← Chapters

အသိပညာ ဖလှယ်ခြင်း

Vol. 4 Ch. 56

အသိပညာ ဖလှယ်ခြင်း

Vol. 4 Ch. 56

မနက်စာ စားပြီးတော့ ကျန့်ဟူနဲ့ ကျုပ်တို့ နှစ်ယောက်စလုံး စိတ်ပေါ့ပေါ့ပါးပါးနဲ့ပဲ ရှုခင်းတွေ ခံစားဖို့ တောင်ပေါ်တက်လာခဲ့လိုက်ကြတယ်။

“အစ်ကိုကြီး မင်းနှလုံးသားထဲမှာ မွန်းကြပ်နေတာတွေ ဖွင့်ထုတ်လိုက်ရတော့ အခု တော်တော်နေလို့ ကောင်းသွားပြီမို့လား”

“ငါအသားကျနေတာ ကြာပါပြီ။ အခုတော့ ငါတော်တော် သက်သာသွားသလို ခံစားရတယ်”

“မင်းဒီလို အစွမ်းထက်တဲ့ တိုက်ပွဲစိတ်ဝိညာဉ်ကို ဘယ်လိုသုံးနေတာလဲ”

“ငါ့တိုက်ပွဲစိတ်ဝညာဉ်က မိသားစုအမွေအနှစ်ကွ။ ‘မဟာနဂါးအမိန့်တော်’လို့ ခေါ်တယ်ကွ။ ရှို့တနိုင်ငံရဲ့ တော်ဝင်အဆင့် သိုင်းကျမ်းဆိုလဲ မမှားဘူးပေါ့။ ငါတို့တွေ ညီအစ်ကိုဖြစ်နေမှတော့ မင်းကိုဖုံးကွယ်ထားစရာ အကြောင်းမရှိတော့ပါဘူး။ ငါ့အဖေက လက်ရှိ ရှို့တိဘုရင်ရဲ့ ညီတော်လေ။ ဘုရင့်တပ်တွေရဲ့ မဟာစစ်ဦးစီးချုပ် ချီလုရှို့တိပေါ့။ ငါ့နာမည်အရင်းက ကျင့်ယွင်ရှို့တိ တဲ့”

“အာ… မင်းက တော်ဝင်မျိုးနွယ်လို့ ဘယ်တုန်းကမှကို မျှော်လင့်မထားမိတာ။ အစ်ကိုကြီး။ ဒီညီလေးကများ အိပ်မက်မက်ပြီး လူမှုအဆင့်အတန်းတွေ ခုန်ကျော်မိနေတာလား”

“ငါမင်းကို နောက်နေတာမဟုတ်ဘူး။ ငါ့ကို တော်ဝင်သွေးလို့ ဘယ်လိုများ ခေါ်လို့ရမှာတုန်း။ အခုဆို ငါက လေလွင့် တစ်ယောက်ထက် မပိုဘူးလေ။ ငါသုံးနေတဲ့ တိုက်ပွဲစိတ်ဝိညာဉ်ကို မေးနေတာ မင်းသင်ချင်လို့လား”

“ငါ့ဆရာက ငါ့ကို တာဝန်တစ်ကြိုပေးထားကတည်းက အဲဒီပညာကိုသင်ချင်နေတာ။ ပြောချင်တာက ငါ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတယ်လေ။ အားကောင်းဖို့အတွက်ဆို တိုက်ပွဲစိတ်ဝိညာဉ် လေ့လာမှဖြစ်မှာ။ ဒါပေမယ့် အစ်ကိုကြီးရဲ့ တိုက်ပွဲစိတ်ဝိညာဉ်က တော်ဝင်မိသားစု လျှို့ဝှက်ချက်တစ်ခု ဖြစ်နေတော့ ငါဘယ်လိုလုပ် သင်နိုင်တော့မှာတုန်း”

“မိုက်လိုက်တာ ညီလေးရာ။ ဘာကြောင့် မသင်နိုင်ရမှာတုန်းဟ။ ငါ့တို့ရဲ့ မူလရပ်တည်ချက်မှာကိုပဲ မှော်ပညာကိုအဓိက လိုက်စားပြီး၊ အရည်အချင်းရှိတဲ့သူတွေ အများကြီးကို ထောက်ပံ့ပေးထားတာကွ။ ငါမင်းကို ‘မဟာနဂါးအမိန့်တော်’ကို အခုပဲ ချက်ချင်းသင်ပေးမယ်”

ညီအစ်ကို အသိအမှတ်ပြုရတာ ထိုက်တန်လွန်းလောက်အောင်ကို တော်တော်ဖြူစင်တဲ့သူပဲ။ ဆရာတိ ပေးခဲ့တဲ့ တာဝန်တွေထဲက တစ်ခုကတော့ မကြာခင် ပြီးတော့မယ်ထင်ပါတယ်။

“အာ… ဒါအရမ်းကောင်းတယ်။ ကျေးဇူးအရမ်းတင်ပါတယ် အစ်ကိုကြီး”

“ ‘မဟာနဂါးအမိန့်တော်’ဆိုတာ ကျင့်ကြံခြင်းတွေထဲကမှ တစ်ခုဖြစ်ပေမယ့် အရမ်းကို ရှေးကျတဲ့ သိုင်းကျမ်းပေါ့။ ကြီးမြတ်တဲ့သူရဲကောင်းတွေ ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက ဖန်တီးခဲ့တာလေ။ သူ့ရဲ့ သိုင်းကျမ်းကို အဓိကအချက်အနေနဲ့ အပိုင်း(၉)ပိုင်းသတ်မှတ်ထားတယ်။ ပြောချင်တာက အခြေခံအဆင့်၊ ချဉ်းထပ်ထိတွေခြင်းအဆင့်၊ အခြေခံသိနားလည်ခြင်းအဆင့်၊ ပထမအောင်မြင်ခြင်းအဆင့်၊ နားလည်သဘောပေါက်မှုအဆင့်၊ သန့်စင်အဆင့်၊ အသွင်ကူးပြောင်းအဆင့်၊ တက်ကြွအဆင့်၊ ပြိုင်ဖက်ကင်းအဆင့် တွေပဲ။ အစောပိုင်း အဆင့်တွေကတော့ နောက်ပိုင်းအဆင့်တွေနဲ့စာရင် တော်တော်လွယ်ပါတယ်။ သေသေချာချာ လေ့ကျင့်ဖို့ပဲလိုတာဆိုတော့ မင်းသေချာပေါက် အဲ့အပိုင်းတွေ ရောက်နိုင်တယ်။ ဒါပေမယ့် စတုတ္ထအဆင့်ကစပြီး အရမ်းခက်လာတယ်။ မင်းကြိုးစားအားထုတ်မှု တစ်ခုတည်းနဲ့ ဘယ်လိုမှ အဆင့်မတက်နိုင်တော့ဘူး။ နားလည်မှုတွေ လိုလာပြီ။ အခုဆို ငါအသွင်ကူးပြောင်းခြင်း အဆင့်ရဲ့အလယ်မှာ ရောက်နေပြီ။ တကယ်တမ်းကျ တိုက်ပွဲစိတ်ဝိညာဉ် ကျင့်ကြံခြင်းနဲ့ မှော်စွမ်းအား ကျင့်ကြံခြင်းရဲ့ကြားမှာ တစ်ထပ်တည်း တူတာတွေ အများကြီးရှိတယ်။ တိုက်ပွဲစိတ်ဝိညာဉ်က ခန္ဓာကိုယ် စွမ်းအားတွေ တိုးတက်လာပြီး ပြင်ပ မှော်ဒြပ်စင်တွေကို ထိန်းချုပ်ဖို့ စိတ်ကနေ ခိုင်လိုက်တာပဲ။ ပုံမှန်ဆိုရင် နှစ်မျိုးလုံးမှာ ကျင့်ကျင့်ခြင်း နည်းစနစ်တွေရှိတာပေါ့။ တိုက်ပွဲစိတ်ဝိညာဉ် ကျင့်ကြံဖို့အတွက် အခြေခံ သမထထိုင်နည်း ငါသင်ပေးမယ်။”

ကျန့်ဟူကလဲ တော်တော် စည်းကမ်းကြီးတဲ့ ဆရာတစ်ယောက်ပဲဗျ။ ကျုပ် နည်းနည်းလေး လျော့လိုက်တာနဲ့ သူက တမ်းအပြစ်တင်တော့တာ။ သူကတော့ ကျုပ် ရှို့တိကို မသွားခင် ဒီမှာပဲ (၂)လလောက် အချိန်ယူ လေ့ကျင့်ဖို့ စီစဉ်ထားတယ်ဗျ။ မနက်တိုင်းဆို ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်ရတဲ့ချိန် သူစောင့်ကြည့်နေတဲ့အောက်မှာ မှော်ပညာ လုံးဝကို သုံးခွင့်မပေးတာ။ ခန္ဓာကိုယ် လေ့ကျင့်ရေးဆိုတာကတော့ အဓိကက ပြေးတာနဲ့ ခွန်အားအတွက် လေ့ကျင့်ရတာတွေပဲ။ နေ့ခင်းဘက်ကျ သမထထိုင်ပြီး တိုက်ပွဲစိတ်ဝိညာဉ်ကို လေ့ကျင့်ရတယ်။ ညက်ကျမှ သမထထိုင်ပြီး မှော်ပညာ လေ့ကျင့်လို့ရတော့တယ်။

အစက ဒါကို ကျင့်သားမရသေးပေမယ့် ဟိုနတ်ဆိုးဆရာသခင်ရှို့ရဲ့ လေ့ကျင့်တွေလောက် ဘယ်လေ့ကျင့်ခန်းကများ ရက်စက်နိုင်မျာတဲ့လဲ။ ဒါပေမယ့် မနက်ခင်းမှာ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း နေ့လည်ကျရင် ခဏလေး သမထထိုင်လိုက်တာနဲ့ ပြန်ကောင်းလာမယ်ဆိုတာ တဖြည်းဖြည်း သိလာတယ်။ နောက်တနေ့ဆို ပိုတောင် သန်မာလာသေး။ တဖြည်းဖြည်းနဲ့ တိုက်ပွဲစိတ်ဝိညာဉ်က ကျုပ် အောက်ပိုင်းဒန်တျန်ထဲမှာ စုစည်းလာပြီးတော့ ဘာအခက်အခဲမှမရှိဘဲ မှော်စွမ်းအားတွေနဲ့ ပေါင်းစပ်သွားတာဗျ။ အနှောက်အယှက် အဟန့်အတားမရှိ ပေါင်းစည်းသွားလို့ တော်တော်လေး စိတ်သက်သာရာ ရမိသေးတယ်။

ဒီနေ့ နေ့လည်ခင်း သမထထိုင်တာပြီးလို့ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်တယ်။ ပြီးတော့ ဓားတစ်ချောင်းကို ကောက်ကိုင်ပြီး စွမ်းအားတွေ သွင်းလိုက်တယ်။ လောလောဆယ် ဓားပညာအခြေခံ လေ့ကျင့်နေတာလေ။ ကျုပ် ဓားသိုင်းလေ့ကျင့်နေတုန်း ကျန့်ဟူ ကျုပ်ကို သင်ပေးထားတဲ့နည်းအတိုင်း ထိန်းချုပ်ပြီး လက်ထဲကနေ ဓားထဲကို စွမ်းအားတွေ စီးဆင်းစေရတာ။ သိပ်မကြာခင်ပဲ ကျုပ်အောင်မြင်သွားရော။ ဒါပေမယ့် ဒီအောင်မြင်မှုက ကျုပ်ရဲ့ အစွမ်းထက်လွန်းတဲ့ စိတ်စွမ်းအားတွေကြောင့် ဖြစ်နိုင်တယ်ဗျ။ ဓားက ပေါ့သွားသလို ခံစားရတယ်။ ဓါးကို အလင်းတန်းတစ်ခုလိုမျိုး လွှဲခုတ်လိုက်တာနဲ့ အထဲက စွမ်းအားကြီးကြီး စိတ်ဝိညာဉ်ကို ခံစားနိုင်တယ်လေ။ ဒီလိုမျိုး အခြေခံ အုတ်မြစ်ခိုင်ခိုင်မာမာနဲ့ လေပြင်းတိုက်သလိုမျိုး ဓားကွက်တွေ ကစားကြည့်လိုက်တယ်။ ဒီခံစားချက် တော်တော်ကောင်းတာပဲ။

ရုတ်တရက် အကြံတစ်ခု ရလိုက်တယ်။ ဓားထဲကို မှော်စွမ်းအားတွေ ထည့်လိုက်ရင် ဘယ်လိုဖြစ်လာမလဲ။ စမ်းကြည့်ရအောင်။ ကျုပ် ရွှေအမြူတေထဲကနေ မှော်စွမ်းအား နည်းနည်းလေး ခွဲထုတ်လိုက်တယ်။ အဲဒီ အလင်းဒြပ်စင်တွေကို စုစည်းပြီး ဓားသွားထဲကို တဖြည်းဖြည်း သွတ်သွင်းပေးလိုက်တာပေါ့။ အစပိုင်းမှာ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအားတွေက သတ်သတ်စီဖြစ်နေပြီး နောက်ပိုင်းကျ တဖြည်းဖြည်း တုန့်ပြန်မှုတွေ ပြလာတယ်။ တိုက်ပွဲစိတ်ဝိညာဉ်နဲ့ မှော်စွမ်းအားတွေ ပြင်းထန်တဲ့ စွမ်းအားတစ်မျိုးအဖြစ် ပေါင်းသွားကြပါလေရော။ စမ်းသပ်ချင်တာနဲ့ ဓါးကို ကျောက်တုံးပေါ်ခုတ်ကြည့်လိုက်တယ်။ ချက်ချင်းကို ကျောက်တုံးကြီး နှစ်ခြမ်းကွဲသွားတာဗျို့။ ဒါ နည်းပညာအသစ်တစ်ခု ရှာတွေ့လိုက်တဲ့ပုံပဲ။ တစ်ချို့ အခြေအနေနဲ့ အနေအထားမှာ မှော်စွမ်းအားက တိုက်ပွဲစိတ်ဝိညာဉ်ရဲ့ စွမ်းအားကို တိုးအောင်လုပ်ပေးနိုင်တယ်။ ကျုပ် ကျန့်ဟူကို ဒီအံ့ချီးဖွယ်ရာ သတင်း ပြောဖို့လိုနေပြီပေါ့။

…………………..

ကျုပ်ပြောတာ နားထောင်ပြီးတာနဲ့ ထပ်ပြီးလှုပ်ရှားပြဖို့ ကျန့်ဟူ စိတ်လှုပ်ရှားပြီး တောင်းဆိုတော့တာဗျို့။ သူ့ခွန်အား မတိုးတာကြာပြီလို့လဲ ပြောတယ်။ တကယ်လို့ သူသာ မှော်ဓားဖန်တီးဖို့ မှော်စွမ်းအားကို တိုက်ပွဲစိတ်ဝိညာဉ်နဲ့ပေါင်းပြီး ဓားထဲကို သွတ်သွင်းနိုင်ခဲ့မယ်ဆိုရင် သူထပ်ပြီး တိုးတက်လာမှာသေချာတယ်။ သေချာတာပေါ့ဗျာ။ သူ့ကို မှော်ပညာ သင်ပေးဖို့တာဝန်က ကျွန်တော့ ခေါင်းပေါ်ရောက်လာတော့တာပေါ့။

မှော်စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ်က မတူဘူးလေ။ တိုက်ပွဲ စိတ်ဝိညာဉ်ကို လေ့ကျင့်ဖို့ လွယ်ပေမယ့် မှော်စွမ်းအားကိုကျ စကျင့်ဖို့ရာ တော်တော်လေးခက်တာ။ ကျန့်ဟူက ဘာမှော်ပညာမှ သင်မထားဖူးသေးဘူးဆိုတော့ အရင်ဆုံး အလင်းဒြပ်စင်တွေရဲ့ တည်ရှိမှုကို နားလည်အောင်လုပ်ရအုံးမှာ။ သူကို အလင်းမှော်ပညာ သင်ပေးမယ်ဆိုရင် ဒါမဖြစ်မနေ လုပ်ရမယ့် အလုပ်တစ်ခုပဲ။

သူ့အိမ်ထဲရောက်တဲ့အခါ ကျုပ်က….

“အစ်ကိုကြီး ငါ့မှော်စွမ်းအားနဲ့ မင်းအလင်းဒြပ်စင်တွေကို အာရုံခံနိုင်အောင် လမ်းပြပုံစံမျိုး လုပ်ပေးမယ်။ ငါလမ်းပြတဲ့အတိုင်း မင်းတိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေကို စုစည်းထားလိုက်။ မဟုတ်ရင် အလင်းဓါတ်တွေက မင်းကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ အခွင့်အရေးက တစ်ခုပဲရှိတာဆိုတော့ သေသေချာချာ ဂရုစိုက်ရလိမ့်မယ်။

“ကောင်ပြီ။ စလိုက်တော့”

နှစ်ယောက်သား မျက်နှာချင်းဆိုင်ပြီး တင်ပျဉ်ခွေထိုင်လိုက်တယ်။ သူ့အပေါ်ပိုင်း ဒန်တျန် ပေါ်ကို လက်ချောင်းနဲ့ ဖြည်းဖြည်းချင်းထိလိုက်ပြီး…

“ကဲ စပြီနော်…”

ကျုပ်မှော်စွမ်းအားတွေ ချည်မျှင်လေးတစ်ခုပုံစံမျိုးနဲ့ သူ့အပေါ်ပိုင်းဒန်တျန်ထဲ ဝင်သွားတယ်။ သူ့အပေါ်ပိုင်း ဒန်တျန် ဖွင့်လိုက်တဲ့ တခဏလေးမှာ သူ့ခေါင်းကနေ ခြေဖျားအထိ တုန်နေပေမယ့် တဖြည်းဖြည်းတော့ ပြန်ငြိမ်သွားရော။

“အလင်းဒြပ်စင်ဆိုတာ အရမ်းနူးညံ့သိမ်မွေ့လွန်းတဲ့ မှော်ဒြပ်စင်တစ်မျိုးပဲ။ အလင်းရဲ့ စစ်မှန်သောအနှစ်သာရတွေက ရက်ရောမှု၊ သည်းခံမှု၊ ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားတွေပဲ။ သက်ရှိအားလုံး ကြီးထွားနိုင်ဖို့ အလင်းဓါတ်လိုတယ်။ အလင်းက ငါတို့ရဲ့ အကိုကြီး ဖြစ်သလို ငါတို့ရဲ့ အဖေနဲ့ အမေဆိုလဲဟုတ်တယ်။ ဒါကို ခံစားနိုင်ဖို့ နှလုံးသားနဲ့ပဲ ခံစားနိုင်တယ်။ ငါတို့ အကုန်လုံးဟာ လင်းရောင်ခြည်ရဲ့ ရင်သွေးတွေပဲ။”

ကျုပ်ဒီလိုမျိုး ပြောပြီးတဲ့အခါ ကျန့်ဟူ အလင်းဒြပ်စင်တွေကို ခံစားနားလည်ရုံတင်မကဘူး ခန္ဓာကိုယ်ထဲမှာလဲ ပြောင်းလဲမှုတွေဖြစ်လာတယ်ဆိုတာ ခံစားမိလိုက်တယ်ဗျ။

============= (*^*)=============

အပိုင်း(၅၇)မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters