← Chapters

ဓားပြများနှင့် ရင်ဆိုင်ရ၆ခြင်း

Vol. 4 Ch. 51

ဓားပြများနှင့် ရင်ဆိုင်ရ၆ခြင်း

Vol. 4 Ch. 51

အရပ်ပုပု၊ ခပ်တောင့်တောင့်နဲ့ သက်လတ်ပိုင်းတစ်ယောက် ရောက်လာပြီးတော့..

“မင်္ဂလာပါဆရာ။ ဆရာက ကတ်နဲ့ ငွေရှင်းမယ့်သူလားခင်ဗျ”

“ဟုတ်ပါတယ်၊ ပြဿနာရှိလို့လား”

ကျုပ် ပျင်းပျင်းနဲ့ပဲ ပြန်ဖြေလိုက်တယ်။ ဟုတ်တယ်လေ ခုအချိန်က အိပ်ဖို့အချိန်ရောက်နေပြီကို။

“ဆရာ့ရဲ့ အလုပ်အကိုင်က ဘာများဖြစ်မလဲ မေးလို့ရမလားဗျ”

“ကျုပ် က မှော်ဆရာပါ။ ဒါက ထမင်းစားတာနဲ့ ဘာများသက်ဆိုင်လို့လဲ။ အခုချက်ချင်း ငွေရှင်းချင်တယ်။ သွားချင်နေပြီ”

“ဒါက ဒီလိုပါ။ အထူးဟင်းလျာ လို့ နာမည်မှည့်ထားရတဲ့အကြောင်းအရင်းက ဒီမှာစားတဲ့သူတိုင်းက အစွမ်းအစရှိတဲ့သူတွေ၊ အရာရှိအရာခံတွေ များလို့ပါ။ ဆရာရဲ့ အထောက်အထားကို ပြနိုင်သရွေ့ ဒီဆိုင်မှာ အခမဲ့ သုံးဆောင်လို့ရပါတယ်ဗျ”

“ဒီလို အစီအစဉ်ကောင်းမျိုးလဲ ရှိတာပဲလား။ ဒါဆိုရင်တော့ ကျုပ် သက်သက်ခံအထောက်အထားပြပေးရတာပေါ့”

ငွေမကုန်ဘဲ ထမင်းတစ်နပ်စားရလဲ နည်းတာမှတ်လို့။

“ဆရာ့ရဲ့ မှော်ဆရာ အဆင့်အတန်းကရော”

မှော်သမဂ္ဂက ထုတ်ပေးထားတဲ့ ကတ်ကို ထုတ်ပြလိုက်ရင်းနဲ့…

“မဟာ မှော်သခင်။ ဒီအဆင့်လောက်ဆိုရင် လုံလောက်ပြီလား”

အဲ့လူမျက်နှာမှာ အံ့ဩစရာ အပြုံးတစ်ခု ပေါ်လာတယ်ဗျ။

“တော်တော်မြင့်တာပဲ။ သံသယ မရှိတော့ပါဘူး။ ဒါဆိုရင် ကျွန်တော် ဆက်ပြီး အနှောက်အယှက် မပေးတော့ပါဘူး”

အရသာရှိတဲ့ ဟင်းပွဲ(၄)မျိုးလောက်ရဲ့ နာမည်တွေကို လက်နဲ့ရေးပြီး လက်မှတ်ကလေးထိုးပေးလိုက်ရုံလေးနဲ့ အလကားစားခွင့်ရလိုက်တာပေါ့။ မှော်သခင် ကတ်ရဲ့ အကျိုးကျေးဇူးနေမှာ။ ဆိုးပါဘူးလေ။

ဒီဆိုင်ရှင်ရဲ့ ညဏ်သွားပုံကို နောက်မျိုးဆက်တွေအတွက် သက်သေပြပြီးသားဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုရင် နောင်တချိန်မှာ အလင်း၏သားတော်ရဲ့ လက်မှတ်ကို စိန်ဒင်္ဂါး (၂၀၀၀၀)နဲ့ လေလံတင်ပြီး ရောင်းနိုင်ခဲ့တာလေ။

တစ်ည တည်းခိုဖို့ တည်းခိုခန်းကိုတော့ ကြုံသလိုပဲ ရွေးလိုက်တော့တယ်။ မနက်ဖြန်မနက် မြို့တော် အရှေ့ဘက်ဂိတ်ကို သွားရမယ်။ ဟိုလူသန်ကြီးနဲ့ ချိန်းထားတယ်လေ။

---------------

လမ်းဘေးမှာ ရပ်ထားတဲ့ ရထားတွေ၊ လူတွေမှ အများကြီးပဲ။ ဒါ ကျုပ်လိုက်ပို့ရမယ့် ကုန်သည်လှည်းတန်းနေမှာ။ ဟိုလူသန်ကြီး ဘယ်ရောက်နေပါလိမ့်။ လိုက်ကြည့်လိုက်တော့ ကုန်သည်တစ်ချို့နဲ့ စကားပြောနေပုံပဲ။

“မင်္ဂလာပါ။ ကျုပ် ရောက်ပါပြီ။ ကျုပ်တို့ ဘယ်အချိန် စထွက်ကြမလဲ”

“အော.. မင်းရောက်လာပြီပဲ။ လာ မိတ်ဆက်ပေးမယ်။ ဒါ ငါတို့လိုက်ပို့ရမယ့် ကုန်သည်လှည်းအုပ်စုရဲ့ ခေါင်းဆောင် လီစီမုံ့တဲ့။”

တဆက်တည်း စိတ်တိုနေပုံရတဲ့ ကုန်သည်ဘက်ကို လှည့်ပြီး--

“သူက မှော်သခင်ပါ။ အာ ဟုတ်သားပဲ။ မင်းနာမည် ငါမသိသေးဘူး။ ငါ့နာမည်ကတော့ လုံမုံ့ဟိုင်ကွ”

“ကျုပ် နာမည် ကျန်းကုန်းဝေ ပါ။ လူကြီးမင်း လုံမုံ့နဲ့အတူ လိုက်ပါပို့ဆောင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ဗျ”

မုံ့လူကြီးမင်းက ကျုပ်ကို သံသယမျက်လုံးနဲ့ကြည့်ပြီး..

“မင်းက မှော်သခင်လား”

“ဟုတ်ပါတယ်။ မယုံတဲ့သဘောပေါ့။ အိုကြီးမြတ်သောအလင်းရောင်ခြည်.. ကျုပ်ခေါ်သံကို နားထောင်ပြီး ကျုပ် ရှေ့မှာ စုပေါင်းလို့ အရာအားလုံး ချေမှုန်းပစ်နိုင်တဲ့ သန့်ရှင်းသောအလင်း ဖြစ်ပါစေ”

ကိုယ်စွမ်းကိုယ်စတော့ ထုတ်ပြထားမှဖြစ်မယ်။ ဒါမှ ခရီးတလျှောက်အဆင်ပြေမှာကိုး။

ကျုပ် မန္တန်ရွတ်ပြီးတာနဲ့ ကျွန်တော့ခန္ဓာကိုယ်ကနေ အလင်းရောင်တွေ ပျံ့လွင့်လာပြီး ပတ်ပတ်လည်က လူတွေအကုန် (၅)မီတာအထိ တွန်ထုတ်ပစ်လိုက်တယ်။

“ခင်ဗျားတို့ထဲက တစ်ယောက်ယောက်ကသာ မှော်ပညာအကြောင်း နည်းနည်းပါးပါးသိထားမယ်ဆိုရင်၊ အခုသုံးလိုက်တာ အဆင့်(၆)မန္တန်ဆိုတာ သိနိုင်မှာပါ”

ကျုပ် သန့်ရှင်းသောအလင်းတော် ထဲကနေပဲ လှမ်းပြောလိုက်တယ်။

အစွမ်းထက်တဲ့ မန္တန်ပေါ်လာတာနဲ့ လူတိုင်းက အာရုံစိုက်လာပြီး အံ့ဩနေကြတာဗျ။

“အို သန့်ရှင်းသောအလင်းရောင်ခြည် ပြန်ရုပ်သိမ်းပါ”

မုံ့လူကြီးမင်းက ကုန်သည်တစ်ယောက်ဆိုတာ ပြောစရာမလိုအောင်ကို ချက်ချင်း မျက်နှာပြောင်းသွားပြီး…

“ခွင့်လွတ်ပေးပါ မှော်သခင်။ ကျွန်တော် သံသယမဖြစ်သင့်ပါဘူး။ ဒီခရီးမှာ သခင်နဲ့ဆိုရင် လုံခြုံစိတ်ချသွားပါပြီ”

လုံမုံ့လဲ ကျုပ်နားကို လျှောက်လာတယ်။ စောစောက ကျုပ် ထုတ်သုံးလိုက်တဲ့ ‘သန့်ရှင်းသောအလင်းတော်’ ရဲ့ဒဏ်ကို သူလဲ ခံနိုင်ရည်မရှိလိုက်ဘူးလေ။ သူလဲ ခပ်ရှက်ရှက်နဲ့ပဲ။

“အမှန်အတိုင်း ဝန်ခံရရင် မင်းရဲ့စွမ်းအားကို အစက ငါလဲ သံသယဖြစ်ခဲ့မိတယ်ကွ။ အခုမှ ငါဘယ်လောက် တုံးခဲ့လဲဆိုတာ သဘောပေါက်လိုက်တာ။ ဒီလုံခြုံရေးတာဝန် ခရီးစဉ်တလျှောက်လုံး ငါနဲ့ ငါ့အဖွဲ့က စစ်သည်တော်တွေအားလုံး မင်းအမိန့်ကို နာခံဖို့ ဆုံးဖြတ်လိုက်ပြီ”

လူတိုင်းက ကျုပ်ကို လာချော့နေကြတော့ နည်းနည်းတော့ လန့်သွားတယ်ဗျ။

“ခင်ဗျား အဲလိုလုပ်စရာမလိုပါဘူးဗျာ။ ကျုပ် ဒီမှာ မိုးကျရွှေကိုယ်လို ဖြစ်နေတာ မလိုချင်ပါဘူး။ ခင်ဗျားအဖွဲ့ကို ခင်ဗျားပဲ ခေါင်းဆောင်လိုက်ပါ။ တစ်ခုခုဖြစ်ရင်သာ ကျုပ် ကို အသိပေးလိုက်ရင် ပြီးတာပဲ”

ဒီလိုနဲ့ပဲ ကျုပ် နဲ့ လုံမုံ့ ပူးပေါင်း ကြေးစားအဖွဲ့က ကုန်သည်လှည်း(၁၀၀)လောက်ရှိတဲ့ အုပ်စုကြီးကို လုံခြုံရေးလိုက်ပေးတဲ့ ခရီးစဉ် စခဲ့ကြတော့တာပေါ့။

ကျုပ် အစွမ်းလေး နည်းနည်းပြလိုက်တာနဲ့ လူတိုင်းက ကျုပ်ကို အလေးထားဆက်ဆံတဲ့အပြင် အကောင်းဆုံး၊ ဇိမ်အကျဆုံး ရထားပြင်ပေးထားတာဗျ။ စားချိန်တန်ရင်လဲ ကောင်းပေ့ ညွှန့်ပေ့တွေ ဦးဦးဖျားဖျား ပို့ပေးတော့တာဗျို့။ ဒီလိုနဲ့ ကျုပ် အပူအပင်ကင်းမဲ့သူကြီးဖြစ်လာပါရော။ မှော်ပညာအကြောင်း အစစ်အမှန် ထည်းထည်းဝင်ဝင် မလေ့လာခဲ့မိဘူးလို့ ထင်လာမိတယ်။ အခုဆို မှော်ပညာနဲ့ပတ်သက်ပြီး တဖြည်းဖြည်းသိလာရတာက စားသောက်ဆိုင်တွေမှာ ငွေချေစရာမလိုရုံတင်မဟုတ်ဘူး တာဝန်ချိန်မှာတောင် လွတ်လပ်ပေါ့ပါးနေလိုက်တာများဗျာ။ ဟား.. ဟား…”

ကျုပ်စီးထားတဲ့ ရထားက လှည်းတန်း အလယ်တည့်တည့်မှာဗျ။ လှည်းတန်း တစ်ခုလုံးကို စောင့်ရှောက်နိုင်ဖို့ဆိုပြီး နေရာပေးထားတာလေ။ ကျုပ် အိပ်ပျော်ခါနီး တစ်ယောက်က လာနှိုးပါလေရော။ လုံမုံ့ ပါလား။ သူ့ကြည့်ရတာ တော်တော် မောနေတဲ့ပုံ။ နဖူးကလဲ ချွေးဒီးဒီးကျလို့။ ကျုပ် ပျင်းပျင်းနဲ့ပဲ။

“ ဘာပြဿနာဖြစ်လို့လဲ”

“မကောင်းတော့ဘူး။ ဓါးပြအုပ်နဲ့ ရင်ဆိုင်ရတော့မယ့် ပုံပဲ”

“ဒါမဖြစ်နိုင်ပါဘူးဗျာ။ ဒီလောက်ကြီးတဲ့ လှည့်းအုပ်စုကြီးကို လာလုမယ့်သူက ရှိသေးတယ်လား”

ကျုပ် စိတ်ထဲမှာ ဓါးပြတွေ (၂၀)(၃၀)လောက်ရှိမယ်လို့ စိတ်မှန်းနဲ့ တွက်ထားလိုက်တယ်။

“ငါတို့မှာ စစ်သည်တော် ဘယ်လောက်ရှိလို့လဲ။ မင်းဘာဖြစ်လို့ သွားမကြည့်သေးတာတုန်း”

နည်းနည်းလေးတော့ လွဲနေသလိုပဲ။ ရထားပေါ်ကနေဆင်းပြီး အခြေအနေကြည့်လိုက်တော့ တော်တော်အံ့ဩသွားရရော။ လုံမုံ့ ဘာလို့ချွေးပျံနေလဲဆိုတာ ကျုပ်သိသွားပြီ။ ကျုပ်လဲ ချွေးစေးတွေ ကျလာပြီလေ။

တောင်ကုန်းတွေပေါ်မှာ လူပေါင်း(၃၀၀)ကျော်လောက် နေရာယူထားတာဗျ။ တော်တော် ဆိုးလိုက်တဲ့ ကံပါလား။ ဘာလို့များ ဒီလောက်တောင့်တဲ့ ဓါးပြအုပ်နဲ့မှ လာတွေ့ရတာတုန်းလို့။ အစပိုင်းတော့ ဒီတာဝန်ကို ပေါ့ပေါ့ပါးပါးနဲ့ပဲ ပြီးသွားမယ် ထင်ထားတာလေ။ အခုတော့ အခက်အခဲ ပေါ်လာတဲ့ပုံပဲ။

လုံမုံ့ရဲ့ ကြေးစားအဖွဲ့နဲ့အတူ ကျုပ် ရှေ့ထွက်လာရတော့တာပေါ့။ ဓါးပြအုပ်ကလည်း မြန်သလားမမေးနဲ့ လျှပ်တပြက် အတွင်းလေးမှာပဲ ကျုပ်တို့ကို ဝိုင်းထားပြီးနေပြီ။

“မင်းတို့ခေါင်းဆောင်ကို ထွက်လာပြီး ဖြေရှင်းဖို့ပြောလိုက်”

ဓါးပြတစ်ယောက်က ခပ်မာမာနဲ့ ဖြဲတော့တာ။

လုံမုံ့၊ မုံ့လူကြီးမင်းနဲ့ ကျုပ် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ပြီး ဘယ်သူသွားလဲ အဖြေရှာကြပြီ။ သူတို့က ရုတ်တရက် ကျုပ်ကို တွန်းထုတ်လိုက်တာဗျ။ တော်တော် မတရားတဲ့လူတွေဗျာ။ ဒါပေမယ့် ကျုပ်က ထွက်လာပြီးနေပြီ။ ကဲ…. ထားတော့။ အခြေအနေ တစ်ချက် စစ်ကြည့်ရအောင်။ ရိုးရိုးသားသားပြောရရင် ကိုယ်လွတ်ရုန်းပြေးတာမျိုးတော့ ကျုပ် လက်မခံနိုင်ဘူး။ ပြေးလို့လွတ်နိုင်မှတော့ ကြောက်မနေပါဘူး။ ရှေ့ထပ်ပြီး နည်းနည်း တိုးလိုက်တာပေါ့။

“လူကြီးမင်းတို့ကို ဘယ်လိုများ အကူအညီပေးလို့ရမလဲလို့ မေးလို့ရမလား”

ကျုပ် မေးလိုက်မှပဲ ဓါးပြတွေက ဟားတိုက်ရီနေကြပါလေရော။

“ငါတို့ကို ဘယ်သူတွေထင်နေလို့လဲ။ မင်းနဲ့ပါလာတဲ့ ပစ္စည်းတွေ အကုန်ထားခဲ့ပေးလိုက်။ မင်းကိုတော့ ဒီအဖေက လွှတ်ပေးလိုက်မယ်။ အဲလိုမှ မဟုတ်ရင်တော့ ဟွင်း.. ဟွင်း”

အနက်ရောင် သံချပ်ကာ ဝတ်ထားတဲ့ ခေါင်းဆောင်က ပြောတာဗျ။

“အကိုကြီးတို့။ ဒီကိစ္စက အဲလောက်မလွယ်ဘူးလေ။ ကျုပ်တို့ကို လွှတ်ပေးလိုက်လို့မရဘူးလား”

“လွှတ်ပေးရမှာတဲ့လား… ဒီလို တစ်ချီထဲနဲ့ ချမ်းသာနိုင်လောက်တဲ့ ပစ်မှတ်ကို တစ်လလောက်အချိန်ပေးပြီး စောင့်ခဲ့ရတာကို မင်းကလွှတ်ပေးစေချင်နေတာလား။ လာပြီး ကစားနေတာပဲ”

အင်း.. လွယ်လွယ်နဲ့တော့ ကျော်လို့ရမယ့်ပုံ မပေါ်ဘူးဗျ။ ကျုပ် ရုတ်တရက်ပဲ အကောင်းဆုံးအကြံတစ်ခု ရပြီး ဆရာတိနဲ့ ဆွေးနွေးခဲ့တုန်းက စကားတွေ ပြန်အမှတ်ရလိုက်တယ်။ ရှို့တိ နိုင်ငံကလူတွေက မျက်နှာကို တော်တော်လေး တန်ဖိုး ထားတယ်တဲ့။ အထူးသဖြင့် သူရဲကောင်းတစ်ယောက်ရဲ့ ဂုဏ်သတင်းလို့ဟာမျိုးတွေကို တန်ဖိုးထားကြတာလေ။ ဒါကို ကျွန်တော် ကောင်းကောင်းအသုံးချရမယ့်ပုံပဲ။

“တဆိတ်လောက်။ ခေါင်းဆောင်ကြီး ခင်ဗျားက သူရဲကောင်းလား”

ကျုပ် စကားတွေက ခက်ခက်ထန်ထန်နဲ့ပဲ အဲ့ခေါင်းဆောင်ရဲ့ ချပ်ဝတ်နက်ကိုဖောက်ပြီး ဝင်သွားတာ။

သူပြန်မဖြေခင်မှာပဲ သူတို့ထဲကတစ်ယောက်က…

“ဟုတ်တာပေါ့။ ငါတို့ခေါင်းဆောင်က ကောင်းကင်အဆင့်သူရဲကောင်းပဲလေ”

အဲ့ခေါင်းဆောင် တော်တော်ဂုဏ်ဆာနေတဲ့ပုံ ဖြစ်နေပါရော။ မဆိုးဘူးဟ။ ဒင်းတို့ ကျုပ် ထောင်ချောက်ထဲ ကျသွားပြီ။

============= (*^*)=============

အပိုင်း(၅၂)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters