← Chapters

မိတ်ဆွေ ဓါးပြကြီးတစ်ယောက် ရရှိခြင်း

Vol. 4 Ch. 54

မိတ်ဆွေ ဓါးပြကြီးတစ်ယောက် ရရှိခြင်း

Vol. 4 Ch. 54

“ကောင်းပြီ ညီလေး။ မင်းနဲ့ မင်းအဖွဲ့တွေ အကုန်သွားလို့ရပြီ။ ငါလဲ လုထားတဲ့ ပစ္စည်းတွေ သွားစစ်လိုက်အုံးမယ်။ ဟား.. ဟား.. ဟား…”

ပွဲသိမ်းတော့ ဒီလိုရလဒ်မျိုး ဖြစ်လာလိမ့်မယ်လို့ ကျုပ် ထင်ကိုထင်မထားမိတာ။ တော်တော် ရိုးရှင်းတာပဲ။ မထင်မှတ်ဘဲ ဓါးပြကြီးတစ်ယောက်ကို မိတ်ဆွေအဖြစ်ရလိုက်တယ်တဲ့။

ကုန်သည်လှည်းအုပ်စုခေါင်းဆောင် မုံ့လူကြီးမင်းကတော့ ရန်သူတွေအဖြစ်ကနေ မိတ်ဆွေဖြစ်ကုန်တော့ စိတ်အခြေအနေ မကောင်းတော့ဘူး။ သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် အမှားကြီးမှားခဲ့တဲ့ သူ့ကိုယ်သူပဲ အဆက်မပြတ် အပြစ်တင်နေပြီပေါ့။ ကျုပ်ဆီမလာရဲဘဲ လုံမုံ့ဆီလျှောက်သွားပြီး…

“အာ… လုံမုံ့၊ ကျုပ်တို့ အုပ်စုကို ခွင့်လွှတ်ပေးဖို့ မှော်သခင် ကျန်းကုန်းဆီ အကူအညီတောင်းပေးပါလား။ ဒီပစ္စည်းတွေ အကုန်ပါသွားရင် ဆုံးရှုံးနစ်နာမှုက ဒဏ်ပြင်းလွန်းလို့ပါဗျာ”

လုံမုံ့ကတော့ မကြည်ကြည့်နဲ့ ပြန်ကြည့်လိုက်ရင်း…

“အခုချိန်ကျမှတော့ တော်တော်နောက်ကျသွားပြီ မဟုတ်ဘူးလား။ ကျန်းကုန်းကို မယုံဖို့ ဘယ်သူကခိုင်းလို့တုန်း။ အပြစ်တင်ချင်ရင်လဲ ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်တော့။ ခင်ဗျားအတွက် ကျုပ်က ဘယ်မျက်နှာနဲ့ သွားပြီး အကူအညီတောင်းပေးရမှာတုန်း”

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျုပ် ဆုံးဖြတ်ချက် ညံ့ဖျင်းလွန်းလို့ ဖြစ်သွားတာပါ။ ကျွန်တော် တစ်ကိုယ်ကောင်း ဆန်မိသွားတာပါ။ ဒါပေမယ့်ဗျာ ကျွန်တော့တို့အဖွဲ့မှာက အသက်ကြီးရွယ်အိုတွေရော အောက်လက် ငယ်သားတွေရော ရှိတော့ ဒီတစ်ခု ဆုံးရှုံးမှုက သူတို့မိသားစု ဘဝတွေ ပျက်မယ့်အခြေအနေမို့ပါ။ သူ့ကိုလဲ ကျုပ်တောင်းပန်စကားပြောဖို့ အသင့်ပါပဲ”

လုံမုံ့က အပြင်ပန်းကြည့်တော့သာ လူကြမ်းကြီးဂိုက်နဲ့ အတွင်းစိတ်က တော်တော်လေး ကြင်နာတတ်တဲ့သူဗျ။ မုံ့လူကြီးမင်း အိုကြီးအိုမနဲ့ ငိုနေတာမြင်တော့လဲ သူ့စိတ်တွေ ပျော့လာပါလေရော။

“နေအုံဗျာ။ ဒီလိုကြီးလုပ်မနေစမ်းပါနဲ့။ ကျုပ်သွားပြောကြည့်အုံးမယ်။ ကျန်းကုန်း သဘောတူ မတူတော့ ကျုပ်အာမ မခံနိုင်ဘူးနော်။”

“ကျေးဇူး… ကျေးဇူးအထူးပါကွာ။ မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပါ”

ကျုပ်က သူ့တို့နောက်မှာ ရှိနေတာဆိုတော့ သူတို့ပြောသမျှ အကုန်ကြားထားပြီးသားလေ။ ကျုပ် ပြန်စဉ်းစားကြည့်လိုက်တော့ ကုန်သည်တစ်ယောက်အဖြစ် အသက်ရှင်ရပ်တည်နိုင်ဖို့ဆိုတာလဲ တော်တော် မလွယ်ကြော။ ထားလိုက်ပါတော့။ ကိုယ့်အဆင့်ကိုယ် နှိမ့်ပြီး ဘာလို့သူနဲ့ ဘက်ပြိုင်နေရမှာတုန်း။

လုံမုံ့ကို စကားပြောခွင့်ကို မပေးတော့ဘဲ…

“ကောင်းပြီလေ။ လုံမုံ့ ခင်ဗျာ ပြောစရာမလိုတော့ဘူး။ ကျုပ် သွားပြီး တောင်းဆိုကြည့်သေးတာပေါ့”

ဘာပြောပြော တိုက်ရာပါ ပစ္စည်းတွေ သေချာစစ်နေတဲ့ ဓါးပြကြီးနားသွားပြီး ရှက်ကိုးရှက်ကန်းနဲ့ပဲ…

“ဒါ တော်တော်ရှက်စရာကောင်းတာပဲ။ ကျုပ် ခင်ဗျားကို ပြောမထွက်ဘူးဖြစ်နေတယ်”

ဓါးပြကြီးကတော့ ပွင့်ပွင့်လင်းလင်းပဲ…

“ဘာတွေ ရှက်နေရတာတုန်းဟ။ ပြောစရာရှိ ပြောသာပြောလိုက်”

“ဒီလိုပါ။ ခင်ဗျားလဲ အမြင်ပါပဲ။ ဒီကုန်သည်တွေအတွက် ဒီကိစ္စကြီးက တော်တော်ကို မလွယ်ဘူးဖြစ်နေတာဆိုတော့ ဒီတစ်ခေါက်လောက် ခွင့်လွှတ်ပေးလိုက်လို့မရဘူးလား။ ပြီးတော့ ကျုပ်အတွက်လဲ လူထုခေါင်းဆောင် တာဝန်ကို ပထမဆုံးအကြိမ် လက်ခံပြီး လမ်းခုလတ်မှာတင် မြွေပါလဲဆုံး သားလဲဆုံး မျက်နှာမျက်ရတော့မယ့် ပုံစံဖြစ်နေတာကိုး”

“အင်း.. ငါတို့ ပါးစပ်ထဲရောက်ပြီးသား အဆီတစ်ထပ် အသားတစ်ထပ်ကြီးကို ဘယ်လိုလူမျိုးက ပြန်ထွေးထုတ်နိုင်မှာတုန်း။ နေစမ်းပါအုံး ဘာလို့သူ့တို့ကို ကူညီချင်နေရတာလဲဟ။ နေရာတကာ ပေသီးခေါက်နေတဲ့ လူမျိုး မင်းအခုမှ တွေ့ဖူးတာလား။ သူတို့ကတောင် မင်းအပေါ် ယုံကြည်မှုမရှိမှတော့ မင်းကဘာလို့ နေသာသလို မနေနိုင်နေရတာတုန်း”

“အာ… အဲ့တုန်းက ဘာမှ ရွေးချယ်စရာမှ မရှိခဲ့တာကိုး။ နံပတ်(၁) သူတို့က ကျုပ်ဖောက်သည်တွေ ဖြစ်နေတယ်။ နံပတ်(၂) သူတို့မှာမိသားစု ကိုယ်စီနဲ့။ ခင်ဗျား သူတို့အပေါ် အဲလောက်ထိ မရက်စက်လောက်ဘူးလို့တော့ ကျုပ် ထင်တာပဲ။ ခင်ဗျားမှာ ခင်းဗျားအခက်အခဲနဲ့ခင်ဗျား ရှိမယ်ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမယ့် လူတိုင်းက ကိုယ့်လွတ်လမ်းကိုယ် ရှာကြရတာကိုး”

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”

“တကယ်ပါ မခြိမ်းခြောက်ပါဘူး။ ကျုပ် တောင်းဆိုတာလေး သဘောတူမယ် ထင်မိလို့ပါ။ နောင်တချိန် ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်မှာပါ။”

ကျုပ်ရဲ့ ပြတ်သားလွန်းတဲ့ အမူအရာကိုကြည့်ပြီး သူတဖြည်းဖြည်း ပျော့ပြောင်းလာပြီး သက်ပျင်းချသံကြားလိုက်ရတယ်။

“မင်း နားဝင်အောင် ငါမပြောနိုင်တော့ဘူးဘဲ။ ဒါပေမယ့် မင်းစရိုက်ကို ငါသဘောကျတယ်ကွ။ သူတို့အတွက် ကုန်ပစ္စည်းတစ်ဝက် ပြန်ပေးဖို့ လောက်ပဲ ငါသဘောတူနိုင်မှာ ကျန်တာတွေတော့ မရနိုင်ဘူး။ ငါ့နောက်လိုက် ညီအစ်ကိုတွေကလဲ အများကြီးဆိုတော့ ကုန်တစ်ဝက်လောက် ငါလိုတယ်။ သူတို့ကို လက်ဗလာနဲ့ ပြန်ခိုင်းလို့မရဘူးကွ။ ပြီးတော့ နောက်တစ်ချက်ရှိသေးတယ်”

စိတ်ထားမမှန်တဲ့ ကုန်သည်တွေကိုလဲ သင်ခန်းစာပေးပြီးသားဆိုတော့ သူ့အဖြေနဲ့တင် ကျွန်တော် တော်တော်ကြီး ကျေနပ်နေပြီ။ ဒါ လက်ရှိအနေအထားမှာ ကောင်းဆုံးရလဒ်ပဲလေ။

“ဒါဆို ခင်ဗျားကို ကျေးဇူးတင်ပါတယ်လို့ပဲ အရင်ဆုံးပြောပါရစေ။ နောက်တစ်ချက်ဆိုတာက ဘယ်လိုမျိုးလဲဆိုတာ ကျုပ်ကို ပြောပါလား။ ခင်ဗျား ကျေနပ်တဲ့အထိ ကျုပ် အစွမ်းကုန်လုပ်ပေးပါ့မယ်”

“အဲ့အချက်က တော်တော်လေး ဆိုးရွားတယ်နော်။ မင်းစိတ်ကို အသင့်ပြင်ထားမှရမယ်။ မင်းမလုပ်နိုင်ရင်တော့ စောစောက အပေးအယူက ပျက်သွားပြီပေါ့”

ကျုပ် အံကို တင်းတင်းကျိတ်လိုက်ပြီး..

“ဒါဆိုလဲ ပြောသာပြောဗျာ။ ကျုပ် လုပ်နိုင်ရင် လုပ်ပေးမယ်”

သူ ကျုပ်ကို တမင်အရှက်ကွဲအောင် လုပ်မယ့်သဘောလား။ ကျုပ်ကိုများ ခွင့်မလွှတ်နိုင်နေတာလား။

“ဟား… ဟား… ဟား… အဲ့ … အ… ချက် … က……………………… မင်း ငါ့စခန်းကို ဧည့်သည်အဖြစ် လိုက်ဖို့ ဖိတ်တာလေကွာ…..”

သူ့စကားကြားတော့ ပူစီပေါင်း လေလျော့သွားသလို ကျုပ် မြေကြီးပေါ်တောင် ခွေလဲကျလုလုပဲ။ အာ… ဒါက အချက် တစ်ချက်လို့ ဘယ်လိုလုပ် သတ်မှတ်ရမှာတုန်း။ ရိုးစင်းလွန်းတယ်လေ။ ကျုပ် အသံပျော့ပျော့လေးနဲ့…

“ အစ်ကိုကြီး ကျုပ် လုပ်… ပါ့.. မယ်..”

“ဘာလဲဟ…. ငါ့စခန်းကို ဧည့်သည်အနေနဲ့ မင်းလိုက်မလည်ချင်ဘူးလား။ ဒါဆိုလဲ အပေးအယူ ဖျက်လိုက်ကြတာပေါ့”

“မဟုတ်ဘူး။ မဟုတ်ဘူး။ ကျုပ် လိုက်ချင်တယ်။ အစ်ကိုကြီး စခန်းကိုလဲ ကြည့်ချင်တယ်။ ခင်ဗျား ကျုပ်ကို သေအောင် ခြောက်နေတာလားဗျ ဟင်…”

ရုတ်တရက် သူ တော်တော် ပျော်သွားတဲ့ပုံနဲ့…

“ဟား… ဟား… ဟား… ဟား… မင်းဂျင်းမိသွားပြီမို့လား။ ဒါ မင်းကို လက်စားချေတာလေကွာ ဟေး ဟေး”

ကျုပ် ဘာပြန်ပြောရမှန်း မသိတော့ဘူး။

ဓါးပြကြီးက သူ့ကတိအတိုင်း ကုန်ပစ္စည်းတစ်ဝက် ကုန်သည်တွေကို ပြန်ပေးလိုက်တယ်။ အမြတ်ကြီးစားတွေများ ကျုပ် စိတ်ဆိုးလောက်အောင်ကို ကျေးဇူးစကားတွေ လာပြောနေလိုက်ကြတာ။ ကျုပ်တော့ ဂရုကိုမစိုက်တော့တာ။ ကြေးစားအဖွဲ့ ခေါင်းဆောင် လုံမုံ့ကိုပဲ အခြေအနေ သေချာပြောပြီး ရှို့တိကို အရင်လိုက်ပို့ပေးဖို့ ပြောလိုက်တယ်။ ကျုပ်က ဧည့်သည်တော် အနေနဲ့ ဓါးပြစခန်းမှာ နည်းနည်းနေပေးရအုံးမယ်လေ။

ပထမတော့ လုံမုံ့ ခါးခါးသီးသီးကန့်ကွက်နေပေမယ့် ဓါးပြကြီးက ကျွန်တော့ကို ဆံပင်တစ်ပင်တောင် မကျွတ်စေရဘူးလို့ အထပ်ထပ်ရှင်းပြမှ သူသဘောတူသွားတာ။ နောက်ဆို ကျွန်တော့ နောက်လိုက်တော့မှာမို့ ရှို့တိကို အန္တရာယ်ကင်းကင်းနဲ့ ရောက်ရမယ်လို့တော့ ပြောသွားတာပဲ။ ကျွန်တော့မှာလဲ ကျွန်တော့ ရည်ရွယ်ချက်နဲ့ ကျွန်တော်လေ။ ရှို့တိကို ရောက်ပြီး သူတို့နဲ့တွေ့မှ အသေးစိတ်ပြောပြမယ်လို့ မှာလိုက်တယ်။

အဝေးကို မျှော်ကြည့်နေရာကနေ လှည့်ပြီး ဓါးပြခေါင်းဆောင်ကို ကြည့်လိုက်တယ်။

“အစ်ကိုကြီး။ ဒါဆို ကျုပ်တို့ သွားရအောင်လေ။ အာ ဟုတ်သားပဲ။ အစ်ကိုကြီးနာမည် ကျွန်တော်မသိသေးဘူး။ ကျုပ် နာမည် ကျန်းကုန်းဝေ ပါ။ အသက်က (၁၆)နှစ်ဆိုပါတော့။ ဒီနှစ်ထဲ (၁၇)နှစ်ပြည့်မှာ။”

“လူတိုင်းကတော့ ငါ့ကို ကျန့်ဟူ လို့ပဲ ခေါ်ကြတာဆိုတော့ မင်းလဲ အဲ့လိုပဲခေါ်ပေါ့ကွာ။ ဟိုးအတိတ်က နာမည်တော့ ငါပြန်မကြားချင်တော့ဘူးကွာ။ ငါက ဒီနှစ်ထဲမှာ (၂၉)နှစ်ဆိုတော့ မင်းထက်အသက်ကြီးတယ်။ ဒီတော့ ငါက အစ်ကိုကြီး ဖြစ်ပြီပေါ့။”

သူ့မှာလဲ တော်တော်ဆိုးရွားတဲ့ အတိတ်ကဇာတ်လမ်းရှိလိမ့်မယ်လို့ စိတ်ထဲတွေးလိုက်မိတယ်။ အဲဒီအကြောင်း အစမကောက်တာ ကောင်းပါတယ်ဗျာ။

“ဒါပေါ့။ ခင်ဗျားက အစ်ကိုကြီးလို့မှ မပြောတာ။ ဒါဆိုလဲ သွားကြရအောင်လေ။ အစ်ကိုကြီး စခန်းဘယ်လိုပုံစံလဲဆိုတာ သွားကြည့်ရအောင်”

ပြောရင်းနဲ့ မြင်းတစ်ကောင်း ဆွဲပြီး စထွက်လာလိုက်တယ်။

“ဟ မင်းက လမ်းသိလို့လား။ ငါ လမ်းပြတာပဲ ကောင်းပါတယ်ကွာ”

သူ့မြင်းက ပိုကောင်းတာ သိသာတယ်ဗျ။ ခဏလေးနဲ့ ကျုပ်ကို မှီပြီး အနားရောက်လာတာ။

သူတို့စခန်းက အိုက်ရှားနဲ့ ရှို့တိ ကြားနယ်စပ် တောင်တန်းတွေ ကြားထဲမှာဗျ။ ဓါးပြစခန်းလို့ ပြောရမှာထက် ရွာကြီးတစ်ရွာ ဆိုတာက ပိုမှန်လိမ့်မယ်။ ဒါ့အပြင် ကျန့်ဟူက ရွာလူကြီးဗျ။ အသက်ကြီးကြီး ငယ်ငယ်၊ အမျိုးသမီးတွေ၊ ကလေးတွေအကုန် အဖိုးတန်ပစ္စည်းတွေနဲ့ ပြန်လာတဲ့ ဓါးပြတွေကို မြင်တော့ သူရဲကောင်းတွေကို ကြိုဆိုသလိုမျိုး ကြိုဆိုကြတော့တာ။

ဒီဓါးပြရွာလေးက ခပ်သေးသေးပါပဲ။ တောင်ကုန်းတောင်တုန်းတွေ ရွာကို ပတ်ချာလည်ဝန်းရံထားတော့ သဘာဝ ကတုတ်ကျင်းလို့ဖြစ်နေတာ။ တစ်ရွာလုံးက ပတ်ဝန်းကျင်က တောင်ကုန်း တောင်တန်းတွေနဲ့ တစ်သားတည်း ဖြစ်နေတာလေ။ ဘယ်လောက်တောင် စိမ်းလန်းစိုပြေလိုက်သလဲ။ တခြားဘာမှ သိမထားခဲ့ရင် ဒီနေရာလေးက အထီးကျန် ကမ္ဘာလေးတစ်ခုလို့ ကျွန်တော်မြင်တာပဲဗျာ။

============= (*^*)=============

အပိုင်း(၅၅)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters