လူထုခေါင်းဆောင် အဖွဲ့
Vol. 4 Ch. 49
သန့်ရှင်းရေးလုပ်ပြီးသွားလို့ အခန်းထဲပြန်လာတော့ အဘိုးကြီးက ကျုပ်ကို စောင့်နေတဲ့ပုံဗျ။
“လာ.. လာ.. ငါတို့ အိပ်မယ့်အခန်းလိုက်ပြပေးမယ်…..”
“ကောင်လေး၊ မင်းအိပ်ရမယ့်နေရာက ဒီမှာ.. ရိုးရိုးလေးပဲ အတူအိပ်လိုက်ကြတာပေါ့ကွာ။ အာ.. ဟုတ်သားပဲ။ မင်းနာမည် ငါမသိသေးဘူးကွ။ ငါ့နာမည်က လိုင်ကျဲ့လို့ ခေါ်တယ်။ ငါကို ဦးလေးလို့ပဲခေါ်ပေါ့ကွာ။ ငါ အိမ်ထောင်မပြုရသေးဘူး ဆိုတော့ လူပျိုကြီးပေါ့ကွာ”
“နေရာကောင်းပဲ။ ကျွန်တော့နာမည် ကျန်းကုန်းပါဦးလေး”
ကုတင်ပေါ်ထိုင်ပြီး ဦးလေးနဲ့ စကားပြောဖြစ်တယ်ဗျ။ ဒီနေရာက အိုက်ရှားနိုင်ငံ နယ်နိမိတ်နဲ့ တော်တော်နီးတယ် ပြောတယ်ဗျ။ အရင်ကဆို ဒီနေရာက အိုက်ရှားနိုင်ငံ ပိုင်နယ်မြေဆိုပဲ။ ဒီဘက်ကလူတွေက တော်တော်ရိုးသားတဲ့အပြင် ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံတတ်ကြတာပဲ။ သူတို့နယ်စပ်ဒေသလေးမှာ မှော်ဆရာ သိပ်မရှိဘူးတဲ့။ ရှို့တိ နိုင်ငံသွားမယ်ဆိုရင်တော့ တော်တော်လေး သတိထားသွားဖို့လဲ မှာသေးတယ်။ ဒီနေရာလေးက အေးချမ်းတယ်ဆိုပေမယ့် လုံခြုံရေးတော့ အားနည်းတယ်။ နယ်စပ်က ကျွန်တော်တို့နဲ့ ဆက်ဆံရေးကောင်းတော့ သွားလာလှုပ်ရှားနေတဲ့ ကြေးစား နည်းနည်းရှိတယ်။ နယ်မြေရဲ့ နိုင်ငံရေးအခြေအနေကတော့ တော်တော်လေးကို ထိလွယ်ရှလွယ်အခြေအနေအောက်မှာ နိုင်နင်းအောင် မထိန်းသိမ်းနိုင်သေးဘူး။
ဒေသန္တရအခြေအနေနဲ့ပတ်သက်ပြီး သူပြောလာတော့ ကျုပ်မေးကြည့်မိသေးတယ်။
“ဒါဆို လောလောဆယ်အခြေအနေမှာ ကျွန်တော်တို့ ဟိုဘက်ကို သွားလို့မရဘူးလား”
“အဲလိုမဟုတ်ဘူး။ ငါတို့နယ်စပ်မြို့ရဲ့ အခြေအနေက ပုံမှန်ပါပဲ။ ပိုလီမာမြို့က လူတွေစုပြီး မြို့စောင့်အဖြစ် ကြေးစားတွေ ငှားထားတယ်ကွ။ ဒါနဲ့တင် လုံခြုံပါတယ်”
“အို့.. ဒါဆို ကျွန်တော် ပိုလီမာမြို့ကို သွားသင့်တာပေါ့”
အာ ဟ။ ဒီလို အခွင့်အရေးကောင်းတောင် ရှိနေသေးတာပဲ။ လူထုခေါင်းဆောင်အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားရမယ်။ ဝင်ငွေတောင် ရှာလို့ရနိုင်သေးတယ်။ ဟီး ဟီး။
ဦးလေးက ကျုပ်ပြောတာကို အဓိပ္ပါယ် အကောက်လွဲနေသေးတယ်ဗျ။
“ဟုတ်တာပေါ့။ ရှို့တိနိုင်ငံကို သွားချင်တာဆိုတော့ ဒါအသင့်တော်ဆုံးလမ်းကြောင်းပဲ။ ကုန်သည်တွေနဲ့ အတူတူသွားရင် ပိုလုံခြုံတာပေါ့။”
ရှင်းပြမနေတော့ဘဲ ကိုယ်လက်သန့်ရှင်းရေး လုပ်လို့ရမယ့်နေရာ မေးလိုက်တယ်။ ရွာအနောက်ဘက်က ချောင်းထဲမှာ ရေချိုးလို့ရတယ်တဲ့ဗျ။
ကျုပ်လဲ ဖုန်တသောသောနဲ့ ဖြတ်လာရတာရယ်၊ ခရီးပန်းတာရယ်တွေကြောင့် ချောင်းထဲ ရေဆင်းချိုးပစ်လိုက်တယ်။ ကောင်းလိုက်တာ အေးမြနေတာပဲ။ ပြီးတာနဲ့ ရှင်းမပြနိုင်အောင်ကို လန်းဆန်းသွားတာဗျ။ ဝတ်စုံသန့်သန့်တစ်ထည်ထုတ်ပြီး ကိုယ့်ကိုကိုယ် ပုံစံပြင်လိုက်တာပေါ့ဗျာ။ ဖွတ်လိုက်တဲ့ အဝတ်အစားတွေတော့ ဦးလေးအိမ်ပဲ သယ်လာရတာပေါ့။
ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ကုတင်ပေါ်လှဲရင်း ပြန်တွေးကြည့်နေမိတယ်။ မိန်းမလှလေးတွေဆိုရင် မယူတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် နတ်သမီးလေးလို လှရက်လွန်းတဲ့ မျက်နှာလေးက အတွေးထဲကနေကို မထွက်တော့ဘူး။ ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် မသိလိုက်တော့ဘူး။
မိုးလင်းတော့ ဦးလေးနဲ့ မနက်စာအတူစားပြီးတာနဲ့ နှုတ်ဆက်လို့ ထွက်လာခဲ့လိုက်တယ်။ သူလမ်းညွှန်ပေးလိုက်တဲ့အတိုင်း ကျုပ် ပိုလီမာမြို့ကို သွားလိုက်တာပေါ့။
နယ်စပ်မြို့ဆိုပေမယ့် နှစ်နိုင်ငံစလုံးက ကုန်သည်တွေ အဝင်အထွက်ရှိနေတာကြောင့် ပိုလီမာမြို့က တော်တော်ချမ်းသာ နေတာဖြစ်မယ်ဗျ။ လမ်းမကြီးပေါ်မှာဆို အရမ်းကို စည်ကားနေတာ။ ဈေးဆိုင်တွေမှာ အရောင်အသွေးစုံ ရတနာတွေ ခင်းကျင်းထားလိုက်တာများ ဖိတ်ဖိတ်ကိုတောက်လို့။ လမ်းကြုံတစ်ယောက်ကို ကြေးစားအဖွဲ့နေရာ မေးထားလိုက်တယ်။
လူထုခေါင်းဆောင်အဖွဲ့ရဲ့ သင်္ကေတက စိန်ဒင်္ဂါးပြားပေါ်မှာ ဓားတစ်လက်ကန့်လန့်ဖြတ်ထားတဲ့ပုံနဲ့လေ။ ကြည့်ရတာ ကြေးစားသမားတွေအနေနဲ့ စိန်ဒင်္ဂါးတွေရချင်ရင် ကိုယ်ပိုင်အရည်အချင်းကို သုံးရမယ်ဆိုတဲ့ ရည်ရွယ်ချက် ဖြစ်ဖို့များတယ်။
လူထုခေါင်းဆောင်အဖွဲ့ ဝင်ပေါက်ကိုဖြတ်လျှောက်လာတော့ ခန်းမကြယ်ကြီးတစ်ခုထဲကို ရောက်လာတယ်။ ခန်းမပတ်ပတ်လည်မှာ စားပွဲတွေခင်းထားတာ။ လူတန်းစားအလွှာပေါင်းစုံ၊ ဝတ်စုံတွေ အမျိုးမျိုးနဲ့ လူတွေမှ အများကြီး။ စစ်သည်တော် အဝတ်အစား၊ မှော်ဆရာ အဝတ်အစား အမျိုးမျိုး ဝတ်ထားပြီးတော့ နားရွက်ချွန်ချွန်တွေနဲ့ အရိုင်းဆန်တဲ့ လူပုလေးတွေတောင် မြင်နေရသေးတယ်။ နတ်သူငယ်တွေနဲ့ လူပုမျိုးနွယ်စုတွေက လူနည်းစုဖြစ်တဲ့အပြင် ငြိမ်းချမ်းတဲ့ မျိုးနွယ်စုတွေဗျ။ နတ်သူငယ်တွေကတော့ မွေးရာပါ လေးသည်တော်တွေဖြစ်တဲ့အပြင် သူတို့ရဲ့ ထက်မြက်လွန်းတဲ့ အာရုံခံမှု၊ စွဲဆောင်အားကောင်းတဲ့ မျက်ဝန်းတွေ၊ သဘာဝမှော်ပညာသင်ယူနိုင်စွမ်းတွေကြောင့် လူသိများတာ။ လူပု မျိုးစုကျ အစွမ်းထက်တဲ့ စစ်သည်တော်တွေနဲ့ လက်မှုပညာ ကျွမ်းကျင်ကြတာ။ အရည်အသွေးမြင့်မြင့် လက်နက်တွေဆိုရင် သူတို့တွေ ထုလုပ်ထားတယ်ဆိုတာ အသေအချာပဲ။
ကျုပ်စိတ်ကူးတည့်ရာ စားပွဲတစ်ခုကိုသွားပြီး ထိုင်နေတဲ့အမျိုးသမီးကို.
“ကျေးဇူးပြုပြီး လူထုခေါင်းဆောင် တာဝန်တွေ ဘယ်မှာရှာရမလဲဗျ”
ဝန်ထမ်းအမျိုးသမီးက ကျုပ်ကို တစ်ချက်ကြည့်လိုက်တယ်။ သာမာန်အဝတ်အစားတွေပဲ ဝတ်ထားတာမြင်တော့ စိတ်ဝင်စားနေတဲ့ပုံဗျ။
“အဲဒီကိုသွားပြီး လူထုခေါင်းဆောင်အဖြစ် လျှောက်ပုံစံတစ်ခုယူပြီး လျှောက်ထားလို့ရတယ်။ ပြီးရင်တော့ လူထုခေါင်းဆောင် တာဝန်တွေ လုပ်လို့ရပြီ။ ညာဘကကိုသွားပြီး တာဝန်တွေ လက်ခံလို့ရတယ်”
“ကျေးဇူးတင်ပါတယ်ဗျ”
ကျုပ် မြန်မြန်ပြောပြီး လျှောက်လွှာပုံစံ တစ်ခုယူလိုက်တာပေါ့။ နာမည်၊ မျိုးရိုးနာမည်၊ အသက်မွေးလုပ်ငန်း၊ ပညာအရည်အချင်း၊ ဘွဲ့ စသဖြင့်ပေါ့ဗျာ။ လျှောက်လွှာပုံစံထဲကအတိုင်း ပညာအရည်အချင်းနေရာမှာ မှော်သခင်တစ်ယောက်လို့ ကျွန်တော်ထည့်လိုက်တယ်။ ကျွန်တော် လျှောက်လွှာပုံစံ သွားထပ်တော့ ဝန်ထမ်းအမျိုးသမီးက တအံ့တဩနဲ့..
“ရှင်က မှော်ဆရာကြီးလား”
“ဟုတ်ပါတယ်။ ဘာပြဿနာရှိလို့လဲ”
တော်ဝင်ကျောင်းတော်ကြီးတွေမှာ အခြေခံကျကျ အချိန်အကြာကြီး သင်ယူစည်းပူးခဲ့သူတွေကို မှော်ဆရာကြီးတွေလို့ သတ်မှတ်တာ ကျုပ်မသိဘူးလေ။
“ရှင့်မှာ မှော်သမဂ္ဂရဲ့ အထောက်အထားရှိလား”
“ရှိတာပေါ့။ ကျုပ် လုပ်ထားတယ်လေ”
ကျုပ် ရင်ဘတ်ထဲကနေ မှော်သမဂ္ဂက ထုတ်ပေးထားတဲ့ မှော်ပညာရှင်ကဒ် ထုတ်ပေးလိုက်တယ်။
အဲဒီ ဝန်ထမ်းအမျိုးသမီးက အချိန်ခဏယူပြီး အတုအစစ် သေချာစစ်ဆေးကြည့်လိုက်တယ်။ ပြီးတော့မှာ အသံတိုးတိုးနဲ့..
“ကျန်းကုန်းဝေက အလယ်တန်းအဆင့် မှော်ပညာသင်ကျောင်းကနေ ဘွဲ့ရလာတာ။ ပြီးတော့ ကျောင်းမှာ ထူးထူးခြားခြား စွမ်းရည်တွေကြောင့် ဝင်ခွင့်စစ်ဆေးမှု ကင်းလွတ်ခွင့်နဲ့ အထက်တန်းမှော်ပညာသင်ကျောင်း တက်ခွင့်ရထားတယ်။ အာ.. ရှင်က တော်ဝင်မှော်ပညာသင်ကျောင်းကနေ ဘွဲ့ရလာတဲ့ မှော်ဆရာကြီးပေါ့”
နောက်ဆုံး သူပြောလိုက်တဲ့အသံက တော်တော်ကျယ်သွားတော့ ဘေးပတ်ဝန်းကျင်က လူတွေပါ ကြားသွားကြတယ်။ အဲ့အချိန်က လူတိုင်းရဲ့ အာရုံတွေက ကျုပ်ဆီ ရောက်လာပါလေရော။
“ဟုတ်ပါတယ်။ ဘာပြဿနာရှိလို့လဲ။ ကျုပ်လူထုခေါင်းဆောင် မဖြစ်နိုင်ဘူးလား”
“အာ.. ဖြစ်နိုင်ပါတယ်။ ရှင်က မှော်ပညာရှင်ဆိုတော့ ရှင့်ကို (ဂ)အဆင့်လူထုခေါင်းဆောင် ရာထူးပေးလိုက်မယ်။ ရှင် လုပ်နိုင်မယ်ထင်တဲ့ ဘယ်တာဝန်မဆို လက်ခံနိုင်ပါတယ်”
“(ဂ)အဆင့် လူထုခေါင်းဆောင်လား။ ကြေးစားတွေမှာ အဆင့်သတ်မှတ်ထားသေးတာလား”
သူက ကျုပ်ကို ပြုံးပြလိုက်ပြီး ဘာမှမသိသေးတာ သဘောပေါက်သွားတော့ သေချာလေး ရှင်းပြရှာတယ်..
“ပုံမှန်ဆိုရင် ကြေးစားတွေကို အထူး၊ က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ ဆိုပြီး အဆင့်(၈)ဆင့် ခွဲထားတယ်။ ကြေးစားတစ်ယောက် ဘယ်လိုမျိုး တာဝန်ကို လက်ခံလို့ရနိုင်တယ်ဆိုတာ သူ့အဆင့်အပေါ်မှာ မူတည်တာပေါ့။ သူတို့ တာဝန်တွေ အောင်မြင်သွားရင် အခက်အခဲတွေ၊ အရေအတွက်တွေပေါ်မှာ မူတည်ပြီး ရာထူးတိုးပေးတယ်လေ”
“အော်.. ဒီလိုလား။ ကျေးဇူးတင်ပါတယ်”
ကျုပ် သူ့ဆီက လူထုခေါင်းဆောင်ကတ်ကိုယူပြီး ရှို့တိကို သွားရမယ့် တာဝန်ရှာဖို့ ညာဘက်က စားပွဲကို သွားလိုက်တယ်။
ကျုပ် မှော်ဆရာကြီးတစ်ယောက်ဆိုတာ သိနေတော့ တော်တော်လေးကို ဖော်ဖော်ရွေရွေ ဆက်ဆံကြတာဗျ။ ကျုပ် လျှောက်လာတာမြင်တာနဲ့ ကျုပ်နားလေးကပ်ပြီးမေးတယ်။
“ဘယ်လိုတာဝန်မျိုး လိုချင်တာလဲ”
“အဆင့်က အရေးမကြီးဘူး။ ရှို့တိနိုင်ငံကို သွားရဖို့ပဲ အရေးကြီးတယ်။ ဆိုတော့ ရှို့တိကို သွားရမယ့်တာဝန်ဆို အကောင်းဆုံးပဲ”
“ခဏလေးစောင့်ပေးပါဆရာ။ ကျွန်တော် စစ်ဆေးကြည့်လိုက်ပါ့မယ်”
သူရှာနေတုန်း တာဝန်ဇယား ထိပ်ဆုံးကို ကြည့်လိုက်တော့ ရှေးခေတ်က နတ်ဘုရားသုံးခဲ့တဲ့ သန့်ရှင်းသော ဓားကိုရဖို့ ဆရာတိပေးခဲ့တဲ့ တာဝန်က ထင်မထားဘဲတွေ့နေရတယ်။ အဆင့်တွေကို (SSS, Ah, S) ဆိုပြီး (၃)မျိုးခွဲထားတယ်။ တော်တော်ကြီးခက်မယ်ဆိုတာ သိသာတယ်။ ဆုငွေကလဲ စိန်ဒင်္ဂါး (၁)သိန်းဆိုတော့ တော်တော်လေး မြင့်တာပဲ။ ကျွန်တော်တို့ နိုင်ငံမှာတောင် နှစ်စဉ် အခွန်ငွေက အဲလောက်မရနိုင်ဘူး။
(#မှတ်ချက်။ နောက်ပိုင်းတွင် (SSS, Ah, S) အဆင့်များအတွက် စကားလုံး ထပ်မံရွေးချယ်၍ ပြောင်းလဲရေးသားသွားပါမည်။)
============= (*^*)=============
အပိုင်း(၅၀)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား