← Chapters

အိမ်မှဝေးရာဆီသို့

Vol. 4 Ch. 46

အိမ်မှဝေးရာဆီသို့

Vol. 4 Ch. 46

စူးရှတောက်ပလွန်းတဲ့ နေရောင်ခြည်ကြောင့် ကျွန်တော်နိုးလာတော့ ငယ်ဘဝကိုတောင် ပြန်အမှတ်ရမိတယ်။ ကျုပ် အသက်ကြီးလာပြီပဲ။ မျက်နှာသစ် အပြင်ထွက်ပြီး အသက်ပြင်းပြင်းရှူပစ်လိုက်တယ်။ သဘာဝရဲ့ လတ်ဆတ်လွန်းတဲ့ လေထုကို ခံစားလိုက်ရတဲ့အခါ ကျုပ်ရင်ထဲက အလင်းဓာတ်တွေတောင် စိတ်လှုပ်ရှားလာပြီး တအားတွေ တက်ကြွနေသလိုပဲဗျ။ ဒီနေ့ ကျွန်တော် ခရီးစထွက်မယ့်နေ့လေ။ ကျုပ်ဘဝရဲ့ အရင်းအနှိးဆုံးနေရာ ဇာတိချက်ကြွေမြေကို ခွဲရအုံးတော့မှာပေါ့။

“ကျန်းကုန်း မနက်စာ စားဖို့အချိန်ရောက်ပြီ”

“လာပါပြီ…”

မထွက်ခင်လေးတော့ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချင်သေးတယ်ဗျာ။ အောက်ထပ်ကို ကမန်းကတန်း ပြေးဆင်းလာတော့ ထမင်းဝိုင်းမှာ လူတောင်စုံနေပြီ။

“ကျန်းကုန်း သားလေး များများစား။ မင်းက အမေ့လက်ရာ ပြန်စားရဖို့ အချိန်တော်တော် ကြာအုံးမှာကိုး”

“အမေလဲ စားလေ။ စိတ်အေးအေးသာထား။ သားအေးအေးဆေးဆေး ပြန်လာမှာပါ”

“အေးအေး နင်တို့သားအမိကို မြင်ရတာ ကျန်းကုန်းကို ခရီးထွက်ပေးလိုက်တာ ငါများမှားသွားပြီလားတောင် မသိတော့ပါဘူးကွာ၊ ဟား.. ဟား.. ဟား..”

ဆရာတိကတောင် ဝင်ပြီး စနောက်နေပါရော။

စားသောက်ပြီးပြီဆိုတော့ ခရီးထွက်ဖို့အချိန် ရောက်လာခဲ့ပြီပဲ။

အမေက မျက်ရေတွေနဲ့…

“လမ်းမှာ ဂရုစိုက်နော် သားလေး။”

“အဖေ တို့ကို စိတ်မပျက်စေနဲ့နော် ကြားလား”

“ကောင်လေး ငါပေးထားတဲ့ လွတ်မြောက်ရေး အဆောင်စာလိပ်တွေ မမေ့နဲ့နော်”

အဖေ၊ အမေနဲ့ ဆရာတိတို့ကို ခွဲခွာဖို့ ဝန်လေးနေပေမယ့် နောက်ဆုံးတော့ သင်ကြားရေးခရီးစဉ်ကို ခြေလှမ်းလေးလေးကြီး တွေနဲ့ စခဲ့လိုက်ရတာပါပဲ။

ရွာပြင်ရောက်တော့ တောလမ်းလေးအတိုင်းလျှောက်ရင်းနဲ့ နောက်ကြောင်းပြန်ကြည့်မိလိုက်သေးတယ်။ ကျုပ် အိမ်ကထွက်ခဲ့ပြီပဲ။ ဝမ်းနည်းစိတ်တွေက ဘယ်လိုမှ ဖြေဖျောက်လို့မရသေးဘူး။ ဆရာတိ အစီအစဉ်အရ သူ့သူငယ်ချင်းကို ရှာဖို့ ရှို့တိနိုင်ငံကို အရင်သွားရမယ်။ အဲ့ရောက်ရင် ရှို့တိ သူရဲကောင်းကျော်တော်မှာ ဌာနမှူးအကြီးအကဲ ဆရာလီခယ်ဝမ် ဆီမှာ ခရီးမဆက်ခင် အရင်ဆုံး လေ့ကျင့်သင်ကြားရေး လုပ်ရအုံးမယ်။

ဘာပူပင်သောကမှမရှိဘဲ လမ်းဘေးဝဲယာ သဘာဝ ရှုခင်းတွေကြည့်ရင်း တဖြည်းဖြည်းပဲ ခရီးဆက်လာခဲ့လိုက်တယ်။ ကျုပ် မွေးရပ်မြေက တော်တော်လှတာပဲ။ ကျုပ်ရှေ့မှာ မြူခိုးတွေ ဝေနေရော။ ဆရာတိပေးထားတဲ့ မြေပုံကို ဖွင့်စစ်လိုက်၊ ခရီးဆက်လိုက် ဆိုပေမယ့် ကျွန်တော့ သွားနှုန်းက ပြောရလောက်အောင် နှေးမနေဘူးဗျ။ ဘာလိုလိုနဲ့ ‘ဆာရာနီရေလှောင်ကန်ကြီး’ နားတောင် ရောက်လာပါပေါ့။ ရေကန်ကြီးကို ကျော်ရင် ရှို့တိနိုင်နယ်စပ်ကို ရောက်ပြီ။ အရင်တုန်းက ဒီနေရာက ရှုခင်းတွေ အရမ်းလှတယ်လို့ ဆရာတိပြောဖူးတယ်။ မြန်မြန်မြင်ချင်စိတ်ဖြစ်လာတော့ သွားတဲ့အရှိန်ကို နည်းနည်းလေးတင်ပြီး ဆာရာနီရေလှောင်ကန်ကြီးနဲ့ နီးသထက်နီးလာပြီ။

အိုက်ယား…။ ရေလှောင်ကန်ကြီးက တော်တော်ကြီးတာပဲ။ ဟိုဘက်ကမ်းကိုတောင် မမြင်ရဘူး။ ရေတွေ ဘယ်လောက်တောင် ကြည်လဲဆိုရင် ရေကန်ထဲက နက်ပြာရောင်တွေကြားမှာ ငါးတွေကိုတောင် အတိုင်းသားမြင်နေရတယ်။ တကယ်ကိုလှတာပဲ။ ဘာရမလဲ ရေသန့်သန့်တွေနဲ့ မျက်နှာတောင်သစ်ပစ်လိုက်သေးတယ်။ တော်တော်အေးတာပဲ။ ဒါမှကောင်းတာ။ အခုက နွေရာသီရောက်စဆိုတော့ ကန်ရေအေးအေးထဲမှာ စိမ်ရတာကိုက ဇိမ်တမျိုးပဲ။

ဖိနပ်ချွတ်ပြီး ရေထဲထိဆင်းလျှောက်လိုက်သေးတယ်။ ဒီရေကန်၊ ဒီတောင်ကြီးတွေနဲ့ သဘာဝရှုခင်းကိုခံစားရတာ အံဩဖို့ ကောင်းတယ်ဗျ။ ရုတ်တရက် ကျုပ်နောက်မှာ တစ်ခုခုရှိသလိုမျိုး ခံစားချက်ကြောင့် နောက်ကို လှည့်ကြည့်မိလိုက်တယ်။ မဲမဲသည်းသည်းနဲ့ (၇)ယောက် (၈)ယောက်လောက် ကျုပ်ဆီ ပြေးလာနေကြတာဗျ။ သူတို့ ကြည့်ရတာ တော်တော် အားကောင်းမယ့်ပုံတွေ။ သူတို့လဲ သိုင်းပညာတတ်ထားတဲ့ပုံပဲ။ သူတို့ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးတွေ ဖြစ်နေတော့ အားလုံးမိန်းကလေးတွေဆိုတာ သေချာတယ်ဗျ။

နီးလာပြီဆိုတော့ သူတို့တွေ ဘယ်နှစ်ယောက်လဲဆိုတာ သေချာရေလို့ရသွားပြီ။ အားလုံးပေါင်း(၉)ယောက်။ ဒီလောက် နေပူချိန်ကြီးအောက်မှာ သူတို့က တကိုယ်လုံး ဖုံးတဲ့ အဝတ်တွေ ဝတ်ထားကြသေးတယ်။ အရပ်အရှည်ဆုံးတစ်ယောက်က ခေါင်းဆောင်ဖြစ်မယ့်ပုံပဲ။ ကျန်တဲ့သူတွေကတော့ သော်တာကို ခစားတဲ့ ကြည်စင်လေးတွေပေါ့။ သူတို့ ရိုးရာဓလေ့က ဘယ်လိုမှန်းမသိပေမယ့် တကိုယ်လုံးဖုံးထားတဲ့ အဝတ်အစားတွေ ဝတ်ဖို့ လိုအပ်လို့လား။ ကျုပ်လဲ သူတို့ကို ကြည့်နေယုံကလွဲပြီး ဘာမှလဲ မကူနိုင်ဘူး။

ဘယ်လောက်ထိ စိုက်ကြည့်မိနေလိုက်လဲဆိုတာ ကျုပ်တောင် သတိမထားမိပေမယ့် သတိထားမိတဲ့ သူတို့ထဲက တစ်ယောက်က--

“ဟေ့.. ဟိုရှေ့ကတစ်ယောက်။ ဘာကြည့်နေတာလဲ။ မြန်မြန်ထွက်သွားစမ်း။ ငါတို့ဒီမှာ အနားယူမလို့။ ဆက်ကြည့် နေအုံးမယ်ဆိုရင် နင့်မျက်လုံးတွေ ဖေါက်ထုတ်ပစ်မယ်”

ဘာလဲဟ။ သူတို့တော်တော် ရက်စက်တာပဲ။ အဲ့ကောင်မလေး တော်တော်မြင်ပြင်းကပ်စရာပါ့လား။ မိန်းကလေးတွေ အနားယူမယ်ဆိုရင် ကျုပ်က လူကြီးလူကောင်းတစ်ယောက်လို သွားရောမလိုဟာ။ သူ့စကားတွေကြားတော့ သွားရောချင်စိတ် မရှိတော့ဘူး။ သူက ဘာမို့လဲ။ ရုတ်တရက် ခေါင်းမော့ပြီး မွေးရပ်မြေက သီချင်းတစ်ပုဒ် အော်ဆိုပစ်လိုက်တယ်။

“ တခါတလေမှာ အလောတကြီး ဝတ်မိတဲ့ ခြေအိပ်တွေဟာ အတွင်းအပြင် ပြောင်းပြန်ဖြစ်နေတယ်။ တခါတလေမှာ ခေါင်းတွေရှုတ်မိတော့ ပျင်းပျင်းနဲ့ အိမ်ဖော်တစ်ယောက် ငှားချင်တယ်။ ငါ့အတွေးတွေကို မနှောက်ယှက်နဲ့နော်… တခါတလေပဲ စိတ်ပျက်ရတဲ့ ကောင်လေး ဖြစ်ချင်တယ်”

ဒီသီချင်းကို အဖေက “လူကြီးလူကောင်း”လို့ခေါ်တဲ့သီချင်းလေ။ ကြည့်ရတာ အမေ့ကို ကြောက်ပြီး ဆိုတဲ့သီချင်းနေမှာပါဗျာ။ ဒါကို ကြားကြာနားထောင်လေ ပိုပိုပြီး သဘာဝကျလေလို့ပဲ မြင်လာတယ်။

ကျုပ် မသိချင်ယောင်ဆောင်နေတာ မြင်တော့ စောစောက ဒေါသတကြီးအော်ခဲ့တဲ့သူက ထွီ ကနဲ တံတွေးထွေးရင်း ကျုပ်ဆီ လျှောက်လာပါလေရော။ ကြည့်ရတာ ကျုပ်ကို ဆွဲဖြဲချင်နေတဲ့ပုံပဲ။ သွားစမ်းပါ… ဘယ်သူက ကြောက်နေလို့တုန်း။

သူတို့ခေါင်းတောင်ရဲ့ စကားသံထွက်လာတယ်ဗျ။

“လင်းကျီ ပြဿနာမရှာနဲ့။ အပြင်ထွက်ခါနီး အဖေမှာလိုက်တာတွေ မေ့သွားပြီလား”

ဘယ်လောက်တောင် ချိုလိုက်တဲ့အသံလေးလဲဗျာ။ မိုးကောင်းကင်ကြီးရဲ့ သဘာဝတေးသံတွေတောင် သူလေးရဲ့ အရှိန်အဝါအောက်မှာ ပျောက်သွားနိုင်တယ်။ ကျုပ် အသံထက်တောင် ဆွဲဆောင်မှု ပိုကောင်းနေသေး။ ကျုပ် အတွေးထဲ အရိုင်းစိတ်တွေတောင် ဝင်လာမိတယ်။

အဲ့ကောင်မလေး လင်းကျီ ခေါ်သံကြားတော့ ခပ်ညည်းညည်းအသံနဲ့--

“ဒီတခါတော့ နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်။ မြန်မြန် ထွက်သွားလိုက်တော့”

သူ့စကားလုံးတွေကြောင့်လား၊ ခေါင်းဆောင်ရဲ့ နားဝင်ချိုလွန်းတဲ့အသံကို ထပ်နားထောင်ချင်မိနေတာလား မသိတော့ဘူး။ မထီမဲ့မြင်ပုံစံနဲ့ပဲ အထင်သေးအမြင်းသေးသလိုမျိုး ပြန်ခွပ်လိုက်တယ်။

“ဒီနေရာက မင်းပိုင်တဲ့ ပိုင်နက်မို့လို့လား။ အံ့ဩပ။ ကုတ်ကနေ ဆွဲထုတ်ရင်တောင် ငါလိုလူကတော့ တုတ်တုတ်မှ လှုပ်မှာမဟုတ်ဘူး”

အမှန်ပဲ။ ကျုပ် ဆန္ဒပြည့်သွားတယ်။ ခေါင်းဆောင်အသံ ထွက်လာတယ်လေ။

“လင်းကျီ သူ့ကို သင်ခန်းစာသွားပေးလိုက်။ သတ်တော့ မသတ်နဲ့နော်”

နားထောင်ရတာ နားဝင်ချိုလိုက်တာဗျာ။ နောက်ထပ် စကားနည်းနည်း ထပ်ပြောတော့ ဘာဖြစ်မှာမို့လဲကွာ။ ကျုပ်သူ့ကို မွှန်နေတုံး ဒုက္ခက အလိုက်ကမ်းဆိုးမသိ ရောက်လာနေပြီဗျ။ လင်းကျီ လို့ခေါ်တဲ့ ကောင်မလေးက သူ့ကြည့်ရတာ ပေထုံထုံပုံစံဆိုပေမယ့် သူ့သခင်မ အသံကြားတာနဲ့ ချက်ချင်းလှုပ်ရှားတော့တာ။ သူ့ခါးကနေ ရတနာဓားခါးပတ် ဆွဲထုတ်ပြီး လွှဲခုတ်တော့တာဗျို့။ ကျုပ် ခေါင်းတောင် လွတ်တယ်ဆိုယုံလေးရယ်။

အေးစက်စက် အငွေ့အသက်တွေ ကျုပ်ဆီရောက်လာတော့ နည်းနည်းလေး ချောက်ချားသွားမိတယ်။

“အိုက်ယာ…. ငါ့ကို သတ်ဖို့ကြံနေတာလားဟ”

(၁၀)မီတာလောက်ကို လေဟာနယ် ရွှေ့ပြောင်းလိုက်တယ်။ အန္တရာယ်တွေကြားမှာ ဒါက အရိုးရှင်းဆုံးပဲလေ။ ဆံပင်တော့ နည်းနည်း ပြတ်သွားတဲ့ပုံပဲ။ ဘယ်လောက်တောင် မြန်လိုက်တဲ့ ဓားချက်တုန်း။

“နင် ငါ့ကို တကယ်ကြီး ချနေတာလားဟ”

“ဒီတော့ နင်က မှော်ဆရာပေါ့လေ။ နင်ဒီလောက် အရှက်မဲ့နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။”

လောလောဆယ် ကျုပ် သာမန်အဝတ်အစားတွေပဲ ဝတ်ထားတော့ မှော်ပညာ ထုတ်သုံးတာ မြင်မှ မှော်ဆရာမှန်း သိကြတာလေ။

ဘာတုန်းဟ။ မှော်မန္တန်သုံးတာနဲ့ အရှက်မရှိ ဖြစ်ရရောလား။ ရင်ထဲမှာ နင့်ကနဲ တွေးလိုက်မိတယ်။ နင်ငါ့ကို စော်ကားတာ ကိစ္စမရှိဘူး။ ဒါပေမယ့် ငါ့ဆရာ၊ ငါ့သူငယ်ချင်းတွေ၊ ငါ့မိဘတွေအားလုံးက မှော်ဆရာတွေလေ။ သူတို့ကိုယ်စား သင်ခန်းစာ တစ်ခုတော့ ပေးရတော့မှာပေါ့။

“အို… အလင်းရောင်။ မြှားချွန်ချွန်တွေနဲ့ ရန်သူတွေကို ချေမှုန်းလိုက်ကြအုံးစို့”

သံမဏိလို မာတဲ့ အလင်းမြှားတွေနဲ့ ကျုပ် စပစ်လိုက်တယ်။

အဲ့ကောင်မလေး ကျုပ် အလင်းမြှားတွေနဲ့ တိုက်ခိုက်တာလဲတွေ့ရော တော်တော် မုန်းနေတဲ့ ရုပ်မျိုး ပြောင်းသွားတယ်ဗျ။ သူ့လက်ထဲက ဓားကို တပတ်လှည့်လိုက်တာ ငွေရောင်အလင်းတန်းထွက်လာပြီး ချက်ချင်းပဲ အလင်းမြှားတွေကို ခုတ်ပစ်လိုက်တယ်။ ပြီးတာနဲ့ ကျုပ်နားကို ပြေးကပ်လာတော့တာ။ စစ်သည်တော်တွေဆိုတာ မှော်ဆရာတစ်ယောက်နဲ့ တိုက်ရပြီဆိုရင် အနီးကပ်တိုက်ဖို့ကြိုးစားတယ်ဆိုတာ သဘာဝပဲလေ။

အာ… ဒါ.. ဒါ.. ကောင်းကင် တုံချီပဲ။ အရင်တုန်းက ကြားပဲကြားဖူးတာ။ အခုတော့ လက်တွေ့ မြင်ရပြီ။ ကျုပ် နည်းနည်းတော့ ပညာထုတ်သုံးမှ ရတော့မယ်ထင်တယ်။

“အို… အလင်းရောင်။ စင်ကြယ်သော အလင်းအဖြစ် ပြောင်းလဲလိုက်စမ်းပါ”

တောက်ပတဲ့ အဖြူရောင်အလင်းရောင်တွေ ကျွန်တော့ ခန္ဓာကိုယ်ထဲကနေထွက်လာပြီး ပတ်ပတ်လည်ကို လွှမ်းခြုံထားလိုက်ပြီ။ ခံစစ်စည်း လုပ်လိုက်တာပေါ့ဗျာ။ ဒါက အဆင့်မြင့် ခုခံရေးအလင်းမှော်ဖြစ်တဲ့ “စင်ကြယ်ခြင်းအလင်း” လေ။ အဲ့ကောင်မလေး ကျုပ် စင်ကြယ်ခြင်းအလင်းနဲ့ ထိမိတဲ့အချိန် တော်တော် နာသွားတဲ့ပုံပဲ။ လျှပ်တပျက် နောက်ဆုတ်သွားတယ်။ ခေါင်းအစ ခြေအဆုံး တဆတ်ဆတ်ကို တုန်လို့။

“နင်.. နင်… အလင်းမှော်ပညာ”

============= (*^*)=============

အပိုင်း(၄၇)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters