ဓါးပြခေါင်းဆောင်၏ တိုက်ခိုက်မှု
Vol. 4 Ch. 52
“ဒါဆိုရင်တော့ အလောင်းအစားတစ်ခု လုပ်လို့ရပြီ”
“ဘာအလောင်းအစားလဲ”
သူ ကျုပ်ကို မျက်လုံးထဲကို ထည့်မထားတာ သေချာတယ်ဗျ။
ကျုပ် ခဏလေး တွေးချင်ယောင်ဆောင်ပြီးတော့…
“ခင်ဗျား ကျုပ်ကို အနိုင်မယူနိုင်ဘူးဆိုတာ လောင်းချင်တာ”
ကျုပ်စကားကြောင့် ခေါင်းဆောင်နားက လူတွေကလွဲရင် ကျန်တဲ့ ဓားပြတွေအားလုံး ဟားတိုက်ရယ်ကြတော့တာဗျ။
ခေါင်းဆောင် ဓားပြကြီးက စဉ်းတောင် စဉ်းစားမနေဘဲနဲ့….
“ကောင်းပြီလေ။ ငါမင်းနဲ့ လောင်းမယ်။ ဒါပေမယ့် မင်းတို့မှာ ပါလာတဲ့ ကုန်ပစ္စည်းတွေအပြင် လူတိုင်းရဲ့ ဘဝတွေပါ လောင်းကြေး ထပ်ရမယ်။ မင်းလောင်းချင်သေးလား”
ဒီခေါင်းဆောင်က အချဉ်တော့မဟုတ်ဘူးဘဲ ကျုပ်အဖွဲ့ကိုပါ အသုံးချဖို့ စဉ်းစားနေတယ်။
လောလောဆယ် ကျုပ် ဘေးကြပ်နံကြပ်ဖြစ်သွားတာပေါ့။ လူပေါင်းတွေအများကြီးရဲ့ ဘဝတွေလေဗျာ။
“ကျေးဇူးပြုပြီး ခဏစောင့်ပေးပါလား။ ဒီကိစ္စ နည်းနည်းလေး ပြန်ဆွေးနွေးမှ ရမှာမို့ပါ။”
ကျုပ် အဖွဲ့ဆီပြန်လာပြီး…
“ကဲ… ခင်ဗျားတို့ ဓါးပြခေါင်းဆောင်နဲ့ ကျုပ် ပြောတဲ့စကားတွေ ကြားမှာပါ။ ဘယ်လိုသဘောရကြလဲ”
လုံမုံ့ကတော့ စိတ်လှုပ်ရှားတဲ့ပုံနဲ့…
“မင်းလက်ထဲ ငါ့အသက်ပါ အပ်ပေးလိုက်မယ် မှော်ဆရာရေ။ မင်းသူ့ကို အနိုင်ယူနိုင်တယ်ဆိုတာ သေချာတယ်။ ညီအစ်ကိုတို့ရော ဘယ်လိုလဲ”
သူ့အဖွဲ့သားတွေကလဲ သတ္တိရှိရှိနဲ့ တသွေးတည်းတစ်သားတည်းကို အော်ပြောတာ..
“ငါတို့ လောင်းကြေးထပ်မယ်ဟေ့”
ဒီတော့ ကုန်သည်ခေါင်းဆောင် မုံ့လူကြီးမင်းဘက်ကို ကြည့်လိုက်ပြီး…
“ခင်ဗျားတို့ကရော ခင်းဗျားတို့အသက်တွေ ကျုပ်လက်ထဲ ဝကွက်အပ်ဖို့ ဆန္ဒရှိရဲ့လား”
မုံ့လူကြီးမင်းကတော့ ချီတုံချတုံနဲ့ပဲ…
“အဲ့ ဓားပြခေါင်းဆောင်နဲ့ ခဏလောက် ညှိနှိုင်းခွင့်ပေးပါလား။”
လူတိုင်းမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိနေတယ်လေ။ လုံမုံ့ရဲ့ ကြေးစားအဖွဲ့ဝင်တွေ သူ့ကို စိုက်ကြည့်နေတဲ့ကြားကပဲ..
“ကောင်းပြီလေ၊ ခင်ဗျားညှိနှိုင်းကြည့်လိုက်ပေါ့”
မုံ့လူကြီးမင်းကို ဓားပြတွေရှေ့ပို့လိုက်တော့..
“ကျွန်တော်တို့ ကုန်သည်တွေ ဒီအလောင်းအစားမှာ မပါရင် ပစ္စည်းတွေ အပ်ပေးယုံနဲ့ အသက်ချမ်းသာပေးနိုင်မလား”
ဓါးပြကြီးက စိတ်မရှည်တော့ဘဲ..
“ကောင်းပြီ။ မင်းတော်တော် ဒုက္ခရောက်နေတယ်ပေါ့လေ။ မင်းဘာလုပ်မယ်ဆိုတာ မြန်မြန်ဆုံးဖြတ်။ အစက မင်းတို့ကို ငါလွယ်လွယ်လေးဖမ်းလို့ရတယ်။ မင်းအရှုံးကို မင်းကိုယ်တိုင်လက်ခံနိုင်အောင် မင်းတောင်းဆိုတာတွေ သဘောတူလိုက်မယ်။ ဆုံးဖြတ်ချက်ချတာ ကြာနေမယ်ဆိုရင်တော့ ငါသိပ်ယဉ်ကျေးနေမှာမဟုတ်ဘူးနော်”
မုံ့လူကြီးမင်းက နည်းနည်းလေးစဉ်းစားပြီး ကူကယ်ရာမဲ့မဲ့နဲ့ပဲ..
“ကုန်ပစ္စည်းတွေအကုန် အပ်ဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ ကုန်သည်အဖွဲ့က လူတွေရဲ့ ဘေးကင်းဖို့တော့ အာမခံပေးပါ။ ဒါကိုလဲ နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
ကျုပ် အသံတိတ်ပဲ သက်ပျင်းချလိုက်မိတော့တယ်။ အစကတော့ ဘာမှ မဆုံးရှုံးဘဲ အသာလေး ဆုတ်ခွာနိုင်အောင် အခွင့်အရေးရနေတာကို။ အခုတော့ တိုက်စရာမလိုမှတော့ တိုက်ချင်စိတ်တောင် မရှိတော့ဘူး။ ဒါပေမယ့် ပြောပြီးသားစကားတွေက ထွက်ပြီးသားဆင်ဆွယ် ပြန်ဝင်ရိုးမရှိဆိုသလို စကားတွေ လွန်နေပြီလေ။
ဓါးပြကြီးရဲ့ မိန့်မိန့်ကြီး ကျေနပ်နေတဲ့ မျက်နှာကိုမြင်ပြီး တော်ယုံ ဒေါသမထွက်တတ်တဲ့ ကျုပ်တောင် နည်းနည်းတော့ ကျွဲမြီးတိုလာတယ်။ ဆိုတော့ မုံ့လူကြီးမင်းကိုပဲ…
“ခင်ဗျားက ကျုပ်ကို မယုံမှတော့ အခုအချိန်ကစပြီး လုံမုံ့ရဲ့ ကြေးစားအဖွဲ့နဲ့အတူ ခင်ဗျားရဲ့ အလုပ်တာဝန်ကနေ နှုတ်ထွက်လိုက်ပြီ”
မုံ့လူကြီးမင်း သက်ပြင်းချ ခေါင်းယမ်းပြီးပဲ ထွက်သွားပါလေရော။ သူ့ပစ္စည်းတွေ အပ်ဖို့ ပြင်ဆင်နေလေရဲ့။
“ခင်ဗျားနဲ့ လုပ်တဲ့ အလောင်းအစားမှာ ကျုပ်နဲ့ ကျုပ်ညီအစ်ကို(၂၀)ကို ကိုယ်စားပြုမယ်။ ကျုပ် အနိုင်ရခဲ့ရင် ကျုပ်တို့ကို လွှတ်ပေးရမယ်။ ကျုပ်ရှုံးရင်တော့ ကျုပ်တို့တွေအကုန် ခင်ဗျားသဘောအတိုင်းပဲ”
ကျုပ် အံကြိတ်ပြီး ပြတ်ပြတ်သားသားပဲပြောလိုက်တော့တယ်။ ကျုပ် ခွန်အားနဲ့ဆိုရင် ကောင်းကင်သူရဲကောင်း တစ်ယောက်ကို ရှုံးစရာအကြောင်းမရှိဘူးလို့ ယုံတယ်ဗျာ။
“ကောင်းတယ်။ ကောင်လေး မင်းတော်တော် သတ္တိရှိတာပဲ။ လာစမ်းကွာ”
ဓါးပြတွေအားလုံး နောက်ဆုတ်သွားလိုက်တာ တော်တော်ကျယ်တဲ့ ကွင်းပြင်ကြီးတစ်ခု ချက်ချင်းဖြစ်သွားတာပဲ။ ရှို့တိကလူတွေက ဒီလိုမျိုးစိန်ခေါ်ပွဲတွေမှာ တရားမျှတမှုကို တော်တော်လေး အလေးထားတဲ့ပုံပဲ။ လုံမုံ့ရဲ့ အဖွဲ့ကလဲ ကျုပ်အပေါ် တော်တော်လေး ယုံကြည်စိတ်ချထားပုံရတယ်။ ဟိုကုန်သည်အဖွဲ့ကတော့ ပစ္စည်းတွေ ကုန်အောင်အပ်ပြီးမှ တော်တော်လှမ်းလှမ်းကနေ ကြည့်နေကြလေရဲ့။
လုံမုံ့ရဲ့ ကြေးစားအဖွဲ့က ညီအစ်ကိုတွေကို ယုံကြည်မှုအပြည့်နဲ့ ပြုံးပြပြီး…
“ညီအစ်ကိုတို့ ကျုပ်ကို ယုံလိုက်ပါ။ ဒီအကျဉ်းအကြပ်ထဲကနေ ကျုပ်တို့ သေချာပေါက် ကျော်ဖြတ်နိုင်ပါတယ်လေ”
ကွင်းလယ်မှာတော့ ကျုပ်နဲ့ ဓါးပြခေါင်းဆောင် မျက်နှာချင်းဆိုင်နေပြီ။ ကျုပ်လဲ အပေါ်ထပ် ဝတ်ရုံကို အေးအေးဆေးဆေး ချွတ်ရင်းနဲ့ လက်တစ်ချက် ဝှေ့ပြီး သိုလှောင်အိတ်ကို ဆင့်ခေါ်လိုက်တယ်။
“ကောင်လေး။ မင်းက မှော်ဆရာပဲကိုး။ ဒါဆို မင်းက မြင်းမသုံးတာသေချာမှတော့ ငါလဲ မသုံးတော့ဘူး။ ကဲ ဒီပွဲ စလိုက်ကြစို့ကွာ”
ဒီဓါးပြကြီး ကောင်းကင်သူရဲကောင်းအဆင့် သတ်မှတ်ခံရဖို့ တော်တော်ထိုက်တန်တာပဲ။ သူ့မှာ တကယ့်ကို သတ်ဖြတ်ခြင်းအငွေ့အသက်တွေနဲ့။
ကျုပ် သိုလှောင်အိပ်ထဲကနေ အလင်းနတ်ဘုရားဝတ်ရုံထုတ်ဝတ်လိုက်တယ်။ နောက်ဆုံးတော့ လူပေါင်း(၂၀)လောက်ရဲ့ အသက်တွေက ကျုပ် ပုခုံးပေါ်မှာလေ။ သတိထားမှရမယ်။ အလင်းနတ်ဘုရားဝတ်ရုံကို ဝတ်လိုက်တာနဲ့ ဝိညာဉ်စွမ်းအားတွေ ချက်ချင်းစုလာတယ်ဗျ။ ခံစစ်အတွက်စိတ်ချရအောင် စွမ်းအားတွေကို ကိုယ့်ခန္ဓာကိုယ်ပေါ် ကိုယ် အရင်ဆုံးသုံးလိုက်တယ်။ ပြီးမှ…
“ကဲ လာစမ်းပါ။ ကောင်းကင်သူရဲကောင်းတစ်ယောက်ရဲ့ အစွမ်း မြည်းစမ်းပါရစေ။”
ဓါးပြကြီးက ရယ်ပြီး သူဓါးဆွဲထုတ်ရင်း ကျုပ်ဆီ တည့်တည့် ပြေးလာတယ်။ မြန်လိုက်တာဗျာ။ တခဏအတွင်းမှာပဲ မှိန်ပျောက်သွားတဲ့ အရိပ်တစ်ခုလေးပဲမြင်ရတဲ့အချိန် ကျုပ်ရှေ့ရောက်လာပြီး ပုခုံးကို ပေါစီးကနေ ဓါးခုတ်ချက်က ကပ်နေပြီ။
အဲလူကြီး အရမ်းမြန်တာပဲ။ ဘယ်လောက်ထိမြန်လဲဆို ကျုပ် လေဟာနယ်ရွှေ့ပြောင်းရေး လုပ်ချိန်ကို မမှီတော့တာ။ ကျုပ် ညာလက်ကို ရမ်းလိုက်တော့ အလင်းရောင်တောက်တောက်တွေ သူ့တိုက်ကွက်ကို ကာဖို့ထွက်လာပါလေရော။
ဓါးပြကြီး ခဏလေး ရပ်သွားပြီး…
“မင်းက မှော်ဆရာလား၊ သူရဲကောင်းလားဟ။ မင်းမှာ ကောင်းကင်တိုက်ပွဲ ဝိညာဉ်ဘယ်လိုရှိနေတာလဲ”
“ကျုပ် တိုက်ပွဲစိတ်ဝိညာဉ်မသုံးပါဘူး။ ဒါမှော်ပညာသုံးတဲ့ နည်းလမ်းတစ်မျိုးပါပဲ။”
ဒါကျုပ် စွမ်းအားအစစ်အမှန်လေ။ အခုအချိန်မှာ ဘာမှရွတ်ဖတ်စရာမလိုဘဲ အခြေခံ မန္တန်တွေလောက်ကို အသာလေး သုံးလို့ရနေပြီ။ ကျုပ် ဒီလိုမျိုး သုံးချင်တဲ့အချိန် အလင်းဒြပ်စင်တွေက ကျုပ် စိတ်စေရာအတိုင်း ပုံဖော်သွားလိမ့်မယ်လေ။ ဒီလိုမျိုး အသုံးချနိုင်ဖို့၊ သေချာနားလည်ဖို့ကို (၃)ကြာခဲ့တာကို။ ဆရာတိနဲ့ ကျွန်တော်နှိုင်းယှဉ်ရင် နည်းနည်းလေး ကွာခြားချက်ရှိပေမယ့် ကျုပ်စွမ်းအားက တိုက်ပွဲစိတ်ဝိညာဉ်သုံးပြီး တိုက်ခိုက်တာနဲ့ မထင်မှတ်ဘဲ သွားတူနေတာ။ လောလောဆယ် ဓါးပြကြီးက ကျုပ်ကို အစွမ်းကုန် တိုက်နေတာ မဟုတ်သေးဘူး။ စောစောက သူ့တိုက်ကွက်ကို ကာလိုက်နိုင်ပေမယ့် လက်တော့ တော်တော်လေးထုံသွားတယ်ဗျ။ တကယ်ဆို စစ်သည်တော်တွေလို အချင်းချင်း လက်နက်ကိုယ်စီနဲ့ အနီးကပ် ထိပ်တိုက် ရင်ဆိုင်တယ်ဆိုတာ မှော်ဆရာတွေအတွက် နည်းလမ်းကောင်းမဟုတ်တာ အသေအချာပဲ။ သူ့ကို ဒီလိုအခွင့်အရေးမျိုး ထပ်ပေးလို့မဖြစ်တော့ဘူး။
လေဟာနယ်ရွှေ့ပြောင်းမှု လုပ်ပြီး သူနဲ့ အကွာအဝေးတစ်ခုအထိ အနေအထား ပြင်လိုက်တယ်။ သူ့တိုက်ပွဲစိတ်ဝိညာဉ်က တော်တော်အစွမ်းထက်တော့ စွမ်းအားပိုကောင်းတဲ့ မန္တန်တွေ သုံးရတော့မယ်ထင်ပါတယ်ဗျာ။ အခုတောင် သူ့တိုက်ကွက်ကနေ ကျုပ် ဒဏ်ရာရလုနီးပါး ဖြစ်သွားတာလေ။ သူ့စွမ်းအား အကုန်သာထုတ်သုံးမယ်ဆိုရင် ကျုပ် ကာကွယ်နိုင်မယ်မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့အနေအထား ပြောင်းဖို့အတွက် လေဟာနယ်ရွှေ့ပြောင်းခြင်းကို ထပ်ကာထပ်ကာ လုပ်နေရတယ်။ လေဟာနယ်ရွှေ့ပြောင်းခြင်းလုပ်နေတော့ သူကျုပ်ထက် နည်းနည်းနှေးပေမယ့် တကယ်ကို မြန်တဲ့သူကြီးဗျ။ ရပ်လိုက်တာနဲ့ ကျုပ်ကို တမ်းခုတ်သတ်မှာကြောက်နေရတယ်။ ဒီအတိုင်းဆက်သွားလို့တော့ မဖြစ်တော့ဘူး။
ဘေးကိုရှောင်ပြီး မန္တန်စရွတ်လိုက်တယ်။ ကျုပ်လက်ကနေ အဖြူရောင်အလင်းတန်းတွေ စထုတ်နေပြီ။ တဖြည်းဖြည်း ပိုပိုပြီးတောက်ပလာတယ်။ ဒါ ကျုပ်အရင်က သုံးနေကျ မန္တန်တွေနဲ့ မတူဘူးလေ။ ဒါက ကျုပ်ကိုယ်တိုင် သေချာအဆင့်မြှင့်ထားတဲ့ ‘ပိုင်းဖြတ်ခြင်းအလင်းဓါး’ လေ။ ကျုပ်လက်မှာ အလင်းလှိုင်းတွေနဲ့ တိုက်ရိုက် တိုက်ခိုက်ဖို့သုံးနိုင်တဲ့အပြင် ကျုပ် မှော်စွမ်းအားနဲ့ သေချာထိန်းချုပ်နိုင်တယ်။ အဆင့်(၆)မန္တန်တစ်ခုဖြစ်တဲ့အပြင် တစ်ခုတည်းသော ပစ်မှတ်ကို တိုက်ခိုက်တဲ့နေရာမှာ အရမ်းကို ထိရောက်တယ်လေ။ လက်ရှိအနေအထားနဲ့ဆို ကွက်တိပေါ့။ တကယ်လို့သာ #တောက်ပဆုံးအလင်းအင်ပါယာ ဆိုရင် သူ့အရှိန်အဝါကြောင့် ရန်သူကို တိုက်ခိုက်ဖို့မလိုဘဲ နေရာတော်တော်ကျယ်ကျယ်ယူရတာဆိုတော့ ဓါးပြကြီးကို ထိခိုက်ဖို့ နည်းတာပေါ့။ လောလောဆယ်တော့ ‘ပိုင်းဖြတ်ခြင်းအလင်းဓါး’ ကိုသုံးပြီး ပုံအောရတော့မှာပဲ။
ကျုပ် ရုတ်တရက် ရပ်လိုက်ပြီး အဖြူရောင်အလင်းတွေကြားကနေ သူ့ကို ကြည့်လိုက်တယ်။ သူကတော့ တိုက်ပွဲ စိတ်ဝိညာဉ်လှုပ်ရှာမှုပညာရပ်ကို ချက်ချင်းသုံးပြီး သူလဲ အလင်းရောင်တွေတောက်နေတဲ့ သူရဲကောင်းဓားရှည်နဲ့ ကျုပ်ကို တိုက်တော့တာဗျို့။ ကျုပ် မှော်စွမ်းအားကို တာဖို့ကြိုးစားနေပုံပဲ။
“မှန်တယ်၊ ထွက်ပြေးမနေနဲ့တော့။ ထွက်ပြေးနေရင် စိတ်ကျေနပ်စရာ ဘယ်ကောင်းတော့မလဲ”
“ဟုတ်ပြီလေ။ စိတ်ကျေနပ်စရာကောင်းအောင် လုပ်ပေးရမှာပေါ့။”
အမြန်နှုန်းက လျှပ်စီးလက်သလိုပဲ။ ဖြတ်တောက်ခြင်းအလင်းဓါးချက်တွေ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် လွှတ်လိုက်တယ်။ ဒါတွေကို ကာကယ်ဖို့ သူ့သူရဲကောင်းဓါးရှည်နဲ့ ခတ်ထုတ်နေလေရဲ့။ ကျုပ် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်သလို သူလဲ ကျုပ်ကို ထိအောင်မတိုက်နိုင်ဘူးလေ။ အခုချိန်မှာတော့ သူ့ရဲ့ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ကျုပ် မှော်စွမ်းအား ဘယ်သူက ပိုပြီး ကြာကြာတောင့်ခံနိုင်မလဲဆိုတာ ပြိုင်ရတော့မယ့် ပွဲဖြစ်သွားပြီ။
============= (*^*)=============
အပိုင်း(၅၃)မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား