ကျောင်းတော်ကြီးမှ ထွက်ခွာခြင်း
Vol. 3 Ch. 45
အကြာကြီးနေပြီး ပညာတွေစည်းပူးခဲ့ရတဲ့ ကျောင်းတော်ကြီးဖြစ်တဲ့ ဒုတိယအိမ်ကနေ ကျွန်တော် ထွက်ခွာရတော့မယ်။ ဒီလိုမျိုး ခွဲခွာရတာ ကျွန်တော် အရမ်းမုန်းတာပဲ။ ကျောင်းတော်ကြီးထဲက ချုံပုတ်တွေ၊ သစ်ပင်တွေအားလုံးကို တစိမ့်စိမ့် ကြည့်နေမိလိုက်တယ်။ အချိန်တွေ ဘာလို့အကုန်မြန်ရတာလဲကွာ၊ ဘာလို့များ ပျာယာခတ်အောင် လုပ်နေရတယ်မသိပါဘူး။
ထွက်ခွာဖို့ တွန့်ဆုတ်နေတဲ့ ကျွန်တော့ကို ဆရာတိမြင်တော့ သက်ပျင်းချပြီး-
“ထွက်သင့်တဲ့အချိန်မှာ မင်းထွက်ကိုထွက်ရမယ်။ အချိန်မရွေး မင်းပြန်လာလို့ရတာပဲလေ။ မင်းပြန်လာတဲ့အချိန်ကျရင် ဒီကျောင်းတော်ကြီးအတွက်ရော ငါ့အတွက်ပါ အများကြီး ဂုဏ်ယူစရာတွေ ပါလာတယ်ဆိုတာ ငါသိနေတယ်။ ကောင်လေး။ မင်းအရွယ်ရောက်နေပြီဟ။ ကလေးလေးလို လုပ်မနေနဲ့တော့ကွာ။ သွားတော့”
ကျောင်းတော်ကြီး တံခါးဝကို ကျွန်တော် ဖြည်းဖြည်းချင်း လျှောက်လာလိုက်တယ်။ ပြီးတော့ ပြန်လှည့်ပြီး “တော်ဝင်အလယ်တန်းမှော်ပညာကျောင်း”ဆိုတဲ့ ခိုင်ခိုင်မာမာသွန်းလုပ်ထားတဲ့ ကျောက်ထွင်းစာလုံးကြီးတွေကို ကြည့်နေမိရော။ ကျွန်တော့ မျက်လုံးတွေ နည်းနည်းချင်း စိုလာပါရော။
“အကိုကြီး…. ခဏနေအုံး။ မင်းကို ငါလိုက်ပို့ဖို့ လာပြီကွ”
မာခယ် အလန့်တကြားပြေးလာတယ်။ အစက ဒီလိုမျိုး စိတ်ပျက်စရာတွေဖြစ်မှာစိုးလို့ကို ထွက်သွားရမယ့်နေ့ သူ့ကိုပြောမထားဘူးဗျ။
“မင်းသွားတော့မယ့်ဟာ ငါ့ကို ဘာလို့မပြောရတာတုန်း။ ငါက မင်းရဲ့ တစ်ဦးတည်းသော ညီအစ်ကိုလေ”
မာခယ့်မျက်နှာမှာ ပြုံးတာလား မဲ့နေတာလားကို ခွဲမရတဲ့ အမူအရာတွေနဲ့ဗျ။
“ရော့… ဒါမင်းအတွက်။ မင်းမြန်မြန်ပြန်လာရမယ်နော်။ ကျောင်းတော်ကြီးမှာ မင်းကိုစောင့်နေမယ်။ အတူတူ ကျောင်းဆက်တက်လို့ရသေးတယ်လေ”
မာခယ် သူ့ရင်ဘတ် ထဲက ဓားမြှောင်လေးတစ်ချောင်းထုတ်ပေးတယ်ဗျ။ တော်တော်လေးလှတဲ့အပြင် ပန်းပုံစံဓါးအိမ်ကို ကျောက်မျက်ရတနာတွေနဲ့ စီထားတာ။ ကျုပ် ဘာမှ အလေးမထားသလိုမျိုး ကိစ္စမြန်မြန်ဖြတ်လိုက်တယ်။ သေသေချာချာတောင် မကြည့်ခဲ့လိုက်ဘူး။ နောက်ဆုံးတော့ ကျုပ် နှလုံးသားထဲမှာ ခွဲခွာရခြင်း ခံစားချက်တွေကလွဲရင် ဘာမှကို ဂရုမစိုက်နိုင်တော့တာ။ ကျုပ် ဘေးနာက ဆရာတိတောင် ထူးထူးခြားခြား မျက်လုံးထဲမှာ လက်ကနဲ ဖြစ်သွားတယ်။
အခုလိုမှ မဟုတ်ရင် ကျုပ် ထွက်သွားဖို့ တော်တော်ကိုခက်သွားမှာ။ အံကြိတ်ပြီး ဆရာတိနဲ့အတူ အိမ်ပြန်လမ်းကို စလိုက်မိတော့တယ်။ ပြန်လှည့်ကြည့်ချင်စိတ်ကို ခက်ခက်ခဲခဲနဲ့ကို ထိန်းထားရတာ။ ဒါတောင် မျက်ရည်တွေ တပြိုင်းပြိုင်း စီးကျလာတာကိုတော့ မထိန်းနိုင်လိုက်ဘူး။
“မာခယ့်ကို အရမ်းလွမ်းမနေပါနဲ့ကွာ။ အပြောကျယ်ပြောလှတဲ့ ကောင်းကင်တခွင်ကို လှည့်ပတ်မကြည့်ချင်ဘူးလား”
ဆရာတိ စကားက ကျုပ် အာရုံတွေ ပြောင်းသွားစေတယ်ဗျ။
“ကောင်းကင်ကြီးလား။ ကောင်းကင်ပေါ်ကို ဘယ်လိုလှမ်းတက်လို့ရမလဲ”
“ကောင်လေး မင်းမေ့သွားတယ်လို့တော့ ငါ့လာမပြောနဲ့နော်။ ငါတို့ ပျံနိုင်တယ်လေ”
ဆရာတိ ခန္ဓာကိုယ်ဝန်းကျင်မှာ လေလှိုင်းတွေပေါ်လာပြီး မြေပြင်ကနေ ကြွတက်သွားတယ်ဗျ။
“ဆရာပျံနေတာကို ဒါပထမဆုံး မြင်ဖူးတာပဲ။ ဒီလိုဆိုရင် ကျွန်တော်ကရော ဘယ်လိုပျံရမလဲ”
ကျုပ်မှ လေမှော်ပညာ မသုံးနိုင်တာ။
“ငါမင်းကို သယ်သွားမယ်လေ။ ငါ့ခါးကို သေချာကိုင်ထား”
ဒီလိုနဲ့ပဲ ဆရာတိနဲ့ ကျုပ် ကောင်းကင်ပေါ် ပျံတက်သွားကြပါရော။ ကျုပ် ဘယ်လိုခံစားချက်မှ မရလိုက်ဘူး။ တောတောင်တွေ၊ ရွာတွေဆို ပရွက်ဆိတ်လေးတွေလိုပဲ။ လေပြေနုနုလေးတွေက ကျုပ် မျက်နာကို ပွတ်သတ်နေသလိုပဲ။ ကျုပ် တို့က မသေမျိုးတွေလို့တောင် တကယ်ကို ခံစားမိလိုက်သေးတယ်။
“ငါ ဘယ်တော့များမှ ပျံနိုင်မှာပါလိမ့်…….”
“မဖြစ်နိုင်တာ မရှိပါဘူးကွာ။ လေမှော်ပညာ မသုံးနိုင်ဘူးဆိုရင်တောင် နောက်ဆိုရင် တုံချီ ထိပ်တန်းပညာ တစ်မျိုးမျိုး မင်းသင်နိုင်ဖို့ အခွင့်အရေးရှိလာမှာပါဟ။ ဒါဆို မင်းပျံနိုင်ပြီလေ”
“တုံချီက ပျံနဲ့နေရာမှာ သုံးလို့ရတယ်ပေါ့”
“ဒါပေါ့။ တုံချီနဲ့ ပျံတာက မှောပညာနဲ့ပျံတာထက် အစပေါင်းများစွာ ပိုတောင်မြန်သေး။ ကြာကြာပျံလို့မရတာတစ်ခုပဲ။”
ဆရာတိ စကားကြောင့် တုံချီကိုတောင် လေ့လာဖို့ မစောင့်နိုင်တော့ဘူး။ ဒီလို ပျံပြီးသွားရတာ ဘယ်လောက်တောင် ကောင်းလဲဗျာ။
ကောင်းကင်ကြီးပေါ်မှာ တစ်နာရီလောက်ကြာအောင်လဲ ပျံပြီးရော ဆရာတိမျက်နှာ နည်းနည်းလေး ဖြူလျော့လာတာ တွေ့လိုက်ရတယ်။ အချိန်အကြာကြီး ပျံလေ မှော်စွမ်းအား ကုန်လေပဲ။ ပိုဆိုးတာက လူတစ်ယောက်ပါ သယ်လာရသေးတာလေ။ တရာတိက မှော်ပညာရှိ တစ်ယောက်ဖြစ်တာတောင် အားတော်တော်စိုက်နေရတုန်းပဲ။
“ဆရာ အောက်ဆင်းပြီး ခဏလောက် နားရအောင်လေ”
“အာ.. အေးကွာ၊ နားကြတာပေါ့။ အသက်က ရလာပြီဆိုတော့ သေဖို့နီးလာပြီလေ။ မှော်ပညာကို အချိန်အကြာကြီး သုံးနိုင်လောက်အောင် ခန္ဓာကိုယ်က မလိုက်နိုင်တော့ဘူး။ စိတ်သွားတိုင်း ကိုယ် မပါတော့ဘူးပေါ့ကွာ”
တောင်ကုန်းလေးတစ်ခုပေါ်ဆင်းပြီး ခဏနား၊ ပြီးမှ ခရီးဆက်ခဲ့ကြရတော့တာပေါ့။
နားလိုက် ပျံလိုက်နဲ့ နောက်ဆုံးတော့ မွေးရပ်မြေတောင် ရာလာပြီ။ လောလောဆယ်တော့ ကျွန်တော်ဆိုတာ ရွာမှာ ဘာကောင်မှ မဟုတ်သေးဘူးလေ။ ကျွန်တော့မှာ မဟာမှော်ပညာရှိကြီး အဆင့် ဖြစ်လာနိုင်တဲ့ လမ်းကြောင်းရှိနေတယ်ဆိုတာသာ သူတို့သိသွားရင် ကျွန်တော့ကို မိုးပေါ်ရောက်တဲ့အထိ မြှောက်၊ ပင့်၊ ဖော်လန်ဖားမယ့်သူတွေ တသီကြီးနေမှာ။
အဖေနဲ့ အမေကတော့ ကျွန်တော်ပြန်လာတာမြင်ပြီး ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ တိုက်ကြီးပေါ်မှာ မှော်သခင်ကြီး (၁၀)ပါးထဲက တစ်ယောက်နဲ့အတူ ပြန်လာတာဆိုတော့ သူတို့လဲ စကားကို မဟရဲကြဘူး။ မဟုတ်လို့ကတော့ အုန်းအုန်းကျွက်ကျွက်တွေ ဖြစ်သွားမှာ အသေအချာပဲ။
တစ်ရက်နားပြီး နောက်နေ့ကျမှ ဆရာတိကိုယ်တိုင် ကျွန်တော့ကို ခရီးသွားအတွေ့အကြုံကနေ သင်ခန်းစာယူဖို့ကိစ္စ အဖေအမေတို့နဲ့ စကားပြောခဲ့တယ်။ သူတို့(၂)ယောက်လုံး နှုတ်စိတ်နေကြတယ်။ သူတို့စိတ်ထဲမှာရှိနေတာက ရှေးရိုးစွဲဖြစ်တဲ့ တော်ဝင်မှော်ပညာကျောင်း ဆက်တက်ဖို့ပဲသိတာလေ။ ဒါတင်မကသေးဘူး ကျွန်တော့ လုံခြုံရေး ဘေးမကင်းဖြစ်မှာကို စိတ်ပူနေကြတာဗျ။ ဒါပေမယ့် ဆရာတိကို လေးစားတော့ ဘာမှ ထုတ်မပြောကြဘူး။
ဒါကို အတွေ့အကြုံရင့်နေတဲ့ ဆရာတိ မမြင်ဘဲနေလိမ့်မလား။ သူက ကျွန်တော်ခရီးသွားတာနဲ့ပတ်သက်ပြီး ကျုပ် အပေါ် မျှော်လင့်ချက်တွေ၊ ကျုပ် ဘေးကင်းကင်းနဲ့ သွားနိုင်အောင် သုံးမယ့် နည်းလမ်းမျိုးစုံနဲ့ သင်ယူခွင့်ရလာမယ့် အကျိုးအမြတ်တွေ၊ ရည်ရွယ်ချက်တွေကို စီကာပတ်ကုံး ရှင်းပြပေးလိုက်တယ်။ နောက်ဆုံးကျ အဖေနဲ့အမေ ကျေကျေနပ်နပ်ကြီး လက်ခံပြီး ခရီးထွက်ဖို့ ခွင့်ပေးလိုက်တယ်ဗျ။
ညကျ ဆရာတိနဲ့ ကျုပ် ရွာအပြင်ဘက်ကို လမ်းလျှောက်ထွက်လာခဲ့လိုက်ကြတယ်။ ညချမ်းအချိန်ရဲ့ သဘာဝ အလှတရားအောက်မှာ စီမျောရင်းပေါ့။ ဆရာတိ ရုတ်တရက် ရပ်လိုက်ပြီး---
“ကျန်းကုန်း။ ဒီခရီးသွားတာဝန်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ မင်းလုံခြုံရေးအတွက် လက်ဆောင်ပစ္စည်းတွေ ငါပေးလိုက်မယ်။”
သူ့ရင်ဖတ်ထဲကနေ မှော်စာလိပ်(၃)ခု ထုတ်ယူလိုက်တယ်။
“ဒီမှော်စာလိပ် (၃)ခုစလုံး စွမ်းအားတွေ အတူတူပဲ။ အလွယ်ပြောရရင် လွတ်မြောက်ရေး အဆောင်စာလိပ်တွေပဲ။ တစ်ခါသုံးလိုက်တာနဲ့ မင်းကို ကီလိုမီတာ(၅၀)အထိ ရေရာရွှေ့ပြောင်းပေးလိုက်လိမ့်မယ်။ ဒါတွေကို သေချာသိမ်းထား”
ကျွန်တော် သေချာသိမ်းလိုက်ရင်းနဲ့
“ကျေးဇူးတင်ပါတယ် ဆရာ”
“ဒါတွေအပြင် မှော်ဝင်္ကဘာတစ်ခုလုပ်နိုင်ဖို့အတွက် နံပတ်(၁)မှော်ပညာရှိ ဆီမှာ အပူကပ်ခဲ့သေးတယ်။ မင်းခရီးသွားနေရင်း မဖြေရှင်နိုင်တဲ့ ပြဿနာတစ်ခုခုနဲ့တွေ့တဲ့အခါ ကျောင်းတော်ကြီးကို ပြန်သွားဖို့အတွက် ဒီမှော်ဝင်္ကဘာကို သုံးလို့ရတယ်။ ဝင်္ကဘာရေးဆွဲတာ၊ အသက်သွင်းတာနဲ့ပတ်သက်ပြီး ဒီစာအုပ်လေးထဲမှာ အသေးစိတ်ရေးထားတယ်။ ဒါကို အမြန်ဆုံး သေချာလေ့လာသင့်တယ်။ အနည်းဆုံး (၉၀)ရာခိုင်နှုန်း ထက်ပိုပြီး ကျွမ်းကျင်လေလေ လေဟာနယ်ပိုဆောင်ရေးမှာ ပိုပြီး တိတိကျကျ လုပ်နိုင်လေပဲ”
သူပြောပြီးတာနဲ့ စာအုပ်သေးသေးလေးတစ်အုပ် ထပ်ပြီးထုတ်ပေးတယ်ဗျ။
“သတိတော့ထားကွ။ ဒီမှော်ဝင်္ကဘာကို မင်းသုံးတော့မယ်ဆိုရင် မင်းမှာ မှော်စွမ်းအင်အထွတ်အထိပ်ရှိနေရမယ်။ မဟုတ်ရင် နေရာလွဲရောက်တာတွေ ဘာတွေ ဖြစ်သွားတတ်တယ်။”
“ကျွန်တော် နားလည်ပါပြီ။ သေသေချာချာ လေ့ကျင့်ပါ့မယ်”
“ဒါတွေအပြင် မင်းရဲ့ ခရမ်းရောင်ကဒ်ထဲကို စိန်ဒင်္ဂါး(၁၀၀၀) ငါထပ်ထည့်ပေးထားတယ်။ လမ်းမှာသုံးဖို့တော့ လုံလောက်မှာပါ။ ဘာမှ နှမျောမနေနဲ့။ မင်းလုပ်ရမယ့် တာဝန်အတွက် နတ်ဘုရားပစ္စည်းအကျွင်းအကျန်တွေရဲ့ အနီးစပ်ဆုံး တည်နေရာက ချိုင့်ဝှမ်းကြီးထဲမှာရှိတဲ့ တလူနိုင်ငံရဲ့ ပြည်နယ်တစ်ခုထဲမှာ။ မင်းအဲ့မှာ သွားရှာရမှာ။ ဒါပဲ.. ဒါပဲ.. ငါမှာချင်တာ ဒါအကုန်ပဲ”
ဆရာတိ ပြောသမျှကို သေသေချာချာ ဂရုတစိုက်နဲ့ လိုက်မှတ်နေမိတယ်။ ရုတ်တရက်ကြီး သူနောက်တစ်ခု ပြောဖို့ သတိရသွားတယ်ထင်တယ်။
“ဟုတ်တယ်ကွ။ မင်းမထွက်လာခင် မာခယ်မင်းကို ဓားမြှောင်တစ်ချောင်းပေးတယ်လေ။ အဲဒါ သာမန် ဓားမြှောင်မဟုတ်ဘူး။ နတ်ဘုရား ပစ္စည်းတွေနဲ့ မယှဉ်နိုင်ပေမယ့် သူ့မှာလဲ သူ့တန်ခိုးစွမ်းအားတွေနဲ့သူကွ။ အဲ့ဓားမြှောင်က မှော်ပညာနဲ့ တုံချီစွမ်းအား အကာအကွယ်တွေကို ထိုးဖေါက်နိုင်တယ်။ သတိနဲ့သုံးကွ”
============= (*^*)=============
အပိုင်း(၄၆)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား