြတာ။ ပုံမှန်ဆိုရင်တော့ ဒီလိုအခြေအနေတွေကို ကျွန်တော်မကြိုက်ပေမယ့် ဒီနေ့အတွေက်တော့ ဒါက ကြည်နူးစရာ တစ်မျိုး ဖြစ်နေပြန်ရော။ ရွာသူကြီးက စေတနာနဲ့ အမေ့ကို ခွင့်ပေးလိုက်လို့ သားအမိနှစ်ယောက်သား အိမ်ပြန်လာခဲ့ကြတယ်။
အိမ်ပြန်ရောက်တော့ အဖေ ရောက်နှင့်နေပြီ။ တစ်ယောက်ယောက်က အသိပေးလိုက်ပုံပဲဗျ။ ဆရာရှို့နဲ့ စကားပြောနေတာ တွေ့လိုက်ရတယ်။ အဖေ့ကို တွေ့လိုက်တာနဲ့ ချစ်စိတ်တွေ တိုးလာပြန်ရော။
အဖေနဲ့အမေက ကျွန်တော့ကို ကျောင်းတော်ကြီးအကြောင်း စစ်စစ်ပေါက်ပေါက်မေးတယ်။ မှော်သမဂ္ဂကပေးထားတဲ့အထဲက စိန်ဒင်္ဂါး(၈၀) သူတို့ကို ပေးလိုက်တယ်။ ကျွန်တော်သုံးဖို့ (၂၀)ပဲ ကျန်တော့တယ် အဟီး။ အဖေနဲ့ အမေဆို အရမ်းအံ့ဩသွားပေမယ့် ကိုယ့်ကြိုးစားမှုနဲ့ကိုယ် ရခဲ့တာဆိုတော့ အရမ်းဝမ်းသာသွားကြတယ်လေ။ ဒီငွေနဲ့ဆို ကျောင်းဆက်တက်ဖို့ အရမ်းအားစိုက်စရာ မလိုတော့ဘူးပေါ့။
အဖေနဲ့အမေကိုကြည့်ရတာ ရှိရင်းစွဲအသက်တွေထက် ရုပ်ကရင့်နေကြတယ်လေ။ ဒါတွေက ကျွန်တော့ကြောင့်ဆိုတာ ကျွန်တော်သိတာပေါ့။ ကျွန်တော့အတွက် သူတို့တွေ အများကြီး ပေးဆပ်ခဲ့ရတာ။ သူတို့တွေကို ဒီလို ပင်ပင်ပန်းပန်းအလုပ်တွေ မလုပ်ခိုင်းတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဲဒီခံစားချက်ကြောင့်ပဲ ကျွန်တော့စွမ်းအားတွေဟာ မှော်သခင်ကြီးတွေအောက် မကျစရေဘူးလို့ ခံယူထားလိုက်တယ်။ နောက်ဆို သင်ကြားစရိတ်အတွက် ပူစရာမလိုတော့ဘူး။ ကိုယ့်ဟာကိုယ် ကြိုးစားရှာလို့ရတယ်လေ။
ဒီလိုနဲ့ ကျွန်တော့ ကျောင်းပိတ်ရက်စခဲ့တာပေါ့။ အဖေ၊ အမေတို့အပြင် အောင်တိရယ်၊ ရွာထဲက တခြားကလေးတွေရယ်နဲ့ စော့လိုက်၊ စားလိုက်နဲ့ပဲ အချိန်ကုန်သွားတာပေါ့။ ကျောင်းပိတ်ရက်ကုန်ပြီဆိုတော့လဲ မြို့တော်ကြီးကိုသွားပြီး စာသင်ဖို့လုပ်ရပြန်ရော။ ကျွန်တော် သူတို့နဲ့ အခွဲချင်ပေမယ့် နောင်ရေးကောင်းကောင်းနဲ့ နေနိုင်ဖို့အတွက်၊ ကျွန်တော် ချစ်တဲ့သူတွေကို ကာကွယ်နိုင်ဖို့အတွက်၊ ကျွန်တော့ခွန်အားတွေ တိုးလာဖို့အတွက်၊ စွမ်းအားတွေ တိုးပြီးရင်း တိုးဖို့လိုတယ်လေ။
လမ်းသိနေပြီမို့ ဒီတစ်ခေါက်တော့ ဆရာရှို့ လိုက်မလာတော့ဘူး။ မိသားစုနဲ့ ရွာသူရွာသားတွေကို မျက်ရည်တွေကြားက နှုတ်ဆက်ရင် ကျောက်တော်ကြီးဆီ သွားရာလမ်းကို ခြေချလိုက်ရတာပေါ့။
………………………..
အထက်တန်းမှော်ပညာကျောင်းကြီးမှာ သင်ခဲ့ရတဲ့ (၅)နှစ်တာ ကာလက ကျွန်တော့ဘဝရဲ့ အရေးကြီးဆုံးကာလတွေပါပဲ။ တကယ်ဆို (၄)နှစ်ပဲနေရမှာကို ဆရာတိက အခြေခံခိုင်အောင်ဆိုပြီး ဒုတိယနှစ်ကို နှစ်ခါပြန်တက်ခိုင်းလို့လေ။ အဲ့(၅)နှစ်အတွင်းမှာ ကျွန်တော့ မှော်ပညာအုတ်မြစ်က နက်နက်နဲနဲကို ခိုင်မာလာတာဗျ။ ကွာဟချက်နည်းနည်းရှိပေမယ့် ပဉ္စမနှစ်ရောက်တော့ ကျွန်တော့ မှော်ပညာက ဆရာတိအဆင့်ကိုတောင် မှီလုနီးနီးဖြစ်နေပြီ။ ဒါပေမယ့် ဆရာတိဆိုတာက မှော်သခင်ကြီးတွေကြားထဲမှာတောင် ထင်ပေါ်ကြော်ကြားတဲ့သူတစ်ယောက်လေ။ ကျွန်တော့ ရွှေအမြူတေစွမ်းအားက တဖြည်းဖြည်းကြည်လင်တောက်ပမှု အနေအထားကို နီးလာပြီဗျ။ ပိုအရေးကြီးတာက ဆရာတိကို အံ့အာသင့်လောက်တဲ့အထိဖြစ်အောင် ကျွန်တော်ကိုယ်တိုင် ဖန်တီးမိခဲ့တဲ့ မန္တန်တွေ အများကြီးပဲ။ ပဉ္စမနှစ်မှာ ဆိုရင် အတန်းကိုယ်စားလှယ်နေရာအတွက် ကျွန်တော့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှ မရှိတော့ဘူး။ ကျွန်တော်နဲ့ မာခယ်ကြားက ကွာဟချက်ကလဲ တဖြည်းဖြည်းနဲ့ ပိုကြီးမားလာသလို အခုဆို ကျွန်တော် ကျောင်းရဲ့ ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်နေပြီ။
နောက်ထပ် ပြောစရာတစ်ခုက ရှောင်ကျင်းရဲ့ ကြီးထွားနှုန်းက သိသိသာသာ ထူးထူးခြားခြားကိုမြန်လွန်းနေတာ။ အခုဆို သူက သားပေါက်လေး နောက်ဆုံးအဆင့်ကိုရောက်နေပြီဆိုတော့ အခြေခံ နဂါးပုံသဏ္ဍာန်ပေါ်နေပြီ။ ခန္ဓာကိုယ်ကလဲ (၁၅)မီတာကျော်တော့ ဆရာတိ သိသမျှ တခြားမှော်သားရဲတွေအားလုံးရဲ့ အရွယ်အစားကို ကျော်သွားပြီလေ။ အထူးသဖြင့် သူ့ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်တဲ့ ခွန်အားဆိုရင် ထူးထူးခြားခြားကို အရမ်းကောင်းလွန်းလို့ အလယ်အလတ်မှော်မန္တန် အကာအကွယ်တွေကို အသာလေးချိုးဖျက်ပစ်နိုင်တယ်ဗျ။ ကျွန်တော်နဲ့ ရှောင်ကျင်းသာ တိုက်ခိုက်ကြကြေးဆို ဘယ်သူနိုင်မယ်ဆိုတာ မသေချာတော့ဘူး။ ကျွန်တော်တို့က နှစ်ကိုယ့်တစ်စိတ်ဘဝ ဆိုတော့ ကျွန်တော်သုံးနိုင်တဲ့ မှော်စွမ်းအားတွေ မှော်ပညာတွေအားလုံး သူသုံးနိုင်သလို သူသုံးနိုင်တဲ့ မှော်စွမ်းအားတွေ မှော်ပညာတွေအားလုံးလဲ ကျွန်တော်သုံးနိုင်တယ်လေ။ ဒါကပဲ ကျွန်တော့အရည်အချင်းတွေ ခုန်တက်သွားရတဲ့ အဓိက အချက်ပေါ့။ ဆရာတိကဆို ကျွန်တော်နဲ့ ရှောင်ကျင်းသာ ပူးပေါင်းလိုက်ရင် တော်ဝင်အမတ်တစ်ယောက်ရဲ့ အစွမ်းမျိုး ဖြစ်သွားလိမ့်မယ်လို့ ပြောတယ်ဗျ။
အခုဆို ကျွန်တော့အသက် (၁၆)နှစ်ရှိပြီ။ နှစ်စဉ်နှစ်တိုင်း အိမ်ပြန်ရောက်ရင် ကျွန်တော် အရွယ်ရောက်လာတာမြင်တိုင် အဖေနဲ့အမေတို့ အရမ်းပျော်ကြရတယ်။ အရည်အချင်းစစ်ပြိုင်ပွဲတွေကနေ နှစ်တိုင်းဆုကြေးရတဲ့ငွေတွေသုံးပြီး အဖေနဲ့ အမေကို ပိုပြီးသာယာစိုပြေတဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်အောင် ထားပေးနိုင်ခဲ့တယ်။
............................
“ကျန်းကုန်း.. မင်းမကြာခင် ဘွဲ့ရတော့မယ်။ မင်းဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ”
ဒီနေ့ ဆရာတိ သူ့ရုံးခန်းထဲခေါ်ပြီး မေးတာဗျ။
“အာ… ကျွန်တော့မှာ ဘာအစီအစဉ်မှ မရှိသေးပါဘူး။ တော်ဝင်မှော်ညာကျောင်းမှာ ဆက်တက်မယ်လေ”
အတန်းကိုယ်စားလှယ်တစ်ယောက်ရဲ့ အစွမ်းနဲ့ဆိုတော့ တော်ဝင်မှော်ပညာကျောင်းမှာ ဝင်ခွင့်အစစ်ခံစရာမလိုဘဲ တိုက်ရိုက်တက်နိုင်တယ်လေ။
“မဟုတ်သေးဘူး။ ငါတော့ မင်းကို အဲလိုမတက်စေချင်ဘူး”
“ဘာကြီး။ ဆရာဘယ်လိုပြောလိုက်တာလဲ။ ဆရာ ကျွန်တော့ကို တော်ဝင်မှော်ပညာကျောင်း တက်ခွင့်မပေးချင်ဘူးလား”
“မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါလျှောက်ခဲ့ဖူးပြီးသားလမ်းကိုပဲ မင်းဆက်လျှောက်မယ်ဆိုရင် ဘယ်လိုအဆုံးသတ်မလဲ ဆိုတာ မင်းသိလား။ မင်းအခု အရမ်းသန်မာနေတာမှန်တယ်။ ဒါပေမယ့် ငါ့ကို ဘယ်တော့မှ ကျော်နိုင်မှာမဟုတ်တော့ဘူး”
ဆရာတိ စကားတွေက အရမ်းလေးနက်လွန်းတော့ ကျွန်တော်တောင် နည်းနည်းလန့်သွားမိတယ်။
============= (*^*)=============
အပိုင်း(၄၃)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား